ထန်ယွင်က ရွှယ်ဇီယန်၏ အကြောင်းကို မစဉ်းစားမိသော်လည်း ထိုကိစ္စကိုမူ မှတ်မိနေဆဲပင်။ ၎င်းကို မုမုန့်ဂျီနှင့် ကျုံးဝူစစ်ယောင်တို့ သိသွား၍ လုံးဝ မဖြစ်ပေ။
ထို့ကြောင့် သူက အမူအရာမပျက် ပြုံးလျက် ပြောလိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ၊ ပြိုင်ပွဲကြီး ပြီးတဲ့အခါ ငါ မင်းကို ပြောပြပါ့မယ်... အခုတော့ တောင်ထိပ်ပေါ်မှာ လူတွေ အများကြီး ရှိနေတာဆိုတော့ ပြောဖို့ အချိန်မဟုတ်သေးဘူး”
ထိုအခါမှ ရွှယ်ဇီယန်က ထန်ယွင်၏ ကျောပြင်မှ ခွာလိုက်ပြီး ပြုံးနေတော့သည်။
“ထန်ယွင်... ခုနက ဇီယန် ဘာလုပ်တာလဲ”
မုမုန့်ဂျီက စပ်စုချင်သော လေသံဖြင့် မေးလိုက်၏။
“အာ... ဘာမှ မဟုတ်ပါဘူး”
ထန်ယွင်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
“ဟွန့်... ကြည့်ရတာ အမှန်အတိုင်း ပြောပုံမရဘူး”
မုမုန့်ဂျီက ရွှယ်ဇီယန်ကို စိုက်ကြည့်ကာ မေးလိုက်ပြန်သည်။
“ပြောစမ်း... ခုနက ထန်ယွင်ရဲ့ အနောက်မှာ နင် ဘာလုပ်လိုက်တာလဲ”
“အစ်မမု... ကျွန်မ မပြောနိုင်ဘူး... ဒါက ခဲအိုနဲ့ ကျွန်မကြားက လျှို့ဝှက်ချက်လေ”
ကြယ်တာရာ ကောင်းကင်ယံအောက်တွင် ရွှယ်ဇီယန်က ပေါ့ပေါ့ပါးပါး နေနေဆဲ ဖြစ်သော်လည်း၊ ထိုစဉ်က ထန်ယွင် သူမ၏ ရင်သားကို စိုက်ကြည့်ခဲ့သော အကြည့်ကို ပြန်လည် တွေးမိလိုက်သည့်အခါ သူမ၏ နှလုံးသားမှာ ဒိတ်ဒိတ်တုန်အောင် ခုန်နေတော့၏။
တောင်ထိပ်၏ အခြားတစ်ဖက်တွင် ကုန်းစွန်းရို့ရှီ တစ်ဦးတည်း ကျော့ရှင်းစွာ ရပ်နေပြီး အဝေးသို့ ငေးကြည့်နေ၏။ သူမ၏ မျက်လုံးများထဲတွင်မူ နက်ရှိုင်းလှသော နာကျည်းချက်များ ပြည့်နှက်နေတော့သည်။
သူမကိုယ်သူမ မည်သူဖြစ်ကြောင်း၊ ဘယ်က လာကြောင်းကို မသိပေ။ သူမ၏ အဘိုးဖြစ်သူ ကုန်းစွန်းယန်ချန်းက သူမကို ကောက်ရခဲ့သည်ဟူသော အချက်ကိုသာ သိထားခြင်း ဖြစ်၏။
နောက်တစ်နေ့ မနက်တွင် နေမင်းကြီးမှာ အရှေ့ဘက်မှ ထွက်ပေါ်လာပြီး ပြိုင်ပွဲ စတင်မည့်အချိန်သို့ ချဉ်းကပ်လာခဲ့လေပြီ။
ရှန်စုပင်းက ဝိညာဉ်လှေကို စီးနင်းလျက် ဖန်လုံတောင်ထိပ်သို့ ပြန်လည် ရောက်ရှိလာပြီး ထန်ယွင်၊ ကျုံးဝူစစ်ယောင်၊ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့ထံသို့ လာရောက်ကာ မုမုန့်ဂျီကို သေခြင်းတရားဓာတ် ပါဝင်သော အဆင့်မြင့် ဝိညာဉ်လက်နက် ဓားပျံတစ်လက် ပေးလိုက်၏။
မုမုန့်ဂျီက ထိုဓားကို ဝမ်းသာအားရ လက်ခံလိုက်ပြီးနောက် အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ ရှန်စုပင်းသည် ညတွင်းချင်းပင် နတ်ဘုရားတံခါး ဈေးသို့ သွားရောက်ကာ သူမအတွက် ဤဓားပျံကို ဝယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သူမ သိလိုက်ရသောကြောင့်ပင်။
