ခန်းရှီယွန်း၏ မှတ်ချက်စကားများသည် ဝိညာဉ်ငါးပါးအုပ်စုတွင် အသန်မာဆုံးဟု အသိအမှတ်ပြုခံထားရသော ဝူလင်အတွက်တော့ မကြုံဖူးသော စော်ကားမှုပင် ဖြစ်၏။
ပညာရှိကို သတ်နိုင်သော်လည်း အရှက်မခွဲနိုင်ပေ။
“ဝူး...”
ဝူလင်က သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်သည်။
“ခန်းရှီယွန်း... သေစမ်း”
“ဝိညာဉ်ငါးပါး နတ်ဘုရားသတ် ဓားသိုင်း - နတ်ဘုရားများ ကျဆုံးခြင်း”
ဝူလင် အစွမ်းကုန် ထုတ်သုံးလိုက်ပြီ ဖြစ်သည်။ သူသည် ဝိညာဉ်ငါးပါး ပေါင်းစည်းခြင်း လျှို့ဝှက်ကျမ်းစာကို အသုံးပြုကာ ခွန်အား ၁၀ဆ တိုးမြှင့်လိုက်ရုံ သာမကဘဲ ဝိညာဉ်ငါးပါး နတ်ဘုရားသတ် ဓားသိုင်း၏ ၁၂ ခုမြောက် သတ်ကွက်ဖြစ်သော ‘နတ်ဘုရားများ ကျဆုံးခြင်း’ ကိုပါ အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူ၏ ခြေထောက်အစုံ မြေပြင်ကို နင်းလိုက်သည့်အခါ ချန်လုံစင်မြင့်ကြီး တုန်ခါသွားပြီး ညာလက်တွင် ဓားကို ဆုပ်ကိုင်လျက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ပေ ၄၀၀ခန့် အမြင့်တွင် ဆိုင်းငံ့နေစဉ် သူ့လက်ကောက်ဝတ်မှာ လျှပ်စီးအလား ဝဲလှည့်သွားပြီး ချက်ချင်းပင် မီတာ ၁၀၀ ခန့် ရှည်လျားသော ဝိညာဉ်ငါးပါး ဓားအလင်းတန်းများမှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာတော့သည်။
ခဏချင်းမှာပင် ဓားအလင်းတန်း ရာပေါင်းများစွာက ပေ ၃၀၀ခန့် ကျယ်ဝန်းသော ဓားနယ်မြေတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲမည့်အရှိန်ဖြင့် အောက်ရှိ ခန်းရှီယွန်းထံသို့ ကျဆင်းလာတော့သည်။
ဝိညာဉ်ငါးပါး ဓားနယ်မြေသည် ချန်လုံစင်မြင့်တစ်ခုလုံးကို လွှမ်းခြုံထားရာ ခန်းရှီယွန်းအနေဖြင့် စင်ပေါ်မှ ဆင်းမပြေးလျှင် ရှောင်တိမ်းရန် နည်းလမ်း မရှိပေ။
“အားလုံး ကြည့်ကြစမ်း... ဒါ ကျုပ်တို့ ဝိညာဉ်ငါးပါးအုပ်စုရဲ့ အသန်မာဆုံး ကျင့်စဉ်ဖြစ်တဲ့ ဝိညာဉ်ငါးပါး နတ်ဘုရားသတ် ဓားသိုင်းထဲက ‘နတ်ဘုရားများ ကျဆုံးခြင်း’ ပဲ”
“ဟုတ်တယ်... တကယ်ကို တုန်လှုပ်စရာပဲ၊ ဝိညာဉ်ငါးပါး ဝိညာဉ်သန္ဓေ ပိုင်ရှင်တွေပဲ ကျင့်လို့ရတာ နှမြောစရာပဲနော်”
“မင်းတို့ ထင်တာက စီနီယာအစ်ကိုဝူရဲ့ နတ်ဘုရားများ ကျဆုံးခြင်းက ပိုပြင်းထန်မလား... ဒါမှမဟုတ် ခန်းရှီယွန်းရဲ့ မိစ္ဆာအုပ်စုတွေက ပိုသန်မာမလား”
“စကားမပြောနဲ့တော့... ကြည့်သာ ကြည့်စမ်းပါ”
ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်အောက်၌ ခန်းရှီယွန်းက လက်နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ ရုတ်တရက် သေခြင်းတရားစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ထောင်ပေါင်းများစွာသော ဓားမြှောင်လေးများသည် ဧရာမ အနက်ရောင် ကြာပန်းကြီးတစ်ပွင့်အလား ပွင့်အာလာတော့သည်။
