သားရဲဝိညာဉ်အုပ်စုမှ တပည့်များမှာ လုံးဝ ဆူညံသွားကြတော့သည်။
“ဘုရားသခင်... စီနီယာအစ်ကိုထိုက်ရှန်းက ကျုပ်တို့ ဂိုဏ်းမှာ နှစ်ပေါင်း တစ်သောင်းနီးပါး ဘယ်သူမှ မကျင့်ကြံနိုင်ခဲ့တဲ့ သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာကို တကယ်ပဲ အောင်မြင်အောင် ကျင့်နိုင်ခဲ့တာလား”
“ဟုတ်တယ်... သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာဆိုတာ နတ်ဘုရားအဆင့်အထိ တက်လှမ်းနိုင်တဲ့ လျှို့ဝှက်ကျမ်းစာပဲလေ”
“ဒါက ဝိညာဉ်သန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားတဲ့ နတ်ဘုရားတံခါး သားရဲဝိညာဉ်အုပ်စုက စီနီယာတွေပဲ ကျင့်နိုင်တာ မဟုတ်ဘူးလား... စီနီယာအစ်ကို ထိုက်ရှန်းက ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်မှာပဲ ရှိသေးတာကို ဘယ်လိုလုပ် အောင်မြင်အောင် ကျင့်နိုင်တာလဲ”
“မယုံနိုင်စရာပဲ... စီနီယာအစ်ကိုထိုက်ရှန်းက အရမ်းကို အစွမ်းထက်တာပဲ... ဒီတစ်ခါ ချန်လုံစာရင်းရဲ့ ထိပ်ဆုံးနေရာက စီနီယာအစ်ကိုထိုက်ရှန်းကလွဲပြီး တခြားသူ မဖြစ်နိုင်တော့ဘူးလို့ ငါ ရဲရဲကြီး ပြောရဲတယ်”
“ဟုတ်တယ်... မယုံနိုင်စရာပဲ... ထန်ယွင်တော့ သေပြီ... စီနီယာအစ်ကိုထိုက်ရှန်းက ထန်ယွင်ကို လွယ်လွယ်လေး သတ်ပစ်မှာ သေချာတယ်”
“ဟားဟားဟား... ပြောနေစရာတောင် လိုဦးမလား... စီနီယာအစ်ကိုထိုက်ရှန်းက အခု လက်တစ်ဖက် ဆုံးရှုံးသွားတယ်ဆိုပေမဲ့ ထန်ယွင် ၁၀ယောက်လောက်ကိုတောင် သတ်နိုင်သေးတယ်”
“...”
သားရဲဝိညာဉ်အုပ်စုမှ တပည့်များ၏ စိတ်လှုပ်ရှားဖွယ် ဝေဖန်သံများကြောင့် ထန်ယွင်မှာ တစ်ဖန် လေးနက်သွားရပြန်သည်။
သို့သော်လည်း လေးနက်သွားရုံသာ ဖြစ်၏။
ထိုက်ရှန်း အစွမ်းထက်ကြောင်း ထန်ယွင် သိသော်လည်း သူသည် နန်းကုန်းယွိချင်လောက်တော့ မသန်မာသေးပေ။ တစ်ချိန်တည်းမှာပင် ထန်ယွင်က ဟောင်ဖူနတ်ဘုရားဂိုဏ်း၏ အစဉ်အလာ အမွေအနှစ်မှာ မည်မျှ နက်ရှိုင်းကြောင်းကိုလည်း သတိပြုမိလိုက်၏။
ထန်ယွင်၏ အတွေ့အကြုံအရ ထိုက်ရှန်း ထုတ်ဖော်လိုက်သော သွေးဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်စဉ်မျိုးမှာ တတိယတန်းစား၊ ဒုတိယတန်းစားနှင့် ပထမတန်းစား နတ်ဘုရားဂိုဏ်းများတွင်ပင် လုံးဝ မရှိနိုင်သော ကျင့်စဉ်မျိုး ဖြစ်ကြောင်း သိနိုင်ပေသည်။
ဤအခိုက်အတန့်တွင် နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ ဒုတိယအဆင့်သို့ တက်လှမ်းသွားကြသော အစွမ်းထက်သူများ အားလုံးမှာလည်း အလွန်ပင် လေးနက်သွားကြ၏။
