ယခုအခါ သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်းနှင့် ဟိုယဲ့တို့ တိုက်ခိုက်ရာတွင် ဟိုယဲ့က အရှုံးပေးသဖြင့် ရှန့်ရှန့်ထျန်း အနိုင်ရရှိခဲ့သည်။
သားရဲဝိညာဉ်အဖွဲ့မှ လင်းတုန်းနှင့် ရှေးဟောင်းဝိညာဉ်အဖွဲ့မှ ကျွင်းပုဖျင်တို့ တိုက်ခိုက်ရာတွင် လင်းတုန်း သေဆုံးသွားခဲ့ပြီး ကျွင်းပုဖျင် အနိုင်ရရှိခဲ့သည်။
သန့်စင်သောဝိညာဉ်အုပ်စုမှ ခယ်ရှင်းယီသည်လည်း ဖန်းချန်ဟိုင်ကို လွယ်လွယ်ကူကူ အနိုင်ယူပြီးနောက် ဒုတိယအဆင့်သို့ တက်ရောက်သွားပြီ ဖြစ်၏။
နောက်ထပ် လေနှင့်မိုးကြိုးအဖွဲ့မှ တပည့် ချန်လုံ တိုက်ခိုက်ရမည့် အလှည့် ဖြစ်သည်။ အမှတ်အသား တံဆိပ်မှ တားမြစ်ချက်ကို ဖယ်ရှားလိုက်သည့်အခါ စိတ်ဓာတ်ကျသွားရ၏။ သူ့ပြိုင်ဘက်မှာ လက်နက်အစီအရင်အဖွဲ့မှ ဟောင်ဖူထင်ဖုန်း ဖြစ်နေသောကြောင့်ပင်။
“ဝှစ်”
ဟောင်ဖူထင်ဖုန်းက နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာသည်။ သူက ချန်လုံကို တည်ငြိမ်စွာ ကြည့်လျက် လက်အုပ်ချီကာ ပြောလိုက်၏။
“လမ်းညွှန်ပေးပါဦး”
“ငါက မင်းကို ဘယ်လို လမ်းညွှန်ပေးနိုင်မှာလဲ”
ချန်လုံက သက်ပြင်းချကာ ပြောလိုက်သည်။
“ညီလေးဟောင်ဖူ... မင်းက လွန်ခဲ့တဲ့ ၃ နှစ်၊ ဝိညာဉ်သန္ဓေအဆင့် ၈ မှာ ရှိကတည်းက ချန်လုံစာရင်းရဲ့ အဆင့် ၄၀ ဖြစ်နေတာလေ... ငါ အရှုံးပေးပါတယ်”
ချန်လုံက သူ့ခွန်အားကို ကောင်းစွာ သိထားသည်။ သူ့ခွန်အားမှာ ဖန်းချန်ဟိုင်လောက်ပင် မရှိသဖြင့် ဟောင်ဖူထင်ဖုန်းကို ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာလှပေသည်။
“ချန်လုံ... မင်း ထင်ဖုန်းကို ရှုံးတာက ရှက်စရာ မဟုတ်ပါဘူး”
ထိုအချိန်တွင် လေနှင့်မိုးကြိုးပိုင်ရှင်က နှစ်သိမ့်စကား ဆိုလိုက်၏။
“မင်းက လက်နက်အဖွဲ့ ခေါင်းဆောင်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်လာခဲ့တာပဲ... မင်း အစွမ်းထက်တာကို သက်သေပြပြီးသားပါ... အခု စင်ပေါ်က ဆင်းလာခဲ့တော့”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ချန်လုံက လေးစားစွာ ပြန်ပြောပြီးနောက် ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်သွားတော့သည်။
လေနှင့်မိုးကြိုးပိုင်ရှင်သည် ဟောင်ဖူထင်ဖုန်းကို ကြည့်ကာ ကြင်နာစွာ ပြုံးပြီး ပြောလိုက်၏။
“ထင်ဖုန်း... မင်းက တကယ်ကို ပါရမီထူးတဲ့သူပဲ... မင်းရဲ့ နားလည်နိုင်စွမ်းကလည်း ကောင်းကင်အထိ မြင့်မားတယ်... ဒီတစ်ခါ ပြိုင်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ မျှော်လင့်နေမယ်နော်... ကြိုးစားပါ”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ”
