ထန်ယွင်က လင်းတုန်း ထုတ်ဖော်လိုက်သော ‘ကြယ်တံဆိပ် သိုင်းပညာ’ကို ကြည့်ကာ မျက်စိသူငယ်အိမ်များ ကျုံ့သွား၏။ လွန်ခဲ့သော ၂ နှစ်က သားရဲဝိညာဉ်အဖွဲ့မှ ဖန်ကျန့်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့စဉ်က ဖန်ကျန့်သည်လည်း ဤသိုင်းပညာကို အသုံးပြုခဲ့သည်ကို သတိရလိုက်ခြင်းကြောင့်ပင်။
ထိုစဉ်က ဖန့်ကျန့်သည် ကြယ်တံဆိပ် သိုင်းပညာကို အဆင့် ၈ အထိသာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခု လင်းတုန်း ပြသနေသော အရှိန်အဝါနှင့် ယှဉ်လျှင် ဖန့်ကျန့်မှာ အလွန်ပင် အားနည်းလွန်းလှပေ၏။
ဤအခိုက်အတန့်တွင် သားရဲဝိညာဉ်ပိုင်ရှင် လင်းတုန်းက ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့အခြေခံခွန်အားကို ၁၀ ဆအထိ မြှင့်တင်ထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် ကြယ်တံဆိပ် သိုင်းပညာမှာ ဝိညာဉ်သန္ဓေအဆင့် တပည့်များ ကျင့်ကြံကြသည့် အဓိက ကျင့်စဉ်ကြီး ၃ ခုထဲမှ တစ်ခု ဖြစ်၏။
ဤသိုင်းပညာတွင် အဆင့် ၁၂ ဆင့် ရှိသည်။ ယခုအခါ လင်းတုန်းမှာ အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားပြီးဖြစ်ရာ အခြေခံခွန်အား ၁၀ ဆကို ၆ ဆ ထပ်မံ မြှင့်တင်နိုင်စွမ်း ရှိပေသည်။
ထို့ကြောင့် လင်းတုန်းက သူ့ခွန်အားကို အဆ ၆၀ အထိ မြှင့်တင်ထားပြီးဖြစ်ကာ သူ ထုတ်လွှတ်နေသော အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်သန့်စင်ခြင်း အဆင့် ၁ သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။
“စီနီယာအစ်ကိုလင်းရဲ့ အရှိန်အဝါက တကယ်ကို အစွမ်းထက်တာပဲ”
“ဟုတ်တယ်... ငါ့အထင်တော့ စီနီယာအစ်ကိုလင်းက ကြယ်တံဆိပ် သိုင်းပညာကို အဆင့် ၁၂ အထိ ကျင့်ကြံပြီးပြီ ထင်တယ်... အဲ့ဒါက ခွန်အား အဆ ၆၀ တောင် ရှိတာလေ”
“မှန်တာပေါ့... ဒီတစ်ခါတော့ စီနီယာအစ်ကိုလင်းက ကျွင်းပုဖျင်ကို သေချာပေါက် သတ်ပြီး အရှက်ကြွေး ပြန်ဆပ်နိုင်မှာပါ”
“...”
တောင်ထိပ်တွင် သားရဲဝိညာဉ်အဖွဲ့မှ တပည့်များ ဆူညံစွာ ဝေဖန်နေကြတော့သည်။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင်...
