...
နာရီဝက်ခန့် ကြာပြီးနောက် တောက်ပသော လရောင်မှာ နံပါတ် ၂ ချန်လုံစင်မြင့်ထက်သို့ ဖြာကျနေ၏။ ဤအခိုက်အတန့်တွင် သားရဲဝိညာဉ်အုပ်စုမှ ချန်ဆုန့်က ပြင်းထန်သော တိုက်ပွဲတစ်ခုအပြီးတွင် အစီအရင်အုပ်စုမှ တပည့် ရှောင်လုံကို အနိုင်ယူလိုက်ပြီ ဖြစ်သည်။
ပြင်းထန်စွာ ဒဏ်ရာရသွားသော ရှောင်လုံအား အစီအရင်အုပ်စုမှ တပည့်များက ချန်လုံစင်မြင့်ပေါ်မှ သယ်ဆောင်သွားကြတော့၏။
ထို့နောက် ပြိုင်ဘက်နှင့် မရင်ဆိုင်ရသေးသူ ၃ ဦး ကျန်ရှိနေသေးရာ ၎င်းတို့မှာ ရှန်ကွန်းပင်းပင်း၊ ခန်းရှီယွန်းနှင့် ထန်ယွင်တို့ ဖြစ်ကြသည်။
တစ်ဖက်မှ ကျန်ရှိနေသော အခြား ၃ ဦးမှာမူ ထိုက်ရှန်း၊ အန်းရန်ရွှမ်းအာနှင့် ဝူလင်တို့ ဖြစ်ကြ၏။
ထို ၆ ဦးလုံးမှာ တစ်ဦးထက်တစ်ဦး သန်မာကြသူများပင်။
ရှေးဟောင်းဝိညာဉ်အုပ်စုမှ အစွမ်းထက်သူ ရှန်ကွန်းပင်းပင်းသည် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ လျှပ်ခနဲ တက်သွား၏။ သူမသည် တံဆိပ်မှ တားမြစ်ချက်ကို ဖယ်ရှားလိုက်ပြီးနောက် ပြိုင်ဘက်မှာ လေနှင့်မိုးကြိုးအုပ်စုမှ အစွမ်းထက်သူ အန်းရန်ရွှမ်းအာ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အတွင်းစည်း၏ အလှဆုံး အမျိုးသမီး ၁၃ဦး စာရင်းဝင် အမျိုးသမီး ၂ဦးကြားမှ ပြိုင်ပွဲကြောင့် အုပ်စုအသီးသီးမှ အမျိုးသားတပည့် အများစုမှာ အသက်ရှူရန်ပင် မေ့လျော့နေကြတော့သည်။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ဓားအလင်းတန်းများမှာ ကြမ်းတမ်းစွာ ဝဲလွင့်နေပြီး လူရိပ်များမှာလည်း လူးလာတုန်ခါနေ၏။ အမျိုးသမီး ၂ဦး နာရီဝက်ခန့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် နောက်ဆုံးတွင် ရှန်ကွန်းပင်းပင်းက အသာစီးရသွားပြီး အရိပ်တစ်ခုအလား အန်းရန်ရွှမ်းအာ၏ ဘေးတွင် ပေါ်လာကာ သူမ၏ လည်ပင်းသို့ ဓားဖြင့် ချိန်လိုက်တော့သည်။
“နင် ရှုံးပြီ”
ရှန်ကွန်းပင်းပင်းက ချွေးကလေးများ စိုရွှဲနေလျက် ပြောလိုက်၏။
“အင်း... ငါ ရှုံးပါတယ်”
အန်းရန်ရွှမ်းအာက အနည်းငယ် ဝမ်းနည်းစွာဖြင့် ဆိုလိုက်သည်။
“လွန်ခဲ့တဲ့ လဝက်တုန်းက ငါ လျှို့ဝှက်နယ်မြေထဲကို ဝင်တုန်းက မိစ္ဆာသားရဲတွေရဲ့ အပြင်းအထန် တိုက်ခိုက်တာကို မခံခဲ့ရဘူးဆိုရင် အခု ငါ့ရဲ့ ခွန်အား ၉၀ ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်မှာ မဟုတ်ဘူး... မဟုတ်ရင် နင် ငါ့ကို ဘယ်လိုလုပ် နိုင်ပါ့မလဲ”
“ကောင်းပြီလေ... တကယ်လို့ နင် မကျေနပ်ဘူးဆိုရင်လည်း နင့်ရဲ့ ဒဏ်ရာတွေ ပျောက်တဲ့အခါ ငါနဲ့ ပြန်ပြီး ယှဉ်ပြိုင်ကြတာပေါ့”