ပြိုင်ပွဲ စတင်မည့်အချိန်သို့ ရောက်ရှိလာသည့်အခါ အုပ်စု ၉ ခုမှ တပည့်များမှာ တောင်ထိပ်ပေါ်တွင် အစီအစဉ်တကျ ငြိမ်သက်စွာ ရပ်နေကြပြီ ဖြစ်၏။
နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်တွင် ဒုတိယအဆင့်၌ ယှဉ်ပြိုင်ကြမည့် အစွမ်းထက်သူ ၁၃ ဦး ရပ်နေကြသည်။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထန်ထိုင်ကျုံးတယ်က ထို ၁၃ ဦးကို ငုံ့ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။
“အခု ဒုတိယအဆင့် ပြိုင်ပွဲကို ကျင်းပတော့မယ်... မဲနှိုက်ရာမှာ တစ်ယောက်ကတော့ တတိယအဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရလိမ့်မယ်”
ထန်ထိုင်ကျုံးတယ်က ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ထန်ယွင်တို့ ၁၃ ဦး၏ ခေါင်းပေါ်တွင် လက်သီးဆုပ်ခန့် ရှိသော အလင်းကုလားကာ ၁၃ ခု ပေါ်လာတော့သည်။
ထိုကုလားကာများထဲတွင် တူညီသော ဂဏန်း ၆ စုံနှင့် ဂဏန်းတစ်ခု မကိန်း ပါဝင်နေ၏။
အကယ်၍ ထန်ယွင်က ဂဏန်း ၁ ကို နှိုက်မိပါက ဂဏန်း ၁ ရရှိသော အခြားတပည့်တစ်ဦးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို ၁၃ ဦးထဲမှ ကံအကောင်းဆုံးသူမှာ ဂဏန်း ၇ ကို ရရှိသူဖြစ်ပြီး ၎င်းမှာ တိုက်ရိုက် တက်ရောက်ခွင့်ကို ဆိုလိုခြင်း ဖြစ်၏။
“ဝှစ်... ဝှစ်... ဝှစ်...”
ထန်ယွင်တို့ ၁၃ ဦးလုံးက ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြရာ အလင်းကုလားကာ ၁၃ ခုကို ထိမှန်သွားသည့်အခါ ကုလားကာများမှာ လှိုင်းထသွားပြီး ဂဏန်း တစ်ခုစီ ပေါ်လာတော့သည်။
ဂဏန်းများသည် ခေတ္တမျှ ပေါ်နေပြီးနောက် အလင်းကုလားကာနှင့်အတူ ပျောက်ကွယ်သွားကြ၏။
မဲနှိုက်မှု ရလဒ်များမှာ - သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်းက ဂဏန်း ၁ ရရှိပြီး၊ လေနှင့်မိုးကြိုးအုပ်စုမှ ဝေဖန်ရေးသခင် လုရန်ကလည်း ဂဏန်း ၁ ရရှိသဖြင့် သူတို့နှစ်ဦးသည် ပထမဆုံးပွဲတွင် ဆုံတွေ့ကြရမည် ဖြစ်သည်။
ဒုတိယပွဲ : ရှေးဟောင်းဝိညာဉ်အုပ်စုမှ ကျွင်းပုဖျင် နှင့် ရှေးဟောင်းဝိညာဉ်အုပ်စုမှ ရှန်ကွန်းပင်းပင်း။
တတိယပွဲ : လေနှင့်မိုးကြိုးအုပ်စုမှ ကုရိရှန်း နှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ ခယ်ရှင်းယီ။
စတုတ္ထပွဲ : လက်နက်အစီအရင်အုပ်စုမှ ဟောင်ဖူထင်ဖုန်း နှင့် သားရဲဝိညာဉ်အုပ်စုမှ ချန်ဆုန့်။
ပဉ္စမပွဲ : ထန်ယွင် နှင့် အမှောင်မိစ္ဆာ ခန်းရှီယွန်း။
ဆဋ္ဌမပွဲ : မုမုန့်ဂျီ နှင့် ရှေးဟောင်းဝိညာဉ်အုပ်စုမှ ရှောင်ချင်းရွှမ်း။
နောက်ဆုံးတွင် ရွှယ်ဇီယန်ကတော့ တိုက်ရိုက် တက်ရောက်သွားရ၏။
ဤရလဒ် ထွက်ပေါ်လာသည်နှင့် ပရိသတ်များမှာ ဆူညံသွားကြတော့သည်။ လူတိုင်းက ထန်ယွင်နှင့် ခန်းရှီယွန်းတို့ကို အမျိုးမျိုးသော အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။ ဒုတိယအဆင့်မှာတင် သူတို့နှစ်ဦး ဆုံတွေ့ကြလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
