“ဟားဟားဟား...”
ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲ၌ ခန်းရှီယွန်းမှာ ဓားပျံကို စီးနင်းလျက် ဦးခေါင်းခွံကြီးအား ထိန်းချုပ်ကာ သစ်သားဓာတ် စွမ်းအားများကို ချေမှုန်းပြီး ထန်ယွင်ထံသို့ လှိမ့်ဆင်းသွားစေရင်း ရယ်မောသံကို မရပ်နိုင်ဘဲ ဖြစ်နေ၏။
“ထန်ယွင်... မင်းက ဘာလို့ အချိန်နဲ့ ဟင်းလင်းပြင် စွမ်းအားတွေကို ထိန်းချုပ်နိုင်ရုံတင်မကဘဲ သစ်သားဓာတ် စွမ်းအားကိုပါ သုံးနိုင်နေတာလဲဆိုတာ ငါ မသိပေမဲ့... မင်းရဲ့ ရုန်းကန်မှုတွေ အားလုံးက အလကားပါပဲ”
“ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် မင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့အခါ မင်းကို ငါ သေအောင် လုပ်ပြမယ်... ဆေးဝါးအုပ်စုက လူအားလုံးရဲ့ ရှေ့မှာ မင်းကို ဓားနဲ့ တစ်စစီ လှီးဖြတ်ပြီး သတ်ပြမယ်”
ထိုမျှ ကြမ်းတမ်းရက်စက်သော အသံကို ရင်ဆိုင်နေရသော်လည်း ထန်ယွင်ကမူ တိတ်ဆိတ်မှုကိုသာ ရွေးချယ်လိုက်၏။
သစ်သားဓာတ် စွမ်းအားဖြင့် သူသည် ထိုဦးခေါင်းခွံကြီးကို လုံးဝ မချုပ်နှောင်နိုင်ပေ။
သေချာသည်မှာ ထိုသို့ဖြစ်လာရန်လည်း သူ မမျှော်လင့်ထားပေ။ သူ လိုချင်သည်မှာ ဦးခေါင်းခွံကြီးကို ခေတ္တမျှ ထိန်းထားနိုင်ရန်နှင့် သူ လွတ်မြောက်ရန်အတွက် အချိန်အနည်းငယ် ရရှိရန်သာ ဖြစ်၏။
သစ်သားဓာတ် စွမ်းအားများ ပျက်စီးသွားခြင်းက ထန်ယွင်အတွက် အချိန်အနည်းငယ် ရရှိသွားစေသည်။ သူသည် ဟုန်မန် နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ မီးလျှံနတ်ဘုရားဓားကို ကိုင်ဆောင်လျက် ချန်လုံစင်မြင့်ထက်မှ ဝဲလှည့်ကာ ဟင်းလင်းပြင်ထဲသို့ လျှပ်ခနဲ တိုးဝင်သွားစဉ် ဟိန်းဟောက်လိုက်တော့သည်။
“သေခြင်းတရား ချောက်နက်ကြီး”
ထိုသို့ ရွတ်ဆိုလိုက်သည်နှင့် ထန်ယွင်မှာ ပေ ၁,၀၀၀ ခန့် မြင့်သော ဟင်းလင်းပြင်သို့ ရောက်ရှိသွားပြီ ဖြစ်၏။ သူသည် ခန်းရှီယွန်းထက်ပင် ပို၍ ယုတ်မာသော အပြုံးဖြင့် အကြိမ်ကြိမ် လှောင်ပြောင်လိုက်သည်။
“ကောင်လေး... စစ်မှန်တဲ့ သေခြင်းတရား စွမ်းအားဆိုတာ ဘာလဲဆိုတာ ငါ မင်းကို ပြပေးရတာပေါ့”
ထန်ယွင် စကားပြောနေစဉ်မှာပင် ခန်းရှီယွန်းက ဟင်းလင်းပြင် ဒီရေလှိုင်းများအတွင်း၌ ပိုးစုန်းကြူးအလား ဖြစ်နေသော အနက်ရောင် အလင်းစက်လေးတစ်ခု သူ့ကျောပြင်ဆီသို့ ဦးတည်လာနေသည်ကို သတိပင် မထားမိလိုက်ပေ။
“ဟဲဟဲ... မင်းကလည်း သေခြင်းတရား စွမ်းအားကို သုံးနိုင်တယ် ဟုတ်လား... ဘာတွေ လာပြောနေတာလဲ”
ခန်းရှီယွန်းက ရယ်မောကာ အော်ဟစ်လိုက်၏။
“ပျက်စီးသွားစမ်း”
“ဂျောက်... ဂျောက်...”
