ထိုစကားကို ကြားရသည့်အခါ လက်နက်အစီအရင်အဖွဲ့မှ ဟောင်ဖူထင်ဖုန်း နှင့် အစီအရင်အဖွဲ့မှ ရှောင်လုံ တို့မှအပ ထန်ယွင်နှင့် မုမုန့်ဂျီ အပါအဝင် လူ ၂၄ ဦးလုံးမှာ အမှတ်အသား တံဆိပ်များကို လုယူရန် အသက်ရှူပင် မဝံ့ဘဲ အသင့်ပြင်ထားကြ၏။
တံဆိပ်ကို လုယူရခြင်း အကြောင်းရင်းမှာ ရှင်းလင်းလှပေသည်။
ဥပမာအားဖြင့် ထန်ယွင်နှင့် မုမုန့်ဂျီတို့သာ တံဆိပ်ရရှိသူ ၁၃ ဦး စာရင်းတွင် ပါဝင်ခဲ့လျှင် သူတို့ ၂ ဦးသည် ပထမအဆင့်တွင် အချင်းချင်း ဆုံတွေ့ရတော့မည် မဟုတ်ပေ။ အဖွဲ့အသီးသီးမှ ချန်ပီယံများမှာလည်း တံဆိပ်ရရှိရန် အစွမ်းကုန် ကြိုးစားကြမည်မှာ အမှန်ပင်။
မည်သူမျှ ပထမဆုံးပွဲတွင် မိမိတို့၏ အဖွဲ့သားချင်း မတွေ့ဆုံလိုကြပေ။
တစ်ခါတွေ့ဆုံမိသည်နှင့် မိမိတို့အဖွဲ့မှ ချန်ပီယံတစ်ဦးမှာ ပထမပွဲမှာတင် ပြုတ်သွားရမည် မဟုတ်ပါလော။
တစ်ချိန်တည်းမှာပင် တံဆိပ်ကို အရင်ရရှိနိုင်ခြင်းမှာ ကံတရားအပေါ်၌လည်း မူတည်နေသည်။ အဘယ်ကြောင့်ဆိုသော် တံဆိပ် ၂၆ ခုထဲတွင် မိမိ၏ တံဆိပ်လည်း တစ်ခု ပါဝင်နေသောကြောင့် ဖြစ်၏။ အကယ်၍ ကံမကောင်း အကြောင်းမလှဘဲ မိမိတံဆိပ်ကိုသာ မိမိပြန်၍ ရွေးချယ်မိပါက အခြားတံဆိပ်များကို လုယူရန် အချိန်မရတော့ဘဲ ကျန်ရှိသူ ၁၃ ဦးက တံဆိပ်များကို လုယူသွားကြပေလိမ့်မည်။
ထန်ထိုင်ကျုံးတယ်က ကြေညာလိုက်၏။
“စကြတော့”
“ဝှစ်... ဝှစ်... ဝှစ်...”
လူတိုင်းက သူတို့၏ ဝိညာဉ်အာရုံများကို ထုတ်လွှတ်လိုက်ပြီး ဟင်းလင်းပြင်တွင် ဆိုင်းငံ့နေသော တံဆိပ် ၂၆ ခုကို လွှမ်းခြုံလိုက်ကြသည်။ ခဏချင်းမှာပင် တံဆိပ် ၁၃ ခုမှာ ဟင်းလင်းပြင်ထဲမှ ပျံထွက်သွားပြီး အောက်ရှိ လူ ၁၃ ဦး၏ လက်ထဲသို့ ရောက်ရှိသွားတော့၏။
ဟင်းလင်းပြင်တွင် ကျန်ရှိနေသော တံဆိပ် ၁၃ ခုမှာမူ ငြိမ်သက်နေပြီး ထပ်မံ ရွေးချယ်၍ မရတော့ပေ။
“ထန်ယွင်... သိပ်ကောင်းတာပဲ... ဇီယန်လည်း တံဆိပ်ရသွားတယ်”
မုမုန့်ဂျီက ပြုံး၍ ပြောလိုက်၏။
ထန်ယွင်ကလည်း မလှမ်းမကမ်းရှိ ရွှယ်ဇီယန်ကို ကြည့်ကာ ပြုံးပြလိုက်သည်။
အမှတ်အသား တံဆိပ်များကို ရရှိသွားသူများမှာ သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီ နှင့် ခန်းရှီယွန်း...
