ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က ရှောင်ကျင်ခုန်းကို တစ်ချက်ကြည့်ကာ အထင်သေးစွာ ပြုံး၍ ပြောလိုက်၏။
“ငတုံး... နှမြောစရာပဲ... မင်းက ငါနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး... အရင်ဆုံး အသက်ရှင်အောင် ကြိုးစားဦး”
“ဟဲဟဲ... သေချာလို့လား... စောင့်ကြည့်ကြတာပေါ့”
ရှောင်ကျင်ခုန်းက ရက်စက်စွာ ပြုံးလျက် အရိပ်တစ်ခုအလား နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားပြီး မုမုန့်ဂျီကို စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“မင်းက သားရဲဝိညာဉ်အုပ်စုရဲ့ တပည့်ပဲ... လူတိုင်းက သစ္စာဖောက်ကို သတ်ချင်နေကြတာ”
“ဒီနေ့တော့ ငါ မင်းရဲ့ အသက်ကို ယူပြီး သားရဲဝိညာဉ်အုပ်စုကို သစ္စာဖောက်တဲ့ ရလဒ်က ဘာလဲဆိုတာကို သိအောင် လုပ်ပေးမယ်”
ရှောင်ကျင်ခုန်း၏ စကားအဆုံးတွင် တောင်ထိပ်ရှိ သားရဲဝိညာဉ်အုပ်စုမှ တပည့် သောင်းချီထံမှ အားပေးသံများ ဒီရေအလား ထွက်ပေါ်လာတော့သည်။
“စီနီယာအစ်ကိုရှောင် ပြောတာ မှန်တယ်... ဒီသစ္စာဖောက်မကို သတ်ပစ်ပါ”
“စီနီယာအစ်ကိုရှောင်... အစ်ကို သူ့ကို သေချာပေါက် သတ်နိုင်မှာပါ... ကျွန်တော်တို့ အစ်ကို့ကို ယုံကြည်တယ်”
“သတ်... သတ်... သတ်”
“...”
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ဝူဟုန်၏ ဖြူလျော့နေသော မျက်နှာပေါ်၌ ပြုံးရိပ်တစ်ခု ပေါ်လာတော့သည်။ မုမုန့်ဂျီ ရက်ရက်စက်စက် အသတ်ခံရမည့် မြင်ကွင်းကို သူ မြင်ယောင်နေပုံရ၏။
ရှောင်ကျင်ခုန်း၏ စော်ကားမှုများကို မုမုန့်ဂျီက ပြန်လည် ခွန်းတုံ့ပြန်ခြင်း မရှိပေ။
ထိုအချိန်တွင် သူမ၏ အမြင်အာရုံထဲ၌ ရှောင်ကျင်ခုန်းမှအပ အခြားသူ မရှိတော့ပေ။ သူမကို အော်ဟစ်ဆဲဆိုနေကြသော သားရဲဝိညာဉ်အုပ်စုမှ တပည့်များကို အဆုံးသတ်ပေးရန် သူမ တိုက်ခိုက်ချင်နေပြီ ဖြစ်သည်။
မုမုန့်ဂျီက လျစ်လျူရှုထားသည်ကို မြင်သောအခါ ရှောင်ကျင်ခုန်းက အော်ဟစ်လိုက်၏။
“မိန်းမယုတ်... ငရဲသွားဖို့ ပြင်ထားလိုက်တော့”
ရှောင်ကျင်ခုန်း တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် မုမုန့်ဂျီက စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
၎င်းမှာ တောင်စဉ် ၉ ခု ပြိုင်ပွဲကြီး စတင်ကတည်းက သူမ ပထမဆုံးအကြိမ် အရင်ဦးအောင် တိုက်ခိုက်ခြင်းပင်။
“ဝုန်း”