ဟောင်ဖူထင်ဖုန်းသည် ထိုသို့ ပြောပြီးနောက် အရိပ်တစ်ခုအလား နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားတော့သည်။
ဤအခိုက်အတန့်တွင် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ မူရုန်ဆရာမက လေနှင့်မိုးကြိုးပိုင်ရှင်ကို စိုက်ကြည့်နေ၏။ လေနှင့်မိုးကြိုးပိုင်ရှင်က ဟောင်ဖူထင်ဖုန်းအပေါ် ထားရှိသော သဘောထားမှာ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးများ၏ မျိုးဆက် ဖြစ်နေသောကြောင့် ဖြစ်သည်ကို သူမ သိထားသည်။
သူမအနေဖြင့် အနည်းငယ် မကျေမနပ် ဖြစ်ရသည်မှာ သူမ၏ လက်နက်အဖွဲ့မှ ခေါင်းဆောင်ကို ချန်လုံက အနိုင်ယူခဲ့သည်ကို လေနှင့်မိုးကြိုးပိုင်ရှင်က ထပ်ခါတလဲလဲ ပြောနေသောကြောင့်ပင်။
ဟောင်ဖူထင်ဖုန်း၏ ဆရာဖြစ်သော လက်နက်အစီအရင်ပိုင်ရှင် အဘွားအိုမှာမူ လေနှင့်မိုးကြိုးပိုင်ရှင်ကို တစ်ချက် ကြည့်ကာ နှာခေါင်းရှုံ့လျက် ပြောလိုက်၏။
“ကျွန်မတပည့်ရဲ့ စွမ်းဆောင်ရည်ကို ရှင် မျှော်လင့်နေစရာ မလိုပါဘူး... ရှင့်ရဲ့ တပည့်တွေကိုပဲ ရှင် ဂရုစိုက်ပါ”
လေနှင့်မိုးကြိုးပိုင်ရှင်သည် လက်နက်အစီအရင်ပိုင်ရှင်ကို ပြန်လည် ချေပရန် စိတ်မဝင်စားဘဲ နောက်ထပ် တိုက်ပွဲကိုသာ စောင့်ကြည့်နေလိုက်တော့သည်။
၎င်းနောက် ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့်ဖြစ်ပြီး အလှဆုံး အမျိုးသမီး ၁၃ ဦးထဲမှ တစ်ဦးဖြစ်သည့် ရှောင်ချင်းရွှမ်း တိုက်ခိုက်ရမည့် အလှည့် ရောက်လာသည်။
သူမသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးအလား နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ကျော့ရှင်းစွာ ရပ်နေ၏။ သူမ၏ အမှတ်အသား တံဆိပ်မှ တားမြစ်ချက်ကို ဖယ်ရှားလိုက်သည့်အခါ ပြိုင်ဘက်မှာ ပိုင်လီလုံထျန်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့်များသည် ရှောင်ချင်းရွှမ်း၏ ပြိုင်ဘက်မှာ ပိုင်လီလုံထျန်း ဖြစ်နေသည်ကို မြင်လိုက်ရာ သူတို့ ၂ ဦး တိုက်ခိုက်ကြမည် မဟုတ်ကြောင်း သိလိုက်ကြ၏။
ရှေးဟောင်းဝိညာဉ်အဖွဲ့တွင် ကောလာဟလတစ်ခု ရှိခဲ့သည် မဟုတ်ပါလော။ ချင်းရွှမ်းနှင့် ပင်းပင်း တို့ထဲမှ မည်သူ အဆင့် ၁ ဖြစ်မည်ဆိုသည်မှာ ကျွင်းပုဖျင်နှင့် ပိုင်လီလုံထျန်း တို့၏ သဘောထားအပေါ်တွင် မူတည်နေသည်ဟူ၍ပင်။
ဤစကားအရ ရှောင်ချင်းရွှမ်း၊ ရှန်ကွန်းပင်းပင်း၊ ကျွင်းပုဖျင်နှင့် ပိုင်လီလုံထျန်း တို့ ၄ ဦးလုံး၏ ခွန်အားမှာ တူညီနေကြောင်း ပြသနေသည်။ တစ်ချိန်တည်းမှာပင် ထိုစကား၌ အခြားသော အဓိပ္ပာယ်တစ်ခုလည်း ရှိနေသေး၏။