အောက်ဘက်ရှိ ဧရာမ ဦးခေါင်းခွံကြီးသည် သစ်သားဓာတ် စွမ်းအားအားလုံးကို ချေမှုန်းပစ်လိုက်ပြီး ထန်ယွင်ထံသို့ တစ်ဖန် တိုးဝင်လာသည့် အခိုက်အတန့်၌ ခန်းရှီယွန်း၏ အနောက်မှ အနက်ရောင် အလင်းစက်လေးမှာ အဆပေါင်း သန်းနှင့်ချီ၍ ရုတ်တရက် ကြီးမားလာတော့သည်။
၎င်းမှာ ချောက်နက်ကြီးတစ်ခုအလား ဧရာမ အနက်ရောင် ပါးစပ်ကြီးနှင့် တူနေပြီး အရာအားလုံးကို ဝါးမြိုပစ်တော့မည့်အတိုင်းပင်။
“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ”
ခန်းရှီယွန်းက သူကိုယ်တိုင် ပေ ၃၀၀ ခန့် ကျယ်ဝန်းသော ဝဲဂယက်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း ထိတ်လန့်တကြား သိလိုက်ရ၏။
ချောက်နက်ကြီးနှင့် တူသော ထိုဝဲဂယက်အတွင်း၌ ၁ ပေခန့် ရှည်လျားသော သေခြင်းတရား ဓားသွားလေးများသည် အဆုံးမရှိသော ငါးအုပ်ကြီးများအလား သေခြင်းတရား ချောက်နက်ကြီးတစ်ခုလုံးကို ပြည့်နှက်နေတော့သည်။ သေခြင်းတရား ဓားသွားလေး တစ်လက်ချင်းစီ၏ စွမ်းအားမှာ ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်အတွင်း၌ ၁၁ ဆအထိ မြင့်တက်နေပြီး မျှော်လင့်ချက်မဲ့နေသော ခန်းရှီယွန်းထံသို့ တိုးဝင် တိုက်ခိုက်လိုက်တော့သည်။
“အား... ဟင့်အင်း... မဟုတ်ဘူး”
ခန်းရှီယွန်း၏ နာကျင်စွာ အော်ဟစ်သံကြောင့် ဦးရေခွံပင် ထုံသွားရ၏။ သူ၏ ဝိညာဉ်စွမ်းအားများကို အရူးအမူး ထုတ်သုံးလျက် ဓားပျံဖြင့် ရှောင်တိမ်းရန် ကြိုးစားသော်လည်း အဆုံးမရှိသော သေခြင်းတရား ဓားသွားလေးများ၏ အရှိန်ထက် များစွာ နှေးကွေးနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့တစ်ကိုယ်လုံးမှ အသားစများမှာ ပေါက်ထွက်သွားပြီး အတောင်ပံ ကျိုးသွားသော သွေးရောင် လိပ်ပြာတစ်ကောင်အလား သူ၏ ဒဏ်ရာများမှ သွေးများမှာ ချောက်နက်ကြီးအတွင်းသို့ ပန်းထွက်လာကာ တစ်ကိုယ်လုံးရှိ အရိုးများ ထွက်ပေါ်လာတော့သည်။
“ပျက်စီးစမ်း”
ခန်းရှီယွန်းက အားကိုးရာမဲ့စွာ အော်ဟစ်လိုက်သည့်အခါ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲ၌ ထန်ယွင်ထံသို့ တိုးဝင်နေသော မီတာ ရာနှင့်ချီ ရှည်သည့် ဦးခေါင်းခွံကြီးမှာ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားဖြင့် ကြီးမားလှသော သေခြင်းတရား ချောက်နက်ကြီးထံသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
