ယခုအချိန်တွင် လူတိုင်း၏ အကြည့်မှာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်နှင့် ထိုက်ရှန်းတို့ထံသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ထိုက်ရှန်းက သံမဏိမျှော်စင်ကြီးတစ်ခုအလား သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ထန်ယွင်ကို အထက်စီးမှ စိုက်ကြည့်ကာ ရက်စက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
“မင်းလိုကောင်က ငါ့ရဲ့ စီနီယာအစ်ကို ပိုင်ရွှီကို သတ်ခဲ့တယ်... ငါ့ဆရာရဲ့သား ဝူဖေးရှုန်းကိုလည်း သတ်ခဲ့တယ်”
“ငါ ပြောလိုက်မယ်... မင်းက လူကြောက်တစ်ယောက်လို အရှုံးမပေးဘူးဆိုရင်တော့ မင်းရဲ့ လက်မောင်းတွေကို ချိုးပြီး ခေါင်းကို လိမ်ထုတ်ပစ်မယ်လို့ ငါ ကတိပေးတယ်”
“ပြီးတော့... မင်းသာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်ကို တက်ရဲရင်တော့ မင်းကို စင်ပေါ်ကနေ ထွက်ပြေးဖို့ ဘယ်လို အခွင့်အရေးမှ ငါ မပေးဘူး”
စကားဆုံးသည် နှင့်တစ်ပြိုင်နက် ထိုက်ရှန်းက လျင်မြန်သော မျောက်ဝံကြီးတစ်ကောင်အလား မီတာ ၃၀၀ ခန့် အကွာရှိ နံပါတ် ၂ ချန်လုံစင်မြင့်ထံသို့ ခုန်တက်လိုက်တော့သည်။
“ဟုန်မန် နတ်ဘုရားခြေလှမ်း”
“ဝှစ်”
ထန်ယွင် ရုတ်ခြည်း ပျောက်ကွယ်သွားပြီးနောက် နောက်ထပ် အခိုက်အတန့်တွင် ပေ ရာနှင့်ချီသော ဟင်းလင်းပြင်၌ ပေါ်လာကာ နံပါတ် ၂ ချန်လုံစင်မြင့်သို့ ခုန်ကူးနေသော ထိုက်ရှန်း၏ ခေါင်းပေါ်တွင် ပေါ်လာတော့သည်။
“လူကောင်ကြီးပြီး ဦးနှောက်မရှိတဲ့ကောင်... မင်းရဲ့ ခန္ဓာကိုယ်ကို အဘိုးကို ခဏလောက် ငှားစမ်းပါဦး”
ထန်ယွင်က လေထဲ ဝဲလှည့်လိုက်ပြီး ထိုက်ရှန်း မပြင်ဆင်ရသေးမီမှာပင် သူ့ညာဘက်ခြေထောက်ဖြင့် ထိုက်ရှန်း၏ မျက်နှာတည့်တည့်ကို ကန်ချလိုက်ကာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ လေပြေတစ်ခုအလား ဆင်းသက်လိုက်၏။
“ဂျောက်”
အရိုးကျိုးသံ နှင့်အတူ ထိုက်ရှန်း၏ နှာခေါင်းရိုးမှာ ထန်ယွင် ကန်ချက်ကြောင့် ကျိုးသွားပြီး တောင်ကြီးတစ်လုံးအလား သူ့ခန္ဓာကိုယ်မှာလည်း အနောက်သို့ လွင့်ထွက်သွားကာ နှာခေါင်းမှ သွေးများ ပန်းထွက်လာတော့သည်။
“ထန်ယွင်... တိုက်ပွဲ မစခင်မှာပဲ မင်းက ငါ့ကို ခိုးတိုက်ရဲတယ်ပေါ့... မင်းလိုကောင်ကို ငါ သတ်ပစ်မယ်”