ကြာပွင့်ချပ်များအလား ဖြစ်နေသော သေခြင်းတရား ဓားမြှောင်လေးများက ကောင်းကင်သို့ ပျံတက်သွားပြီး တစ်လက်ချင်းစီက ကျဆင်းလာသော ဝိညာဉ်ငါးပါး ဓားအလင်းတန်းများကို တိကျစွာ သွားရောက် ရင်ဆိုင်လိုက်တော့သည်။
“ဘုန်း... ဝုန်း... ဝုန်း”
ဓားမြှောင်လေးများမှာ သေးငယ်သော်လည်း တုန်လှုပ်စရာကောင်းသည်မှာ မိုးကြိုးသံများကဲ့သို့ ဟိန်းဟောက်သံများ နှင့်အတူ သေခြင်းတရား ဓားမြှောင်လေးများနှင့် ဝိညာဉ်ငါးပါး ဓားအလင်းတန်းများမှာ ပြင်းထန်စွာ ထိတွေ့နေကြခြင်းပင် ဖြစ်၏။
“ဝုန်း... ဝုန်း”
ထိုအချိန်တွင် ဧရာမ အနက်ရောင် ကြာပန်းကြီး၏ အလယ်ဗဟိုမှ ရာပေါင်းများစွာသော သေခြင်းတရား ဓားမြှောင်လေးများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး သေခြင်းတရား လေဆင်နှာမောင်းတစ်ခုအလား ဝူလင်ထံသို့ တိုးဝင်ကာ ဝါးမြိုပစ်လိုက်တော့သည်။
ဝူလင် ထုတ်ဖော်လိုက်သော ဓားနယ်မြေမှာမူ ခန်းရှီယွန်း၏ တိုက်ခိုက်မှုအောက်တွင် ပြိုကွဲသွားခဲ့ပြီ ဖြစ်၏။
သေခြင်းတရား အငွေ့အသက်များက သူ့နှလုံးသားကို လွှမ်းခြုံသွားပြီး ခန်းရှီယွန်း၏ ခွန်အားမှာ သူ့ထက် များစွာ သာလွန်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
“မြေးလေး... မြန်မြန်ပြေးတော့”
ဝိညာဉ်ငါးပါးပိုင်ရှင်က အက်ကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။
“ခန်းရှီယွန်း... ငါ့မြေးရဲ့ အသက်ကို ချမ်းသာပေးပါ... ငါ မင်းကို တောင်းပန်ပါတယ်”
“ဝုန်း”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် သေခြင်းတရား လေဆင်နှာမောင်းသည် ခဏချင်းမှာပင် ၃ပေခန့် ကျယ်ဝန်းသော လုံးဝန်းသည့် ဓားလှောင်ချိုင့်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူလင်ကို အထဲတွင် ပိတ်လှောင်ထားလိုက်တော့သည်။
ဓားမြှောင် တစ်လက်ချင်းစီက သေမင်း၏ မျက်လုံးများအလား ဓားပျံပေါ်တွင် ရပ်လျက် ထွက်ပြေးရန် ကြိုးစားနေသော ဝူလင်ကို စိုက်ကြည့်နေကြ၏။ အချိန်မရွေး သူ့ကို သတ်ဖြတ်နိုင်သည့် အနေအထားပင်။
“ဝှစ်... ဝှစ်”
ဝူလင်မှာ အသက်ရှူသံများ ပြင်းထန်နေပြီး သူ့ခြေထောက်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေတော့သည်။ ထိတ်လန့်မှုကြောင့် ချွေးစက်ကြီးများ သူ့ပါးပြင်ပေါ်သို့ စီးကျလာ၏။
ဝိညာဉ်ငါးပါးအုပ်စု ခေါင်းဆောင်၏ တစ်ဦးတည်းသော မြေးအနေဖြင့် သူသည် သေခြင်းတရားမှာ သူ့ဘေးနားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပထမဆုံး အကြိမ်အဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ဝိညာဉ်ငါးပါးပိုင်ရှင် စိတ်အေးသွားရစဉ်မှာပင် ခန်းရှီယွန်း၏ နောက်ထပ်စကားကြောင့် သူ့နှလုံးသားမှာ ပြန်လည် တုန်လှုပ်သွားရပြန်သည်။
“ခေါင်းဆောင်... ခင်ဗျားက အကူအညီ တောင်းရမှာကို မသိဘူးလား”
ခန်းရှီယွန်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး...