“ဘုန်း... ဘုန်း... ဘုန်း”
တောင်တစ်လုံးအလား ကြီးမားလှသော ဦးခေါင်းခွံကြီးမှာ သေခြင်းတရား ချောက်နက်ကြီး၏ အပြင်ဘက်ကို တိုက်မိပြီးနောက် ကျောက်တုံးကို ကြက်ဥနှင့် ထုသကဲ့သို့ပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
ခဏချင်းမှာပင် သေခြင်းတရား ချောက်နက်ကြီးအတွင်းရှိ ခန်းရှီယွန်းမှာ မကြုံစဖူးသော တုံ့ပြန်မှုကို ခံစားလိုက်ရသည်။ သူ၏ အသားမရှိတော့သော မျက်နှာတွင် မည်သည့် အမူအရာမျှ မမြင်ရသော်လည်း သွေးထွက်နေသော မျက်လုံးများအရ သူ မည်မျှ နာကျင်နေသည်ကို သိနိုင်ပေသည်။
“ပျောက်ကွယ်သွားစမ်း”
ထန်ယွင်၏ စိတ်အမိန့်ဖြင့် သေခြင်းတရား ချောက်နက်ကြီးမှာ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားပြီး တစ်ခါမျှ မရှိခဲ့ဖူးသကဲ့သို့ ဖြစ်သွားတော့သည်။
သေလုမြောပါး ဖြစ်နေသော ခန်းရှီယွန်းမှာ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာပြီး ချန်လုံစင်မြင့်ပေါ်သို့ ပြုတ်ကျသွားတော့၏။
လက်ရှိ ဒဏ်ရာဖြင့်သာ ပြုတ်ကျသွားခဲ့လျှင် သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။
ထန်ယွင်၏ လက်ဖဝါးမှ တောက်ပသော ဝိညာဉ်စွမ်းအား အလင်းတန်းတစ်ခု ကျဆင်းလာပြီး ခန်းရှီယွန်းကို ကြိုးတစ်ချောင်းအလား ပတ်ခွေလျက် ချန်လုံစင်မြင့်ပေါ်သို့ ဖြည်းညှင်းစွာ ချပေးလိုက်သည်။
“ဝှစ်”
ခန်းရှီယွန်းက လေပြေတစ်ခု တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရပြီး ထန်ယွင်မှာ သူ့ရှေ့တွင် ပေါ်လာကာ သူ့ကို အထက်စီးမှ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ခန်းရှီယွန်းက လေးလံလှသော မျက်ခွံများကို ဖွင့်လိုက်ရာ ပုံပျက်နေသော သူ့ပါးပြင်မှာ တုန်ယင်နေပြီး မျက်လုံးများထဲတွင်လည်း မကျေနပ်မှုများ ပြည့်နှက်နေတော့သည်။ သူ့လေသံမှာ အားနည်းနေသော်လည်း ပြောလိုက်သော စကားများမှာမူ အလွန်ပင် ရက်စက်လှပေ၏။
“ထန်ယွင်... မင်းမှာ သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်း... မင်းကို ငါ ကျိန်စာတိုက်တယ်... မင်း အသေဆိုးနဲ့ သေစေရမယ်၊ မင်းရဲ့ မိန်းမတွေကိုလည်း အရင်ဆုံး စော်ကားခံရပါစေလို့ ငါ ကျိန်ဆိုတယ်...”