ရုတ်တရက် တောက်ပပြီး ပြင်းထန်လှသော ဝိညာဉ်စွမ်းအားများနှင့် အနက်ရောင် သေခြင်းတရား စွမ်းအားများမှာ မုမုန့်ဂျီ၏ ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး သူမ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်မှာ ရေလှိုင်းများအလား တုန်ခါသွားတော့သည်။
“နိဗ္ဗာန်ကျမ်းစာ”
ချက်ချင်းပင် မုမုန့်ဂျီ၏ နူးညံ့လှသော ဘယ်ဘက်လက်သည် ရင်ဘတ်တွင် လျှို့ဝှက်ဆန်းပြားသော တံဆိပ်တစ်ခုကို ခတ်လိုက်ရာ သူမ၏ အရှိန်အဝါမှာ ရုတ်ခြည်း မြင့်တက်လာပြီး ရေတံခွန်အလား ရှည်လျားသော ဆံနွယ်များမှာလည်း လေမတိုက်ဘဲ ဝဲလွင့်နေတော့သည်။
သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် မီတာ ရာနှင့်ချီသော ဟင်းလင်းပြင်ကြီးအတွင်း၌ သိပ်သည်းပြီး သေးငယ်သော အက်ကြောင်းများမှာ ခဏချင်းပင် ပေါ်ပေါက်လာရာ ဤဟင်းလင်းပြင်ကြီးမှာ အချိန်မရွေး ပြိုကျသွားတော့မည့်အတိုင်းပင်။
“တောက်... ဘယ်လောက်တောင် သန်မာတာလဲ”
ရှောင်ကျင်ခုန်းက မုမုန့်ဂျီ၏ အရှိန်အဝါကို ခံစားလိုက်ရပြီး သူ၏ ရှေ့မှောက်မှ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရသည့်အခါ ခြေဖဝါးမှသည် နှလုံးသားအထိ အေးစိမ့်သွားရတော့သည်။
“ဂျူနီယာညီလေးရှောင်... မင်း သူမရဲ့ ပြိုင်ဘက် မဟုတ်ဘူး... အခုပဲ ထွက်ပြေးတော့”
ဤအခိုက်အတန့်တွင် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ချန်ဆုန့်က စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
ချန်ဆုန့် သတိပေးရန်ပင် မလိုတော့ပေ။ ရှောင်ကျင်ခုန်းက ကိုယ်ကို လှည့်ကာ အရိပ်တစ်ခုအလား စင်ပေါ်မှ အရူးအမူး ဆင်းပြေးနေပြီ ဖြစ်၏။
“သေစမ်း”
မည်သည့် ခံစားချက်မျှ မပါဝင်သော အသံတစ်ခု မုမုန့်ဂျီ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည်။ ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် မုမုန့်ဂျီက ရှောင်ကျင်ခုန်းထက် ၃ ဆ ပိုမြန်သော အရှိန်ဖြင့် ဝတ်စုံနီ အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ချန်လုံစင်မြင့်ပေါ်မှ ထွက်ပြေးရန် ကြိုးစားနေသော ရှောင်ကျင်ခုန်း၏ ခေါင်းပေါ်တွင် ပေါ်လာတော့သည်။
“ဝှစ်”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီး လေတိုးသံ တစ်ခုနှင့်အတူ မုမုန့်ဂျီ၏ ညာလက်မောင်းသည် အောက်သို့ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော ဓားအလင်းတန်းတစ်ခုမှာ ရှောင်ကျင်ခုန်းကို ဝါးမြိုသွားတော့သည်။
“မင်း ငါ့ကို သတ်နိုင်မယ်လို့ ငါ မယုံဘူး”