ထိုက်ရှန်း၏ မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေပြီး လေထဲတွင် ကိုယ်ကို လှည့်လိုက်ကာ ဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံလျက် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ခုန်တက်လိုက်သည်။ သူက အပြားဝိုင်းတစ်ခုအလား ကြီးမားလှသော ဘယ်ဘက်လက်သီးကို ဝှေ့ယမ်းကာ ဒဏ်ရာမပျောက်သေးဘဲ အမောတကော ဖြစ်နေသော ထန်ယွင်ထံသို့ ထိုးနှက်လိုက်တော့သည်။
သားရဲဝိညာဉ်အုပ်စုမှ တပည့်အားလုံး သိထားသည်မှာ ထိုက်ရှန်းက မွေးရာပါ ခွန်အားကြီးမားသူ ဖြစ်သည်ဟူသောအချက်ပင်။ မဟုတ်လျှင် သူ့လက်သီးတစ်ချက်တည်းဖြင့် သူ့ကို ခိုးတိုက်ခဲ့သော ကျွင်းပုဖျင်ကို အနောက်သို့ လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သားရဲဝိညာဉ်အုပ်စုမှ တပည့်များ၏ စိတ်ထဲတွင် ထန်ယွင်က ဓားအစီအရင်ကို အသုံးပြုလျှင်ပင် ထိုက်ရှန်း၏ ပြိုင်ဘက် မဟုတ်ဟု ယူဆထားကြသည်။ ယခု ထန်ယွင်မှာ ဓားအစီအရင်ကို အသုံးပြုရန် အချိန်မရတော့သဖြင့် ထိုက်ရှန်း၏ လက်သီးချက်အောက်တွင် သေချာပေါက် သေဆုံး သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ ယုံကြည်နေကြ၏။
‘တပည့်လေး... သူ့ကို သတ်ပစ်စမ်း’
ဝူဟုန်က ကျောက်စိမ်းအဆောက်အဦပေါ်မှနေ၍ စိတ်ထဲမှ ဟိန်းဟောက်နေမိသည်။ သူ အလွန်ပင် မျှော်လင့်နေသော်လည်း အပြင်သို့ ထုတ်မပြောဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်က ထန်ယွင်ကို အတော်လေး သဘောကျနေသည်ကို သူ သတိပြုမိသောကြောင့်ပင်။
သားရဲဝိညာဉ်အုပ်စုမှ တပည့်များသည် မရှောင်တိမ်းဘဲ ရပ်နေသော ထန်ယွင်ကို ကြည့်ကာ လှောင်ပြောင်နေကြသည်။ ထန်ယွင်မှာ သွေးအန်ပြီး ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးတော့မည်ကို မြင်ယောင်နေကြပုံရ၏။
သို့သော် ဆေးဝါးအုပ်စုနှင့် လင်းရှန်း ဆေးဥယျာဉ်မှ တပည့်များမှာလည်း ရယ်မောနေကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း၌ ထန်ယွင်က အတွင်းစည်းတွင် လုံးဝ ပြိုင်ဘက်ကင်းသူ ဖြစ်သည်ဟု သိထားကြသောကြောင့်ပင်။
“သေပေတော့” ထိုက်ရှန်း၏ ဒေါသတကြီး အော်ဟစ်သံ နှင့်အတူ ညာဘက်လက်သီးမှာ ထန်ယွင်၏ ဦးခေါင်းကို ထိမှန်တော့မည့် ဆဲဆဲတွင် ထန်ယွင်၏ ညာဘက်လက်မောင်းမှ ရွှေရောင်ဖျော့ဖျော့ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာသည်။ လရောင်အောက်တွင် စူးရှသော လေတိုးသံ နှင့်အတူ သူ့လက်သီးကို အားကုန် လွှဲယမ်းလိုက်တော့၏။
“ဘုန်း... ဂျောက်... ဂျောက်”
ပြင်းထန်သော အသံကြီးမှာ အရိုးကျိုးသံများနှင့် ရောထွေးသွားပြီး သွေးမြူတိမ်တိုက်များ ဟင်းလင်းပြင်၌ ပြည့်နှက်သွားကာ ပြတ်တောက်သွားသော လက်ချောင်းများ လွင့်စင်သွားတော့သည်။ တပည့်များ၏ တုန်လှုပ်နေသော အကြည့်အောက်တွင် ထိုက်ရှန်း၏ ဧရာမ ဘယ်ဘက်လက်သီးကြီးမှာ ထန်ယွင်၏ လက်သီးချက်ကြောင့် ပေါက်ထွက်သွားရခြင်း ဖြစ်၏။