ရှန်ကွန်းပင်းပင်း၏ လေသံမှာ အေးစက်လှ၏။
“စကားတစ်ခွန်းပဲနော်”
အန်းရန်ရွှမ်းအာက ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးနောက် ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်သွားတော့သည်။
“ဝှစ်”
ဤအချိန်တွင် သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များက ‘အမှောင်မိစ္ဆာ’ ဟု တင်စားကြသော ခန်းရှီယွန်းသည် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီး ညကောင်းကင်ယံကို ဖြတ်ကျော်ကာ နံပါတ် ၂ ချန်လုံစင်မြင့်၏ အလယ်ဗဟိုတွင် ပေါ်လာတော့သည်။
သူက အားနည်းသော စာပေပညာရှင်တစ်ဦးနှင့် တူနေဆဲပင် ဖြစ်သော်လည်း တောက်ပသော သူ့မျက်လုံးတစ်စုံကြောင့် ကြယ်တာရာများပင် အရောင်မှိန်သွားသကဲ့သို့ ဖြစ်ရသည်။
သူသည် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်မှ ထိုက်ရှန်းနှင့် ဝူလင်တို့ကို တစ်ချက်ကြည့်လိုက်သော်လည်း သူတို့ကို အလေးအနက် မထားပေ။ မည်သူက သူ့ပြိုင်ဘက်ဖြစ်လာမည်ကို သူ ဂရုမစိုက်ပေ။
ဤအခိုက်အတန့်တွင် ထိုက်ရှန်းရော ဝူလင်ပါ ခန်းရှီယွန်းနှင့် မတိုက်ခိုက်လိုကြပေ။
သူတို့က ခန်းရှီယွန်းအား ကြောက်နေခြင်း မဟုတ်သော်လည်း ထန်ယွင်နှင့် တိုက်ခိုက်ပြီး ထန်ယွင်ကို သတ်ပစ်ရန်သာ ပြင်းပြနေကြသောကြောင့် ဖြစ်၏။
ခန်းရှီယွန်းသည် ယဉ်ကျေးစွာဖြင့် အမှတ်အသားတံဆိပ်မှ တားမြစ်ချက်ကို ဖွင့်လိုက်ရာ တံဆိပ်ပေါ်တွင် “ဝိညာဉ်ငါးပါးအုပ်စုမှ ဝူလင်” ဟူသော စာသားများ ပေါ်လာတော့သည်။
သူ့ပြိုင်ဘက်မှာ ဝူလင် ဖြစ်၏။ ထို့ကြောင့် ထန်ယွင်၏ ပြိုင်ဘက်မှာ ထိုက်ရှန်း ဖြစ်သွားပြီ ဖြစ်သည်။
ထိုက်ရှန်းက ရယ်မောလိုက်ပြီး ဧရာမလက်သီးကြီးများကို တင်းတင်းဆုပ်ကာ ဘေးနားရှိ ထန်ယွင်ကို အံကြိတ်၍ စိုက်ကြည့်နေတော့သည်။
“ငတုံး”
ထန်ယွင်က စိတ်ထဲမှ အထင်သေးစွာ ရေရွတ်လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်၏။
“ထန်ယွင်... မင်း ဒီတစ်ခါတော့ ကံကောင်းသွားတယ်လို့ မှတ်လိုက်”
ဝူလင်က ထန်ယွင်၏ ဘေးမှ ဖြတ်သွားစဉ် ရက်စက်သော စကားတစ်ခွန်း တိုးတိုးပြောပြီးနောက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ တက်သွားတော့သည်။
ဝူလင်က ခန်းရှီယွန်းအား ပြင်းပြသော တိုက်ခိုက်လိုစိတ်များဖြင့် စိုက်ကြည့်နေပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း မရှိပေ။
ဝိညာဉ်ငါးပါးအုပ်စုတွင် ရတနာအဆင့် ကျင့်စဉ် ၂ ခု ရှိ၏။