ရှောင်ကျင်ခုန်းက စင်ပေါ်မှ ဆင်းပြေးနေရင်း သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လိမ်လိုက်ရာ ကြယ်တံဆိပ် ဝတ်စုံတစ်ခုမှာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် သူက ညာလက်မှ ဓားဖြင့် ကောင်းကင်သို့ ပိုင်းချလိုက်၏။
ကြီးမားလှသော ကြယ်တံဆိပ် ဓားအလင်းတန်းတစ်ခု မုမုန့်ဂျီထံသို့ တိုးဝင်သွားတော့သည်။
သူက မုမုန့်ဂျီ၏ တိုက်ခိုက်မှုကို တောင့်ခံပြီးနောက် တောင်ထိပ်သို့ အောင်မြင်စွာ ထွက်ပြေးနိုင်မည်ဟု ယူဆထားခြင်း ဖြစ်၏။ သို့မှသာ မုမုန့်ဂျီက သူ့ကို ထပ်မံ မသတ်နိုင်တော့မည် မဟုတ်ပါလော။
သို့သော် သူသည် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သည်။ မုမုန့်ဂျီမှာ လက်ရှိတွင် မည်မျှအထိ သန်မာနေသည်ကို သူ မသိခဲ့ပေ။
အထူးသဖြင့် မုမုန့်ဂျီက ‘နိဗ္ဗာန်ကျမ်းစာ’ကို အသုံးပြုလိုက်ပြီးနောက် မည်မျှအထိ အစွမ်းထက်သွားသည်ကို သူ လုံးဝ မသိခဲ့ခြင်း ဖြစ်၏။
“ဘုန်း... ဘုန်း... ဘုန်း”
ရှောင်ကျင်ခုန်း ထုတ်လွှတ်လိုက်သော ကြီးမားလှသည့် ဓားအလင်းတန်းမှာ မုမုန့်ဂျီ၏ ဓားချက်ရှေ့တွင် အလွန်ပင် အားနည်းလွန်းလှပေသည်။ ခဏချင်းမှာပင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ပျက်စီးသွားတော့၏။
ချက်ချင်းပင် မုမုန့်ဂျီ၏ ဓားအလင်းတန်းမှာ ရှောင်ကျင်ခုန်း၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ကြယ်တံဆိပ် ဝတ်စုံမှာလည်း ပေါက်ကွဲသွားတော့သည်။
“ဟင့်အင်း... ကယ်ကြပါဦး...”
“ဘုန်း”
အက်ကွဲလှသော အော်ဟစ်သံနှင့်အတူ ရှောင်ကျင်ခုန်းမှာ တောင်ထိပ်သို့ ရောက်ရန် (၁) ပေ ခန့်သာ လိုတော့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓားအလင်းတန်းအတွင်း၌ ပေါက်ကွဲသွားပြီး အသားစများနှင့် အရိုးစများမှာ သွေးမြူတိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲကာ ဘာမျှပင် မကျန်တော့ပေ။
ဤအချိန်တွင် မုမုန့်ဂျီ၏ ဆံနွယ်များမှာ လေထဲ ဝဲလွင့်နေပြီး သူမက ဟင်းလင်းပြင်ထဲမှ ဆင်းသက်လာသည်။ သူမ စင်ပေါ်သို့ မရောက်မီမှာပင် ကိုင်ဆောင်ထားသော အဆင့်နိမ့် ဝိညာဉ်လက်နက် ဓားပျံမှာ ကြွေထည်များအလား အပိုင်းပိုင်း ကွဲအက်သွားပြီး စင်ပေါ်သို့ ပြန့်ကျဲသွားတော့၏။
တိတ်ဆိတ်သွားသည်။ တောင်ထိပ်ပေါ်ရှိ တပည့်ပေါင်း သိန်းချီမှာ လုံးဝ တိတ်ဆိတ်သွားကြ၏။
မုမုန့်ဂျီကို ကြည့်နေသော တပည့်များ၏ အကြည့်မှာ ပြောင်းလဲသွားပြီး ထိတ်လန့်မှုနှင့် နားမလည်မှုများဖြင့် ပြည့်နှက်နေတော့သည်။