သားရဲဝိညာဉ်အဖွဲ့မှ လင်းတုန်း နှင့် ချန်ဆုန့်...
ရှေးဟောင်းဝိညာဉ်အဖွဲ့မှ ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်း နှင့် ရှန်ကွန်းပင်းပင်း...
လေနှင့်မိုးကြိုးအဖွဲ့မှ လုရန် နှင့် ကုရိရှန်း...
ဝိညာဉ်ငါးပါးအဖွဲ့မှ ရွှယ်ဇီယန်...
ဆေးဝါးအုပ်စုမှ ထန်ယွင်နှင့် မုမုန့်ဂျီတို့ ဖြစ်ကြ၏။
တံဆိပ်ပြားများ အသီးသီး ရရှိကြပြီးနောက် ထန်ထိုင်ကျုံးတယ်က ထပ်ပြောသည်။
“မင်းတို့က အလှည့်ကျ အစီအစဉ်ကို ဆုံးဖြတ်ဖို့အတွက် မဲနှိုက်ကြရမယ်... တိုက်ပွဲ ပြီးဆုံးတဲ့အခါ မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားနဲ့ တံဆိပ်ကို လှုံ့ဆော်လိုက်တာနဲ့ မင်းတို့ရဲ့ ပြိုင်ဘက်က ဘယ်သူလဲဆိုတာ သိရလိမ့်မယ်”
ထိုသို့ ပြောပြီးနောက် ထန်ထိုင်ကျုံးတယ်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ထန်ယွင်တို့ ၁၃ ဦး၏ ခေါင်းပေါ်တွင် လက်သီးဆုပ်ခန့် ရှိသော အလင်းကုလားကာ ၁၃ ခု ပေါ်လာတော့သည်။
ထန်ယွင်တို့ ၁၃ ဦးလုံးက ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြရာ အလင်းကုလားကာ ၁၃ ခုကို ထိမှန်သွားပြီးနောက် ကုလားကာများမှာ လှိုင်းထသွားပြီး ဂဏန်း တစ်ခုစီ ပေါ်လာတော့၏။
ဂဏန်းများမှာ ခေတ္တမျှ ပေါ်နေပြီးနောက် အလင်းကုလားကာ နှင့်အတူ ပျောက်ကွယ်သွားကြသည်။
ထိုဂဏန်းများအရ တိုက်ပွဲ အစီအစဉ်မှာ (၁) ရှန့်ရှန့်ထျန်း၊ (၂) လင်းတုန်း၊ (၃) ခယ်ရှင်းယီ၊ (၄) ချန်လုံ၊ (၅) ရှောင်ချင်းရွှမ်း၊ (၆) ကုရိရှန်း၊ (၇) မုမုန့်ဂျီ၊ (၈) ရွှယ်ဇီယန်၊ (၉) လုရန်၊ (၁၀) ချန်ဆုန့်၊ (၁၁) ရှန်ကွန်းပင်းပင်း၊ (၁၂) ခန်းရှီယွန်း နှင့် နောက်ဆုံးတွင် (၁၃) ထန်ယွင်တို့ ဖြစ်ကြသည်။
ရှန့်ရှန့်ထျန်းတို့၏ ပြိုင်ဘက် ၁၃ ဦးမှာ ကျွင်းပုဖျင်၊ ဟိုယဲ့၊ လီရှီကျန်း၊ ထိုက်ရှန်း၊ ရှောင်ကျင်ခုန်း၊ ပိုင်လီလုံထျန်း၊ အန်းရန်ရွှမ်းအာ၊ တွန့်ယွီ၊ ဖန်းချန်ဟိုင်၊ ဝူလင်၊ ချန်ကျင်ယွဲ့၊ ရှောင်လုံနှင့် ဟောင်ဖူထင်ဖုန်းတို့ ဖြစ်ကြ၏။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦပေါ်မှ ထန်ထိုင်ကျုံးတယ်က ခေါင်းဆောင် ၉ ဦးကို ကြည့်ကာ ပြောလိုက်သည်။
“တပည့်တွေရဲ့ တိုက်ပွဲ အစီအစဉ်အတိုင်း ခေါင်းဆောင်တွေကပဲ ဒိုင်လူကြီး လုပ်ပေးကြစမ်း”