လူတိုင်း၏ စိတ်ထဲတွင် ထန်ယွင်နှင့် ခန်းရှီယွန်းတို့မှာ တူညီသော ရက်စက်ကြမ်းကြုတ်သည့် အမျိုးအစားများ ဖြစ်ကြသည်ဟု ယူဆထားကြ၏။
ထို့အပြင် ထန်ယွင်နှင့် ခန်းရှီယွန်းတို့၏ ခွန်အားမှာ ထို ၁၃ ဦးထဲတွင် ထိပ်တန်း ၆ ဦး စာရင်းဝင်မည်မှာ သေချာလှကြောင်း သူတို့ မြင်နိုင်ပေသည်။
တစ်ချိန်တည်းမှာပင် ပရိသတ်များ၏ စိတ်ထဲတွင် ပထမ ၄ ပွဲမှာ နှစ်ဖက်စလုံး၏ ခွန်အား ကွာခြားမှုကြောင့် အချို့မှာ အရှုံးပေးကြလိမ့်မည်ဟု ခန့်မှန်းထားကြ၏။
သို့သော် စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲများမှာ ပဉ္စမပွဲရှိ ထန်ယွင်နှင့် ခန်းရှီယွန်းတို့၏ တိုက်ပွဲနှင့်၊ ဆဋ္ဌမပွဲရှိ မုမုန့်ဂျီနှင့် ရှောင်ချင်းရွှမ်းတို့၏ တိုက်ပွဲပင် ဖြစ်သည်။
ဤ ၂ ပွဲမှာ အစွမ်းထက်သူများ၏ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်ပွဲများ ဖြစ်လာမည်မှာ သေချာလှပြီး မည်သူက အောင်နိုင်မည်ကို ခန့်မှန်းရန် ခဲယဉ်းလှပေသည်။
သို့သော်လည်း ရွှယ်ဇီယန်မှာမူ ဤသို့ တိုက်ရိုက် တက်ရောက်ခွင့် ရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အလွန်ပင် ဝမ်းသာနေတော့၏။
“ဝှစ်”
နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်မှ ရှန့်ရှန့်ထျန်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ခန့်ညားစွာ ဆင်းသက်လိုက်သည်။
“တောက်... ငါ့နှယ်... ပထမဆုံးပွဲမှာတင် သူ့နဲ့မှ ဆုံရတယ်လို့... ဘုရားရေ... ဒါက ငါ့ကို ကျီစယ်နေတာပဲ”
လူကောင်ကြီးကြီး ဝဝ ဝေဖန်ရေးသခင် လုရန်သည် တစ်ကိုယ်လုံး တုန်ခါလျက် ချန်လုံစင်မြင့်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး ရှန့်ရှန့်ထျန်းကို လက်အုပ်ချီကာ ပြောလိုက်၏။
“ကျွန်တော် နုတ်ထွက်ပါတယ်”
“ကျေးဇူးတင်ပါတယ်”
ရှန့်ရှန့်ထျန်းက မတိုက်ခိုက်ရဘဲ အနိုင်ရရှိသွားပြီး နံပါတ် ၁ ချန်လုံစင်မြင့်သို့ ပျံတက်သွားတော့သည်။
ထိုမြင်ကွင်းကို မြင်ရသည့်အခါ တပည့်များမှာ အံ့ဩခြင်း မရှိကြပေ။ သူတို့က လုရန်မှာ အစွမ်းထက်ကြောင်း သိသော်လည်း ရှန့်ရှန့်ထျန်းကိုမူ ယှဉ်နိုင်စွမ်း မရှိကြောင်း သိထားကြသောကြောင့် ဖြစ်၏။ အမှန်စင်စစ် ရှန့်ရှန့်ထျန်းသည် ချန်ပီယံဖြစ်ရန် ရေပန်းအစားဆုံးသူတစ်ဦး မဟုတ်ပါလော။
ဒုတိယပွဲတွင် ရှေးဟောင်းဝိညာဉ်အုပ်စုမှ ကျွင်းပုဖျင်က သူ အမြဲတမ်း စွဲလန်းခဲ့ရသော ရှန်ကွန်းပင်းပင်း၏ ရှေ့တွင် ရပ်ကာ အလေးအနက် ပြောလိုက်၏။
“ပင်းပင်း... တတိယအဆင့်မှာ နင် တခြားသူတွေနဲ့ တိုက်ခိုက်နေတာကို ငါ မမြင်ချင်ဘူး... ငါတို့ရဲ့ ခွန်အားက တူတူပဲဆိုတော့ ဒီပွဲမှာ ငါ့ကိုပဲ အနိုင်ပေးလိုက်ပါ”
