တစ်ချိန်တည်းမှာပင်...
လေနှင့်မိုးကြိုးပိုင်ရှင်ကလည်း သူ့ရှေ့ရှိ ဝေဖန်ရေးသခင် လုရန်နှင့် ကုရိရှန်းတို့ကို ကြည့်ကာ သက်ပြင်းချလျက် ပြောလိုက်၏။
“မှတ်ထားကြ... မနက်ဖြန် တိုက်ပွဲမှာ တကယ်လို့ မင်းတို့က ထန်ယွင်၊ မုမုန့်ဂျီ၊ ခယ်ရှင်းယီ၊ ခန်းရှီယွန်း၊ ကျွင်းပုဖျင်၊ ရှောင်ချင်းရွှမ်း၊ ရှန်ကွန်းပင်းပင်းနဲ့ ဟောင်ဖူထင်ဖုန်းတို့နဲ့ ဆုံခဲ့ရင် အရှုံးပေးဖို့ ရွေးချယ်လိုက်ကြ”
“အာ...”
ဝေဖန်ရေးသခင် လုရန်က ပူတင်းနေသော သူ့ဗိုက်ကို ပွတ်သပ်ရင်း ရေရွတ်လိုက်သည်။
“ဆရာ... ဘာလို့ အရှုံးပေးခိုင်းတာလဲ... မစမ်းကြည့်ဘဲနဲ့ ဘယ်လိုသိမှာလဲ”
“မင်း စကားများလှချည်လား... မင်း စကားမပြောလည်း ဘယ်သူမှ မင်းကို ဆွံ့အတယ်လို့ မထင်ဘူး”
လေနှင့်မိုးကြိုးပိုင်ရှင်က လုရန်ကို စိုက်ကြည့်ကာ ငေါက်လိုက်၏။
“ဆရာပြောတာကို နားလည်ရဲ့လား”
“မင်းတို့ မမြင်ဘူးလား... ဒီပြိုင်ပွဲမှာ ထန်ယွင်၊ မုမုန့်ဂျီ၊ ခယ်ရှင်းယီနဲ့ ခန်းရှီယွန်းတို့ ၄ ယောက်က သိသာတဲ့ ပါရမီရှင်တွေပဲ... သူတို့ရဲ့ ခွန်အားက မင်းတို့ထက် သာလွန်နေမှာ သေချာတယ်”
“အထူးသဖြင့် ခန်းရှီယွန်းနဲ့ ထန်ယွင်ပဲ... သူတို့က တကယ်ကို ရက်စက်တဲ့သူတွေ...”
...
ရှီချန်ချင်းနှင့် သားရဲဝိညာဉ်အုပ်စုမှ ဒုတိယအကြီးအကဲ မူရုန်ဟုန်တို့သည် ချန်ဆုန့်ကို ခေါ်ယူလိုက်ကြသည်။
“တပည့်က ခေါင်းဆောင်နဲ့ အဘိုးကို ဂါရဝပြုပါတယ်”
ချန်ဆုန့်က ဒူးထောက်ကာ သူတို့နှစ်ဦးကို ကြည့်လိုက်၏။
“ထပါ”
ရှီချန်ချင်းက ချန်ဆုန့်ကို ထခိုင်းပြီးနောက် ပြောလိုက်သည်။
“ဒီခေါင်းဆောင်က မင်းရဲ့အဘိုးနဲ့ တိုင်ပင်ပြီးပြီ... မနက်ဖြန် တိုက်ပွဲမှာ မင်းက လုရန်၊ ကုရိရှန်းနဲ့ ရွှယ်ဇီယန်တို့နဲ့ ဆုံရင် တိုက်ခိုက်ပါ၊ တကယ်လို့ တခြားသူတွေနဲ့ ဆုံရင်တော့ အလိုအလျောက် နုတ်ထွက်လိုက်ပါတော့”
ချန်ဆုန့်က ခေတ္တမျှ ကြောင်သွားပြီးနောက် ဦးညွှတ်ကာ ပြောလိုက်၏။
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
“အင်း... အေးအေးဆေးဆေး စကားပြောကြဦး... ငါ အရင်သွားနှင့်မယ်”
ရှီချန်ချင်းက အသံလုံအတားအဆီးထဲမှ ထွက်ခွာသွားပြီးနောက် ချန်ဆုန့်က ခေါင်းငုံ့ကာ ပြောလိုက်သည်။
