ထန်ယွင်၏ ဆရာနှင့် ပတ်သက်၍ ထာဝရနတ်ဘုရားဂိုဏ်းတွင် ကျင်းပခဲ့သော ပညာ ၄ မျိုး ပြိုင်ပွဲသို့ တက်ရောက်ခဲ့ကြသည့် ခေါင်းဆောင် ၈ ဦးနှင့် အုပ်စု ၄ ခုမှ တပည့်များသာ သိရှိကြခြင်း ဖြစ်၏။
ထိုစဉ် ထိုအကြောင်းကို မသိရှိကြသူများမှာမူ ထန်ယွင်၏ ဆရာသည် မည်သူဖြစ်မည်နည်းဟု အမျိုးမျိုး ခန့်မှန်းနေကြတော့သည်။
“ဝှစ်”
မုမုန့်ဂျီက နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်ကာ နံပါတ် ၃ ချန်လုံစင်မြင့်သို့ သွားရောက်ပြီး ထန်ယွင်ကို ချစ်ခင်မြတ်နိုးသော အပြုံးဖြင့် ကြည့်နေလိုက်သည်။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ထရပ်လိုက်ပြီး အိုမင်းသော အသံဖြင့် ပြောလိုက်၏။
“နောက်ထပ်ကတော့ ငါ့ရဲ့ ဝိညာဉ်ငါးပါးအုပ်စုက ရွှယ်ဇီယန် တိုက်ခိုက်ရမယ့် အလှည့်ပဲ”
“ဇီယန်... ဆရာ့ကို စိတ်မပျက်စေနဲ့နော်...”
“တပည့် နားလည်ပါတယ် ဆရာ”
ရွှယ်ဇီယန်၏ အရိပ်သည် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်၌ ပေါ်လာတော့သည်။
လက်ထဲရှိ အမှတ်အသား တံဆိပ်မှ တားမြစ်ချက်ကို ဖယ်ရှားလိုက်သည့်အခါ တံဆိပ်ပေါ်တွင် ‘ဝိညာဉ်ငါးပါးအုပ်စုမှ ချန်ကျင်ယွဲ့’ ဟူသော စာသားကို တွေ့လိုက်ရ၏။
ဝိညာဉ်ငါးပါးပိုင်ရှင် ခေတ္တမျှ ဆွံ့အသွားရသည်။ သူ အမုန်းဆုံးသော အခြေအနေ ဖြစ်ပေါ်လာခြင်းပင်။ ချန်ကျင်ယွဲ့မှာ သူ့အုပ်စုမှ တပည့် ဖြစ်ပြီး ရွှယ်ဇီယန်မှာမူ သူ၏ တပည့်ရင်း ဖြစ်သည် မဟုတ်ပါလော။
လေပြေတစ်ခု နှင့်အတူ ချန်ကျင်ယွဲ့က ရွှယ်ဇီယန်၏ ရှေ့သို့ ဆင်းသက်လာပြီး ပြုံး၍ ပြောလိုက်၏။
“ဂျူနီယာညီမလေး... ငါတို့ ဆုံမိလိမ့်မယ်လို့ မထင်ထားဘူး”
“အဲ့ဒါက ရယ်စရာကောင်းလို့လား”
ရွှယ်ဇီယန်က ချန်ကျင်ယွဲ့ကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
“ရှင်ပဲ အရှုံးပေးလိုက်ပါ... ရှင်က ကျွန်မရဲ့ စီနီယာတစ်ယောက် ဖြစ်နေလို့ ကျွန်မ ရှင့်ကို မရိုက်ချင်ဘူး”
“အာ...”
ချန်ကျင်ယွဲ့မှာ ကြောင်သွားရ၏။
“ဟမ်း... ဟမ်း...”