“အား... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... မင်းရဲ့ ခွန်အားက ငါ့ထက် ဘယ်လိုလုပ် ပိုကြီးနေရတာလဲ”
ထိုက်ရှန်းမှာ အဆက်မပြတ် အော်ဟစ်နေပြီး တောင်ကြီးတစ်လုံးအလား သူ့ခန္ဓာကိုယ်မှာလည်း အနောက်သို့ လွင့်ထွက်သွားတော့သည်။
“ဟိတ်”
ထန်ယွင်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ရာ ခဏချင်းမှာပင် သူ့တစ်ကိုယ်လုံးတွင် ရွှေရောင်ဖျော့ဖျော့ ဝိညာဉ်စွမ်းအားများ ဝန်းရံသွားပြီး ညကောင်းကင်ယံသို့ ဆင်းသက်လာသော ရွှေရောင်စစ်နတ်ဘုရားတစ်ဦးနှင့် တူနေတော့သည်။
ထိုက်ရှန်း အနောက်သို့ လဲကျနေရင်း သူ့ချန်ခွန်းလက်စွပ်မှာ လျှပ်ခနဲ လက်သွားပြီး အလေးချိန် ၃၆၀၀၀ကျန်း ရှိသော မီးခိုးရောင် ဧရာမတူကြီးတစ်လက် သူ့ညာဘက်လက်တွင် ပေါ်လာကာ ထန်ယွင်၏ လက်သီးထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
“အဆင့်မြင့် ရတနာပဲ”
ထန်ယွင်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီးနောက် မျက်လုံးထဲတွင် လှည့်ကွက်တစ်ခု ပေါ်လာကာ ထိတ်လန့်သွားဟန်ဖြင့် သူ့လက်သီးကို အလျင်အမြန် ပြန်ရုပ်သိမ်းပြီး အနောက်သို့ ပျံထွက်သွားတော့သည်။
“မင်းရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာတယ်ဆို... အခုတော့ ဒီတူကို ကြောက်နေပြီလား”
ထိုက်ရှန်း၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးထွက်နေပြီး ညာဘက်ခြေထောက်ဖြင့် မြေပြင်ကို အားကုန်ကန်ကာ ရက်စက်သော သားရဲကြီးတစ်ကောင်အလား ဧရာမတူကြီးကို ဝှေ့ယမ်းလျက် ထန်ယွင်၏ ရင်ဘတ်ဆီသို့ ရိုက်ချလိုက်တော့သည်။
ကြောက်တာလား။ သေချာသည်ကတော့ ထန်ယွင်မှာ ကြောက်စရာ အကြောင်းမရှိပေ။
သူ၏ ဟုန်မန်မီးလျှံမှာ အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်ရာ အဆင့်မြင့် ရတနာတစ်ခုကိုပင် ခဏချင်း ပြာဖြစ်သွားစေနိုင်သည်။ သူက ထိတ်လန့်သွားဟန် ဟန်ဆောင်လိုက်ခြင်းမှာ ထိုက်ရှန်းကို ပေါ့ဆသွားစေရန်နှင့် ထိုက်ရှန်းကို အမြန်ဆုံး အနိုင်ယူနိုင်ရန်အတွက်သာ ဖြစ်၏။
“ငါ ကြောက်သလားဆိုတာ မင်း မကြာခင် သိရမှာပေါ့”
ထန်ယွင်၏ အသံမှာ အေးစက်လှပေသည်။ ဧရာမတူကြီးကို ရင်ဆိုင်နေရသော်လည်း လူတိုင်း၏ အကြည့်အောက်တွင် သူသည် သူ့ညာဘက်လက်ဝါးဖြင့် ပြန်လည် တိုက်ခိုက်လိုက်တော့သည်။
“စီနီယာအစ်ကိုထန် ရူးသွားပြီလား...”