ပထမတစ်ခုမှာ “ဝိညာဉ်ငါးပါး နတ်ဘုရားသတ် ဓားသိုင်း” ဖြစ်ပြီး အဆင့် ၁၂ ဆင့် ရှိသည်။ ရွှယ်ဇီယန်က အဆင့် ၁၀၊ ချန်ကျင်ယွဲ့က အဆင့် ၁၁သို့ ရောက်ရှိနေသော်လည်း ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်များထဲတွင် ဝူလင်တစ်ဦးတည်းသာ အဆင့် (၁၂) သို့ ရောက်ရှိထားခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ “ဝိညာဉ်ငါးပါး ပေါင်းစည်းခြင်း လျှို့ဝှက်ကျမ်းစာ” ဖြစ်ပြီး ၎င်းမှာ ကျင့်ကြံသူကို အချိန်တိုအတွင်း သူတို့၏ ခွန်အား ၁၀ ဆအထိ တိုးမြှင့်ပေးနိုင်သော ကျင့်စဉ်ဖြစ်ကြောင်း ဆိုကြသည်။
ကျင့်ကြံမှုအဆင့် မြင့်မားလေလေ ခွန်အားကို တိုးမြှင့်ထားနိုင်သည့် အချိန်မှာ ပို၍ ကြာမြင့်လေလေ ဖြစ်၏။
ဝူလင်က ဤကျင့်စဉ်ကို ကျင့်ကြံထားသည်။ လက်ရှိ ဝိညာဉ်သန္ဓေအဆင့်ဖြင့်ဆိုလျှင် နာရီဝက်ခန့်အထိ သူ့ခွန်အားကို ၁၀ဆ တိုးမြှင့်ထားသည့် အထွတ်အထိပ် အခြေအနေတွင် ရှိနေနိုင်ပေသည်။
ဝူလင်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှု အလွန်ရှိနေပြီး တူညီသောအဆင့်ရှိ မည်သည့်ပြိုင်ဘက်ကိုမျှ မကြောက်ပေ။
“မင်း အသက်ရှင်ချင်ရင် အခုပဲ အရှုံးပေးလိုက်ပါ”
ခန်းရှီယွန်းက မီတာ ရာဂဏန်းခန့် အကွာတွင် ရှိနေသော ဝူလင်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။ သူ့လေသံမှာ တစ်ဖက်လူကို အပေါ်စီးမှ ဆက်ဆံနေသကဲ့သို့ပင်။
“ဟားဟား... မင်းကတော့ ပြောရဲလိုက်တာ”
ဝူလင်က မျက်လုံးများကို မှေးလိုက်ပြီး သတ်ဖြတ်လိုစိတ်များကို ပြသလိုက်တော့သည်။
“နားမလည်တဲ့သူတွေအတွက်ကတော့ ကြောက်စရာဆိုတာ မရှိဘူးပဲ”
ခန်းရှီယွန်းက ပြောပြီးနောက် သူ့မျက်နှာပေါ်မှ နွေးထွေးသော အပြုံးမှာ ရုတ်ခြည်း တည်ငြိမ်သွားတော့သည်။ ဝူလင်နှင့် အချိန်မဖြုန်းလိုတော့ပေ။ သူ စတင် လှုပ်ရှားလိုက်သည်နှင့် ၎င်းမှာ သူ၏ သတ်ကွက်များထဲမှ တစ်ခု ဖြစ်နေတော့သည်။
“မိစ္ဆာအုပ်စုများ ရူးသွပ်စွာ ကခုန်ခြင်း”
သူ့လက်နှစ်ဖက်မှာ ရင်ဘတ်ရှေ့တွင် အလွန်လျင်မြန်စွာ လှုပ်ရှားသွားပြီး ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေ၏။ ရုတ်တရက် ကောင်းကင်ယံ၌ အလင်းတန်းများ ခဏခဏ လက်သွားပြီးနောက် သေခြင်းတရားစွမ်းအားများဖြင့် ဖွဲ့စည်းထားသော အနက်ရောင် ဓားမြှောင်တစ်လက်မှာ သူ့ရှေ့၌ ဆိုင်းငံ့နေတော့သည်။
ချက်ချင်းပင် ၂ လက်၊ ၃ လက်... ခဏချင်းမှာပင် ထောင်ပေါင်းများစွာသော ဓားမြှောင်လေးများမှာ သူ့ပတ်ပတ်လည်တွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့၏။