ဝိညာဉ်ငါးပါးပိုင်ရှင်က ချောင်းတစ်ချက် ဟန့်ကာ ပြောလိုက်သည်။
“ဇီယန်... မင်းက မင်း စီနီယာအစ်ကိုရဲ့ ပြိုင်ဘက် မဟုတ်ဘူး... မင်းပဲ စင်ပေါ်က ဆင်းလာလိုက်ပါ... မင်းရဲ့ စီနီယာအစ်ကိုပဲ ငါတို့ ဝိညာဉ်ငါးပါးအုပ်စုကို ကိုယ်စားပြုပြီး ဒုတိယအဆင့်ကို တက်ပါစေ”
ဝိညာဉ်ငါးပါးပိုင်ရှင်က သူတို့ ၂ ဦးလုံးကို တူညီသော ကျင့်စဉ်ကို သင်ကြားပေးထားခြင်း ဖြစ်၏။ ၎င်းမှာ ဝိညာဉ်ငါးပါးအုပ်စုတွင် အစွမ်းထက်ဆုံးဖြစ်သော ရတနာအဆင့် ကျင့်စဉ် ‘ဝိညာဉ်ငါးပါး နတ်ဘုရားသတ် ဓားသိုင်း’ ပင်တည်း။
ဤဓားသိုင်းတွင် အဆင့် ၁၂ ဆင့် ရှိရာ ရွှယ်ဇီယန်က အဆင့် ၁၀ သို့သာ ရောက်ရှိနေသေးပြီး ချန်ကျင်ယွဲ့ကမူ အဆင့် ၁၁ အထိ ကျင့်ကြံထားပြီး ဖြစ်သည်။ ထို့ကြောင့် သူက ရွှယ်ဇီယန်ကို နုတ်ထွက်ခိုင်းခြင်း ဖြစ်၏။
ထိုစကားကို ကြားရသည့်အခါ ရွှယ်ဇီယန်က နှုတ်ခမ်းဆူကာ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ချန်ကျင်ယွဲ့က အားနာသလို ပြုံး၍ ပြောလိုက်သည်။
“ဂျူနီယာညီမလေး... ဒါဆိုရင် စီနီယာအစ်ကို လက်ခံလိုက်ပါ့မယ်”
“ဟွန့်... ငါက သဘောတူတယ်လို့ မပြောရသေးဘူးနော်”
ရွှယ်ဇီယန်က ချန်ကျင်ယွဲ့ကို စိုက်ကြည့်ကာ ငေါက်လိုက်ပြီးနောက် ဝိညာဉ်ငါးပါးပိုင်ရှင်ကို ကြည့်ကာ မျက်လုံးလေးများ မှေးလျက် ချွဲနွဲ့ကာ ပြောလိုက်ပြန်သည်။
“ဆရာ... တပည့် စမ်းကြည့်ချင်သေးတယ်... ရမလားဟင်”
“ဇီယန်... ဒါက တောင်စဉ်၉ ခုပြိုင်ပွဲကြီးလေ... ဓားနဲ့ လှံဆိုတာ မျက်စိမပါဘူး... မင်း ကလေးကစားရမယ့် နေရာ မဟုတ်ဘူး”
ဝိညာဉ်ငါးပါးပိုင်ရှင်က ပြတ်သားစွာ ငြင်းပယ်လိုက်၏။
“လိမ္မာစမ်းပါ... ပြဿနာ မရှာနဲ့တော့”
“ဆရာ...”
ရွှယ်ဇီယန်က တစ်ခုခု ဆက်ပြောရန် ပြင်လိုက်သော်လည်း ဝိညာဉ်ငါးပါးပိုင်ရှင်၏ အလိုလိုက်သော အသံကြောင့် ပြတ်တောက်သွားရသည်။
“တော်တော့ ဇီယန်... ဆရာက မင်းကို ပါဝင်ခွင့် မပေးတာက မင်းက မင်းရဲ့ စီနီယာအစ်ကိုလောက် မသန်မာလို့ပဲ”
“ဒုတိယအချက်က မင်းပြောနေတဲ့ အစ်မမုနဲ့ ခဲအိုမှာ ရန်သူတွေ အများကြီး ရှိနေတာလေ... တကယ်လို့ မင်း တစ်ခုခု ဖြစ်သွားရင် ဆရာက စိတ်မကောင်း ဖြစ်ရမှာပေါ့”
“ဒါပဲ... ဆက်ပြောမနေနဲ့တော့”
ရွှယ်ဇီယန်မှာ စိတ်ပျက်သွားသော်လည်း ရုတ်တရက် အကြံတစ်ခု ရသွားပြီး ချန်ကျင်ယွဲ့ကို ကြည့်ကာ ချိုသာစွာ ပြုံး၍ မေးလိုက်၏။
“စီနီယာအစ်ကို... ငါ့ကို မေးခွန်းတစ်ခု ဖြေပါဦး... အမှန်အတိုင်း ဖြေရမယ်နော်”
“ဂျူနီယာညီမလေး... ပြောစရာရှိရင် မြန်မြန်ပြောပါ... ဆရာ ကြည့်နေတယ်”