“အဘိုး... ကျွန်တော် အဘိုးကို စိတ်ပျက်အောင် လုပ်မိပြီ... ကျွန်တော်က ထန်ယွင်နဲ့ မုမုန့်ဂျီကို သတ်ပြီး ဝမ်းကွဲညီလေးအတွက် ကလဲ့စားချေပေးချင်ပေမဲ့ ကျွန်တော် သူတို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သိပါတယ်”
“ဒါက မင်းရဲ့အပြစ် မဟုတ်ပါဘူး”
မူရုန်ဟုန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့မျက်လုံးများမှာ အေးစက်နေ၏။
“မင်းရဲ့ဝမ်းကွဲညီလေးက ပြင်ပစည်းမှာ ရှိတုန်းက မုမုန့်ဂျီကို သဘောကျခဲ့တာလေ... ဒါပေမဲ့ သူက ထန်ယွင်နဲ့ အဲ့ဒီမိန်းမကြောင့် သေခဲ့ရတာ”
“ဒီရန်ငြိုးကိုတော့ ထာဝရနယ်မြေထဲ ရောက်တဲ့အခါ တစ်ယောက်ယောက်ကို သတ်ခိုင်းဖို့ ငါ နည်းလမ်းရှာပါ့မယ်... ဒါပေမဲ့ အဲ့ဒီမတိုင်ခင် အဲ့ဒီအတွဲက မနက်ဖြန် ချန်လုံစင်မြင့်ပေါ်မှာ မသေဖို့တော့ လိုတာပေါ့”
“ဆရာ... တပည့် သဘောမတူဘူး”
ရွှယ်ဇီယန်က ဝိညာဉ်ငါးပါးပိုင်ရှင်ကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်၏။
“တပည့်ရဲ့အမြင်မှာဆိုရင် တပည့်ရဲ့ခဲအိုကလွဲလို့ အစ်မမုတောင်မှ တပည့်ရဲ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာပါ... ကျန်တဲ့ အညတရတွေကိုတော့ တပည့် မကြောက်ပါဘူး”
“မင်းကတော့ ပိုပြီးတော့ ရိုင်းစိုင်းလာပြီပဲ... ဒါက မင်းရဲ့ ကောင်းကျိုးအတွက်ဆိုတာ မင်း မသိဘူးလား”
“ဇီယန်... စဉ်းစားကြည့်စမ်း... ထန်ယွင်က သန့်စင်သောဝိညာဉ်ပိုင်ရှင်ရဲ့ မြေးကို သတ်ခဲ့တာလေ... သူ့ရဲ့ တပည့် ၃ ယောက်ဖြစ်တဲ့ ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီနဲ့ အထူးသဖြင့် ရက်စက်တဲ့ ခန်းရှီယွန်းတို့ကို ကြည့်လိုက်ဦး”
“တကယ်လို့ သူတို့၃ ယောက်ထဲက တစ်ယောက်ယောက်နဲ့ မင်း ဆုံခဲ့ရင် မင်း အသက်ရှင်နိုင်ပါ့ဦးမလား... ထန်ယွင်ကလွဲလို့ ဘယ်သူ့ကိုမှ မကြောက်ဘူးဆိုတာက ဘာသဘောလဲ... မင်းက အရမ်းကို မောက်မာနေပြီပဲ”
“ဆရာ ထပ်ပြီး ပြောမယ်... ငါတို့က ထိပ်တန်း ၈ နေရာအတွက် ဘာဂုဏ်ပုဒ်မှ မလိုချင်ဘူး... မနက်ဖြန် မင်း နုတ်ထွက်ရမယ်... မဟုတ်ရင်တော့ ဆရာက မင်းကို တပည့်အဖြစ်ကနေ ထုတ်ပစ်မယ်”
ဝိညာဉ်ငါးပါးပိုင်ရှင်က ထိုသို့ပြောပြီးနောက် ရွှယ်ဇီယန်၏ ရှေ့မှ ပျောက်ကွယ်သွားတော့သည်။
“တကယ်ပဲ... တဖက်ကလူ ပြောတာကိုလည်း နားမထောင်ဘူး...”