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ခေါင်းဆောင် ၉ ဦးက အမိန့်ကို ခံယူပြီးနောက် သန့်စင်သောဝိညာဉ်ပိုင်ရှင်က ရှန့်ရှန့်ထျန်းကို ငုံ့ကြည့်ကာ ကြင်နာစွာ ပြောလိုက်၏။
“ရှန့်ထျန်း... နံပါတ် ၂ ချန်လုံစင်မြင့်ကို သွားပြီး စတင်လိုက်တော့”
“ဟုတ်ကဲ့ ဆရာ”
ရှန့်ရှန့်ထျန်းက လေးစားစွာ ဖြေကြားပြီးနောက် အရိပ်တစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။ ချက်ချင်းပင် သူက ဘယ်ဘက်လက်မှ တံဆိပ်ကို မြှောက်လိုက်ပြီး ညာဘက်လက်ညှိုးဖြင့် ဝိညာဉ်စွမ်းအားတစ်ခုကို ပစ်လွှတ်လိုက်ရာ တံဆိပ်၏ တားမြစ်ချက်မှာ ပွင့်သွားတော့၏။
လူတိုင်း၏ အကြည့်အောက်တွင် တံဆိပ်ပေါ်၌ ‘သန့်စင်သောဝိညာဉ်အုပ်စုမှ ဟိုယဲ့’ ဟူသော စာလုံး ၆ လုံး ပေါ်လာသည်။
သန့်စင်သောဝိညာဉ်ပိုင်ရှင်က မျက်မှောင်ကြုတ်လိုက်၏။ ပထမဆုံးပွဲမှာတင် သူ၏ သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့် ၂ ဦး ထိပ်တိုက်တွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“အင်း...”
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ဟိုယဲ့က ဝမ်းနည်းသော အမူအရာဖြင့် ရှန့်ရှန့်ထျန်းကို ကြည့်ကာ လက်အုပ်ချီလျက် ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“စီနီယာအစ်ကိုရှန့်... ကျွန်တော် နုတ်ထွက်ပါတယ်”
ရှန့်ရှန့်ထျန်းကလည်း လက်အုပ်ပြန်ချီကာ ပြောလိုက်၏။
“ဂျူနီယာညီလေးဟို... ကျေးဇူးတင်ပါတယ်”
ဟိုယဲ့မှာ ရှန့်ရှန့်ထျန်းနှင့် ရင်းနှီးသူဖြစ်သလို သူသည် ရှန့်ရှန့်ထျန်း၏ ပြိုင်ဘက် မဟုတ်ကြောင်းလည်း သိထားသည်။ ပထမဆုံးပွဲမှာတင် ဤမျှလောက် အစွမ်းထက်သော စီနီယာနှင့် မတွေ့လိုခြင်းသာ ဖြစ်၏။
ဟိုယဲ့က သက်ပြင်းတစ်ချက်ချကာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်ပြီး သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များရှေ့တွင် ပေါ်လာတော့သည်။
“အခု ရှန့်ရှန့်ထျန်း အနိုင်ရပြီး ဒုတိယအဆင့်ကို တက်သွားတယ်လို့ ဒီခေါင်းဆောင်က ကြေညာပါတယ်”
သန့်စင်သောဝိညာဉ်ပိုင်ရှင်က ပြောပြီးနောက် ရှန့်ရှန့်ထျန်းသည် နံပါတ် ၃ ချန်လုံစင်မြင့်သို့ သွားရောက်ကာ နောက်ထပ်ပြိုင်ပွဲများကို စောင့်ကြည့်နေတော့၏။
