ဤအခိုက်အတန့်တွင် ဝူဟုန်၏ ဝမ်းနည်းပူဆွေးမှုမှာ ပြောပြရန်ပင် လိုမည်မထင်။
သူ အလေးအနက်ထားခဲ့သော တပည့် ၄ ဦးအနက် မုမုန့်ဂျီက စွန့်ခွာသွားခဲ့သည်။ ပိုင်ရွှီမှာ မနေ့က တောင်ကမ်းပါးယံမှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ ယခုမူ လင်းတုန်းပါ ကျဆုံးသွားရပြီ မဟုတ်ပါလော။
“စီနီယာဒုတိယ အစ်ကို”
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ တောင်ကြီးတစ်လုံးအလား ထွားကျိုင်းသော ထိုက်ရှန်းမှာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်ရှိ အလောင်းကို ကြည့်ကာ ရင်ကွဲမတတ် အော်ဟစ်လိုက်တော့သည်။ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။
ထိုက်ရှန်း၏ လက်ရှိ စိတ်ခံစားချက်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။
သားရဲဝိညာဉ်အဖွဲ့မှ တပည့်အားလုံး၏ စိတ်ထဲတွင် ထိုက်ရှန်းနှင့် လင်းတုန်းတို့မှာ ခွန်အားချင်း တူညီကြပြီး အဆင့် ၁ နေရာကို ပူးတွဲ ရယူထားကြသည်ဟု ထင်မှတ်ထားကြသော်လည်း အမှန်မှာ ထိုသို့ မဟုတ်ပေ။
သေဆုံးသွားသော လင်းတုန်းသာလျှင် သူသည် ထိုက်ရှန်း၏ ပြိုင်ဘက် မဟုတ်တော့ကြောင်း သိထားသည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၃ လက သူတို့ ၂ ဦး တိုက်ခိုက်ခဲ့ကြရာတွင် ထိုက်ရှန်းက လင်းတုန်းကို အနိုင်ရရှိခဲ့သောကြောင့် ဖြစ်၏။
လင်းတုန်း၏ စိတ်ခံစားချက်ကို ထောက်ထားသောကြောင့်သာ ထိုက်ရှန်းက ထိုအကြောင်းကို မည်သူ့ကိုမျှ မပြောခဲ့ဘဲ သူတို့မှာ ခွန်အားချင်း တူညီနေဆဲဖြစ်ကြောင်းသာ အပြင်လူများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြုလုပ်ခဲ့ခြင်းမှာလည်း လင်းတုန်းသည် ထိုက်ရှန်းနှင့် ယှဉ်လျှင် လူကောင်သေးသော်လည်း ထိုက်ရှန်းအပေါ် သူ့ညီအရင်းသဖွယ် ကောင်းမွန်စွာ ဆက်ဆံခဲ့သောကြောင့်ပင်။
ထို့ကြောင့်လည်း ထိုက်ရှန်းမှာ အလွန်အမင်း ဝမ်းနည်းနေရခြင်း ဖြစ်၏။
“ဝုန်း”
ထိုက်ရှန်းက ပေ ရာနှင့်ချီ၍ ခုန်တက်လိုက်ပြီး ရက်စက်သော မျောက်ဝံကြီးတစ်ကောင်အလား နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။
ထိုက်ရှန်းသည် ကိုယ်ကို ကိုင်းညွှတ်ကာ လင်းတုန်း၏ အလောင်းအပိုင်းအစများကို သိမ်းဆည်းရန် ပြင်လိုက်စဉ် ကျွင်းပုဖျင်က မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်၏။
“ငါ့ကို တိုက်ခိုက်ပြီး မင်း သေချင်နေတာလား”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် ရှေးဟောင်းသင်္ချိုင်းကျမ်းစာကို အသုံးပြုထားသော ကျွင်းပုဖျင်က သူ၏ ညာလက်ဖဝါးမှ ရှေးဟောင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။
“ထိုက်ရှန်း... သတိထား”
ကျောက်စိမ်းအဆောက်အဦပေါ်မှ ဝူဟုန်က မျက်လုံးများ ပြူးကျလျက် စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
“သွားစမ်း”
ထိုက်ရှန်းက ရုတ်တရက် ဟိန်းဟောက်လိုက်သည်။ တောင်ကြီးတစ်လုံးအလား ထွားကျိုင်းသော သူ့ခန္ဓာကိုယ်မှာ လုံးဝ လေးလံခြင်း မရှိဘဲ အလွန်ပင် လျင်မြန်လှပေ၏။ သူ့ညာလက်မောင်းတွင် ဝိညာဉ်စွမ်းအားများ ဝန်းရံလျက် ဧရာမ တုတ်ကြီးတစ်ချောင်းအလား အနောက်သို့ အားကုန် လွှဲယမ်းလိုက်ရာ ကျွင်းပုဖျင်၏ လက်ဖဝါးနှင့် ထိတွေ့သွားတော့သည်။
