“ရှူး...”
ထန်ယွင်က အေးစက်သော လေတစ်ချက်ကို ရှူသွင်းလိုက်မိသည်။ အဆင့်မြင့် ဝိညာဉ်လက်နက်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည့် သူ့လက်သီးချက်မှာ ထိပ်တန်း ဝိညာဉ်လက်နက်တစ်ခုကို သွားမှန်သကဲ့သို့ ခံစားလိုက်ရသည်။ ချက်ချင်းပင် သူ့လက်သီးမှ အသားများ ကြေမွသွားပြီး ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ထန်ယွင်၏ ကိုယ်လုံးမှာ လေထဲသို့ လွင့်ထွက်သွားတော့သည်။
“ဝုန်း”
သွေးများဖြင့် ရွှဲနစ်နေသော လူပုံစံ မိစ္ဆာကြီး ထိုက်ရှန်းသည် သူ့ခန္ဓာကိုယ်ကို ရုတ်တရက် လှုပ်ရှားလိုက်ပြီး ဓားပျံတစ်လက်ကို ထုတ်ဖော်လိုက်၏။ အချိန်ရေစီးကြောင်းအတွင်း၌ ဓားပျံ၏ အရှိန်မှာ သိသိသာသာ မြင့်တက်လာပြီး သူသည် ထန်ယွင်ထံသို့ လက်သီးဖြင့် ထိုးနှက်ရန် တိုးဝင်လာတော့သည်။
ထန်ယွင်က ပြုံးလျက် ပြောလိုက်၏။
“ဟဲဟဲ... ငါ မင်းနဲ့ ဆက်ပြီး မကစားချင်တော့ဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့... မင်းကို ငါ ချက်ချင်း မသတ်ဘူး... မဟုတ်ရင် ဒုတိယအဆင့်မှာ ငါ့ကို သတ်ချင်နေတဲ့သူတွေ ကြောက်သွားကြရင် မကောင်းဘူး မဟုတ်လား”
“ဟင်းလင်းပြင် ဒီရေလှိုင်းများ”
“ဝူး... ဝူး... ဝူး...”
ရုတ်တရက် ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာသည်။ ဓားပျံကို စီးနင်းထားသော ထိုက်ရှန်းမှာ ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးကျသွားရ၏။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုအဖြစ် ကြည်လင်သော ဟင်းလင်းပြင် စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် ဧရာမ လှိုင်းလုံးကြီးတစ်ခုသည် ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။ ၎င်းမှာ ထန်ယွင်ကို ဝါးမြိုပြီးနောက် ထိုက်ရှန်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာတော့သည်။
ဟင်းလင်းပြင် ဒီရေလှိုင်းများ မရောက်လာမီမှာပင် အလွန်ပြင်းထန်လှသော ဟင်းလင်းပြင် ချုပ်နှောင်မှု စွမ်းအားများက ထိုက်ရှန်းကို ဝန်းရံလိုက်ပြီး သူ့ကိုယ်ကို မမြင်ရသော စွမ်းအားများဖြင့် တင်းကျပ်စွာ ချည်နှောင်ထားလိုက်သကဲ့သို့ ခံစားရ၏။
“မကောင်းတော့ဘူး”
ထိုက်ရှန်း ထိတ်လန့်သွားတော့သည်။ အကယ်၍ သူသာ ဟင်းလင်းပြင် ဒီရေလှိုင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရလျှင် သူ့အရှိန်မှာ အဆပေါင်းများစွာ နှေးကွေးသွားမည် မဟုတ်ပါလော။
မီတာ ထောင်နှင့်ချီ ထူထဲသော အချိန်ရေစီးကြောင်းအတွင်းမှ ဓားပျံဖြင့် အလျင်အမြန် ထွက်ပြေးရန် ကြိုးစားသော်လည်း ပေ ၁၀၀ မရောက်မီမှာပင် ဟင်းလင်းပြင် ဒီရေလှိုင်းများက မုန်တိုင်းတစ်ခုအလား အချိန်ရေစီးကြောင်းအတွင်းသို့ တိုးဝင်လာပြီး ခဏအတွင်း ထိုက်ရှန်းကို ဝါးမြိုလိုက်တော့သည်။
ထိုက်ရှန်း ထိတ်လန့်သွားရ၏။ သူသည် ရွှံ့ညွန်ထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ့ပျံသန်းနှုန်းမှာလည်း ၅ ဆခန့်အထိ ကျဆင်းသွားတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်...”