ဆေးဝါးအုပ်စု တပည့်တစ်ဦး၏ စကားမှာ ထိုက်ရှန်း၏ အော်ဟစ်သံကြောင့် ပြတ်တောက်သွားရ၏။
“အား... ဒါက ဘာမီးလဲ”
ထန်ယွင်က သူ့ညာဘက်လက်ဝါးဖြင့် ဧရာမတူကြီးကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ၉ ပေခန့် မြင့်မားသော ခရမ်းရောင် မီးလျှံတစ်ခု သူ့လက်ဝါးမှ ပေါက်ကွဲထွက်ပေါ်လာပြီး ခဏချင်းမှာပင် ထိုက်ရှန်းနှင့် ဧရာမတူကြီးကို လွှမ်းခြုံသွားတော့သည်။
ဧရာမတူကြီးမှာ ဟုန်မန်မီးလျှံများအောက်တွင် ခဏချင်းပင် ပျောက်ကွယ်သွားပြီး မီးလျှံများ အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာကာ ဝိညာဉ်စွမ်းအားများ ဝန်းရံနေသော မည်းတူးနေသည့် လူရိပ်တစ်ခုမှာ ဓားပျံကို စီးနင်းလျက် ထိတ်လန့်တကြား ထွက်ပြေးသွားတော့သည်။
ထိုစဉ် ဘယ်ဘက်လက်သီး ဆုံးရှုံးသွားသော ထိုက်ရှန်းမှာ တစ်ကိုယ်လုံး မည်းတူးနေ၏။ နဖူး၊ မျက်နှာနှင့် တစ်ကိုယ်လုံးရှိ အသားစများမှာလည်း ပေါက်ပြဲနေပြီး အလွန်ပင် ကြောက်စရာကောင်းလှပေသည်။
အကယ်၍ သူသာ ဝိညာဉ်စွမ်းအားကို အချိန်မီ ထုတ်မသုံးဘဲ ဟုန်မန်မီးလျှံကို မခုခံခဲ့လျှင် ယခုအချိန် သူ ပြာဖြစ်သွားလောက်ပြီ ဖြစ်၏။
သူ့ညာဘက်လက်မှ အသားများမှာလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး မီးလောင်ထားသော အနက်ရောင် လက်ချောင်းရိုး ၅ ချောင်းမှာလည်း ပေါ်ထွက်နေတော့သည်။
“ဝုန်း”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် ထန်ယွင်က ထိတ်လန့်နေဆဲဖြစ်သော ထိုက်ရှန်း၏ အထက်တွင် ပေါ်လာပြန်သည်။ သူ့ခန္ဓာကိုယ်မှာ လေထဲ ဝဲလှည့်သွားပြီး ညာဘက်ခြေထောက်ကို ကြိမ်လုံးတစ်ချောင်းအလား ပြင်းထန်သော ခွန်အားဖြင့် ထိုက်ရှန်းထံသို့ လွှဲကန်လိုက်တော့သည်။
“မင်းကို ငါ သတ်မယ်”
ထိုက်ရှန်း၏ မည်းတူးနေသော မျက်နှာမှာ ဒေါသကြောင့် ပုံပျက်နေပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် ညာဘက်လက်ကို လှုပ်ရှားလိုက်ရာ သူ ယခင်က အသုံးပြုခဲ့သော အဆင့်မြင့် ဝိညာဉ်လက်နက် ဓားပျံတစ်လက် လက်ထဲတွင် ပေါ်လာပြီး ဓားအလင်းတန်းတစ်ခု ထွက်ပေါ်ကာ ထန်ယွင်၏ ညာဘက်ခြေထောက်သို့ ပိုင်းချလိုက်တော့သည်။
“ဖျန်း”
တပည့်အားလုံးကို တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခု ပေါ်လာပြန်သည်။ ထန်ယွင်က ဓားပျံကို ညာဘက်ခြေထောက်ဖြင့် အတင်းအဓမ္မ ကန်ချိုးပစ်လိုက်ပြီးနောက် ထိုက်ရှန်း၏ ဘယ်ဘက်ပခုံးကို ပြင်းထန်စွာ ကန်ချလိုက်ခြင်းပင်။
ကြောက်မက်ဖွယ်ကောင်းသော အရိုးကျိုးသံ နှင့်အတူ ထိုက်ရှန်း၏ ဘယ်ဘက်ပခုံးမှာ ကြေမွသွားပြီး ပြတ်တောက်သွားသော လက်မောင်းမှာလည်း လေထဲသို့ လွင့်စင်သွားတော့သည်။
“အား... မင်းရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ ဓားပျံထက် ဘယ်လိုလုပ် ပိုပြီး သန်မာနေရတာလဲ”