ကျွင်းပုဖျင်က ရှန်ကွန်းပင်းပင်းကို အမြဲတမ်း လိုက်နေသူဖြစ်ပြီး ပိုင်လီလုံထျန်းမှာမူ ရှောင်ချင်းရွှမ်းကို စွဲလန်းနေသူ ဖြစ်သည်။
အကယ်၍ ရှောင်ချင်းရွှမ်းက ရှန်ကွန်းပင်းပင်းကို အနိုင်ယူပြီး ရှေးဟောင်းဝိညာဉ်အဖွဲ့တွင် နံပါတ် ၁ အစွမ်းထက်ဆုံးသူ ဖြစ်လာခဲ့လျှင် ကျွင်းပုဖျင်က သူမကို သေချာပေါက် စိန်ခေါ်ပေလိမ့်မည်။ ကျွင်းပုဖျင်၏ စိတ်ထဲတွင် ရှန်ကွန်းပင်းပင်း နံပါတ် ၁ မဖြစ်နိုင်လျှင် ရှောင်ချင်းရွှမ်းကိုလည်း ဖြစ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ထို့အတူ ရှန်ကွန်းပင်းပင်းက ရှောင်ချင်းရွှမ်းကို အနိုင်ယူခဲ့လျှင်လည်း ပိုင်လီလုံထျန်းက ရှန်ကွန်းပင်းပင်းကို ပြန်လည် ရင်ဆိုင်ပေလိမ့်မည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် ပိုင်လီလုံထျန်းအနေဖြင့် ရှောင်ချင်းရွှမ်းကို တိုက်ခိုက်မည် မဟုတ်ကြောင်း ရှေးဟောင်းဝိညာဉ်အဖွဲ့မှ တပည့်များက သိထားကြပြီး ဖြစ်၏။
ပိုင်လီလုံထျန်းက နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး ရှောင်ချင်းရွှမ်းကို အချစ်စိတ်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ချင်းရွှမ်း... မင်းက ငါတို့ရဲ့ ရှေးဟောင်းဝိညာဉ်အဖွဲ့ကို ကိုယ်စားပြုပြီး ထိပ်တန်း ၈ နေရာအတွက် ဝင်ပြိုင်ရမှာဆိုတော့ ငါ ဝမ်းသာပါတယ်... စိတ်ချလက်ချ တိုက်ခိုက်ပါ”
ရှောင်ချင်းရွှမ်း၏ လှပသော မျက်လုံးများတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာပြီး အနည်းငယ် အားနာသော မျက်နှာဖြင့် ပြောလိုက်၏။
“ဟိုတုန်းက ကတိဆိုတာ ကျွန်မ ဒေါသထွက်နေတုန်း ပြောမိတာပါ... ရှင် အဲ့ဒီကတိအတွက်နဲ့ ကျွန်မကို အမြဲတမ်း အလျှော့ပေးနေစရာ မလိုပါဘူး... ကျွန်မ ရှင့်ကို တကယ် မချစ်ဘူး... တောင်းပန်ပါတယ်”
လူအများရှေ့တွင် ငြင်းပယ်ခံလိုက်ရသော်လည်း ပိုင်လီလုံထျန်းမှာ စိတ်မဆိုးဘဲ ပြုံးလျက် စကားတစ်ခွန်း ပြောပြီးနောက် စင်ပေါ်မှ ဆင်းသွားတော့သည်။
သူပြောလိုက်သော စကားမှာ တိုတောင်းလှသော်လည်း အဓိပ္ပာယ် ပြည့်စုံလှ၏။
“ငါ စောင့်မယ်”
ထိုစကားကို ကြားရသည့်အခါ ရှောင်ချင်းရွှမ်း၏ မျက်လုံးများတွင် နူးညံ့မှု တစ်ချက် ပေါ်လာသည်။ သိသာသည်မှာ သူမသည် ပိုင်လီလုံထျန်းအပေါ် လုံးဝ စိတ်မဝင်စားဘဲ နေနိုင်သူ မဟုတ်ပေ။
ရှောင်ချင်းရွှမ်းက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် နံပါတ် ၃ ချန်လုံစင်မြင့်သို့ သွားရောက်ကာ ကျွင်းပုဖျင်၏ ဘေးတွင် ရပ်နေလိုက်တော့သည်။
“ချင်းရွှမ်း... မင်း ပိုင်လီလုံထျန်းကို လက်ခံလိုက်ရင် ပိုကောင်းမယ်လို့ ငါ ပြောသားပဲ...”