“ဘုန်း”
ချက်ချင်းပင် စွမ်းအင်မုန်တိုင်းတစ်ခုသည် စက်ဝိုင်းပုံသဏ္ဌာန် အရှိန်အဟုန်ဖြင့် ပြန့်နှံ့သွားပြီး ပြင်းထန်လှသော စွမ်းအားကြွင်းများက စင်မြင့်ပေါ်ရှိ လင်းတုန်း၏ အလောင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့သည်။
“ဖျန်း”
ကျွင်းပုဖျင်၏ ညာလက်မောင်း ပြင်းထန်စွာ တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်မှာ ထိုက်ရှန်း၏ လွှဲယမ်းမှုကြောင့် လွင့်ထွက်သွားကာ လေထဲ ဝဲလှည့်သွားရသည်။ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ပြီးနောက်တွင်လည်း သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှသာ ကိုယ်ရှိန်သတ်နိုင်၏။
အခြားတစ်ဖက်တွင်မူ ထိုက်ရှန်းမှာ လုံးဝ လှုပ်ရှားခြင်း မရှိပေ။
ကျွင်းပုဖျင်၏ ညာလက်မောင်းမှာ ထုံကျဉ်နေပြီး ခေတ္တမျှ တုန်ယင်နေသဖြင့် သူ ထိတ်လန့်သွားရသည်။
‘ဘယ်လောက်တောင် ပြင်းထန်တဲ့ ခွန်အားလဲ’
“တော်တော့”
ရှီချန်ချင်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျွင်းပုဖျင်... ထိုက်ရှန်းက လင်းတုန်းရဲ့ အလောင်းကို လာသိမ်းတယ်ဆိုတာ မင်း ကောင်းကောင်း သိသားနဲ့ ဘာလို့ တိုက်ခိုက်ရတာလဲ... မင်း ဘာသဘောလဲ”
“ဘာသဘောမှ မဟုတ်ပါဘူး”
ကျွင်းပုဖျင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ကျုပ်က သူ ကျုပ်ကို လာပြီး ခိုးတိုက်တယ် ထင်လို့ ခုခံလိုက်တာပါ... ဒါက နားလည်မှုလွဲတာဆိုရင်လည်း ထားလိုက်ပါတော့”
“ဟွန့်”
ရှီချန်ချင်းက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ဆက်မပြောတော့ပေ။ အမှန်စင်စစ် ထိုက်ရှန်း ကိုယ်တိုင်ကလည်း နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ခုန်တက်ခဲ့ခြင်း မဟုတ်ပါလော။
“ဟားဟားဟား... ခေါင်းဆောင်ရှီ... ဒေါသဖြေပါဦး”
ရှေးဟောင်းဝိညာဉ်ပိုင်ရှင်က ရယ်မောကာ ကြေညာလိုက်၏။
“ငါ့ရဲ့ ရှေးဟောင်းဝိညာဉ်အဖွဲ့က ကျွင်းပုဖျင် အနိုင်ရပါတယ်”
“သိပ်ကောင်းတာပဲ”
တောင်ထိပ်ရှိ ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့်များမှာ ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်မှ ကျွင်းပုဖျင် ထွက်ခွာရန် ပြင်လိုက်စဉ် ထိုက်ရှန်းက မျက်လုံးများ နီရဲလျက် ပြောလိုက်၏။
“နောက်ပွဲတွေမှာ ငါနဲ့ မဆုံမိဖို့ပဲ ဆုတောင်းထားလိုက်... မဟုတ်ရင်တော့ မင်းကို ငါ ၈ ပိုင်း အပြတ်ပိုင်းပစ်မယ်”
ကျွင်းပုဖျင်က အထင်သေးသလို ခေါင်းခါပြလိုက်ပြီး အရိပ်တစ်ခုအလား နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားကာ ရှန့်ရှန့်ထျန်း၏ အနောက်တွင် ရပ်နေလိုက်တော့သည်။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် သန့်စင်သောဝိညာဉ်ပိုင်ရှင်က ထရပ်လိုက်၏။
“နောက်ထပ်ကတော့... ငါ့ရဲ့ တပည့်ရင်း တိုက်ခိုက်ရမယ့် အလှည့်ပဲ... ခယ်ရှင်းယီ... ဆရာ့ကို စိတ်မပျက်စေနဲ့နော်”