“ကျုပ်ကို တောင်းပန်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ... ကျုပ် ခင်ဗျားကို စိတ်ပြောင်းဖို့ နောက်ထပ် အခွင့်အရေး တစ်ခု ပေးပါ့မယ်... နောက်တစ်ခါ ပြန်ပြောစမ်းပါ... မဟုတ်ရင်တော့ ခင်ဗျားရဲ့ မြေး သေချာပေါက် သေရမယ်လို့ ကျုပ် အာမခံတယ်”
“ကောင်းပါပြီ... ငါ မှားပါတယ်၊ ငါ မှားပါတယ်”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ အရှက်ရမှုကို အောင့်အည်း သည်းခံကာ အလျင်အမြန် ပြောလိုက်ရရှာသည်။
“ကျေးဇူးပြုပြီး ငါ့မြေးရဲ့ အသက်ကို ချမ်းသာပေးပါ... တောင်းပန်ပါတယ်”
“ကဲ... ခေါင်းဆောင်က အဲ့ဒီလို ပြောမှတော့ ကျုပ်ကလည်း ခင်ဗျားမြေးကို ဆက်ပြီး သတ်နေရင် နားမလည်ရာ ကျနေမှာပေါ့”
ခန်းရှီယွန်းက ယုတ်မာစွာ ပြုံးလိုက်ပြီး စိတ်အမိန့်ဖြင့် ဝူလင်ကို ပိတ်လှောင်ထားသည့် ရာပေါင်းများစွာသော ဓားမြှောင်လေးများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်တော့သည်။
“ဖျန်း... ဖျန်း”
“ပလပ်... ပလပ်”
လူတိုင်းက ခန်းရှီယွန်း လက်လျှော့လိုက်ပြီဟု ယူဆနေကြစဉ်မှာပင် ပြိုကွဲသွားသော ဓားမြှောင်များအနက် ကျန်ရှိနေသေးသော ဓားမြှောင်အနည်းငယ်မှာ ဝူလင်၏ ရှေ့ဘက်သို့ ရုတ်တရက် တိုးဝင်သွားပြီး သွေးစများ နှင့်အတူ ဝူလင်၏ ကျော၊ ပခုံးနှင့် ခြေထောက်များကို ဖောက်ထွက်ကာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
“ဟင့်အင်း... ငါ့မြေးလေး”
ဝိညာဉ်ငါးပါးပိုင်ရှင်၏ အော်ဟစ်သံ နှင့်အတူ ဝူလင်သည် မျက်စိ၊ နား၊ နှာခေါင်းတို့မှ သွေးများ ထွက်လာပြီး ဓားပျံပေါ်မှ ပြုတ်ကျကာ စင်မြင့်ထက်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။ တစ်ကိုယ်လုံးတွင်လည်း သွေးများဖြင့် ရွှဲနစ်နေပြီး အလွန်ပင် သနားစရာကောင်းလှပေ၏။
“ခန်းရှီယွန်း... မင်းက ငါ့မြေးကို ချမ်းသာပေးမယ်လို့ ကတိပေးခဲ့ရဲ့သားနဲ့ ဘာလို့ သူ့ကို သတ်ဖို့ ကြိုးစားသေးတာလဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
“မင်းက မင်းရဲ့ စကားကို ဖျက်ရုံတင်မကဘူး... ငါ့ကိုပါ လှောင်ပြောင်ရဲတယ်ပေါ့”
ဝိညာဉ်ငါးပါးပိုင်ရှင်၏ အကြောများမှာ ဒေါသကြောင့် တုန်ယင်နေပြီး မျက်နှာမှာလည်း နီမြန်းနေတော့သည်။ အကယ်၍ သူ့အနောက်တွင် ဂိုဏ်းချုပ်သာ ရှိမနေခဲ့လျှင် သူသည် စင်ပေါ်သို့ တက်ကာ ခန်းရှီယွန်းကို သေချာပေါက် သတ်ပစ်လိမ့်မည် ဖြစ်၏။
ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်ပေါင်း သိန်းချီမှာ ခန်းရှီယွန်းကို ပြန်လည် ကြိမ်းမောင်းချင်သော်လည်း သူတို့ ခေါင်းဆောင်၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ အားလုံး တိတ်ဆိတ်နေလိုက်ကြတော့သည်။
ဝိညာဉ်ငါးပါးပိုင်ရှင်၏ ဟိန်းဟောက်သံကို ရင်ဆိုင်နေရသော်လည်း ခန်းရှီယွန်းမှာမူ အားနည်းသော စာပေပညာရှင် တစ်ဦးအသွင်သို့ ပြန်လည် ပြောင်းလဲသွားကာ ပြောလိုက်၏။
“ခေါင်းဆောင်... ဂိုဏ်းချုပ်နဲ့ အားလုံးရဲ့ ရှေ့မှာ ကျုပ်ကို ဒီလို စွပ်စွဲတာ မကောင်းဘူး မဟုတ်လား”
“ငါက မင်းကို ဘယ်လို စွပ်စွဲလို့လဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ဒေါသထွက်နေဆဲပင်။
“ခေါင်းဆောင်... ခင်ဗျားရဲ့ မူလစကားက သူ့အသက်ကို ချမ်းသာပေးဖို့ပဲလေ... အခု ကျုပ်ကလည်း သူ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ရှောင်ပြီး တိုက်ခိုက်ခဲ့တာပဲ... သူ့ကို အသေသတ်လိုက်တာ မဟုတ်ဘူးလေ”
ခန်းရှီယွန်းက အပြစ်ကင်းစင်ဟန်ဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်... ခဏလောက် စောင့်ပါဦး... ကျုပ် ခင်ဗျားကို သက်သေပြပါ့မယ်”
ထိုသို့ ပြောပြီးနောက် ခန်းရှီယွန်းက ရုတ်တရက် သူ့ညာခြေထောက်ကို မြှောက်လိုက်ရာ “ဂျောက်” ဟူသော အရိုးကျိုးသံ နှင့်အတူ ဝူလင်၏ ညာဘက်လက်မောင်းမှာ ကျိုးသွားတော့သည်။
“ဟင့်အင်း...”