ထိုက်ရှန်း၏ ပါးစပ်မှ ထိတ်လန့်နေသော အော်ဟစ်သံများ ထွက်ပေါ်လာစဉ် ထန်ယွင်က လေထဲတွင် ကိုယ်ကို လှည့်လိုက်ကာ ညာဘက်ခြေထောက်တွင် ဝိညာဉ်စွမ်းအားများ စုစည်းလျက် ထိုက်ရှန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ကန်လိုက်ပြန်၏။
“ဂျောက်... ဘုန်း”
ထိုက်ရှန်း၏ နံရိုးနှစ်ချောင်း ချက်ချင်း ကျိုးသွားပြီး ရင်ဘတ်မှာလည်း ချိုင့်ဝင်သွားကာ ပါးစပ်မှ သွေးများ ပန်းထွက်လာတော့သည်။ သံမဏိမျှော်စင်ကြီးအလား ထွားကျိုင်းလှသော သူ့ခန္ဓာကိုယ်မှာလည်း ချန်လုံစင်မြင့်ပေါ်သို့ ဝက်ကျ ကျသွားတော့၏။
“တပည့်လေး... သူ့ရဲ့ ခန္ဓာကိုယ်က မင်းထက် ပိုသန်မာနေတယ်... အခုပဲ မင်းရဲ့ ခွန်အားရှိသမျှကို ထုတ်သုံးတော့”
ကျောက်စိမ်းအဆောက်အဦပေါ်မှ ဖြူလျော့နေသော ဝူဟုန်က စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
ပြောနေစရာပင် မလိုတော့ပေ။ ဘယ်ဘက်လက်မောင်း ဆုံးရှုံးသွားသော ထိုက်ရှန်းက ဒေါသထွက်နေသော မျောက်ဝံနက်ကြီးတစ်ကောင်အလား နာကျင်မှုများကို မေ့လျော့ကာ နီရဲနေသော မျက်လုံးများထဲတွင် ရူးသွပ်သော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေတော့သည်။
“ကြယ်တံဆိပ် သိုင်းပညာ”
ထိုက်ရှန်းက အထက်သို့ ခုန်တက်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ညကောင်းကင်ယံကို ဆွဲဖြဲလိုက်တော့သည်။
ချက်ချင်း ကြယ်တာရာများပင် အရောင်မှိန်သွားစေသည့် ကြယ်တံဆိပ်များက သူ့ပတ်ပတ်လည်တွင် ဂလက်ဆီ ၁၀ ခုအလား လည်ပတ်နေတော့၏။
၎င်းမှာ သားရဲဝိညာဉ်အုပ်စု၏ အဖိုးတန် ကျင့်စဉ် ၃ ခုထဲမှ တစ်ခုဖြစ်သော ကြယ်တံဆိပ် သိုင်းပညာပင်တည်း။
၎င်းနောက် ထိုက်ရှန်းက ကောင်းကင်ယံကြီး တုန်ခါသွားအောင် ထပ်မံ ဟိန်းဟောက်လိုက်ပြန်သည်။
“သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာ - သွေးဝိညာဉ် အသွင်ပြောင်းခြင်း”
ချက်ချင်းပင် ထန်ယွင်၏ မျက်စိသူငယ်အိမ်များမှာ ကျုံ့သွားပြီး အနည်းငယ် လေးနက်သွားသည်။
ကြယ်တာရာ ကောင်းကင်ယံအောက်တွင် ထိုက်ရှန်း၏ ခန္ဓာကိုယ်မှ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၁ ကို ဖိနှိပ်ထားနိုင်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ချက်ချင်းပင် ထိုက်ရှန်း၏ ခန္ဓာကိုယ်မှ ရှည်လျားသော သွေးနီရောင် ဆံပင်များ ထွက်ပေါ်လာသည်။ ထိုစဉ် အရပ်ရှည်လှသော သူ့ခန္ဓာကိုယ်မှာ ဆံပင်နီ မိစ္ဆာကြီးတစ်ကောင်နှင့် တူနေတော့သည်။
ခဏချင်းမှာပင် ပြင်းထန်လှသော စွမ်းအားတစ်ခုက မမြင်ရသော လှိုင်းလုံးတစ်ခုအလား ထန်ယွင်ထံသို့ တိုးဝင်လာတော့သည်။
ဤစွမ်းအား အရှိန်အဝါမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၂ သို့ပင် ချဉ်းကပ်နေပြီ ဖြစ်၏။
တောင်ထိပ်ရှိ သားရဲဝိညာဉ်အုပ်စုမှ တပည့်များက ထိုက်ရှန်း၏ ဤအသွင်အပြင်ကို မြင်လိုက်ရသည့်အခါ တစ်စုံတစ်ခုကို သတိရသွားပုံရပြီး အားလုံး အလွန်အမင်း တုန်လှုပ်သွားကြရတော့လေသည်။
အခန်း ၃၉၅ ပြီး
***