ရွှယ်ဇီယန်က စိတ်ပျက်လက်ပျက်ဖြင့် ဆေးဝါးအုပ်စု တပည့်များရှိရာသို့ လမ်းလျှောက်လာခဲ့၏။
ထိုအချိန်တွင် လင်းရှန်း ဆေးဥယျာဉ်မှ တပည့်များနှင့် စကားဖောင်ဖွဲ့နေသော တာနျူက ရွှယ်ဇီယန် လာနေသည်ကို မြင်လိုက်ရသည့်အခါ အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“အစ်မရွှယ်... လာလေ၊ စီနီယာအစ်ကိုထန်ကို လာရှာတာလား”
“တောက်... မင်း ပါးစပ်ကို ပိတ်ထားစမ်း”
ရွှယ်ဇီယန်က ခါးကို ထောက်ကာ တာနျူကို စိုက်ကြည့်လိုက်၏။
“အစ်မ ဟုတ်လား... ဘယ်သူက မင်းရဲ့ အစ်မလဲ... ငါက လွန်ခဲ့တဲ့ ၂ ရက်ကမှ ငါ့ခဲအိုပေးတဲ့ အဆင့်မြင့် မျက်နှာလှဆေးလုံးကို သောက်ထားတာလေ... အခုဆိုရင် ငါက ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်နဲ့ တူနေတာကို မင်းက ဘယ်လိုဖြစ်လို့ အစ်မလို့ ခေါ်ရတာလဲ”
တာနျူမှာ ငိုရခက် ရယ်ရခက် ဖြစ်သွားပြီး သူ့ပါးစပ်ကို သူ ပြန်ရိုက်ကာ ပြောလိုက်၏။
“အစ်မရွှယ်... ကျွန်တော်...”
“အစ်မ ဟုတ်လား... မင်း ငါ့ကို အဲ့ဒီလို ထပ်ခေါ်ရင် ငါ မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား”
တာနျူက မျက်နှာငယ်လေးဖြင့် ပြောလိုက်ရသည်။
“စီနီယာမမရွှယ်... စိတ်လျှော့ပါဦး... ကျွန်တော့်ရဲ့ အသုံးမကျတဲ့ ပါးစပ်ကြောင့် မမ ဒေါသထွက်သွားရတာပါ”
“ဟွန့်”
ရွှယ်ဇီယန်က နှာခေါင်းရှုံ့ကာ မေးလိုက်၏။
“ငါ့အစ်မနဲ့ ငါ့ခဲအို ဘယ်မှာလဲ”
တာနျူက တိုးတိုးလေး ဖြေလိုက်သည်။
“သူတို့ကို ခေါင်းဆောင်အကြီးအကဲက ခေါ်သွားပါတယ်”
တောင်ထိပ်၏ အခြားတစ်ဖက်၊ အသံလုံအတားအဆီး တစ်ခုအတွင်း၌ ရှန်ချင်းဖုန်း၊ ရှန်ချင်းချိုးနှင့် ရှန်ဝမ်တယ်တို့မှာ ရှန်စုပင်း၏ အနောက်တွင် ရိုသေသေ ရပ်နေကြ၏။
ရှန်စုပင်း၏ ရှေ့တွင် ထန်ယွင်နှင့် မုမုန့်ဂျီတို့ ဘေးချင်းယှဉ် ရပ်နေကြသည်။
ရှန်စုပင်းက သူတို့နှစ်ဦးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။
“မင်းတို့ ဒီနေ့ တခြားအုပ်စုက အစွမ်းထက်သူတွေရဲ့ တိုက်ပွဲကို မြင်ခဲ့ပြီးပြီပဲ... မင်းတို့ရဲ့ ရင်ထဲမှာရှိတဲ့အတိုင်း အမှန်အတိုင်း ပြောစမ်းပါ... မင်းတို့ ချန်ပီယံ ဖြစ်နိုင်မလား”
“မင်းတို့ အမှန်အတိုင်း ပြောနိုင်ပါတယ်... ငါ အခု စဉ်းစားပြီးပြီ... မင်းတို့ ချန်ပီယံ ဖြစ်နိုင်ရင်တော့ အကောင်းဆုံးပဲ... တကယ်လို့ မဖြစ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး”
“မင်းတို့က ငါ့ရဲ့ ဆေးဝါးအုပ်စုအတွက် အနာဂတ် မျှော်လင့်ချက်တွေပဲ... ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာအတွက် ယှဉ်ပြိုင်ရင်းနဲ့ မင်းတို့ကို တစ်ခုခု ဖြစ်သွားစေဖို့ ငါ အလိုမရှိဘူး... နားလည်လား”
ထိုစကားကို ကြားရသည့်အခါ မုမုန့်ဂျီက ဦးညွှတ်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“တပည့် နားလည်ပါတယ်... ခေါင်းဆောင်၊ တပည့်ရဲ့ရင်ထဲမှာတော့ ထန်ယွင်ကလွဲရင် တခြားသူတွေကို တပည့် မကြောက်ပါဘူး”