ဤအချိန်တွင် ဟုန်မန်နတ်ဘုရားခြေလှမ်းကို အသုံးပြုထားသော ထန်ယွင်မှာမူ ဟင်းလင်းပြင် ဒီရေလှိုင်းများအတွင်း၌ သူ့အရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားတိုင်း ပေ ၃၀၀ ခန့် အကွာအဝေးကို ဖြတ်ကျော်နေတော့သည်။
ထန်ယွင်က ၃ ကြိမ်မျှ လျှပ်ခနဲ လှုပ်ရှားပြီးနောက် ထိုက်ရှန်း၏ ခေါင်းပေါ်တွင် ပေါ်လာပြီး ဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံထားသော သူ့ညာဘက်ခြေထောက်ဖြင့် ထိုက်ရှန်း၏ ဦးခေါင်းတည့်တည့်ကို ကန်ချလိုက်တော့သည်။
“ဘုန်း”
ပြင်းထန်သော အသံကြီးနှင့်အတူ ထိုက်ရှန်း၏ ဦးရေခွံမှာ ကွဲအက်သွားပြီး ဆံပင်များလည်း ကျွတ်ထွက်ကုန်သည်။ သူ့ခန္ဓာကိုယ်မှာလည်း ဓားပျံပေါ်မှ ပြုတ်ကျကာ အောက်သို့ လွင့်ထွက်သွားတော့၏။
“ဘုန်း... ဘုန်း... ဘုန်း”
အချိန်ရေစီးကြောင်းအောက်၌ ထိုက်ရှန်း၏ အရှိန်မှာ နှေးကွေးနေပြီး ဟင်းလင်းပြင် ဒီရေလှိုင်းများ၏ ချုပ်နှောင်မှုကြောင့် သူသည် ထန်ယွင်ကို ချေမှုန်းနိုင်စွမ်း ရှိသော်လည်း အချည်းနှီးသာ ဖြစ်နေတော့သည်။ ထန်ယွင်၏ အဆက်မပြတ်သော လက်သီးချက်များနှင့် ကန်ချက်များကို သူ ဘာမှ ပြန်မလုပ်နိုင်တော့ပေ။ ပြန်လည် တိုက်ခိုက်ရန် ဝေးစွ၊ ရှောင်တိမ်းရန်ပင် အခွင့်အရေး မရတော့ချေ။ သူ၏ အသားစများမှာ ပေါက်ထွက်နေပြီး ထန်ယွင်၏ လက်သီးချက်များမှာ သူ့တစ်ကိုယ်လုံးကို ထိမှန်နေတော့သည်။
အသုံးမကျလှပေ။
မကြုံဖူးလောက်အောင် အသုံးမကျ ဖြစ်နေခြင်းပင်။
“အား...”
အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ထန်ယွင်သည် ထိုက်ရှန်း၏ နာကျင်စွာ အော်ဟစ်နေသော အသံများကြား၌ လက်သီးချက်နှင့် ကန်ချက်ပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်လိုက်ပြီ ဖြစ်၏။
ယခုအခိုက်အတန့်တွင် ထိုက်ရှန်း၏ ခန္ဓာကိုယ်မှာ မပြည့်စုံတော့ဘဲ ကြေမွနေသော အသားများကြား၌ အရိုးများမှာ ပေါ်ထွက်နေတော့သည်။
အကယ်၍ သူသည် ကြယ်တံဆိပ် ဝတ်စုံကို အသုံးပြုထားရုံ သာမက သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာဖြင့် အသွင်ပြောင်းကာ ဝိညာဉ်ကန်အတွင်းရှိ ဝိညာဉ်သန္ဓေ ၁၀ ခု၏ ခွန်အားကို ၁၀ဆ တိုးမြှင့်မထားခဲ့လျှင်၊ ယခုလောက်ဆို ထန်ယွင်၏ တိုက်ခိုက်မှုအောက်တွင် တစ်ကိုယ်လုံးရှိ အရိုးများမှာ ကြေမွပျက်စီးသွားလောက်ပြီ ဖြစ်၏။
“ထန်ယွင်... မင်းလို ယုတ်မာတဲ့ကောင်”
ထိုက်ရှန်း၏ မျက်လုံးများမှာ နီရဲနေပြီး...