သန့်စင်သောဝိညာဉ်ပိုင်ရှင် ပြန်ထိုင်သွားပြီးနောက် သားရဲဝိညာဉ်အဖွဲ့၏ လက်ရှိခေါင်းဆောင် ရှီချန်ချင်းက ထရပ်ကာ ပြောလိုက်သည်။
“လင်းတုန်း... စလိုက်တော့”
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
လင်းတုန်းသည် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ခန့်ညားစွာ ပေါ်လာတော့သည်။
လင်းတုန်းမှာ ဝူဟုန်၏ တပည့်ရင်း ဖြစ်သည်။ မနေ့ညက သူ အမိန့်ပေးခံထားရသည်။ ၎င်းမှာ အကယ်၍ ယနေ့ ထန်ယွင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့လျှင် သတ်ပစ်ရန်ပင်။ ယခုအခါ ထန်ယွင်ကလည်း တံဆိပ်တစ်ခုကို ရရှိထားသဖြင့် နောက်ထပ် ၄ ပွဲအတွင်း သူတို့ တွေ့ဆုံသည့်အချိန်ကျမှသာ ထန်ယွင်ကို သတ်ရန် သူ ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် လင်းတုန်းက ဝိညာဉ်စွမ်းအားဖြင့် သူ့လက်ထဲမှ တံဆိပ်ကို လှုံ့ဆော်လိုက်၏။ တားမြစ်ချက် ပွင့်သွားသည့်အခါ လင်းတုန်း၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားတော့သည်။ တံဆိပ်ပေါ်တွင် ‘ရှေးဟောင်းဝိညာဉ်အဖွဲ့မှ ကျွင်းပုဖျင်’ ဟူသော စာသားများ ပေါ်လာသောကြောင့်ပင်။
“ဟာ...”
သားရဲဝိညာဉ်အဖွဲ့မှ တပည့်များကြားတွင် အံ့ဩသံများ ထွက်ပေါ်လာပြီး လူတိုင်းက လင်းတုန်း၏ လက်ထဲမှ တံဆိပ်ကို စိုက်ကြည့်နေကြတော့သည်။ သူတို့၏ အတွေးများမှာ လွန်ခဲ့သော ၃ နှစ်ဆီသို့ ရောက်ရှိသွားကြ၏။
ထိုအချိန်က လင်းတုန်းနှင့် ကျွင်းပုဖျင်တို့သည် ချန်လုံစာရင်း၏ အဆင့် ၂၂ နေရာအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြဖူးသည်။ ကံမကောင်းစွာဖြင့် လင်းတုန်းက ရှုံးနိမ့်ခဲ့ပြီး ဒဏ်ရာကြောင့် အိပ်ရာထဲတွင် ၆ လခန့် လဲနေခဲ့ရသည် မဟုတ်ပါလော။
ယခု ၃ နှစ် ကြာပြီးနောက်တွင် ထိုရန်သူဟောင်း ၂ ဦးမှာ ထပ်မံ ဆုံတွေ့ကြပြန်ပြီ ဖြစ်၏။
အခြားအဖွဲ့မှ တပည့်များမှာမူ ပွဲကောင်းကြည့်ရတော့မည်ဖြစ်၍ ရယ်မောနေကြတော့သည်။
“ဟားဟားဟား... ညီလေးလင်း... ငါတို့ တကယ်ကို ရေစက်ရှိတာပဲ”
ကျွင်းပုဖျင်က ပြုံး၍ ပြောလိုက်ပြီး နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားကာ လေပြေတစ်ခုနှင့်အတူ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိလာတော့သည်။
“တောက်... ဘယ်သူက မင်းရဲ့ ညီလေးလဲ... ကိုယ့်မျက်နှာကိုယ် ရွှေချမနေနဲ့”