သူတို့လည်း ထိုက်ရှန်းထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရခြင်းပင်။
ထိုက်ရှန်းက ဤမျှလောက်အထိ အစွမ်းကို ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
မုမုန့်ဂျီနှင့် ရွှယ်ဇီယန် တို့မှအပ ကျန်အစွမ်းထက်သူများမှာ ထန်ယွင် အလွန်သန်မာကြောင်း ဝန်ခံထားကြသော်လည်း သူတို့၏ အမြင်တွင် ထန်ယွင်က လက်ရှိ ထိုက်ရှန်း၏ ရှေ့၌ သေဆုံးရန်သာ ရှိတော့သည်ဟု ယူဆနေကြတော့သည်။
ကံကောင်းခြင်းဆိုသည်မှာ မရှိနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် ကျောက်စိမ်းအဆောက်အဦပေါ်၌ ထန်ထိုင်ကျုံးတယ်က ထန်ယွင်မှာ သူ၏ အနာဂတ် သမက်လောင်းဖြစ်သည်ဟု ယုံကြည်ထားသော်လည်း ထိုက်ရှန်း၏ ပါရမီ၊ နားလည်နိုင်စွမ်းနှင့် ခွန်အားတို့အပေါ်တွင်မူ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် သားရဲဝိညာဉ်အုပ်စုမှ တပည့်များ ပြောသကဲ့သို့ပင် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းအတွင်း မည်သူမျှ သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာကို အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့သောကြောင့် ဖြစ်၏။
အခြားတစ်ဖက်တွင်မူ ဝူဟုန်၏ အိုမင်းသော ခန္ဓာကိုယ်ကြီးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေတော့သည်။
“ထိုက်ရှန်း... ငါ့ရဲ့ တပည့်ကောင်းလေး... ဆရာ့ကို ပြောစမ်းပါဦး... မင်း ဒါကို ဘယ်တုန်းက အောင်မြင်အောင် ကျင့်နိုင်ခဲ့တာလဲ”
“ဆရာ့ကို တင်ပြပါတယ်... တပည့် လွန်ခဲ့တဲ့ ၃ လကမှ အောင်မြင်အောင် ကျင့်နိုင်ခဲ့တာပါ”
ထိုက်ရှန်းက ထန်ယွင်ကို လျစ်လျူရှုထားပြီး မောက်မာသော အသံဖြင့် ပြောလိုက်သည်။
“တပည့်က သွေးဝိညာဉ် အသွင်ပြောင်းခြင်းကိုပဲ အောင်မြင်သေးတယ်ဆိုပေမဲ့ ထန်ယွင်ကို သတ်ဖို့ကတော့ လုံလောက်ပါတယ်”
“ကောင်းတယ်”
ဝူဟုန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဘာလို့ ဆရာ့ကို အစောကြီးကတည်းက မပြောခဲ့တာလဲ”
“ဆရာ... တပည့်က ဆရာ့ကို အံ့ဩသွားစေချင်လို့ မပြောခဲ့တာပါ”
ထိုက်ရှန်းက လေးစားစွာ ပြန်ပြောလိုက်၏။
“တပည့်က အခြားအုပ်စု ၈ ခုက လူအားလုံးကို သိအောင် လုပ်ပေးချင်လို့ပါ... ချန်လုံစာရင်းရဲ့ ထိပ်ဆုံးနေရာဟာ ကျွန်တော်တို့ သားရဲဝိညာဉ်အုပ်စုအတွက်ပဲ ဖြစ်ရမယ်ဆိုတာကိုပေါ့”
“ကျွန်တော်တို့ သားရဲဝိညာဉ်အုပ်စုက အသန်မာဆုံးပဲ”
“ဟုတ်တယ်”
ဝူဟုန်က ပြုံး၍ ပြောလိုက်၏။
“သတ္တိရှိလိုက်တာ... ငါ ဝူဟုန်ရဲ့ တပည့်ရင်း ပီသပါပေတယ်... တိုက်စမ်း... အားရပါးရ တိုက်စမ်းပါ”