ချန်ကျင်ယွဲ့က ဝိညာဉ်ငါးပါးပိုင်ရှင်ကို အလွန် ကြောက်ရွံ့ပုံရပြီး အသံတိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။
“စီနီယာအစ်ကို... ငါ မေးပါရစေဦး... အခု ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်ကြမယ့် သူတွေကို ကြည့်လိုက်ပါဦး... ရှင်က အဲ့ဒီ ၈ နေရာထဲ ဝင်နိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ချက် ရှိလဲ”
ရွှယ်ဇီယန်က ပြောပြီးနောက် ထပ်မံ ဖြည့်စွက်လိုက်၏။
“အမှန်အတိုင်း ပြောရမယ်နော်... မဟုတ်ရင်တော့ နောက်ဆို ငါ့ကို ဂရုစိုက်ဖို့ လုံးဝ မစဉ်းစားနဲ့တော့”
ထိုစကားကို ကြားရသည့်အခါ ချန်ကျင်ယွဲ့မှာ နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ ဒုတိယအဆင့်သို့ တက်ရောက်သွားကြသော ရှန့်ရှန့်ထျန်း၊ ကျွင်းပုဖျင်၊ ခယ်ရှင်းယီ၊ ဟောင်ဖူထင်ဖုန်း၊ ရှောင်ချင်းရွှမ်း၊ ကုရိရှန်းနှင့် မုမုန့်ဂျီ တို့ကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူ သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
“၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိမယ် ထင်တယ်”
“အဲ့ဒါဆိုရင် မမှန်ဘူးလား... ရှင်ကိုယ်တိုင်တောင် ယုံကြည်ချက် မရှိတာပဲ... ဂျူနီယာညီမလေး တစ်ယောက်အနေနဲ့ ရှင့်ကို ဘယ်လိုလုပ် အန္တရာယ် အဖြစ်ခံနိုင်မှာလဲ”
ရွှယ်ဇီယန်က အလေးအနက်ထားသော မျက်နှာဖြင့် ပြောလိုက်၏။
“ဒုတိယအဆင့်က ပိုပြီးတော့ ပြင်းထန်မှာလေ... တကယ်လို့ ရှင်သာ ပါဝင်ပြီး တစ်ခုခု ဖြစ်သွားရင် ဘယ်လောက် ကြောက်စရာကောင်းမလဲ”
“ကဲ... ကဲ... မြန်မြန်ပဲ ဆင်းသွားတော့”
ရွှယ်ဇီယန်က ပြောပြောဆိုဆိုဖြင့် ငေးမှိုင်နေသော ချန်ကျင်ယွဲ့ကို ချန်လုံစင်မြင့်ပေါ်မှ တွန်းချလိုက်တော့သည်။
“ဇီယန်... မင်းကတော့ ကလေးကစားသလို လုပ်နေပြန်ပြီ”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ဒေါသထွက်လွန်းသဖြင့် မုတ်ဆိတ်မွှေးများပင် တုန်ယင်နေတော့သည်။
ရွှယ်ဇီယန်က အပြုံးကို ရုတ်တရက် သိမ်းဆည်းလိုက်ပြီး ဝိညာဉ်ငါးပါးပိုင်ရှင်ကို ကြည့်ကာ အလေးအနက် ပြောလိုက်၏။
“ဆရာ... စီနီယာအစ်ကိုကြီးက ကျွန်မအပေါ် အမြဲတမ်း ကောင်းခဲ့တာပါ... ဆရာ ကြားတဲ့အတိုင်းပဲ သူက ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာထဲ ဝင်ဖို့ ယုံကြည်ချက် မရှိဘူးလေ”
“တကယ်လို့ သူသာ ပါဝင်ပြီး သေသွားရင် ဘယ်လိုလုပ်မလဲ... အဲ့ဒီတော့ သူ ယုံကြည်ချက် မရှိတဲ့အတူတူ တပည့်ပဲ ဒုတိယအဆင့်ကို ဆက်ပြီး တက်ပါရစေ”
ဝိညာဉ်ငါးပါးပိုင်ရှင်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ချကာ မကျေမနပ် ပြောလိုက်၏။