လင်းတုန်းက တံဆိပ်ကို ကျွင်းပုဖျင်ထံသို့ လွှင့်ပစ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ဖုံးကွယ်မထားနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
“လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ငါ ခံခဲ့ရတဲ့ နာကျင်မှုတွေ မင်းကို ၂ ဆ ပြန်ပေးဆပ်ခိုင်းမယ်လို့ ငါ ပြောခဲ့တယ်”
“ဒီနေ့တော့ မင်းရဲ့ အရိုးတွေ ဘယ်လိုကျိုးမလဲဆိုတာ ပြပေးပြီး အသေသတ်ပစ်မယ်”
လွန်ခဲ့သော ၃ နှစ်က လင်းတုန်းသည် ကျွင်းပုဖျင်၏ လက်ချက်ဖြင့် အရိုး ၇၂ ချောင်း ကျိုးသွားခဲ့ပြီး ၆လခန့် ဒဏ်ရာဖြင့် လဲနေခဲ့ရခြင်း ဖြစ်၏။
ကျွင်းပုဖျင်က မီတာ ရာဂဏန်းခန့် အကွာတွင် ရှိနေသော လင်းတုန်းကို ကြည့်ကာ ပြုံးနေရင်း သူ့မျက်နှာမှာ ရုတ်တရက် အေးစက်သွားသည်။
“အမှိုက်... မင်းက လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့သလို ဒီနေ့မှာလည်း ဖြစ်လာမှာ မဟုတ်ဘူး... စကားများမနေဘဲ တိုက်စမ်း”
စကားဆုံးသည်နှင့် ကျွင်းပုဖျင်၏ ကိုယ်မှ ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသည့် နို့နှစ်ရောင် ရှေးဟောင်းစွမ်းအားများ ထွက်ပေါ်လာပြီး သူ့အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာတော့သည်။
ကျွင်းပုဖျင်က လက်ချောင်းကြားရှိ ချန်ခွန်းလက်စွပ်ကို လှုပ်ရှားလိုက်ရာ ရှေးဟောင်းဆန်သော ဓားကြီးတစ်လက် ညာဘက်လက်ထဲတွင် ပေါ်လာ၏။
“ဝုန်း”
အခြားတစ်ဖက်တွင်လည်း သားရဲဝိညာဉ်ပိုင်ရှင် လင်းတုန်းက သူ့ခွန်အားကို ၁၀ ဆအထိ မြှင့်တင်လိုက်သည်။ ထိုမျှမက ကျွင်းပုဖျင်၏ ရှေ့တွင် သူ၏ ‘ကြယ်တံဆိပ် သိုင်းပညာ’ ကိုလည်း အစွမ်းကုန် ထုတ်ဖော်လိုက်တော့၏။
ချက်ချင်းပင် လင်းတုန်း၏ တစ်ကိုယ်လုံးမှ ကြယ်များအလား တောက်ပသော အလင်းစက်များ ထွက်ပေါ်လာပြီး ထိုအလင်းစက်များထဲမှ သားရဲတစ်ကောင်၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။
ခဏချင်းမှာပင် ထောင်ပေါင်းများစွာသော ကြယ်တံဆိပ်များမှာ တောက်ပလှသော ဂလက်ဆီ ၁၀ ခုအဖြစ် ပေါင်းစပ်သွားပြီး လင်းတုန်း၏ ပတ်ပတ်လည်တွင် အလွန်လျင်မြန်စွာ လည်ပတ်နေတော့၏။
ချက်ချင်းပင် သူ့အရှိန်အဝါမှာ ထပ်မံ မြင့်တက်လာပြီး သူ့ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးမှာပင် တုန်ခါသွားရတော့လေသည်။
အခန်း ၃၈၇ ပြီး
***