အထူးသဖြင့် သားရဲဝိညာဉ်အုပ်စုမှ တပည့်များမှာ သားရဲဝိညာဉ်အုပ်စုတွင် အဆင့် ၃ ရှိသူဖြစ်သော ရှောင်ကျင်ခုန်းမှာ မုမုန့်ဂျီ၏ ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ သေဆုံးသွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ရှောင်ကျင်ခုန်းက သားရဲဝိညာဉ်အုပ်စုမှ တပည့်များ ကျင့်ကြံကြသည့် အဖိုးတန် ကျင့်စဉ် ၃ ခုထဲမှ တစ်ခုဖြစ်သော ‘ကြယ်တံဆိပ် သိုင်းပညာ’ကို အသုံးပြုနေသည့်တိုင် မုမုန့်ဂျီ၏ ဓားချက်တစ်ချက်ဖြင့် အသတ်ခံလိုက်ရခြင်း ဖြစ်၏။
သူတို့ နားမလည်နိုင်သည့် အချက်မှာ မုမုန့်ဂျီသည် မည်သည့်ကျင့်စဉ်ကို ကျင့်ကြံထားသနည်း ဟူသောအချက်ပင်။ သူမသည်လည်း သားရဲဝိညာဉ်အုပ်စုမှ တပည့်တစ်ဦး ဖြစ်ခဲ့ပါလျက်နှင့် ဤကျင့်စဉ်ကို သူတို့ ဘာကြောင့် တစ်ခါမျှ မမြင်ဖူးရသနည်း။
သားရဲဝိညာဉ်အုပ်စုမှ တပည့်များ သာမက ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ခေါင်းဆောင် ၉ ဦးမှာလည်း ထိုသို့ပင် တွေးတောနေကြပြီး ဒေါသကြောင့် သေလုမတတ် ဖြစ်နေသော ဝူဟုန်ကို လှည့်ကြည့်လိုက်ကြတော့သည်။
ရှီချန်ချင်း၏ မျက်ခုံးဖြူကြီးများ တုန်ယင်သွားပြီး မကျေမနပ် ပြောလိုက်၏။
“ဝူဟုန်... မုမုန့်ဂျီက မင်းရဲ့ တပည့်ရင်း ဖြစ်ခဲ့တာပဲ... မင်း သူမကို ဘယ်လိုကျင့်စဉ်တွေ သင်ပေးခဲ့တာလဲ”
ရှီချန်ချင်းက လက်ရှိတွင် အတွင်းစည်း သားရဲဝိညာဉ်အုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။ သားရဲဝိညာဉ်အုပ်စုမှ ပါရမီရှင် တပည့်တစ်ဦး ကျဆုံးသွားတိုင်း သူ့ရင်ထဲ နာကျင်ရသည် မဟုတ်ပါလော။
သူက ဝူဟုန်ကို သတ်ပစ်ချင်လောက်အောင်ပင် ဒေါသထွက်နေမိသည်။
သူ့အမြင်တွင် ဝူဟုန်သည် မုမုန့်ဂျီကို လေ့ကျင့်ပေးခဲ့သူ ဖြစ်သလို မုမုန့်ဂျီကို သားရဲဝိညာဉ်အုပ်စုမှ ထွက်ခွာသွားအောင် ဖိအားပေးခဲ့သူလည်း ဖြစ်၏။
ထန်ယွင် ပြောခဲ့သည့်အတိုင်း ဝူဟုန်က ဝူဖေးရှုန်းကို ‘အိပ်မက်ဆေးလုံး’ ပေးကာ မုမုန့်ဂျီကို စော်ကားရန် သူ့သားကို ခိုင်းစေခဲ့သည်ဟု သူ ယုံကြည်ထားဆဲပင်။
အကယ်၍သာ ထိုသို့မဟုတ်ခဲ့လျှင် မုမုန့်ဂျီက သားရဲဝိညာဉ်အုပ်စုမှ အဘယ်ကြောင့် ထွက်သွားပါမည်နည်း။
ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်မှာ ဝူဟုန်ထံသို့ ရောက်ရှိနေကြပြီး မုမုန့်ဂျီ ကျင့်ကြံထားသော ကျင့်စဉ်မှာ မည်သို့သော ကျင့်စဉ်ဖြစ်သနည်းဟူသည်ကို သူ့ထံမှ သိလိုနေကြသည်။