“သူက ယုံကြည်ချက် မရှိဘူးဆိုတော့... မင်းမှာကော ရှိလို့လား... မင်း ပါဝင်တာကရော အန္တရာယ် မရှိဘူးလား”
“ဘုန်း”
ဆရာဖြစ်သူ တကယ် ဒေါသထွက်နေသည်ကို မြင်သောအခါ ရွှယ်ဇီယန်က ချက်ချင်း ဒူးထောက်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။
“တပည့် ယုံကြည်ချက် ရှိပါတယ်... တကယ်လို့ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာထဲ မဝင်နိုင်ခဲ့ရင် တပည့် ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးပါ့မယ်”
“ဇီယန်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့”
ထိုအချိန်တွင် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ဝူလင်က စိုးရိမ်တကြီး တားမြစ်လိုက်၏။
ရွှယ်ဇီယန်က ထိုစကားကို လျစ်လျူရှုထားလိုက်သည်။
“မင်းကတော့ ငါ့ကို ဒေါသထွက်အောင် တကယ် လုပ်နိုင်တာပဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ရွှယ်ဇီယန်ကို ကြည့်ကာ ဒေါသကြောင့် တုန်ယင်နေသော်လည်း ပြောလိုက်ရရှာသည်။
“ဒါတွေအားလုံးက ဆရာက မင်းကို အလိုလိုက်ထားလို့ပဲ... ကဲ... ထတော့... မင်း သဘောရှိသလိုသာ လုပ်တော့”
“ကျေးဇူးတင်ပါတယ် ဆရာ”
ရွှယ်ဇီယန်က ကလေးတစ်ယောက်အလား လျှာထုတ်ပြကာ ပြောလိုက်၏။
“ဆရာ... တပည့် ဆရာ့ကို စိတ်မပျက်စေရပါဘူး”
၎င်းနောက် ရွှယ်ဇီယန်သည် အရိပ်တစ်ခုအလား နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားပြီး မုမုန့်ဂျီ၏ ဘေးတွင် ရပ်ကာ တိုးတိုးလေး စကားပြောနေတော့သည်။
ဝိညာဉ်ငါးပါးအုပ်စုမှ အမျိုးသား တပည့်များမှာမူ ရွှယ်ဇီယန်မှာ အလွန် ထူးခြားသော မိန်းကလေးတစ်ဦး ဖြစ်သည်ဟု ခံစားရကာ သူမအပေါ် ပို၍ သဘောကျလာကြတော့သည်။
အခြားတစ်ဖက်တွင် ဝိညာဉ်ငါးပါးအုပ်စုမှ အမျိုးသမီး တပည့်များမှာမူ မနာလိုမှုများဖြင့် ပြည့်နှက်နေကြ၏။ သူတို့က ရွှယ်ဇီယန်မှာ အလှပြရုံသက်သက်သာဖြစ်ပြီး ဆရာ့အလိုလိုက်မှုကို အခွင့်ကောင်းယူကာ ဒုတိယအဆင့်ကို တက်ရောက်သွားခြင်း ဖြစ်သည်ဟု ယူဆနေကြတော့သည်။
ညရောက်လာပြီး လမင်းကြီးမှာ ကောင်းကင်ယံ၌ ထွန်းလင်းနေပြီ ဖြစ်၏။
နောက်ထပ် တိုက်ပွဲမှာ လေနှင့်မိုးကြိုးအုပ်စုတွင် အစွမ်းထက်ဆုံးဖြစ်ပြီး ဝဝဖိုင်ဖိုင်နှင့် ခန့်ညားသော လူငယ်လေး လုရန်နှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ လီရှီကျန်း တို့ ဖြစ်ကြသည်။