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ဆရာ... ပြီးတော့ စိတ်မပူပါနဲ့... စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေးတို့ရဲ့ ရန်ငြိုးအတွက် ထန်ယွင်ကို သူ့အသက်နဲ့ ပြန်ပေးဆပ်ခိုင်းပါ့မယ်”
ထိုက်ရှန်း၏ စကားအဆုံးတွင် လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာ၏။
“ကောင်းပြီလေ... မင်း ငါ့ကို ဘယ်လိုများ ပြန်ပေးဆပ်ခိုင်းမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
“ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်”
ထန်ယွင်၏ ဆံနွယ်များမှာ လေထဲ ဝဲလွင့်နေပြီး သူ့စိတ်အမိန့်ဖြင့် ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုး၊ အချိန်၊ ဟင်းလင်းပြင်၊ သေခြင်းတရားနှင့် အလင်းဓာတ်များ ပါဝင်သော အဆင့်မြင့် ဝိညာဉ်လက်နက် ဓားပျံ ၁၁ လက်မှာ ချန်ခွန်းလက်စွပ်ထဲမှ ထွက်ပေါ်လာပြီး ချန်လုံစင်မြင့်၏ ပတ်ပတ်လည်တွင် ဆိုင်းငံ့နေတော့သည်။
တစ်ချိန်တည်းမှာပင် ထန်ယွင်၏ ဝိညာဉ်ကန်အတွင်းရှိ ဟုန်မန်ဝိညာဉ် ၉ ခု၏ မျက်လုံးများမှ ဟုန်မန် အလင်းတန်း ၁၈ ခု ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသည်။ ထိုအလင်းတန်းမှာ သူ့မျက်ခုံးကြားမှ ထွက်ပေါ်လာပြီးနောက် အမျှင် ၁၁ မျှင်အဖြစ် ခွဲထွက်ကာ ဓားပျံ ၁၁ လက်အတွင်းသို့ လျှပ်စီးလက်သကဲ့သို့ တိုးဝင်သွားတော့သည်။
နောက်ထပ် အခိုက်အတန့်တွင် ဓားပျံ ၁၁ လက်မှာ စက်ဝိုင်းပုံစံ အလျင်အမြန် လည်ပတ်လာပြီး မီတာ ရာနှင့်ချီ ရှည်လျားသော ဟုန်မန် အလင်းကုလားကာတစ်ခု ထွက်ပေါ်လာကာ ပေ ၃၀၀ ခန့် ကျယ်ဝန်းသော ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်အဖြစ် ပြောင်းလဲသွားပြီး ဧရာမ ချန်လုံစင်မြင့်ကြီးကို လွှမ်းခြုံထားလိုက်တော့သည်။
ဓားအစီအရင်၏ အလင်းကုလားကာက လူတိုင်း၏ ဝိညာဉ်အာရုံနှင့် အမြင်အာရုံကို ပိတ်ဆို့ထားသဖြင့် အထဲက မြင်ကွင်းကို မည်သူမျှ မမြင်ရတော့ပေ။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရှန်စုပင်း၊ ရှန်ချင်းဖုန်း၊ ရှန်ဝမ်တယ်နှင့် တောင်ထိပ်ပေါ်ရှိ ဆေးဝါးအုပ်စုမှ အကြီးအကဲများ၊ သင်းထောက်များနှင့် တပည့်အားလုံးမှာ တိတ်ဆိတ်သွားကြပြီး သူတို့၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေတော့သည်။
စိုးရိမ်မှုနှင့် မျှော်လင့်ချက်များ၊ ထိတ်လန့်မှုနှင့် မလုံခြုံမှုများ ရောထွေးနေကြခြင်းပင်။
ထန်ထိုင်ကျုံးတယ်ကလည်း မျက်မှောင်ကြုတ်ထားမိပြီး ဘာတွေ တွေးနေသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်အတွင်း၌...