သူ့အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ ကို ကျော်လွန်ကာ အဆင့်၂ သို့ပင် ချဉ်းကပ်လာနေတော့သည်။ မမြင်ရသော အရှိန်အဝါကြောင့် ၁၀ ပေ ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါနေရ၏။ ထိုသို့ တုန်ခါနေစဉ်အတွင်း ဓားမြှောင်လေး တစ်လက်ချင်းစီ ဖြတ်သန်းသွားတိုင်း ဟင်းလင်းပြင်ကြီးမှာ မှန်တစ်ချပ်ကဲ့သို့ အက်ကြောင်းလေးများ ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ဓားမြှောင်လေး တစ်လက်ချင်းစီ၏ စွမ်းအားသည် ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ ရှိသော ကျင့်ကြံသူတစ်ဦး၏ သာမန်တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်နိုင်ကြောင်း ပြသနေခြင်းပင်။
ဤအခိုက်အတန့်တွင် တောင်ထိပ်ပေါ်ရှိ တပည့်ပေါင်း သိန်းချီမှာ ဆူညံသွားကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။ ဒုတိယအဆင့်သို့ တက်လှမ်းသွားကြသည့် မုမုန့်ဂျီ အပါအဝင် အစွမ်းထက်သူ ၁၁ ဦးပင်လျှင် အလွန်အမင်း လေးနက်သွားကြရ၏။
လူတိုင်း၏ အမြင်တွင် ထောင်ပေါင်းများစွာသော ဓားမြှောင်လေးများမှာ မိစ္ဆာအုပ်စုများအလား ကခုန်နေကြပြီး ၁၀ ပေခန့် ကျယ်ဝန်းသော အနက်ရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းကာ အေးစိမ့်သော စွမ်းအားများကို ထုတ်လွှတ်နေတော့သည်။
တပည့်များက ဤမြင်ကွင်းကို ကြည့်နေရင်း ခန်းရှီယွန်း၏ ပထမဆုံးပွဲတုန်းက ဓားမြှောင် ၃လက်တည်းဖြင့် အစွမ်းထက်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည်ကို ပြန်လည် တွေးမိလိုက်ကြသော်လည်း ယခုမူ ဓားမြှောင်ပေါင်း ထောင်ချီ ရှိနေပြီ မဟုတ်ပါလော။
ထို့ပြင် ဓားမြှောင်လေး တစ်လက်ချင်းစီ၏ စွမ်းအားမှာလည်း ယခင်ကထက် များစွာ ပို၍ သန်မာနေပုံရပေသည်။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ဝိညာဉ်ငါးပါးပိုင်ရှင်သည် ရုတ်တရက် ထရပ်လိုက်ပြီး စိုးရိမ်တကြီး အော်ဟစ်လိုက်၏။
“လင်အာ... မင်းက သူ့ရဲ့ ပြိုင်ဘက် မဟုတ်လောက်ဘူး... အခုပဲ အရှုံးပေးလိုက်တော့”
“မလုပ်ဘူး... မြေးဖြစ်သူ အရှုံးမပေးပါဘူး... သူက မြေးကို နိုင်လိမ့်မယ်လို့ မြေး မယုံဘူး”
ဝူလင်က ပြတ်သားသော အမူအရာဖြင့် ဆိုလိုက်သည်။ ခန်းရှီယွန်းက သေခြင်းတရားစွမ်းအားများကို ဆက်လက် စုစည်းနေစဉ်အတွင်း သူသည် “ဝိညာဉ်ငါးပါး ပေါင်းစည်းခြင်း လျှို့ဝှက်ကျမ်းစာ” ကို အသုံးပြုလိုက်ပြီ ဖြစ်၏။
ဝူလင်က မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိနေသည်။ သူသည် ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည့် ဝိညာဉ်သန္ဓေ ၅ မျိုးလုံးကို ပိုင်ဆိုင်ထားသော အစွမ်းထက်သူ ဖြစ်ရာ သူ ရှုံးနိမ့်မည်ဟု မထင်ပေ။