“ဂျောက်”
ခန်းရှီယွန်း၏ စကားမှာ ပြတ်တောက်သွားရသည်။ ထန်ယွင်၏ ခြေထောက်က သူ့ပါးပြင်ကို နင်းထားသဖြင့် သူ့မေးရိုးမှာ ပိတ်သွားရပြီး မပီမသ အသံများသာ ထွက်ပေါ်လာနိုင်တော့သည်။
“ကောင်လေး... မင်းက ဟိုအဘိုးကြီး သန့်စင်သောဝိညာဉ်အုပ်စုရဲ့ ခိုင်းစေချက်အရ ငါ့ကို သတ်ဖို့ ကြိုးစားတာဆိုတော့... ငါကလည်း သူ့အတွက် မေ့မရနိုင်တဲ့ လက်ဆောင်တစ်ခု ပေးရမှာပေါ့”
ထန်ယွင်၏ မျက်နှာမှာ ကြောက်စရာကောင်းလှပေသည်။
“မင်း ငါ့ကို ဆဲတာဆိုရင်တော့ သေတော့မယ့် အမှိုက်တစ်ယောက်ပဲဆိုပြီး ငါ ဂရုမစိုက်ပါဘူး... ဒါပေမဲ့ မင်းက ငါ့ရဲ့ မိန်းမတွေကိုတော့ လုံးဝ စော်ကားလို့မရဘူး”
“ငါ ကတိပေးတယ်... မင်း သေရတာ တကယ်ကို သနားစရာ ကောင်းစေရမယ်... အခုတော့ စတင်ပြီး ခံစားဖို့ ပြင်ထားလိုက်တော့”
၎င်းနောက် ထန်ယွင်သည် နတ်ဘုရားဓား ‘ဟော်ဝူ’ ကို သူ့မျက်ခုံးကြားရှိ ဝိညာဉ်ကန်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်ပြီး လက်ယပ်ခေါ်လိုက်ရာ ခန်းရှီယွန်း မြေပြင်ပေါ်သို့ ချပစ်ခဲ့သော ဓားပျံမှာ သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။
ထန်ယွင်က အံကို တင်းတင်းကြိတ်လျက် ခန်းရှီယွန်း၏ ပါးစပ်အတွင်းသို့ ဓားကို ထိုးသွင်းလိုက်ပြီး ခန်းရှီယွန်း၏ နာကျင်နေသော အကြည့်အောက်မှာပင် သွားများနှင့် လျှာကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်ဆောင်လိုက်တော့သည်။
“အု... အု... အု...”
ထန်ယွင်က သူ၏ ညာဘက်ခြေထောက်ကို ခန်းရှီယွန်း၏ မျက်နှာပေါ်မှ ဖယ်ရှားလိုက်ပြီး မျက်လုံးများမှာ ရက်စက်မှုများ ပြည့်နှက်နေ၏။ သူက တစ်စုံတစ်ခုကို တွေးတောရင်း ပြောလိုက်သည်။
“ငါ သူ့ကို တိုက်ခိုက်ခဲ့တာ ခဏလေးပဲ ရှိသေးတယ်... ဒါကို တခြားသူတွေ မြင်ရင် ငါက သူတို့ထက် ပိုသန်မာနေတာကို သိသွားကြလိမ့်မယ်”
“ကိစ္စမရှိပါဘူး... ငါ့ရဲ့ ရန်သူတွေ အားလုံးကို တုန်လှုပ်သွားအောင် လုပ်ရတာပေါ့”
“သန့်စင်သောဝိညာဉ်အုပ်စု... ခင်ဗျားအတွက် ဝဋ်လည်မယ့်အချိန် ရောက်ပြီ”
ထန်ယွင်၏ စကားအဆုံးတွင် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်မှာ ပျက်ပြယ်သွားတော့လေသည်။
တစ်ချိန်တည်းမှာပင်...
တောင်ထိပ်ပေါ်ရှိ လူတိုင်းမှာ ပျက်ပြယ်တော့မည့် ဓားအစီအရင်ကို ကြည့်ကာ ဆွံ့အသွားကြရသည်။ ထန်ယွင်နှင့် ခန်းရှီယွန်းတို့၏ တိုက်ပွဲမှာ ခဏလေးသာ ကြာမြင့်ခဲ့သည် မဟုတ်ပါလော။ အောင်နိုင်သူမှာ ထွက်ပေါ်လာခဲ့ပြီလား။
မဖြစ်နိုင်တာ။ သူတို့နှစ်ဦးလုံး၏ ခွန်အားမှာ အလွန်ပင် သန်မာသင့်သည် မဟုတ်ပါလော။ ဘယ်လိုလုပ်ပြီး ဤမျှ အချိန်တိုအတွင်း တိုက်ပွဲ ပြီးဆုံးသွားရသနည်း။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ရှန်စုပင်းနှင့် သန့်စင်သောဝိညာဉ်အုပ်စုတို့မှာလည်း စိုးရိမ်တကြီး ဖြစ်နေကြရ၏။