“ကျွင်းပုဖျင်... အရင်က ငါ မင်းကို ရှုံးခဲ့တုန်းက ငါက ကြယ်တံဆိပ် သိုင်းပညာကို အဆင့် ၁၀ အထိပဲ ကျင့်ရသေးလို့ပါ”
လင်းတုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
“ဒီနေ့တော့ မင်းကို မြေမြှုပ်စရာ နေရာမရှိအောင် သတ်ပစ်မယ်”
“ဝုန်း”
လင်းတုန်းက ညာဘက်လက်ကို ဝှေ့ယမ်းကာ သားရဲဓာတ် ပါဝင်သော အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဓားပျံကို ဆုပ်ကိုင်လျက် မီတာ ၃၀၀ ခန့် အမြင့်သို့ ခုန်တက်ကာ ဟစ်ကြွေးလိုက်တော့သည်။
“ကြယ်တာရာ ရွေ့လျားခြင်း သိုင်းကွက်”
ချက်ချင်းပင် ကြယ်တံဆိပ်များ ဖုံးလွှမ်းနေသော လင်းတုန်းမှာ ကြွေကျလာသော ကြယ်တစ်စင်းအလား မီတာ ၁၀၀ ခန့် ရှည်လျားသော ဓားအလင်းတန်းတစ်ခုကို ထုတ်ဖော်ကာ ခန့်မှန်းရခက်သော လမ်းကြောင်းအတိုင်း ကျွင်းပုဖျင်ထံသို့ ပိုင်းချလိုက်တော့သည်။
အရှိန်မှာ အလွန်ပင် မြန်လွန်းလှပေ၏။
“လွန်ခဲ့တဲ့ ၃ နှစ်က ငါ မင်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သလို အခုလည်း မင်းကို ငါ သတ်နိုင်တယ်”
နို့နှစ်ရောင် ရှေးဟောင်းစွမ်းအားများ ဝန်းရံနေသော ကျွင်းပုဖျင်၏ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်ကြီးမှာ ရုတ်တရက် တုန်ခါသွားသည်။ အချိန်နှင့် ဟင်းလင်းပြင်ကြီး ပုံပျက်သကဲ့သို့ ဖြစ်သွားပြီး သူသည် လင်းတုန်း၏ တိုက်ခိုက်မှုကို လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်၏။
‘ဒီကျွင်းပုဖျင်က မရိုးရှင်းဘူးပဲ... လင်းတုန်း သေရတော့မယ်’
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။ ကျွင်းပုဖျင် ရှောင်တိမ်းလိုက်ပုံမှာ အလွန်ပင် သိမ်မွေ့လှသော်လည်း ထန်ယွင်ကမူ သူ အသုံးပြုလိုက်သည်မှာ ဟင်းလင်းပြင် စွမ်းအားဖြစ်ကြောင်း မြင်လိုက်ရ၏။ ကျွင်းပုဖျင်က ရှေးဟောင်း ဝိညာဉ်သန္ဓေ ပိုင်ရှင် ဖြစ်ရုံ သာမက ဟင်းလင်းပြင် ဝိညာဉ်သန္ဓေပါ ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။
“ဘုန်း”
လင်းတုန်းက အရှိန်ဖြင့် ဆင်းသက်လာပြီး သူ့ဓားချက်မှာ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ချန်လုံစင်မြင့်ကို ထိမှန်သွားသဖြင့် စင်မြင့်ကြီးတစ်ခုလုံး တုန်ခါသွားရသည်။ သူ ခေတ္တမျှ ကြောင်သွား၏။ ကျွင်းပုဖျင်က ပြန်လည် မတိုက်ခိုက်ဘဲ ဤမျှ လွယ်ကူစွာ ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