“ဝုန်း”
ပြင်းထန်လှသော အရှိန်အဝါများ ဝူလင်၏ ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ်စွမ်းအားများမှာ သူ့ပတ်ပတ်လည်တွင် လည်ပတ်နေရင်း ထူးခြားလှသော စွမ်းအားတစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်။
ဓာတ်ကြီး ၅ ပါး၏ စွမ်းအားများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး သူနှင့် တစ်ပုံစံတည်း တူညီသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။
“ဝိညာဉ်ငါးပါး ပေါင်းစည်းခြင်း”
သူ့ပါးစပ်မှ အော်ဟစ်သံ နှင့်အတူ ဝိညာဉ်ပုံရိပ် ၅ ခုမှာ သူ့ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည့် အခိုက်အတန့်တွင် ပြင်းထန်သော အရှိန်အဝါတစ်ခုသည် မမြင်ရသော လှိုင်းလုံးတစ်ခုအလား ဧရာမ ချန်လုံစင်မြင့်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဝူလင်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ် ၅ မျိုးလုံး ပါဝင်သော အဆင့်နိမ့် ဓားပျံတစ်လက် လက်ထဲတွင် ပေါ်လာပြီး မီတာ ရာဂဏန်းခန့် အကွာတွင် ရှိနေသော ခန်းရှီယွန်းကို ဓားဖြင့် ချိန်ရွယ်ကာ “လာစမ်းပါ” ဟု ဟစ်ကြွေးလိုက်တော့သည်။
“သိပ်ကောင်းတာပဲ... မင်းရဲ့ သတ္တိက ငါ့ရဲ့ ချီးကျူးမှုကို ရထိုက်ပါတယ်”
ခန်းရှီယွန်း၏ လေသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။
“ငါ ဘာလို့ အခုထိ မတိုက်ခိုက်သေးတာလဲဆိုတာ မင်း သိလား”
“မင်း မသိရင် ငါ ပြောပြမယ်... ငါက မင်းတို့ ဝိညာဉ်ငါးပါးအုပ်စုက တပည့်တွေကို ငါ့ရှေ့မှာဆိုရင် မင်းတို့ထဲက အသန်မာဆုံးဆိုတဲ့သူတောင် သူ့ရဲ့ အထွတ်အထိပ် အခြေအနေမှာတောင် ဘယ်လောက်အထိ အားနည်းနေသေးလဲဆိုတာကို ကိုယ်တိုင် မြင်တွေ့စေချင်လို့ပဲ”
ခန်းရှီယွန်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် အလွန်မောက်မာသော လေသံဖြင့် ဆက်ပြောလိုက်သည်။
“ငါက ဒီတစ်ချက်တည်းပဲ တိုက်ခိုက်မှာ... တကယ်လို့ မင်း အသက်ရှင်ကျန်ရစ်ခဲ့ရင် ဒါက မင်းရဲ့ ကံကြမ္မာပဲ... မင်းသာ စင်ပေါ်မှာ ဆက်ပြီး ရပ်နေနိုင်မယ်ဆိုရင် ငါ အရှုံးပေးမယ်လို့ မှတ်လိုက်”
ခန်းရှီယွန်းက ထိုသို့ ပြောလိုက်သည်နှင့် တပည့်အားလုံးမှာ ဆူညံသွားကြ၏။
ဒါက အရမ်းကို ရူးသွပ်လွန်းနေသည် မဟုတ်ပါလော။
ဒါမှမဟုတ် သူက မောက်မာလွန်းနေတာလား။
“တိတ်စမ်း”
ထန်ထိုင်ကျုံးတယ်၏ တည်ငြိမ်သော အသံနှင့်အတူ တပည့်အားလုံးမှာ အသက်ပင် မရှူဝံ့ကြဘဲ စင်ပေါ်ရှိ သူတို့ ၂ ဦး၏ ထိပ်တန်းရင်ဆိုင်ပွဲကို စိုက်ကြည့်နေကြတော့လေသည်။
အခန်း ၃၉၃ ပြီး
***