ဆေးဝါးအုပ်စုနှင့် သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှာလည်း ထိုသို့ပင်။
လူတိုင်း၏ အကြည့်အောက်တွင် ဟုန်မန် နတ်ဘုရားသတ် ဓားအစီအရင်မှာ လှုပ်ခါနေသော မီးပုံကြီးတစ်ခုအလား နောက်ဆုံးတွင် ကွဲအက် ပျောက်ကွယ်သွားတော့သည်။
ချန်လုံစင်မြင့်ပေါ်ရှိ မြင်ကွင်းကို လူတိုင်း မြင်တွေ့လိုက်ရသည့်အခါ အားလုံး ဆွံ့အသွားကြပြီး အေးစက်သော လေများကိုသာ ရှူသွင်းနေကြတော့၏။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ မယုံကြည်နိုင်မှုများ၊ ငိုကြွေးသံများနှင့် စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများမှာ တစ်ပြိုင်နက် ထွက်ပေါ်လာတော့သည်။
“အားလုံး ကြည့်ကြစမ်း... မယုံနိုင်စရာပဲ၊ ခဏလေးအတွင်းမှာတင် ထန်ယွင်က ခန်းရှီယွန်းကို တကယ်ပဲ အနိုင်ယူလိုက်ပြီ”
“အားလုံးပဲ... ဆေးဝါးအုပ်စုက ထန်ယွင်က ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ... ထိုက်ရှန်းတင်မကဘူး ခန်းရှီယွန်းတောင် သူ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးပဲ”
“အား... ဝူး... စီနီယာအစ်ကိုခန်း”
“ဝူး... ဝူး... ဝူး... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... စီနီယာအစ်ကို ခန်းရှီယွန်းက ကျုပ်တို့ သန့်စင်သောဝိညာဉ်အုပ်စုရဲ့ ပါရမီရှင်တွေထဲက ပါရမီရှင်တစ်ဦးလေ... သူ ဘယ်လိုလုပ် အဲ့ဒီလောက် မြန်မြန် ရှုံးသွားရတာလဲ”
“ဝါး... ကျုပ်တို့ရဲ့ စီနီယာအစ်ကိုထန်ကတော့ တကယ်ကို အစွမ်းထက်တာပဲ... လုံးဝကို ပြိုင်ဘက်ကင်းပဲဟေ့”
“ဟားဟား... စီနီယာအစ်ကိုထန်က ပြိုင်ဘက်ကင်းပဲ... ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူး”
“မှန်တာပေါ့... ချန်လုံစာရင်းရဲ့ ထိပ်ဆုံးနေရာက ကျုပ်တို့ ဆေးဝါးအုပ်စုအတွက်ပဲ ဖြစ်ရမယ်... ဘယ်သူမှ မကျေနပ်ရင်လည်း စီနီယာအစ်ကိုထန်က လူလာရင် လူကိုသတ်၊ နတ်လာရင် နတ်ကိုသတ်ပြီး ရှင်းပေးလိမ့်မယ်”
“...”
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင်မူ ဖုံးကွယ်မထားနိုင်သော ဝမ်းသာမှုများ ပြည့်နှက်နေ၏။ ထိုသမက်လောင်းကတော့ အတည်ဖြစ်သွားပြီ ဖြစ်သည်။
ရှန်စုပင်းမှာမူ သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းလွှာများကို တင်းတင်းစေ့ထားမိပြီး နူးညံ့လှသော ကိုယ်လုံးလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေတော့သည်။ သူမ၏ လှပသော မျက်လုံးများမှာ အနည်းငယ် စိုစွတ်နေပြီး ဆေးဝါးအုပ်စုတွင် ထန်ယွင် ရှိနေခြင်းအတွက် သူမ အမှန်တကယ်ပင် ဂုဏ်ယူနေမိ၏။
အခြားတစ်ဖက်တွင်မူ သန့်စင်သောဝိညာဉ်အုပ်စုသည် ‘လင်းချီ’ သတ်ဖြတ်ခြင်း ခံထားရသဖြင့် အရိုးစုကြီးတစ်ခုအလား ဖြစ်နေသော ချစ်လှစွာသော တပည့်ကို ကြည့်ကာ မျက်ရည်များ ဝဲလျက် အော်ဟစ်နေလေတော့သည်။
“ဟင့်အင်း... မဟုတ်ဘူး”
အခန်း ၄၀၂ ပြီး
***