“ဝှစ်”
ရုတ်တရက် လင်းတုန်း၏ အနောက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ ကျွင်းပုဖျင်သည် သူ့အနောက်တွင် ရုတ်တရက် ပေါ်လာပြီး အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားကြီးဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲကာ လင်းတုန်းထံသို့ ပိုင်းချလိုက်တော့သည်။
ဤရုတ်တရက် တိုက်ခိုက်မှုကြောင့် လင်းတုန်းမှာ စဉ်းစားရန် အချိန်မရတော့ပေ။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ကိုယ်ကို လှည့်ကာ ဓားဖြင့် အလျင်အမြန် ပြန်လည် ခုခံလိုက်၏။
“တန်”
“ကျွင်းပုဖျင်... မင်းက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ”
ဓားနှစ်လက် ထိတွေ့သွားသည့်အခါ လင်းတုန်း တုန်လှုပ်သွားရသည်။ သူ့ညာလက်ထဲမှ ဓားမှာ လွင့်ထွက်သွားတော့မည့်အတိုင်း ခံစားလိုက်ရ၏။ ပြင်းထန်သော တုန်ခါမှုကြောင့် လက်ဖဝါးမှ အသားများ ကွဲထွက်သွားပြီး သွေးများ တသွင်သွင် စီးကျလာတော့သည်။
“ငါက သန်မာနေတာ မဟုတ်ဘူး... မင်းက အရမ်း အားနည်းနေတာ”
လင်းတုန်း၏ နားထဲသို့ ထိုလှောင်ပြောင်သံ ရောက်လာသည် နှင့်တစ်ပြိုင်နက် မီတာ ၁၀၀ ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ လှိုင်းများအလား လိပ်တက်လာပြီး အချိန်နှင့် ဟင်းလင်းပြင်မှာ ပုံပျက်သွားတော့သည်။
ထိုသို့ ပုံပျက်သွားချိန်တွင် ဓားကို ကိုင်ဆောင်ထားသော ကျွင်းပုဖျင်မှာ လေထဲ ပျောက်ကွယ်သွားလေသည်။
“မင်းက ဟင်းလင်းပြင် ဝိညာဉ်သန္ဓေ ပိုင်ရှင်လည်း ဖြစ်နေတာလား... ငါ ဘာလို့ မသိခဲ့တာလဲ”
ဤအခိုက်အတန့်တွင် လင်းတုန်း သာမက ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့် သောင်းနှင့်ချီမှာလည်း အံ့ဩသွားကြရသည်။ တပည့်များအားလုံး သိထားသည်မှာ ကျွင်းပုဖျင်သည် ရှေးဟောင်း ဝိညာဉ်သန္ဓေ ပိုင်ရှင်ဖြစ်သည် ဟူသော အချက်သာ ဖြစ်ပြီး သူက ဟင်းလင်းပြင်ဝိညာဉ်သန္ဓေပါ ပိုင်ဆိုင်ထားသည်ကို တစ်ခါမျှ မကြားဖူးကြပေ။
“ဝှစ်... ဝှစ်... ဝှစ်...”
ကျွင်းပုဖျင်က ဓားကို ကိုင်ဆောင်လျက် လင်းတုန်း၏ ပတ်ပတ်လည်တွင် တစ္ဆေတစ်ကောင်အလား လှည့်ပတ်နေပြီး ကြောင်က ကြွက်ကို ကျီစယ်သကဲ့သို့ လှောင်ပြောင် ပြောဆိုနေတော့သည်။
