ထိုက်ရှန်း သေဆုံးသွားပြီးနောက် ထန်ယွင်က ထရပ်လိုက်သော်လည်း ‘ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်’ ကို ချက်ချင်း မရုပ်သိမ်းသေးပေ။
ယခုအချိန်တွင် ဓားအစီအရင်ကို ဖယ်ရှားလိုက်ပါက သူ၏ အစွမ်းအစစ်ကို ထုတ်ဖော်ပြသရာ ရောက်ပေလိမ့်မည်။ အမှန်စင်စစ် သူနှင့် ထိုက်ရှန်း ထိပ်တိုက်တွေ့ချိန်မှ ထိုက်ရှန်း အသတ်ခံရချိန်အထိ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည် မဟုတ်ပါလော။
ထန်ယွင်က စင်မြင့်ပေါ်တွင် ကျန်ရစ်ခဲ့သော ထိုက်ရှန်း၏ ချန်ခွန်းလက်စွပ်ကို ကောက်ယူလိုက်ရာ ဝိညာဉ်ကျောက်တုံးအချို့မှအပ အခြား ထူးထူးခြားခြား ပစ္စည်းများ မတွေ့ရပေ။
ထန်ယွင်သည် ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ပြီး ချန်ခွန်းလက်စွပ်ကို လွှင့်ပစ်လိုက်ကာ တရားထိုင်လျက် ခွန်အားများ ပြန်လည် ဖြည့်တင်းနေလိုက်တော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် ညသည် ပို၍ မှောင်မိုက်လာခဲ့ပြီ ဖြစ်၏။
ဖန်လုံတောင်ထိပ်တွင် ဂိုဏ်းချုပ်မှအစ၊ ခေါင်းဆောင် ၉ ဦး၊ အကြီးအကဲများနှင့် တပည့်ပေါင်း ၆၀၀,၀၀၀ ကျော်တို့သည် နံပါတ် ၂ ချန်လုံစင်မြင့်ကို လွှမ်းခြုံထားသော ဓားအစီအရင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြဆဲပင်။
ဓားအစီအရင် တည်ရှိနေခြင်းက ထန်ယွင် မသေသေးကြောင်း သက်သေပြနေခြင်း ဖြစ်၏။
သားရဲဝိညာဉ်အုပ်စုမှ တပည့် သောင်းနှင့်ချီမှာမူ ယခင်ကကဲ့သို့ တည်ငြိမ်ခြင်း မရှိတော့ပေ။ သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာဖြင့် အသွင်ပြောင်းထားသော ထိုက်ရှန်းက ဤမျှ ကြာမြင့်သည့်တိုင် ထန်ယွင်ကို အဘယ်ကြောင့် မသတ်နိုင်သေးသနည်းဟု သူတို့ တွေးတောမရ ဖြစ်နေကြသည်။
ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ တပည့်တစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။
“အားလုံး ကြည့်ကြဦး... ဓားအစီအရင် ပျက်ပြယ်တော့မယ်”
စကားဆုံးသည်နှင့် နံပါတ် ၂ ချန်လုံစင်မြင့်ကို လွှမ်းခြုံထားသော ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်မှာ ကွဲအက် ပျောက်ကွယ်သွားတော့သည်။
ထန်ယွင်က စင်မြင့်၏ အလယ်ဗဟိုတွင် ရပ်နေပြီး လူတိုင်း၏ အမြင်အာရုံထဲသို့ ပြန်လည် ရောက်ရှိလာ၏။ သူ့ရှေ့တွင်မူ လက်မောင်းနှစ်ဖက်လုံး ပြတ်တောက်နေပြီး ခြေထောက်များနှင့် ခေါင်းမှာလည်း လိမ်ဖယ်နေသော ထိုက်ရှန်း၏ အလောင်း ရှိနေသည်။
သားရဲဝိညာဉ်အုပ်စုမှ တပည့်များက ထိုက်ရှန်း၏ အလောင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြ၏။
ထိုက်ရှန်း သေဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... တစ်ယောက်ယောက် ပြောပြစမ်းပါဦး... ဒါ ဘယ်လိုဖြစ်သွားတာလဲ”
“စီနီယာအစ်ကိုထိုက်ရှန်းက သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာကိုတောင် အောင်မြင်အောင် ကျင့်နိုင်ခဲ့တာလေ... သူ ဘယ်လိုလုပ် သေသွားရတာလဲ”
“ဝူး... စီနီယာအစ်ကိုထိုက်ရှန်း... အစ်ကိုကတော့ သေရတာ တကယ်ကို သနားစရာကောင်းလိုက်တာ”
“စီနီယာအစ်ကိုထိုက်ရှန်း”
“...”