ကျွင်းပုဖျင်က သူ ချစ်မြတ်နိုးသော အမျိုးသမီးကို အန္တရာယ် မကျရောက်စေလိုသဖြင့် ဤပွဲတွင် သူ အနိုင်ရယူကာ တတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းလိုခြင်း ဖြစ်၏။
ရှန်ကွန်းပင်းပင်းသည် ကျွင်းပုဖျင်ကို စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
“နောက်ပွဲတွေမှာတော့ သတိထားနော်”
စကားဆုံးသည်နှင့် ရှန်ကွန်းပင်းပင်းက ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်သွားသဖြင့် ဒုတိယပွဲတွင် ကျွင်းပုဖျင် အနိုင်ရရှိသွားတော့သည်။
တတိယပွဲတွင် လေနှင့်မိုးကြိုးအုပ်စုမှ ကုရိရှန်းနှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ ခယ်ရှင်းယီတို့ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ တက်လာကြရာ ကုရိရှန်းသည် မနေ့ညက သူ့ဆရာ မှာကြားခဲ့သည့်အတိုင်း နေရာမှာတင် အရှုံးပေးလိုက်သဖြင့် ခယ်ရှင်းယီ တတိယအဆင့်သို့ တက်ရောက်သွားရ၏။
စတုတ္ထပွဲတွင် ဟောင်ဖူထင်ဖုန်းနှင့် ချန်ဆုန့်တို့ ဆုံတွေ့ကြရာ ချန်ဆုန့်ကလည်း ချက်ချင်းပင် အရှုံးပေးပြီး နုတ်ထွက်သွားသဖြင့် ဟောင်ဖူထင်ဖုန်း တတိယအဆင့်သို့ တက်ရောက်သွားပြန်သည်။
ခန်းရှီယွန်းက အားနည်းသော အသွင်အပြင်ဖြင့်ပင် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး နံပါတ် ၃ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်ကို ကြည့်ကာ ရက်စက်စွာ ပြုံးပြလိုက်၏။
ထန်ယွင်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့အရိပ်မှာ လျှပ်ခနဲ လှုပ်ရှားကာ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားပြီး ခန်းရှီယွန်းနှင့် မီတာ ၃၀၀ ခန့် အကွာတွင် ရပ်နေလိုက်တော့သည်။
ချက်ချင်းပင် တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အစွမ်းထက်သူ နှစ်ဦးကြားမှ အသက်နှင့်ရင်းသော တိုက်ပွဲကို မြင်တွေ့ရန် အသင့်ပြင်လိုက်ကြတော့၏။
ထန်ယွင်နှင့် ခန်းရှီယွန်းတို့ကြားတွင် တစ်ဦးဦး သေချာပေါက် သေဆုံးရလိမ့်မည်ဟု လူတိုင်း ယုံကြည်နေကြသည့် အကြောင်းရင်း ၂ ခု ရှိသည်။
ပထမအချက်မှာ ထန်ယွင်သည် သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ မြေး လင်းဟုချန်ကုန်းကို သတ်ခဲ့ခြင်း ဖြစ်ပြီး ခန်းရှီယွန်းက သန့်စင်သောဝိညာဉ်ပိုင်ရှင်၏ တပည့်ရင်း ဖြစ်နေသဖြင့် ထန်ယွင်ကို သေချာပေါက် သတ်လိမ့်မည် ဖြစ်သောကြောင့်ပင်။
ဒုတိယအချက်မှာ လူတိုင်း မြင်တွေ့ထားသည့်အတိုင်း ထန်ယွင်သည် အစွမ်းထက်ပြီး ပြတ်သားသူဖြစ်ရာ လုံးဝ နောက်ဆုတ်မည့်သူ မဟုတ်သောကြောင့် ဖြစ်၏။
ထို့ကြောင့် ဤတိုက်ပွဲမှာ အစစ်အမှန် အသက်နှင့်ရင်းသော တိုက်ပွဲ ဖြစ်လာမည်ဟု လူတိုင်း ယုံကြည်နေကြခြင်းပင်။