“ဟုတ်ကဲ့ပါ ဆရာ”
သာယာနာပျော်ဖွယ် အသံလေး ထွက်ပေါ်လာပြီးနောက် ခယ်ရှင်းယီသည် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာတော့သည်။ သူမက ခန့်ညားပြီး ရဲရင့်သော အသွင်အပြင်ဖြင့် မောက်မာစွာ ရပ်နေ၏။
သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှာလည်း သူတို့၏ စီနီယာအစ်မကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြတော့သည်။ အခြားအဖွဲ့ ၈ ခုမှ တပည့်များက ခယ်ရှင်းယီကို မသိကြရုံ သာမက သူတို့ကိုယ်တိုင်ပင် ခယ်ရှင်းယီ၏ အစွမ်းအစစ်ကို မသိကြပေ။
ခယ်ရှင်းယီက ဘယ်လက်ဖြင့် အမှတ်အသား တံဆိပ်ကို မြှောက်လိုက်သည်။ တားမြစ်ချက် ပွင့်သွားသည့်အခါ တံဆိပ်ပေါ်တွင် ‘လေနှင့်မိုးကြိုးအဖွဲ့မှ ဖန်းချန်ဟိုင်’ ဟူသော စာသားများ ပေါ်လာတော့၏။
ဖန်းချန်ဟိုင်မှာ အစီအရင်အဖွဲ့ကို အနိုင်ယူပြီးနောက် ချန်ပီယံ ဖြစ်လာခဲ့သူ ဖြစ်သည်။ သူ့ခွန်အားမှာ လေနှင့်မိုးကြိုးအဖွဲ့တွင် အဆင့် ၆ သာ ရှိပြီး အန်းရန်ရွှမ်းအာ၊ လုရန်နှင့် ကုရိရှန်းတို့နှင့် ယှဉ်လျှင် များစွာ အားနည်းလှပေသည်။
ဤအခိုက်အတန့်တွင် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ဖန်းချန်ဟိုင်က ခယ်ရှင်းယီ၏ အစွမ်းကို အတိအကျ မသိသော်လည်း လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။
“ချန်ဟိုင်... အစွမ်းကုန် ကြိုးစားပါ... တကယ်လို့ မနိုင်ဘူးဆိုရင်လည်း နုတ်ထွက်လိုက်ပါ”
ကျောက်စိမ်းအဆောက်အဦပေါ်မှ လေနှင့်မိုးကြိုးပိုင်ရှင်က မှာကြားလိုက်သည်။ ဖန်းချန်ဟိုင်ကို ထိပ်တန်း ၈ နေရာထဲသို့ ဝင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ဖန်းချန်ဟိုင်က နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး ဓားကို ဆုပ်ကိုင်ကာ လက်အုပ်ချီလျက် ပြောလိုက်၏။
“လမ်းညွှန်ပေးပါဦး”
ခယ်ရှင်းယီက အေးစက်စွာ ပြောလိုက်သည်။
“နုတ်ထွက်လိုက်ပါ... ရှင်က ကျွန်မရဲ့ ပြိုင်ဘက် မဟုတ်ဘူး... ကျွန်မ ရှင့်ကို မထိခိုက်စေချင်ဘူး”
ဖန်းချန်ဟိုင်က မျက်မှောင်ကြုတ်လိုက်၏။ ဤမိန်းမက သူ့ကို အထင်သေးနေသည် မဟုတ်ပါလော။
“ငါလည်း မင်းကို မထိခိုက်စေချင်ဘူး... မင်းပဲ နုတ်ထွက်လိုက်ပါ”
ဖန်းချန်ဟိုင်က နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။
“နားမလည်တဲ့ကောင်”
ခယ်ရှင်းယီ၏ လှပသော ကိုယ်လုံးလေးမှာ လျှပ်ခနဲ ပျောက်ကွယ်သွားသည်။ ထိတ်လန့်သွားသော ဖန်းချန်ဟိုင်၏ အမြင်အာရုံထဲတွင် မီတာ ရာနှင့်ချီ၍ ဝေးကွာသော နေရာမှ ခယ်ရှင်းယီ၏ ဘေးတွင် နောက်ထပ် ခယ်ရှင်းယီ တစ်ဦး ရုတ်တရက် ပေါ်လာသည်။
နှစ်ဦးလုံးမှာ တစ်ပုံစံတည်းပင်။
၎င်းနောက်တွင် ၃ ဦး၊ ၄ ဦး... ၉ ဦးမြောက် ခယ်ရှင်းယီ ပေါ်လာသည် နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး ခယ်ရှင်းယီ ၉ ဦးလုံးမှာ ဖန်းချန်ဟိုင်၏ ပတ်ပတ်လည်တွင် တစ်ပြိုင်နက် ပေါ်လာကာ တိုက်ခိုက်လိုက်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း”