သားရဲဝိညာဉ်အုပ်စုမှ တပည့်များ၏ ငိုကြွေးသံများမှာ ဆူညံနေတော့သည်။ ကျောက်စိမ်းအဆောက်အဦပေါ်ရှီ ဝူဟုန်မှာ ထိုက်ရှန်း၏ အလောင်းကို ကြောင်တောင်တောင် စိုက်ကြည့်နေမိပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်နိုင်ဘဲ ရှိနေ၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဝူဟုန်က ဝမ်းနည်းပက်လက်ဖြင့် ရုတ်တရက် အော်ဟစ် ငိုကြွေးလိုက်တော့သည်။
“ဘုရားသခင်... ခင်ဗျားက ငါ ဝူဟုန်အပေါ် ဘာလို့ ဒီလောက်တောင် မတရားရတာလဲ”
“ကောင်းကင်ကြီး... ခင်ဗျားက ငါ့ရဲ့ တပည့်ကြီးနဲ့ ဒုတိယတပည့်ရဲ့ အသက်ကို ယူခဲ့ပြီးပြီ... ငါ့သား ဖေးရှုန်းရဲ့ အသက်ကိုလည်း ယူခဲ့ပြီးပြီ... အခု ဘာလို့ ငါ့ရဲ့ တတိယတပည့် အသက်ကိုပါ ထပ်ပြီး ယူရတာလဲ...”
ဝူဟုန်၏ တွန့်ရှုံ့နေသော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာ၏။
သူ့စိတ်ခံစားချက်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။
သူ အချစ်ဆုံး တပည့် ၃ ဦးနှင့် သားဖြစ်သူတို့မှာ ၂ ရက်အတွင်း အားလုံး သေဆုံးသွားခဲ့ကြရခြင်းပင်။ ဤသို့သော ဒဏ်ကို သာမန်လူတစ်ဦးသာဆိုလျှင် စိတ်ဓာတ်ပြိုလဲသွားရန် လုံလောက်လှပေသည်။
သို့သော် သူကတော့ ပြိုလဲမည် မဟုတ်ပေ။
သူသည် ထန်ယွင်နှင့် မုမုန့်ဂျီကို သတ်ရန် အခွင့်အရေးကို သေချာပေါက် ရှာဖွေမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုလိုက်တော့သည်။
ဤအခိုက်အတန့်တွင် ဂုဏ်သိက္ခာမှာ ဆေးဝါးအုပ်စုထံသို့ ရောက်ရှိနေပြီဖြစ်ရာ ရှန်စုပင်း၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်မှုများကို ဖုံးကွယ်ထားရန် ခဲယဉ်းလှပေသည်။
ထိုက်ရှန်းက သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာကို ထုတ်ဖော်လိုက်စဉ်က ရှန်စုပင်း၏ ရင်ထဲ တထိတ်ထိတ် ဖြစ်ခဲ့ရ၏။ ထန်ယွင်က ထိုက်ရှန်းကို မယှဉ်နိုင်မှာကို သူမ စိုးရိမ်ခဲ့ခြင်းပင်။ ယခု ထန်ယွင် အနိုင်ရရှိသွားသည်ကို မြင်လိုက်ရမှသာ သူမ သက်ပြင်းချနိုင်တော့သည်။
“ဟားဟားဟား... သိပ်ကောင်းတာပဲ”
တောင်ထိပ်ပေါ်ရှိ ဆေးဝါးအုပ်စု တပည့်များ၏ ရှေ့တွင် ရှန်ချင်းချိုးက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
ဆေးဝါးအုပ်စုနှင့် လင်းရှန်း ဆေးဥယျာဉ်မှ တပည့်များမှာလည်း အားရပါးရ အော်ဟစ် အားပေးနေကြ၏။
နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်တွင် ဒုတိယအဆင့်သို့ တက်လှမ်းသွားကြသော အုပ်စုအသီးသီးမှ အစွမ်းထက်သူများမှာမူ ရွှယ်ဇီယန်နှင့် မုမုန့်ဂျီ တို့မှအပ ကျန်ရှိသူ အားလုံး၏ မျက်နှာမှာ အေးစက်နေကြသည်။
သူတို့ ကိုယ်တိုင်သာ မမြင်ခဲ့ရလျှင် ထိုက်ရှန်းမှာ ထန်ယွင်၏ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မည်ဟု ယုံကြည်ရန် ခဲယဉ်းလှပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သူတို့က နောက်ပွဲ၌ ထန်ယွင်နှင့် ဆုံတွေ့ခဲ့လျှင် ထန်ယွင်ကို ဓားအစီအရင် အသုံးပြုရန် အချိန် လုံးဝ ပေးမည်မဟုတ်ဟု ဆုံးဖြတ်လိုက်ကြတော့သည်။
ထန်ထိုင်ကျုံးတယ်က ထန်ယွင်နှင့် ထိုက်ရှန်းတို့၏ အလောင်းကို ငုံ့ကြည့်လိုက်သည်။ ပြောနေစရာပင် မလိုတော့ပေ။ သူသည် စိုးရိမ်ခြင်းထက် ဝမ်းသာခြင်းက ပို၍ များနေပေသည်။
ထိုက်ရှန်း သေဆုံးသွားခြင်းမှာ နှမြောစရာကောင်းသော်လည်း ထိုက်ရှန်းနှင့် ထန်ယွင်ကို နှိုင်းယှဉ်လျှင် ထန်ယွင်က ကဏ္ဍတိုင်းတွင် ပို၍ သာလွန်ကြောင်း သူ သိထားသောကြောင့်ပင်။
စဉ်းစားကြည့်လျှင် ဝိညာဉ်သန္ဓေ ပြည့်စုံခြင်းအဆင့်ရှိ ထိုက်ရှန်းက သားရဲဝိညာဉ် လျှို့ဝှက်ကျမ်းစာကို ကျင့်ကြံထားသည့်တိုင် ဝိညာဉ်သန္ဓေအဆင့် ၉ သာ ရှိသော ထန်ယွင်၏ လက်တွင် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။ ထိုက်ရှန်းနှင့် ထန်ယွင်ကြားက ကွာဟချက်မှာ အလွန်ကြီးမားကြောင်း လူအ ပင် သိနိုင်ပေသည်။
ရှီချန်ချင်းက သက်ပြင်းတစ်ချက်ချကာ ထိုက်ရှန်း၏ အလောင်းအား သိမ်းဆည်းရန် တပည့်များကို အမိန့်ပေးလိုက်၏။
ထန်ယွင်က ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၃ ချန်လုံစင်မြင့်သို့ သွားရောက်ပြီး မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့၏ ဘေးတွင် ရပ်နေလိုက်သည်။
ကြယ်တာရာ ကောင်းကင်ယံအောက်တွင် ကျုံးဝူစစ်ယောင်က ထန်ယွင်ကို အားကျစွာ စိုက်ကြည့်နေပြီး သူမ၏ မျက်လုံးများထဲတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေတော့သည်။
ထန်ယွင်ကလည်း လူအုပ်ထဲရှိ ကျုံးဝူစစ်ယောင်ကို လှမ်းကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင်လည်း နူးညံ့မှုများ ပေါ်လာ၏။
စကားလုံးများဖြင့် ဖော်ပြရန်ပင် မလိုတော့ပေ။