“လွန်ခဲ့တဲ့ ၃ နှစ်တုန်းက မင်းနဲ့ငါ ခွန်အားချင်း တူညီခဲ့တယ်လို့ မင်း တကယ်ပဲ ထင်နေတာလား... ဟဲဟဲ... အမှန်အတိုင်း ပြောရရင် အဲ့ဒီအချိန်တုန်းက ငါက ဝိညာဉ်သန္ဓေအဆင့် ၉ ကို တက်ထားတာ မကြာသေးဘူးလေ... မင်းကို လေ့ကျင့်ဖော် တစ်ယောက်လိုပဲ သဘောထားခဲ့လို့ ဟင်းလင်းပြင် စွမ်းအားကို မသုံးခဲ့တာ”
“တကယ်လို့ လွန်ခဲ့တဲ့ ၃ နှစ်တုန်းကသာ ငါ ဟင်းလင်းပြင် စွမ်းအားကို သုံးခဲ့မယ်ဆိုရင် မင်းရဲ့ အုတ်ဂူပေါ်မှာ မြက်ပင်တွေတောင် တော်တော် ရှည်နေလောက်ပြီ”
ထိုစကားကို ကြားရသည့်အခါ လင်းတုန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
“အောက်တန်းစား... မင်းမှာ ဟင်းလင်းပြင် ဝိညာဉ်သန္ဓေ ရှိနေရင်ကော ဘာဖြစ်လဲ”
“ကြယ်တံဆိပ် ဝတ်စုံ”
ချက်ချင်းပင် လင်းတုန်း၏ ပတ်ပတ်လည်တွင် လည်ပတ်နေသော ထောင်ပေါင်းများစွာသော ကြယ်တံဆိပ်များမှာ ကြယ်တံဆိပ် ဝတ်စုံတစ်ခုအဖြစ် ပေါင်းစပ်သွားပြီး ဦးခေါင်းနှင့် တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်တော့သည်။
လင်းတုန်းက ကြယ်တာရာ ကောင်းကင်ယံမှ စစ်နတ်ဘုရားတစ်ဦးအလား ဖြစ်နေပြီး ပုံပျက်နေသော ဟင်းလင်းပြင်ထဲရှိ ကျွင်းပုဖျင်၏ အရိပ်ကို နိုးနိုးကြားကြား စောင့်ကြည့်နေ၏။ သူ့နဖူးပေါ်တွင် ချွေးစက်များစွာ ကျဆင်းနေသည်ကိုလည်း တွေ့မြင်နိုင်ပေသည်။
ဤအခိုက်အတန့်တွင် တောင်ထိပ်ပေါ်ရှိ တပည့်ပေါင်း သိန်းချီမှာ အသက်ပင် မရှူဝံ့ကြဘဲ နံပါတ် ၂ ချန်လုံစင်မြင့်ကိုသာ စိုက်ကြည့်နေကြတော့သည်။
သူတို့ ၂ဦးလုံးမှာ တစ်ဖက်လူကို သတ်ချင်နေကြပြီး စတင် တိုက်ခိုက်သည်နှင့် သူတို့၏ အပြင်းထန်ဆုံးသော ခွန်အားများကို ထုတ်သုံးနေကြခြင်း ဖြစ်ကာ မည်သည့် ဟန်ဆောင်မှုမျှ မရှိခြင်းပင် ဖြစ်၏။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ရှေးဟောင်းဝိညာဉ်ပိုင်ရှင်သည် မူးမေ့နေရာမှ နိုးလာသော ဝူဟုန်ကို တစ်ချက်ကြည့်ကာ အသာအယာ ပြုံးလိုက်သည်။
ဝူဟုန်၏ ဖြူလျော့နေသော မျက်နှာတွင် စိတ်တိုရိပ်များ ပေါ်လာပြီး ထပြောလိုက်၏။
“ငါက ခဏလောက် နားနေတာပါ... အဲ့ဒါက ရယ်စရာကောင်းလို့လား”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒီခေါင်းဆောင်က ခင်ဗျားကို ဘယ်လိုလုပ် ရယ်ရဲပါ့မလဲ”
ရှေးဟောင်းဝိညာဉ်ပိုင်ရှင်က အောက်ဘက်သို့ မေးထိုးပြကာ အေးအေးဆေးဆေး ပြောလိုက်သည်။
“ငါက ဝမ်းသာလို့ပါ... ခင်ဗျား အခုမှ နိုးလာတာဆိုတော့ ခင်ဗျားရဲ့ ဒုတိယတပည့်ကို နောက်ဆုံးခရီး လိုက်ပို့ပေးလို့ ရတာပေါ့”
“ဟင်...”