“အောက်တန်းစား... ဒီနေ့က မင်း သေရမယ့်နေ့ပဲ”
ခန်းရှီယွန်းက ယုတ်မာစွာ ရယ်မောလိုက်ပြီးနောက် ရုတ်တရက် မိစ္ဆာအုပ်စုများ ကခုန်ခြင်းကို စတင်လိုက်တော့သည်။
သူ့လက်နှစ်ဖက်မှာ ရင်ဘတ်ရှေ့တွင် အရှိန်အဟုန်ဖြင့် လှုပ်ရှားသွားပြီး ပါးစပ်မှလည်း မန္တန်များကို ရွတ်ဆိုနေ၏။ ရုတ်တရက် သေခြင်းတရား စွမ်းအားများဖြင့် ဖွဲ့စည်းထားသော အနက်ရောင် ဓားမြှောင်တစ်လက်မှာ သူ့ရှေ့တွင် ဆိုင်းငံ့နေတော့သည်။
ခဏအတွင်း ၂ လက်၊ ၃ လက်... အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ထောင်ပေါင်းများစွာသော ဓားမြှောင်လေးများမှာ သူ့ပတ်ပတ်လည်တွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့၏။
သူ့အရှိန်အဝါမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ ကို ကျော်လွန်ကာ အဆင့်၂ သို့ပင် ချဉ်းကပ်လာနေတော့သည်။ မမြင်ရသော အရှိန်အဝါကြောင့် သူ၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးမှာ တုန်ခါနေရပြီး ဓားမြှောင်လေးများ ဖြတ်သန်းသွားတိုင်း ဟင်းလင်းပြင်ကို အက်ကြောင်းလေးများ ဖြစ်ပေါ်သွားစေတော့၏။
ဓားမြှောင်လေး တစ်လက်ချင်းစီ၏ စွမ်းအားမှာ ဝိညာဉ်သန့်စင်ခြင်းအဆင့် ၁ ရှိသော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်မှုနှင့် တူညီလှပေသည်။
“ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်”
ဤအချိန်တွင် ထန်ယွင်က ဓားအစီအရင်ကို အလျင်အမြန် ခင်းကျင်းလိုက်ပြီ ဖြစ်ရာ မိစ္ဆာအုပ်စုများ ကခုန်ခြင်းကို ထုတ်ဖော်နေသော ခန်းရှီယွန်းမှာ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားတော့သည်။
ဓားအစီအရင် ပေါ်ထွက်လာခြင်းကြောင့် တောင်ထိပ်တွင် ပွဲကြည့်နေကြသော တပည့်အများစုမှာ စိတ်ပျက်သွားကြရ၏။
မနေ့ညက ခန်းရှီယွန်းသည် နံပါတ် ၁ အစွမ်းထက်သူဟု အသိအမှတ်ပြုခံထားရသော ဝူလင်ကို မိစ္ဆာအုပ်စုများ ကခုန်ခြင်း၏ ကွက်ကွက်လေး တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်ကို သူတို့ ကောင်းစွာ မှတ်မိနေကြသောကြောင့်ပင်။
အကယ်၍သာ ဝိညာဉ်ငါးပါးပိုင်ရှင်က သူ့မြေးအတွက် အသနားမခံခဲ့လျှင် ဝူလင်မှာ ထိုမိစ္ဆာအုပ်စုများကြား၌ သေချာပေါက် သေဆုံးသွားလိမ့်မည် ဖြစ်၏။
ဤအခိုက်အတန့်တွင် တောင်ထိပ်ပေါ်ရှိ လူတိုင်းမှာ ဆူညံသွားကြတော့သည်။ မည်သို့ဖြစ်စေ သူတို့သည် ဓားအစီအရင် အတွင်းမှ အခြေအနေကို မမြင်နိုင်ကြတော့ပေ။ တပည့်အားလုံးမှာ ထန်ယွင်က ခန်းရှီယွန်း၏ မိစ္ဆာအုပ်စုများ တိုက်ခိုက်မှုကို တောင့်ခံနိုင်ပါ့မလားဟု အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတော့လေသည်။
အခန်း ၄၀၀ ပြီး
***