သို့သော် ဝူဟုန်၏ အဖြေက လူတိုင်းကို ဆွံ့အသွားစေတော့သည်။
ဝူဟုန်က ကြောင်တောင်တောင်ဖြင့် ပြောလိုက်၏။
“ငါက မုမုန့်ဂျီကို အစွမ်းထက်တဲ့ ကျင့်စဉ်တချို့ သင်ပေးခဲ့တာ မှန်ပါတယ်... ဒါပေမဲ့ သူမက အဲ့ဒါတွေကို အသုံးမပြုဘူး... သူမ အခု သုံးလိုက်တဲ့ ကျင့်စဉ်က ဘာလဲဆိုတာ ငါလည်း မသိဘူး... ငါ သူမကို ဒါတွေ လုံးဝ သင်မပေးခဲ့ဘူး”
“ဘာ”
ရှီချန်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး မယုံကြည်နိုင်သလို ဖြစ်သွားရသည်။ အခြားသူများမှာလည်း ထိုသို့ပင်။
ထန်ထိုင်ကျုံးတယ်မှာ မုမုန့်ဂျီကို ငုံ့ကြည့်ကာ မမေးဘဲ မနေနိုင်တော့ပေ။
“မုန့်အာ... မင်း ကျင့်ကြံနေတဲ့ ကျင့်စဉ်က ဘာကျင့်စဉ်လဲ”
မုမုန့်ဂျီက တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... ဒါက အဘိုးအို တစ်ယောက်က တပည့်ကို သင်ပေးခဲ့တဲ့ ကျင့်စဉ်ပါ... အဲ့ဒီကျင့်စဉ်ရဲ့ နာမည် အတိအကျကိုတော့ တပည့် မသိပါဘူး”
“အော်... အဲ့ဒီလိုလား”
ထန်ထိုင်ကျုံးတယ်က ထပ်မံ မေးမြန်းလိုက်သည်။
“မင်းပြောတဲ့ အဘိုးအိုဆိုတာက ဘယ်သူလဲ”
မုမုန့်ဂျီက တွေဝေခြင်း မရှိဘဲ ပြောလိုက်၏။
“သူက ကျွန်မရဲ့ စေ့စပ်ထားသူရဲ့ ဆရာပါ”
ဤစကားများမှာ လွန်ခဲ့သော တစ်လက မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင် တို့သည် ထန်ယွင်နှင့်အတူ နေရပ်သို့ ပြန်ခဲ့စဉ်က ထန်ယွင် သင်ပေးထားသော စကားများ ဖြစ်၏။
တစ်ချိန်တည်းမှာပင် ထန်ယွင်သည် အိမ်မှ ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ရွှယ်ဇီယန်ကိုလည်း မှာကြားထားခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်က သူတို့ ကျင့်ကြံထားသော ကျင့်စဉ်များအကြောင်း မေးမြန်းလာပါက သူတို့ ဖန်တီးထားသော ဆရာ၏ အပေါ်သို့သာ ပုံချလိုက်ရန်ပင်။
ထိုစကားကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ်က ရုတ်တရက် ရယ်မောလိုက်၏။
“ဒီဂိုဏ်းချုပ် နားလည်ပါပြီ... အဲ့ဒီလိုကိုး”
ဤအခိုက်အတန့်တွင် ထန်ထိုင်ကျုံးတယ်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။
‘တောင်စဉ် ၉ ခု ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ ထန်ယွင်ကို ခိုင်းစရာ ကိစ္စတချို့ ရှိနေသေးတာပဲ... အဲ့ဒီအချိန်ကျရင် သူ့ရဲ့ဆရာကို ကူညီခိုင်းပြီး ငါ့ရဲ့ သမီးလေးအတွက်လည်း အဖိုးတန်တဲ့ ကျင့်စဉ်တစ်ခုလောက် တောင်းခိုင်းရမယ်’
အခန်း ၃၉၁ ပြီး
***