ဝူဟုန်၏ မျက်ခုံးဖြူကြီးများမှာ တွန့်သွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သူ့မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
ပုံပျက်နေသော ဟင်းလင်းပြင်ထဲမှ ကျွင်းပုဖျင်က ရုတ်တရက် ပေါ်လာပြီး ရက်စက်စွာ ပြုံး၍ ပြောလိုက်၏။
“မင်းက ငါ့ရဲ့ ရှေးဟောင်းသင်္ချိုင်းရဲ့ အမှန်တရားအောက်မှာ သေရမှာဆိုတော့ နောင်တရစရာ မရှိတော့ပါဘူး”
“သေပေတော့”
ရုတ်တရက် ကျွင်းပုဖျင်၏ ကိုယ်မှ အလွန်ကြမ်းတမ်းသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ဆံနွယ်များမှာ လေထဲ ဝဲလွင့်နေ၏။ သူသည် ညာလက်မှ ဓားကြီးဖြင့် ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသည့် ဓားအလင်းတန်းတစ်ခုကို ဖန်တီးကာ လင်းတုန်းထံသို့ ပိုင်းချလိုက်တော့သည်။
ကြီးမားလှသော ဓားအလင်းတန်းက လင်းတုန်းကို မြဲမြံစွာ ပစ်မှတ်ထား ထားပြီး ပုံပျက်နေသော ဟင်းလင်းပြင်ထဲရှိ အရှိန်မှာလည်း အလွန်ပင် မြန်လွန်းလှသဖြင့် လင်းတုန်း အနေဖြင့် ရှောင်တိမ်းရန် လုံးဝ မဖြစ်နိုင်တော့ပေ။
သေခြင်းတရားကို ရင်ဆိုင်ရန်သာ ရှိတော့သည်။
“ငါ့ကို သတ်ဖို့က အဲ့လောက် မလွယ်ဘူးကွ”
လင်းတုန်း၏ မျက်နှာသွင်ပြင်မှာ ဒေါသကြောင့် ပုံပျက်နေပြီး ဟစ်ကြွေးလိုက်၏။
“ကြယ်တာရာများကို သတ်ဖြတ်ခြင်း”
လင်းတုန်းက ခြေနှစ်ဖက်ကို မြေပြင်တွင် အခိုင်အမာ နင်းထားပြီး သူ့ဓားကို ကောင်းကင်သို့ မြှောက်၍ လွှဲလိုက်ရာ ကြီးမားလှသော ကြယ်တံဆိပ် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျွင်းပုဖျင်၏ ရှေးဟောင်းဓားအလင်းတန်းထံသို့ တိုးဝင်သွားတော့သည်။
“ဘုန်း... ဝုန်း ဝုန်း”
ဓားအလင်းတန်း ၂ ခု ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် မီတာ ၁၀၀ ပတ်လည်ရှိ ဟင်းလင်းပြင်ကြီး၌ အက်ကြောင်းများစွာ ပေါ်လာတော့၏။
“မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး”
လင်းတုန်း၏ မယုံကြည်နိုင်သော အကြည့်များအောက်တွင် သူ၏ ကြယ်တံဆိပ် ဓားအလင်းတန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ထိုရှေးဟောင်း ဓားအလင်းတန်းမှာ အရှိန်မပျက်ဘဲ လင်းတုန်းကို ဝါးမြိုလိုက်တော့၏။
“ဟင့်အင်း...”
လင်းတုန်း၏ မကျေနပ်သော အော်ဟစ်သံမှာ ရုတ်ခြည်း ပြတ်တောက်သွားပြီး သူ့ကိုယ်ပေါ်ရှိ ကြယ်တံဆိပ် ဝတ်စုံမှာ ပေါက်ကွဲသွားကာ တစ်ကိုယ်လုံးမှာလည်း သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဖျန်း”
ချန်လုံစင်မြင့်ပေါ်တွင် အလောင်းအပိုင်းအစများ ပြန့်ကျဲသွားပြီး သားရဲဝိညာဉ်အဖွဲ့မှ တပည့် သောင်းနှင့်ချီကို သူတို့၏ စီနီယာအစ်ကိုလင်းတုန်းမှာ ထာဝရ နှုတ်ဆက်သွားပြီဖြစ်ကြောင်း သတိပေးလိုက်တော့၏။
“လင်းတုန်း... ငါ့တပည့်လေး”
ကျောက်စိမ်းအဆောက်အဦပေါ်မှ ဝူဟုန်မှာ ဝမ်းနည်းပက်လက် အော်ဟစ်ရပြန်လေသည်။
အခန်း ၃၈၈ ပြီး
***