ထန်ယွင်ကလည်း ထပ်လောင်း ပြောလိုက်သည်။
“ခေါင်းဆောင်ကို တင်ပြပါတယ်... တပည့် လွန်ခဲ့တဲ့ ၂ ရက်က ချန်ပီယံ ဖြစ်အောင် လုပ်မယ်လို့ ပြောခဲ့ပါတယ်... အခုလည်း သေချာပေါက် ချန်ပီယံ ဖြစ်အောင် လုပ်ပါ့မယ်... တကယ်လို့ တပည့် နံပါတ်၁ မရခဲ့ရင်တောင် မုန့်အာက နံပါတ် ၁ ရလိမ့်မယ်လို့ တပည့် ယုံကြည်ပါတယ်”
ရှန်စုပင်းက ချီးကျူးလိုက်၏။
“ကောင်းပြီ... မင်းတို့မှာ အဲ့ဒီလောက်အထိ ယုံကြည်ချက် ရှိနေမှတော့ ဒီခေါင်းဆောင်က မနက်ဖြန် မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေပါ့မယ်”
ထန်ယွင်နှင့် မုမုန့်ဂျီတို့ ထွက်ခွာသွားပြီးနောက် ရှန်စုပင်းက ရှန်ချင်းဖုန်းကို စကားအနည်းငယ် မှာကြားလိုက်ပြီး ဝိညာဉ်လှေကို စီးနင်းကာ ဖန်လုံတောင်ထိပ်မှ ပျံသန်း ထွက်ခွာသွားတော့သည်။ သူမ ဘယ်ကို သွားသည်ကိုမူ မည်သူမျှ မသိကြပေ။
လရောင်မှာ သာယာလှပနေပြီး မြက်ခင်းပြင်ကြီးမှာလည်း စိမ်းစိုနေ၏။
ထန်ယွင်၊ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့မှာ မြက်ခင်းပေါ်တွင် ထိုင်ကာ လရောင်ကို ခံစားရင်း ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံကြီးကို မော့ကြည့်နေကြသည်။
မကြာမီမှာပင် ဝတ်စုံဖြူကို ဝတ်ဆင်ထားသော ကျုံးဝူစစ်ယောင်လည်း လမ်းလျှောက်လာပြီး ထန်ယွင်၏ ညာဘက်ခြမ်းတွင် ထိုင်လိုက်၏။
သူတို့ ၄ ဦး စကားဖောင်ဖွဲ့နေကြပြီး ခဏအကြာ၌ မိန်းကလေး ၃ ဦးမှာ ရယ်မောနေကြတော့သည်။
မုမုန့်ဂျီသည် ထန်ယွင်က ကောင်းကင်ကိုသာ ငေးကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ပြောလိုက်၏။
“ရှင် ဘာတွေ တွေးနေလဲဆိုတာ ကျွန်မ သိပါတယ်... တစ်နေ့နေ့မှာ ရှင့်ရန်သူကို သေချာပေါက် သတ်နိုင်မှာပါလို့ ကျွန်မ ယုံကြည်တယ်”
ထိုအချိန်တွင် ကျုံးဝူစစ်ယောင်က ကြယ်တာရာ ကောင်းကင်ယံကို စိုက်ကြည့်နေသည်။ သူမ၏ လှပသော မျက်လုံးများတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
“ထန်ယွင်... ကျွန်မ ဆုံးဖြတ်လိုက်ပြီ... နောက်ဆို ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တော့မယ်... ခွန်အားကို အမြန်ဆုံး တိုးတက်အောင် လုပ်ချင်တယ်... ကျွန်မတို့တွေ အားလုံးပေါင်းပြီး ရှင် ကလဲ့စားချေဖို့ ကူညီပေးမယ်လေ”
“ကောင်းပြီလေ”
ထန်ယွင်က ကောင်းကင်ကိုသာ ဆက်လက် ငေးကြည့်နေဆဲ ဖြစ်၏။ သူသည် အနန္တသံသရာအတွင်း၌ သေဆုံးသွားခဲ့ရသော ဆွေမျိုးများအကြောင်းကို တွေးမိသည့်အခါ သူ့လက်သီးများမှာ အလိုအလျောက် တင်းတင်းဆုပ်ထားမိတော့သည်။
“ဟေး... နေပါဦး... နင်တို့ ငါ့ကို တစ်ခုခု ဖုံးကွယ်ထားကြတာလား”
ရွှယ်ဇီယန်က နှာခေါင်းရှုံ့ကာ ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် မေးလိုက်၏။
မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့က တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြသည်။
“မရှိပါဘူး”
“မရှိဘူး ဟုတ်လား... ငါ့ကို လူအလို့ ထင်နေတာလား... နင်တို့ တစ်ခုခုကို တွေးနေကြတာ ငါ သိတယ်နော်”
ရွှယ်ဇီယန်က မကျေမနပ် ပြောလိုက်သည်။
“နင်တို့က ငါ့ကို အပြင်လူလို ဆက်ဆံနေကြတာပဲ... ဟွန့်”
“ခဲအို... ရှင် ကျွန်မကို ဘာတွေ ဖုံးကွယ်ထားတာလဲ... တကယ်လို့ ရှင် မပြောရင် နောက်ဆို ရှင့်ကို လုံးဝ စကားမပြောတော့ဘူး”
ထိုစကားကြောင့် ထန်ယွင်က ကောင်းကင်ကို မော့ကြည့်နေရာမှ သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များမှာလည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ရွှယ်ဇီယန်ကို ကြည့်ကာ ပြောလိုက်၏။
“တကယ် ဘာမှ မရှိပါဘူး”
“ခဲအို... ရှင် တကယ်ပဲ မပြောဘူးလား”
ရွှယ်ဇီယန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ မျက်လုံးများထဲတွင်လည်း လှည့်ကွက်တစ်ခု ရှိနေပုံရသည်။
“ခဲအို... ရှင် မှတ်မိသေးလား... အစ်မမုနဲ့ စစ်ယောင်တို့ မကျင့်ကြံခင် ရှင့်ဆီ စာသွားပို့ခိုင်းတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ”
“ဘာဖြစ်လို့လဲ... မင်းပြောတာကို ငါ နားမလည်ဘူး”
ထန်ယွင်က ဇဝေဇဝါ ဖြစ်သွားရသည်။
“ကောင်းပြီလေ... ဒါဆိုရင် ကျွန်မ ရှင့်ကို သတိပေးရတာပေါ့... အဲ့ဒီတုန်းက ကျွန်မက မျက်စိမှိတ်ထားပြီး ကျွန်မ ဘယ်သူလဲဆိုတာ ရှင့်ကို ခန့်မှန်းခိုင်းတော့ ရှင်က ကျွန်မနာမည်ကို တန်းပြီး မှန်အောင် ပြောနိုင်ခဲ့တယ်လေ...”
ရွှယ်ဇီယန်က ပြောရင်း သူမ၏ မျက်နှာလေးမှာ အနည်းငယ် ရှက်သွေးဖြာသွားသော်လည်း မကြာမီမှာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူမက ထန်ယွင်၏ အနောက်သို့ သွားကာ သူမ၏ လက်ညှိုးလေးဖြင့် ထန်ယွင်၏ ကျောပေါ်တွင် အလျင်အမြန် စာရေးလိုက်တော့သည်။
‘နင်တို့ ၃ယောက် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာ သေချာတယ်... တကယ်လို့ နင် မပြောရင်တော့ နင် ငါ့ကို စော်ကားခဲ့တဲ့အကြောင်း အစ်မမုနဲ့ စစ်ယောင်တို့ကို ငါ အကုန်ပြောပြပစ်မယ်’
ထန်ယွင်သည် အစောပိုင်းက ရွှယ်ဇီယန်ကို အဘယ်ကြောင့် မှန်အောင် ခန့်မှန်းနိုင်ခဲ့သနည်းဟူသော အကြောင်းရင်းကို ကောင်းစွာ မှတ်မိနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ရင်သားများမှာ သူ့ကျောပြင်ကို ထိကပ်နေခဲ့သဖြင့် သူက ခန့်မှန်းကြည့်ရုံဖြင့် သူမဖြစ်ကြောင်း သိခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။
အခုတော့ ရွှယ်ဇီယန်က ထိုကိစ္စဖြင့် သူ့ကို ခြိမ်းခြောက်နေပြီ ဖြစ်၏။
ဒါက တကယ့်ကို အကျပ်ကိုင် ခြိမ်းခြောက်မှုကြီးပင်။
အခန်း ၃၉၉ ပြီး
***