ဖန်းချန်ဟိုင်၏ အရိပ်များမှာ လူးလာတုန်ခါနေပြီး သူက လက်သီးဖြင့် လက်ဝါး ၃ ခုကို ပြန်လည် ခုခံလိုက်သော်လည်း သူ့ညာလက်သီးတစ်ခုလုံးမှာ ကွဲအက်သွားတော့သည်။
ခယ်ရှင်းယီ၏ သာမန်လက်ဝါးလေးမှာ မယှဉ်နိုင်သော စွမ်းအားများ ကိန်းအောင်းနေသည့်အလားပင်။
“ဝှစ်”
ဖန်းချန်ဟိုင်မှာ ထိတ်လန့်တကြား အနောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာလိုက်ပြီး ညာလက်သီးကို လက်ဝါးအဖြစ် ပြောင်းကာ ဓားတစ်လက်ကို ထုတ်ယူလျက် တိုးဝင်လာသော လက်ဝါးကို ပိုင်းချလိုက်တော့သည်။
“သေချင်နေတာပဲ”
အေးစက်သော ကြိမ်းမောင်းသံ ထွက်ပေါ်လာပြီးနောက် ဖန်းချန်ဟိုင်ကို ပိုင်းချလိုက်သော လက်ဝါးမှာ ပျောက်ကွယ်သွားသည်။ နောက်ထပ် အခိုက်အတန့်တွင် ခယ်ရှင်းယီ ၉ ဦးလုံးမှာ တစ်ဦးတည်းအဖြစ် ပြန်လည် ပေါင်းစပ်သွားပြီး ဖန်းချန်ဟိုင်၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာကာ လက်ဝါးဖြင့် သူ့ဘယ်ဘက်ပခုံးကို ရိုက်ချလိုက်တော့သည်။
ဘာမှမတုံ့ပြန်နိုင်သေးသော ဖန်းချန်ဟိုင်၏ ဘယ်ဘက်ပခုံးမှာ ပေါက်ထွက်သွားပြီး ပြတ်တောက်သွားသော လက်မောင်းမှာ လေထဲသို့ လွင့်စင်သွားတော့၏။ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး သူ့ခန္ဓာကိုယ်မှာလည်း အရှိန်ဖြင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“ဖူး”
ဖန်းချန်ဟိုင်မှာ ပါးစပ်မှ သွေးတစ်လုပ် အန်ထုတ်လိုက်ပြီးနောက် ရှုံးနိမ့်သွားတော့၏။
လုံးဝကို ရှုံးနိမ့်သွားခြင်းပင်။
သူသည် ခယ်ရှင်းယီ၏ ရှေ့တွင် ပြန်လည် တိုက်ခိုက်ရန် ခွန်အား မရှိရုံ သာမက သူ့အစွမ်းများကို ထုတ်ဖော်ရန်ပင် အခွင့်အရေး မရခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ခယ်ရှင်းယီ၏ အရှိန်မှာ သူ့ထက် များစွာ ပိုမြန်နေသောကြောင့်ပင်။
“စီနီယာအစ်မခယ်က တကယ်ကို အစွမ်းထက်တာပဲ... အကြီးအကဲရဲ့ တပည့်ပီသပါပေတယ်”
“ဟုတ်တယ်... ဖန်းချန်ဟိုင်က လေနှင့်မိုးကြိုးအဖွဲ့ရဲ့ ထိပ်တန်း တပည့် ၆ ယောက်ထဲက တစ်ယောက်လေ...”
“...”
တောင်ထိပ်တွင် သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များ၏ ချီးကျူးသံများ ဆူညံနေတော့သည်။
အားကျနေသော တပည့်များ၏ အကြည့်အောက်တွင် ခယ်ရှင်းယီမှာ နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး ရှန့်ရှန့်ထျန်း၏ ဘေးတွင် ရပ်နေလိုက်၏။
“ဂျူနီယာညီမလေးခယ်... တကယ်ကို အစွမ်းအစစ်ကို ဖုံးကွယ်ထားနိုင်တာပဲ”
ရှန့်ရှန့်ထျန်းက နံပါတ် ၂ ချန်လုံစင်မြင့်ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဒီလောက် အချိန်တိုအတွင်းမှာ ‘အရိပ် ၉ ပါး ကျမ်းစာ’ကို တတ်မြောက်သွားလိမ့်မယ်လို့ ငါ မထင်ထားဘူး”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ခယ်ရှင်းယီက ရှန့်ရှန့်ထျန်းကို လှည့်ပင် မကြည့်ဘဲ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင် တို့ကိုသာ ငုံ့ကြည့်နေတော့သည်။
“မုန့်အာ... ဒီခယ်ရှင်းယီက မရိုးရှင်းဘူး... နောက်ပွဲတွေမှာ သူမနဲ့ ဆုံရင် သတိထားနော်”
ထန်ယွင်က အသံတိုးတိုးဖြင့် မှာကြားလိုက်တော့လေသည်။
အခန်း ၃၈၉ ပြီး
***