“သတ္တိရှိရင် ငါတို့ တရားမျှတတဲ့ တိုက်ပွဲတစ်ခု တိုက်ကြမယ်... အခုတော့ ငါ့ရဲ့ အရှိန်က မင်းထက် နှေးနေလို့ မင်း ငါ့ကို သတ်နိုင်တာလေ... ဒါက တကယ်ကို အောက်တန်းကျလွန်းတယ်”
ထိုစကားကို ကြားရသည့်အခါ တိုက်ခိုက်ရသဖြင့် မောပန်းနေသော ထန်ယွင်မှာ ရယ်ချင်သွားရသည်။
“မင်း ငါ့ကို နောက်နေတာလား... တရားမျှတတဲ့ တိုက်ပွဲ ဟုတ်လား”
“အခု ငါက မင်းနဲ့ တစ်ယောက်ချင်း တိုက်နေတာ မဟုတ်လို့လား... ငါက လူအုပ်ကြီး ခေါ်လာပြီး မင်းကို ဝိုင်းရိုက်နေလို့လား”
ထန်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးများထဲမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာကာ ထိုက်ရှန်းကို လျစ်လျူရှုထားလိုက်တော့သည်။
ထန်ယွင်၏ အရိပ်မှာ ထိုက်ရှန်း၏ ညာဘက်လက်မောင်းမှ ပြန်လည် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေပြီး သူ့လက်သီးချက်တိုင်းမှာ ထိုက်ရှန်း၏ ညာဘက်လက်မောင်းကိုသာ ပစ်မှတ်ထားနေတော့သည်။
လက်သီးချက် ၁၀ ချက်မျှ အကြာတွင် ထိုက်ရှန်း၏ ညာဘက်လက်မောင်းမှ အရိုးများ ပေါ်ထွက်လာပြီး အက်ကြောင်းလေးတစ်ခုပင် ပေါ်လာတော့၏။
ထိုက်ရှန်းမှာ ထိုအတိုင်းသာ ဆက်သွားလျှင် သူ မကြာခင် နှိပ်စက်ခံရပြီး သေဆုံးရတော့မည်ကို သိလိုက်သည်။
ထိုသို့ ဖြစ်မည့်အစား အသက်ရှင်ကျန်ရစ်ရန်အတွက် အရှက်မရှိ အသနားခံလိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
“ထန်ယွင်... အဘိုးထန်... ခဏလောက် စောင့်ပါဦး... ငါ ပြောစရာ ရှိတယ်”
ထိုက်ရှန်းက အဆက်မပြတ် အော်ဟစ်လိုက်၏။
“ငါ့ကို မသတ်ပါနဲ့... ငါ့ရဲ့ ဂူထဲမှာ အဖိုးတန်တဲ့ ရတနာတွေ အများကြီး ရှိတယ်... ငါ့ကိုသာ ချမ်းသာပေးမယ်ဆိုရင် အဲ့ဒီရတနာတွေ အားလုံးကို ငါ မင်းကို ပေးပါ့မယ်...”