‘တောင်စဉ် ၉ခု ပြိုင်ပွဲကြီး ကျင်းပတိုင်း အတွင်းစည်း တပည့်တွေထဲက ပါရမီရှင်တွေဟာ အချင်းချင်း သတ်ဖြတ်ပြီး သေဆုံးကြရမြဲပဲ... ငါ ထန်ယွင်ရဲ့ နည်းဗျူဟာအတိုင်း လိုက်နာမယ်... နောက်နှစ်ပေါင်း ၂၀၀ အတွင်းမှာ ဒီဂိုဏ်းချုပ်က အုပ်စု ၉ ခုလုံးကို တစ်သားတည်း ဖြစ်အောင် လုပ်ပြရမယ်’
‘ငါ့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းက အုပ်စု ၉ ခုလုံးကို ပေါင်းစည်းပြီး အချင်းချင်း သတ်ဖြတ်နေတာမျိုးကို ရှောင်ရှားရမယ်’
ထန်ထိုင်ကျုံးတယ်က စိတ်ထဲမှ ဆုံးဖြတ်ချက် တစ်ခု ချပြီးနောက် ပြောလိုက်၏။
“ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာအတွက် ဒုတိယအဆင့်ကို တက်လှမ်းသွားကြတဲ့ ၁၃ ဦးဟာ ဒီည အနားယူကြရမယ်... ဒုတိယအဆင့်ကနေ ပဉ္စမအဆင့်အထိ ပြိုင်ပွဲတွေကိုတော့ မနက်ဖြန် မွန်းတည့်ချိန်ကစပြီး ချန်လုံစာရင်းရဲ့ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာ ထွက်ပေါ်လာတဲ့အထိ ကျင်းပသွားမယ်”
“အဲ့ဒီအချိန်ကျမှ အခြားတပည့်တွေက ချန်လုံစာရင်းရဲ့ နံပါတ် ၃ ကနေ နံပါတ် ၈ နေရာအထိ ဆက်ပြီး ယှဉ်ပြိုင်ကြရမှာ ဖြစ်တယ်”
...
ယခု ဒုတိယအဆင့်သို့ တက်လှမ်းသွားကြသော ၁၃ ဦးမှာ -
သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီ၊ ခန်းရှီယွန်း၊
ရှေးဟောင်းဝိညာဉ်အုပ်စုမှ ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်း၊ ရှန်ကွန်းပင်းပင်း၊
လေနှင့်မိုးကြိုးအုပ်စုမှ ဝေဖန်ရေးသခင် လုရန်၊ ကုရိရှန်း၊
ဝိညာဉ်ငါးပါးအုပ်စုမှ ရွှယ်ဇီယန်၊
သားရဲဝိညာဉ်အုပ်စုမှ ချန်ဆုန့်၊
လက်နက်အစီအရင်အုပ်စုမှ ဟောင်ဖူထင်ဖုန်း၊
ဆေးဝါးအုပ်စုမှ ထန်ယွင်၊ မုမုန့်ဂျီ တို့ ဖြစ်ကြသည်။
ညဉ့်နက်လာသည့်အခါ မနက်ဖြန် ဒုတိယအဆင့် ပြိုင်ပွဲတွင် ပါဝင်မည့် ၁၃ ဦးသည် ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်ကာ သူတို့အုပ်စုအသီးသီးရှိ တပည့်များကြားသို့ ပြန်သွားကြတော့သည်။
ထို ၁၃ ဦး၏ ခေါင်းဆောင်များနှင့် ဆရာများသည်လည်း ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထိုင်ခုံများမှ ဆင်းသက်လာကာ သူတို့၏ တပည့်များထံသို့ သွားရောက်ကြပြီး အသံလုံအတားအဆီးများ ပြုလုပ်လျက် တစ်စုံတစ်ခုကို မှာကြားနေကြတော့သည်။
သန့်စင်သောဝိညာဉ်ပိုင်ရှင်က သူ့ရှေ့တွင် ဒူးထောက်နေကြသော ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီနှင့် ခန်းရှီယွန်းတို့ကို ကြည့်လိုက်သည်။ တွန့်ရှုံ့နေသော အိုမင်းသည့် မျက်နှာပေါ်တွင် ရက်စက်မှုများ ပြည့်နှက်နေပြီး မေးလိုက်၏။