လုရန်မှာ လေနှင့် မိုးကြိုး ဓာတ်နှစ်မျိုးလုံး ပါဝင်သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး လီရှီကျန်းမှာမူ အချိန် ဝိညာဉ်သန္ဓေ ပိုင်ရှင် ဖြစ်သည်။ သူတို့ ၂ ဦး တိုက်ခိုက်ကြသည့်အခါ သူတို့၏ အစွမ်းရှိသမျှကို ထုတ်သုံးကြသဖြင့် အလွန်ပင် ခမ်းနားလှပေသည်။
“တောက်... မင်းကို ငါ အသေသတ်မယ်”
နောက်ဆုံးတွင် လုရန်က ရုတ်တရက် ဟစ်ကြွေးလိုက်ပြီး လက်ထဲမှ ဓားရှည်ကို လွှင့်ပစ်လိုက်သည်။ သူ၏ လက်နက်သစ်ကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် ထန်ယွင်နှင့် အခြားသော တပည့်ပေါင်းများစွာမှာ ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြတော့၏။
ဟင်းချက်ဓား။
ဟုတ်ပါသည်။
လူကောင်ကြီးကြီး ဝဝ လုရန်သည် အဆင့်လတ် ရတနာအဆင့်ရှိ ဟင်းချက်ဓားကြီးတစ်လက်ကို ထုတ်ဖော်လိုက်ရာ ၎င်းမှာ မီတာ ၃၀ ခန့်အထိ ရှည်လျားသွားပြီး လျှပ်စီးကြောင်းများ ဝန်းရံလျက် စိတ်ပျံ့လွင့်နေသော လီရှီကျန်းထံသို့ ပိုင်းချလိုက်တော့သည်။
“တန်”
သတ္တုချင်း ထိတွေ့သံ နှင့်အတူ လီရှီကျန်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ရ၏။ သူ ခုခံထားသော ဓားပျံမှာ ရုတ်ခြည်း ကျိုးသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း နှစ်ပိုင်း ပြတ်တောက်သွားကာ နေရာမှာတင် သေဆုံးသွားတော့သည်။
“တောက်... မင်းတို့က ငါ့ကို ဟင်းချက်ဓား ထုတ်သုံးအောင်ကို ဖိအားပေးတာပဲ”
လုရန်က တစ်စုံတစ်ခုကို မကျေမနပ် ဝေဖန်ပြောဆိုနေရင်း ဝဝဖိုင်ဖိုင် ခန္ဓာကိုယ်ကြီး တုန်ခါလျက် နံပါတ် ၃ ချန်လုံစင်မြင့်သို့ ပျံတက်သွားတော့သည်။
လေနှင့်မိုးကြိုးအုပ်စုမှ တပည့်များကြားတွင် လုရန်၌ နာမည်ပြောင် ၂ ခု ရှိ၏။ ပထမတစ်ခုမှာ ‘သားသတ်သမား’ ဖြစ်သည်။
ဒုတိယတစ်ခုမှာ ‘ဝေဖန်ရေးသခင်’ ပင်။
သူ့ကို သားသတ်သမားဟု ခေါ်ဆိုကြသဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ဖူးသည်။ သူသည် အသက် ၁၀နှစ်သားအရွယ်က ဟင်းချက်ဆရာ တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဟင်းချက်ဓားကို အသုံးပြုရသည်မှာ သဘောကျသောကြောင့် ဖြစ်ပြီး သူသည် သားသတ်သမား မဟုတ်ကြောင်းပင်။
သို့သော်လည်း လေနှင့်မိုးကြိုးအုပ်စုမှ တပည့်များမှာမူ သူ့ကို ကွယ်ရာတွင် သားသတ်သမားဟုသာ ခေါ်ဆိုမြဲ ခေါ်ဆိုနေကြဆဲဖြစ်၏။
ထို့အတူ သူက မိမိကိုယ်ကိုယ် ဝေဖန်ရေးသခင် မဟုတ်ကြောင်းလည်း အကြိမ်ကြိမ် ကာကွယ်ပြောဆိုခဲ့ဖူးသည်။ သူသည် ‘အမှန်တရားသခင်’ သာဖြစ်ပြီး သူပြောသမျှမှာ အမှန်တရားများသာ ဖြစ်သည်ဟု ဆိုခဲ့၏။
သို့သော်လည်း သူ့သူငယ်ချင်းများစွာမှာမူ ကွယ်ရာတွင် ဝေဖန်ရေးသခင်ဟုသာ ခေါ်ဆိုနေကြတော့လေသည်။
အခန်း ၃၉၂ ပြီး
***