“မင်းရဲ့ ရတနာတွေကို ငါက စိတ်ဝင်စားမယ် ထင်နေလား... မင်းရဲ့ ပစ္စည်းတွေက ငါ့အတွက်တော့ ညစ်ပတ်လွန်းတယ်”
ထန်ယွင်က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူသည် ထိုက်ရှန်း၏ အခြားနေရာများကို မတိုက်ခိုက်ဘဲ သူ့လက်သီးချက်တိုင်းမှာ ထိုက်ရှန်း၏ ညာဘက်လက်မောင်းကိုသာ ထိမှန်နေတော့၏။
ထိုက်ရှန်း၏ ညာဘက်လက်မောင်းကို မချိုးရမချင်း လက်လျှော့မည့်ပုံ မပေါ်။
“အဘိုးထန်... တိုက်တာ ရပ်ပါတော့... ငါ့မှာ မင်းရဲ့ ဇနီးလောင်း ၂ ယောက်ထက် ပိုလှတဲ့ ဝမ်းကွဲညီမလေး တစ်ယောက် ရှိတယ်”
“ငါ့ကိုသာ ချမ်းသာပေးမယ်ဆိုရင် အဲ့ဒီညီမလေးကို မင်း စိတ်ကြိုက် လုပ်ဖို့ ပေးပါ့မယ်...”
ထိုက်ရှန်းက သူ့ကို ဖြားယောင်းရန် ကြိုးစားနေခြင်း ဖြစ်၏။
“ထန်ယွင်... မင်းလည်း ယောက်ျားတစ်ယောက်ပဲလ... ငါ ကတိပေးတယ်... မင်းသာ ငါ့ညီမလေးကို မြင်ရင် သေချာပေါက် သဘောကျသွားမှာပါ... တကယ်ပြောတာ... သူမက ဝိညာဉ်နတ်ဘုရားနန်းတော်ရဲ့ အလှလေး ၆ ယောက်ထဲက တစ်ယောက်လေ”
“မင်းလိုကောင်က တကယ်ကို အောက်တန်းစားပဲ... ဒီနေ့တော့ မင်းကို ငါ သေချာပေါက် သတ်မယ်”
ထန်ယွင်၏ သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် ပြင်းထန်လာပြီး လက်သီးဖြင့် ထိုက်ရှန်း၏ ညာဘက်လက်မောင်းကိုသာ ဆက်လက် ထိုးနှက်နေတော့သည်။
ထန်ယွင်က သူ့ကို သတ်ရန် ဆုံးဖြတ်ထားကြောင်း မြင်လိုက်ရသည့်အခါ ထိုက်ရှန်းက ရက်စက်သော သတ်ဖြတ်မှုမှ လွတ်မြောက်ရန်အတွက် ဟိန်းဟောက်လိုက်၏။
“ထန်ယွင်... မင်းက တကယ်ကို ယုတ်မာတဲ့ကောင်ပဲ... သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ... အသက်တစ်ရှိုက် ရှူစာအတွင်း မင်း ငါ့ကို မသတ်နိုင်ရင် မင်းက ငါ့ရဲ့ မြေးပဲ”
ထိုစော်ကားမှုကို ထန်ယွင်က ဂရုမစိုက်ဘဲ အရိပ်တစ်ခုအလား လှုပ်ရှားနေဆဲ ဖြစ်ကာ သူ၏ လက်သီးချက်တိုင်းမှာ ထိုက်ရှန်း၏ ညာဘက်လက်မောင်းကိုသာ ထိမှန်နေတော့သည်။
“မြေးလေး... ငါ မြင်လိုက်ပြီ... မင်းမှာ ငါ့ကို သတ်နိုင်တဲ့ လက်နက်တောင် မရှိဘူးပဲ... ဟားဟားဟား...”