“ဆရာ မင်းတို့ကို ဘာလို့ ခေါ်လဲဆိုတာ သိလား”
“တပည့်များ သိပါတယ်”
သူတို့ ၃ ဦးလုံးက တစ်ပြိုင်နက် ပြန်လည် ဖြေကြားလိုက်သည်။
“ထန်ယွင်နဲ့ သူ့ဇနီးလောင်း မုမုန့်ဂျီ၊ ခယ်မ ရွှယ်ဇီယန်တို့ကို သတ်ဖို့ပါ”
“မှန်တယ်”
သန့်စင်သောဝိညာဉ်ပိုင်ရှင်က အံကြိတ်ကာ ပြောလိုက်သည်။
“ထန်ယွင်က ငါ့ရဲ့ မြေး လင်းဟူချန်ကုန်းကို သတ်ခဲ့တယ်... ငါ ဒီ တောင်စဉ် ၉ခု ပြိုင်ပွဲကို စောင့်နေခဲ့တာ သိပ်ကို ကြာလှပြီ... ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ငါ့မြေးအကြောင်းကို တွေးမိတိုင်း ဆရာ့ရင်ထဲမှာ နာကျင်ရတယ်”
“မင်းတို့ မှတ်ထားရမှာက ထန်ယွင်နဲ့ ဆုံတာနဲ့ သူ့ကို သေချာပေါက် သတ်ပစ်ရမယ်”
သူတို့ ၃ ဦးလုံးက တစ်ပြိုင်နက် ပြန်ပြောလိုက်၏။
“တပည့်များ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
“အင်း”
သန့်စင်သောဝိညာဉ်ပိုင်ရှင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ့အမူအရာမှာ အနည်းငယ် လေးနက်သွားပြန်သည်။
“ဒုတိယအဆင့်ကို တက်လှမ်းသွားတဲ့ တခြားအဖွဲ့က အစွမ်းထက်သူတွေကို ဆရာ လေ့လာနေခဲ့တာ”
“သူတို့ထဲမှာ ထန်ယွင်၊ မုမုန့်ဂျီ၊ ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်း၊ ရှန်ကွန်းပင်းပင်းနဲ့ ဟောင်ဖူထင်ဖုန်းတို့ ပါဝင်တယ်... တကယ်လို့ ဒီ ၆ ယောက်နဲ့ ဆုံခဲ့ရင် ပေါ့ဆလို့ မရဘူးနော်... ကျန်တဲ့သူတွေကတော့ စိုးရိမ်စရာ မရှိပါဘူး”
“ဆရာ့ရဲ့ ဆုံးမစကားတွေကို တပည့်များ မှတ်သားထားပါ့မယ်”
အခြားသော အသံလုံအတားအဆီး တစ်ခုအတွင်း၌ ရှေးဟောင်းဝိညာဉ်ပိုင်ရှင်သည် သူ့ရှေ့တွင်ရှိသော ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်းနှင့် ရှန်ကွန်းပင်းပင်းတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“မှတ်ထားကြ... မင်းတို့မှာ ပြိုင်ဘက် ၆ ယောက် ရှိတယ်... သူတို့က ထန်ယွင်၊ မုမုန့်ဂျီ၊ ရှန့်ရှန့်ထျန်း၊ ဟောင်ဖူထင်ဖုန်း၊ ခယ်ရှင်းယီနဲ့ ခန်းရှီယွန်း တို့ပဲ”
“အထူးသဖြင့် ထန်ယွင်နဲ့ မုမုန့်ဂျီပဲ... ထန်ယွင်ရဲ့ ဓားအစီအရင်ကတော့ ခန့်မှန်းရခက်တယ်... ပြီးတော့ မုမုန့်ဂျီကလည်း ၂ ကြိမ်လုံး သူမရဲ့ အဆင့်နိမ့် ဓားပျံတွေ ပျက်စီးသွားတဲ့အထိ တိုက်ခိုက်ခဲ့တာဆိုတော့ အခုထိ ဆရာ သူမရဲ့ အစွမ်းအစစ်ကို မတွေ့ရသေးဘူး”
အခန်း ၃၉၈ ပြီး
***