ကျွင်းပုဖျင်က စကားမဆုံးသေးမီမှာပင် ရှောင်ချင်းရွှမ်းက ကြားဖြတ် ပြောလိုက်၏။
“ကျွန်မနဲ့ လုံထျန်းကိစ္စကို ရှင် စိတ်ပူနေစရာ မလိုပါဘူး... ရှင် ရှန်ကွန်းပင်းပင်းရဲ့ အချစ်ကို ဘယ်လို ရအောင် ယူမလဲဆိုတာကိုပဲ စိတ်ပူစမ်းပါ”
ရှောင်ချင်းရွှမ်း၏ စကားကြောင့် ကျွင်းပုဖျင်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားရတော့သည်။
နောက်တစ်ပွဲမှာ လေနှင့်မိုးကြိုးပိုင်ရှင်၏ တပည့်ရင်း ၃ ဦးထဲမှ တစ်ဦးဖြစ်သော ကုရိရှန်း နှင့် တွန့်ယွီတို့ ဖြစ်သည်။ တွန့်ယွီက သူ့ခွန်အားမှာ ကုရိရှန်းကို မယှဉ်နိုင်ကြောင်း သိထားသဖြင့် လွယ်လွယ်ကူကူပင် အရှုံးပေးလိုက်တော့သည်။
နေဝင်ချိန် ရောက်ရှိလာပြီး ညဦးယံသို့ ကူးပြောင်းလာခဲ့လေပြီ။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရှန်စုပင်းက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူမ၏ သာယာသောအသံမှာ တောင်ထိပ်တစ်ခုလုံး ပျံ့လွင့်သွားတော့သည်။
“နောက်ထပ်ကတော့... ငါ့ရဲ့ ဆေးဝါးအုပ်စု တပည့် မုမုန့်ဂျီ တိုက်ခိုက်ရမည့် အလှည့် ဖြစ်ပါတယ်”
“မုန့်အာ... ဆရာ့ကို စိတ်မပျက်စေနဲ့နော်”
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် မုမုန့်ဂျီက ဦးညွှတ်ကာ ပြောလိုက်၏။
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
မုမုန့်ဂျီသည် ထန်ယွင်ကို ပြုံးပြကာ ပြောလိုက်သည်။
“ငါ သွားတော့မယ်”
“သတိထားနော်”
ထန်ယွင်ကလည်း သူမကို ပြုံးပြကာ မှာကြားလိုက်၏။
“အင်း... သတိထားပါ့မယ်”
မုမုန့်ဂျီက ရယ်မောကာ ပြောလိုက်ပြီးနောက် အရိပ်တစ်ခုအလား နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားတော့သည်။
မုမုန့်ဂျီသည် သူမ၏ လက်ထဲမှ အမှတ်အသား တံဆိပ်ကို ဝိညာဉ်စွမ်းအားဖြင့် လှုံ့ဆော်လိုက်သည့်အခါ တံဆိပ်ပေါ်တွင် ‘သားရဲဝိညာဉ်အဖွဲ့မှ ရှောင်ကျင်ခုန်း’ ဟူသော စာလုံး ၇ လုံး ပေါ်လာတော့သည်။
ထိုစာလုံးများကို မြင်လိုက်ရသည့်အခါ မုမုန့်ဂျီ၏ လှပသော မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ ပေါ်လာ၏။