“ဟွန့်”
ထန်ယွင်က နှာခေါင်းရှုံ့လိုက်ပြီး မျက်ခုံးကြားမှ ရဲရဲနီနေသော ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ထိုက်ရှန်း၏ ညာဘက်လက်ကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်တော့သည်။
“ပလပ်... ပလပ်”
နာကျင်စွာ အော်ဟစ်သံနှင့်အတူ ထိုက်ရှန်း၏ ခြေထောက်နှစ်ဖက်မှာလည်း အဖြတ်ခံလိုက်ရပြီးနောက် သူသည် ဓားပျံပေါ်မှ ပြုတ်ကျကာ ချန်လုံစင်မြင့်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားတော့သည်။
ဤအချိန်တွင် ထိုရဲရဲနီနေသော ဓားအလင်းတန်းမှာ ဟင်းလင်းပြင်ထဲ၌ မီးလျှံနတ်ဘုရားဓားအဖြစ် ပြောင်းလဲသွားတော့သည်။
ထန်ယွင်၏ စိတ်အမိန့်ဖြင့် မီးလျှံနတ်ဘုရားဓားမှာ သူ့မျက်ခုံးကြားသို့ ပြန်လည် တိုးဝင်သွားပြီးနောက် သူသည် ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာကာ ထိုက်ရှန်း၏ ကျောပြင်ကို ခြေထောက်ဖြင့် နင်းလျက် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာတော့၏။
“ဘယ်လိုလဲ... မင်း မှားသွားပြီ ထင်တယ်... ငါ့မှာ မင်းကို သတ်နိုင်တဲ့ လက်နက် ရှိပါတယ်... ဒါပေမဲ့ မင်းကို ငါ ဓားနဲ့ ချက်ချင်း အဆုံးမသတ်ပေးဘူး”
“မင်း မသိသေးရင်လည်း ငါ ပြောပြမယ်... ငါ ဘာလို့ မင်းရဲ့ ညာဘက်လက်မောင်းကိုပဲ ထပ်ခါတလဲလဲ တိုက်ခိုက်နေလဲဆိုတာ”
“ထန်ယွင်... မင်းလို တိရစ္ဆာန်ကောင်... မင်း ဘာလုပ်ချင်နေတာလဲ”
ထိုက်ရှန်းက အက်ကွဲသော အသံဖြင့် ဟိန်းဟောက်လိုက်၏။
“မင်း ဘာထင်လို့လဲ”
ထန်ယွင်က အေးအေးဆေးဆေး ပြောလိုက်ပြီးနောက် ရုတ်တရက် ကိုယ်ကို ကိုင်းညွှတ်ကာ ထိုက်ရှန်း၏ သွေးရွှဲနေသော ညာဘက်လက်မောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ရေရွတ်လိုက်သည်။
“ခုနက မင်းကို အကြိမ်ပေါင်းများစွာ ထိုးခဲ့လို့ မင်းရဲ့ ညာဘက်လက်မောင်းက အရိုးတွေက အက်နေပြီ... အခုဆိုရင်တော့ မင်းရဲ့ လက်မောင်းကို ငါ ချိုးလို့ ရပြီပေါ့”
“ဂျောက်”
ထန်ယွင်က လက်နှစ်ဖက်ကို အသုံးပြုကာ ထိုက်ရှန်း၏ ညာဘက်လက်မောင်းကို ချိုးပစ်လိုက်တော့သည်။
ချက်ချင်းပင် ထန်ယွင်က ထိုက်ရှန်း၏ မေးစေ့ကို လက်ဖြင့် ပင့်လျက် လှောင်ပြောင်လိုက်၏။
“မင်းက ငါ့ရဲ့ လက်မောင်းကို ချိုးပြီးမှ ခေါင်းကို လိမ်ထုတ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“အခုတော့ မင်း မသေခင်မှာ အဲ့ဒီနာကျင်မှုကို ကိုယ်တိုင် မြည်းစမ်းကြည့်လိုက်ဦး”
ထိုစကားကို ကြားရသည့်အခါ ထိုက်ရှန်း၏ မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ မျက်စိသူငယ်အိမ်ထဲတွင် ထိတ်လန့်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေတော့သည်။
ထိုအခါမှသာ ထန်ယွင်သည် သူ့ညာဘက်လက်မောင်းကို အတင်းအဓမ္မ တိုက်ခိုက်နေခဲ့ခြင်းမှာ သူ၏ အရိုးများကို အက်အောင် လုပ်ပြီးမှ လက်မောင်းကို ချိုးရန်အတွက် ဖြစ်ကြောင်း သူ သိလိုက်ရခြင်းပင်။
“ဟင့်အင်း... ဂျောက်”
ထိုက်ရှန်း၏ မသေခင် အော်ဟစ်သံမှာ ရုတ်ခြည်း ပြတ်တောက်သွားပြီး ထန်ယွင်က သူ့လည်ပင်းကို လိမ်ချိုးပစ်လိုက်တော့လေသည်။
အခန်း ၃၉၇ ပြီး
***