“မင်းလို အောက်တန်းစားကောင်... မင်းရဲ့ ဓားအစီအရင်က မင်းကို ကောင်းကင်ယံမှာ ပျံသန်းနိုင်စွမ်း ပေးနိုင်ရင်တောင် မင်း သေရမှာကတော့ သေချာနေတုန်းပဲ”
ဆံပင်နီ မိစ္ဆာကြီးနှင့် တူနေသော ထိုက်ရှန်းက ကောင်းကင်ယံ၌ ရပ်နေသော ထန်ယွင်ကို မော့ကြည့်လိုက်ကာ နီရဲနေသော မျက်လုံးများထဲတွင် သွေးဆာနေသော အလင်းတန်းများ ပြည့်နှက်နေ၏။
“ငါ ပြောခဲ့သလိုပဲ မင်းရဲ့ လက်မောင်းတွေကို ချိုးပြီး ခေါင်းကို လိမ်ထုတ်ပစ်မယ်လို့ ကြံခဲ့ပေမဲ့ အခုတော့ ငါ စိတ်ပြောင်းသွားပြီ”
“ငါ ဆုံးဖြတ်လိုက်ပြီ... မင်းကို အရှင်လတ်လတ် ဝါးစားပစ်မယ်”
“ဝူး...”
ဟိန်းဟောက်သံ နှင့်အတူ ရှည်လျားသော ဆံပင်နီများ ဖုံးလွှမ်းနေသည့် ထိုက်ရှန်း၏ ခန္ဓာကိုယ်မှာ ဧရာမ အလင်းတန်းတစ်ခုအလား လေထဲသို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားပြီး သူ့ ညာဘက်လက်သည်းများကို မိစ္ဆာတစ်ကောင်အလား ဖြန့်ကျက်လျက် ထန်ယွင်ကို အတင်းအဓမ္မ လှမ်းဖမ်းလိုက်တော့သည်။
အရှိန်မှာ မြန်လွန်းလှသဖြင့် ထန်ယွင်အနေဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
သို့သော် ရလျှင်လည်း သူ ရှောင်တိမ်းမည် မဟုတ်ပေ။
“အချိန် ရေစီးကြောင်းများ”
ထန်ယွင်က လေထဲ ဝဲလှည့်လိုက်ရာ သူ့ခေါင်းပေါ်ရှိ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ မီတာ ထောင်နှင့်ချီ ထူထဲသော အချိန်ရေစီးကြောင်းကြီးတစ်ခုသည် တုန်ခါနေသော ဟင်းလင်းပြင်ကြီး နှင့်အတူ ကြည်လင်သော ရေတံခွန်ကြီးတစ်ခုအလား ကောင်းကင်ယံမှ ကျဆင်းလာပြီး ထိုက်ရှန်းကို ရိုက်ချလိုက်တော့သည်။
ချက်ချင်းပင် ထန်ယွင်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ထိုက်ရှန်း၏ အရှိန်မှာ ၃ ဆခန့် နှေးကွေးသွားပြီး အချိန်ရေစီးကြောင်းအတွင်း၌ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသော ကြယ်တံဆိပ် ဝတ်စုံမှာလည်း ရုတ်တရက် အက်ကြောင်းများ ပေါ်လာတော့သည်။
၎င်းနောက် သူ့ခန္ဓာကိုယ်ပေါ်မှ ရှည်လျားသော သွေးနီရောင် ဆံပင်များမှာလည်း အလျင်အမြန် ကျွတ်ထွက်ကုန်ပြီး တစ်ကိုယ်လုံးတွင် ပင့်ကူအိမ်အလား အက်ကြောင်းများ ပေါ်လာကာ သွေးစများ စိမ့်ထွက်လာတော့၏။
သူ့တစ်ကိုယ်လုံးမှာ အလွန်ပင် ကြောက်စရာကောင်းသော အသွင်အပြင် ဖြစ်နေတော့သည်။
“အား... ဒါက ဘယ်လို အချိန်တိုက်ခိုက်မှုလဲ... မင်းရဲ့ အချိန်စွမ်းအားက ဘာလို့ တူညီတဲ့အဆင့်ရှိတဲ့ တခြားကျင့်ကြံသူတွေထက် အဆပေါင်းများစွာ ပိုပြီး သန်မာနေရတာလဲ”