သားရဲဝိညာဉ်အဖွဲ့တွင် လင်းတုန်းနှင့် ထိုက်ရှန်းတို့မှာ အဆင့် ၁ ဖြစ်ပြီး ချန်ဆုန့်က အဆင့် ၂ ဖြစ်ကြောင်း သူမ သိထားသည်။ ရှောင်ကျင်ခုန်းနှင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသော ပိုင်ရွှီတို့မှာ အဆင့် ၃ ဖြစ်သော်လည်း လက်ရှိတွင် ရှောင်ကျင်ခုန်းက ပို၍ သန်မာနေပြီ ဖြစ်၏။
မုမုန့်ဂျီက ရှောင်ကျင်ခုန်းကို အမြဲတမ်း သတ်ချင်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ဒုတိယအကြီးအကဲ မူရုန်ဟုန်၏ မြေးဖြစ်သူ ချန်ဆုန့်တို့မှာ လူကောင်းများ မဟုတ်သောကြောင့်ပင်။
အရင်က ထန်ယွင်သည် ပြင်ပစည်း၌ မူရုန်ကွန်းကို သတ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် ချန်ဆုန့်က မုမုန့်ဂျီမှာ ထန်ယွင် ချစ်မြတ်နိုးသော အမျိုးသမီးဖြစ်ကြောင်း သိသွားသည့်အခါ သူမကို တွေ့တိုင်း အမျိုးမျိုး စော်ကားခဲ့ဖူးသည်။
ထို့အပြင် ရှောင်ကျင်ခုန်းနှင့် ချန်ဆုန့်တို့သည် မုမုန့်ဂျီကို ဖမ်းဆီးပြီး စော်ကားရန် ကြံစည်ခဲ့ဖူးသော်လည်း မုမုန့်ဂျီက လွတ်မြောက်သွားခဲ့ခြင်း ဖြစ်၏။
ထိုစဉ်က မုမုန့်ဂျီမှာ ခွန်အားနည်းပါးနေသေးသဖြင့် သည်းခံနေခဲ့ရခြင်း ဖြစ်သည်။ အကယ်၍သာ သူမသည် ဝူဟုန်၏ တပည့်ရင်း မဟုတ်ခဲ့လျှင် ရှောင်ကျင်ခုန်းနှင့် ချန်ဆုန့်တို့၏ လက်ချက်ဖြင့် သေဆုံးသွားသည်မှာ ကြာလှပေပြီ။ ထို့ကြောင့် သူမ၏ ပြိုင်ဘက်မှာ ရှောင်ကျင်ခုန်း ဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါ ရင်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာတော့သည်။
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင်...
ရှောင်ကျင်ခုန်းက မုမုန့်ဂျီကို ချက်ချင်း သွားရောက် ရင်မဆိုင်သေးဘဲ ထန်ယွင်၏ ဘေးသို့ ရောက်ရှိလာကာ ရက်စက်သော အပြုံးဖြင့် ပြောလိုက်၏။
“ထန်ယွင်... ဒီနေ့တော့ မင်းရဲ့ မိန်းမလှလေး မုမုန့်ဂျီ ငါ့လက်ချက်နဲ့ ဘယ်လို သေသွားမလဲဆိုတာ မင်းကို ကိုယ်တိုင် ထိုင်ကြည့်ခိုင်းမယ်”
“ငါ မုမုန့်ဂျီကို အရင် သတ်မယ်... ပြီးရင်တော့ နောက်ပွဲမှာ ငါနဲ့ မဆုံမိဖို့ ဘုရားမှာသာ ဆုတောင်းထားလိုက်တော့... မဟုတ်ရင်တော့ မင်းကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်”
အခန်း ၃၉၀ ပြီး
***