ဝူလင်က နာကျင်စွာ ညည်းတွားလိုက်ရှာ၏။
သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှအပ အခြားသော အုပ်စု ၈ ခုမှ တပည့်များမှာ ဤမြင်ကွင်းကို ကြည့်နေရင်း ကျောချမ်းသွားကြရသည်။ သိမ်မွေ့ပုံရသော ခန်းရှီယွန်းမှာ အမှန်တကယ်တွင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာတစ်ကောင်နှင့် တူနေသောကြောင့်ပင်။
သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှာမူ အံ့ဩခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ဤထက် အဆပေါင်း ရာချီ ပို၍ ရက်စက်သော ခန်းရှီယွန်း၏ နည်းလမ်းများကို မြင်ဖူးထားကြသောကြောင့် ဖြစ်၏။
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ခေတ္တမျှ ဆွံ့အသွားရသည်။ သူ့မြေး မသေသေးကြောင်း သိလိုက်ရသည့်အခါ ခန်းရှီယွန်းက သူ၏ ညာခြေထောက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဝူလင်၏ ဦးခေါင်းထက်တွင် ဆိုင်းငံ့ထားလိုက်ပြန်သည်။
ထိုမြင်ကွင်းကြောင့် ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ထိတ်လန့်သွားရ၏။
“ခေါင်းဆောင်... ပြန်ပြီး စဉ်းစားကြည့်ပါဦး... ခုနက ခင်ဗျား ကျုပ်ကို စွပ်စွဲခဲ့တာ မဟုတ်ဘူးလား”
ခန်းရှီယွန်းက အပြစ်ကင်းသော မျက်နှာထားဖြင့် ပြောနေဆဲပင်။
“တကယ်လို့ အဲ့ဒီလိုဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ”
“သူ့ကို မသတ်ပါနဲ့... ငါကပဲ မကောင်းတာပါ... ငါပဲ မင်းကို စွပ်စွဲမိတာပါ”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ မြေးဖြစ်သူ၏ သနားစရာကောင်းလှသော အခြေအနေကို ကြည့်ကာ မျက်ရည်များ ကျဆင်းလျက် ပြောလိုက်ရရှာသည်။
“ကျေးဇူးပြုပြီး သူ့ကို ချမ်းသာပေးပါလို့ ငါ တောင်းပန်ပါတယ်”
“ခေါင်းဆောင်ကလည်း... ဘာတွေ ပြောနေတာလဲ... ကျုပ်ကို အဲ့ဒီလို တောင်းပန်စရာ မလိုပါဘူး”
ခန်းရှီယွန်းက ထိုသို့ပြောပြီးနောက် အရိပ်တစ်ခုအလား နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ ဒုတိယအဆင့်သို့ တက်လှမ်းသွားကြသော အစွမ်းထက်သူ ၁၁ ဦးအနက် သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်းနှင့် ခယ်ရှင်းယီ တို့မှအပ ကျန်၉ ဦးလုံးမှာ ခန်းရှီယွန်းကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေကြတော့သည်။
သူတို့က ခန်းရှီယွန်း၏ မိစ္ဆာအုပ်စုများ ကခုန်ခြင်းကို ခုခံနိုင်ပါ့မလားဟု စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေကြခြင်း ဖြစ်၏။
ထိုအချိန်တွင် ကျောက်စိမ်းအဆောက်အဦပေါ်မှ ရှန်စုပင်းက ထန်ယွင်ကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“အခု ပထမအဆင့်ရဲ့ နောက်ဆုံးပွဲကို ဒီခေါင်းဆောင်က ကြေညာပါတယ်”
“တိုက်ခိုက်ကြမယ့် နှစ်ဖက်ကတော့ ဆေးဝါးအုပ်စု တပည့် ထန်ယွင်နဲ့ သားရဲဝိညာဉ်အုပ်စု တပည့် ထိုက်ရှန်းတို့ ဖြစ်ကြပါတယ်”
အခန်း ၃၉၄ ပြီး
***