ထိုက်ရှန်း၏ သွေးဆာနေသော မျက်လုံးများထဲတွင် ထိတ်လန့်မှု ၃ ပုံနှင့် နားမလည်နိုင်မှု ၇ ပုံတို့ ပြည့်နှက်နေတော့သည်။
“မင်းလို လူပုံစံ မိစ္ဆာကြီး... မင်းရဲ့ ခန္ဓာကိုယ်က အခု ဘယ်လောက်အထိ သန်မာနေလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ထန်ယွင် အေးစက်စွာ ပြုံးလိုက်၏။ သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။ လက်ရှိ ထိုက်ရှန်း၏ ခွန်အားမှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၂ ကို လိုက်မီနေပြီ ဖြစ်သော်လည်း ဝိညာဉ်သန့်စင်ခြင်း အဆင့် ၃ နှင့်ပင် သူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသေးသည် မဟုတ်ပါလော။
“ဝှစ်”
ထန်ယွင်က တစ္ဆေတစ်ကောင်အလား အချိန်ရေစီးကြောင်းအတွင်း၌ ဖြတ်သန်းသွားသည်။ သူသည် ဟုန်မန် နတ်ဘုရားခြေလှမ်းကို အသုံးပြုလိုက်သည့်အခါ သူ့အရှိန်မှာ ထိုက်ရှန်းထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမြန်နေပြီ ဖြစ်၏။
“ဘုန်း”
ထန်ယွင်က ခဏချင်းမှာပင် ထိုက်ရှန်း၏ အနောက်တွင် ပေါ်လာပြီး သူ့ကျောပြင်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးလိုက်ရာ ကျောပြင်မှာ ပေါက်ထွက်သွားပြီး သွေးများ စင်ထွက်သွားသည်။ သို့သော် ထိုက်ရှန်း၏ ကျောရိုးကိုမူ ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။
‘တောက်... တကယ်ပဲ သန်မာလှချည်လား’
“ထပ်ပြီး လာစမ်း”
ထန်ယွင်၏ တစ်ကိုယ်လုံးတွင် ဝိညာဉ်စွမ်းအားများ အရူးအမူး လည်ပတ်နေပြီး သူ့အရိပ်မှာ လျှပ်ခနဲ လှုပ်ရှားကာ ထိုက်ရှန်း၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာပြီး ဘယ်ဘက်နံဘေးကို ပြင်းထန်စွာ ထိုးလိုက်ပြန်သည်။
“အား...”
ထိုက်ရှန်း၏ အော်ဟစ်သံ နှင့်အတူ သူ၏ ဘယ်ဘက်ရင်အုပ်မှ အသားစများ ပေါက်ထွက်သွားပြီး သွေးများဖြင့် ရွှဲနစ်နေသော နံရိုးများမှာလည်း အက်ကြောင်းများ ပေါ်လာသည်ကို တွေ့မြင်နိုင်ပေသည်။
“ဟဲဟဲ... သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာဆိုတာ ဒီလောက်ပဲလား... ငါ့လက်ချက်နဲ့ ပျက်စီးသွားစမ်း”
ထန်ယွင်က သူ့လက်သီးကို ထပ်မံ လွှဲယမ်းလိုက်ရာ ထိုက်ရှန်းက သားရဲဝိညာဉ်သန္ဓေ၏ ခွန်အားကို ၁၀ဆအထိ တိုးမြှင့်လိုက်တော့သည်။
“အောက်တန်းစား... သေပေတော့”
ထိုက်ရှန်းက မိုးကြိုးသံအလား ဟိန်းဟောက်လိုက်ရာ အချိန်ရေစီးကြောင်းအတွင်းရှိ သူ့အရှိန်မှာ ရုတ်တရက် ပိုမြန်လာပြီး ညာဘက်လက်သီးဖြင့် ထန်ယွင်၏ လက်သီးကို ပြင်းထန်စွာ ပြန်လည် ထိုးနှက်လိုက်တော့သည်။
အခန်း ၃၉၆ ပြီး
***