သန့်စင်သောဝိညာဉ်အုပ်စုက အက်ကွဲသော အသံဖြင့် ဟိန်းဟောက်လိုက်သည်။
“ထန်ယွင်... မင်းက တခြားသူတွေကို ခွင့်လွှတ်သင့်တဲ့နေရာမှာ ခွင့်လွှတ်ရမယ်... တောင်စဉ် ၉ခု ပြိုင်ပွဲမှာ မင်း ပါဝင်ခဲ့တဲ့ ဒီ ၂ ရက်အတွင်းမှာတင် လူဘယ်နှယောက်ကို သတ်ခဲ့ပြီးပြီလဲ”
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ သန့်စင်သောဝိညာဉ်အုပ်စုမှ အကြီးအကဲ ၁၀ ဦးကလည်း တစ်ယောက်တစ်ပေါက်ဖြင့် ဝိုင်းဝန်းကြိမ်းမောင်းကြတော့သည်။
“ထန်ယွင်... မင်းနဲ့ မိစ္ဆာနဲ့ ဘာကွာလို့လဲ”
“မှန်တယ်... မင်းက လူသတ်ဝါသနာပါပြီး ရက်စက်လွန်းတယ်... အသက်ရှင်ဖို့တောင် မထိုက်တန်တဲ့ကောင်ပဲ... မင်းက ရူးသွပ်နေတာပဲ”
“မင်းလို တပည့်မျိုး ရှိနေတာက ငါတို့ ရှေးဟောင်းဂိုဏ်းကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်... ဒီအကြီးအကဲကို ခန်းရှီယွန်းကို လွှတ်ပေးဖို့ ခွင့်ပြုစမ်းပါ”
ထိုသို့သော ဝိုင်းဝန်းကြိမ်းမောင်းမှုများကို ရင်ဆိုင်နေရစဉ်မှာပင် ထန်ယွင်က ရုတ်တရက် ပြုံးလိုက်၏။ သူ့အပြုံးမှာ အလွန်ပင် အေးစက်လှပေသည်။ သန့်စင်သောဝိညာဉ်အုပ်စုကို မော့ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
“လင်းဟူချန်ဟယ်... ခင်ဗျားရဲ့လူတွေကို ပါးစပ်ပိတ်ခိုင်းစမ်း”
“မင်းက ငါ့ရဲ့နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်ပေါ့... မင်း...”
လင်းဟူချန်ဟယ်၏ စကားမဆုံးမီမှာပင် ထန်ထိုင်ကျုံးတယ်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ကြားဖြတ်ပြောလိုက်၏။
“ဒီဂိုဏ်းချုပ်အတွက် အားလုံး ပါးစပ်ပိတ်ကြစမ်း”
ထန်ထိုင်ကျုံးတယ် စကားပြောလိုက်သည်နှင့် တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားရလောက်အောင် ငြိမ်သက်သွားတော့သည်။
“ထန်ယွင်... မင်းမှာ ပြောစရာ ရှိလို့လား”
ထန်ထိုင်ကျုံးတယ်က မေးလိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်ရဲ့ ခန္ဓာကိုယ်ဟာ မဖြောင့်မတ်တဲ့ အရိပ်တွေကို မကြောက်ပါဘူး... တပည့်ရဲ့ ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် အမှားအယွင်းမရှိ လုပ်ဆောင်နေရရင် လုံလောက်ပါပြီ... တခြားသူတွေ ဘာပြောပြော တပည့် ဂရုမစိုက်ပါဘူး”
ထန်ယွင်က ဦးညွှတ်ကာ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ လင်းဟူချန်ဟယ်ကတော့ လေးစားမှု မရှိတဲ့ အဘိုးကြီးတစ်ယောက်ပါ... သူက သန့်စင်သောဝိညာဉ်အုပ်စုရဲ့ အကြီးအကဲ တစ်ယောက်ဖြစ်ပါလျက်နဲ့ လူအများရှေ့မှာ အမှားအမှန်ကို ရောထွေးအောင် လုပ်ပြီး တပည့်ကို စွပ်စွဲနေတာပါ... အဲ့ဒီအတွက် တပည့်မှာ ပြောစရာ ရှိပါတယ်”
ထန်ထိုင်ကျုံးတယ်က သန့်စင်သောဝိညာဉ်အုပ်စုကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“မင်းမှာ ဘာပြောစရာ ရှိလဲဆိုတာ ပြောနိုင်ပါတယ်”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ထန်ယွင်က ဦးညွှတ်ရာမှ ပြန်ထလိုက်ပြီး တောင်ထိပ်ပေါ်ရှိ လူပေါင်း ၆၀၀,၀၀၀ ကျော်ကို ဝေ့ကြည့်လိုက်ရာ နက်မှောင်သော သူ့မျက်လုံးများထဲတွင် ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး ကျယ်လောင်စွာ ပြောလိုက်တော့သည်။
“လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်တော်ဟာ ရွေးချယ်ပွဲကို အောင်မြင်ပြီး ဟောင်ဖူနတ်ဘုရားဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပါတယ်... ဒါပေမဲ့ ဂိုဏ်းကို လာတဲ့ လမ်းမှာတင် ကျွန်တော်ဟာ ပထမဆုံး ရန်သူနဲ့ ဆုံခဲ့ရတယ်... သူကတော့ တခြားသူ မဟုတ်ပါဘူး... သားရဲဝိညာဉ်အဖွဲ့က ဒုတိယအကြီးအကဲ မူရုန်ဟုန်ရဲ့ မြေးဖြစ်တဲ့ မူရုန်ကွန်းပဲ”
“အဲ့ဒီတုန်းက သူက ယုတ်မာတဲ့စိတ်နဲ့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်... ကျွန်တော်ဟာ ကြိုးကြာငှက်ပေါ်ကနေ ခုန်ချပြီး ကျောက်တုံးကြီးတစ်ခုထဲမှာ သေချင်ယောင်ဆောင်ပြီး ပုန်းနေခဲ့ရလို့သာ အသက်ဘေးက လွတ်ခဲ့တာပါ”
“ဒါပေမဲ့ ကျွန်တော် ဂိုဏ်းကို ပြန်ရောက်တဲ့အခါမှာလည်း သူက ကျွန်တော့်ကို သတ်ဖို့ လူတွေကို အကြိမ်ကြိမ် လွှတ်ခဲ့တယ်... သူ့အပြင် နောက်ထပ် မောက်မာပြီး ရိုင်းစိုင်းတဲ့ အမှိုက်တစ်ယောက်လည်း ရှိသေးတယ်... သူကတော့ လင်းဟူချန်ဟယ်ရဲ့ မြေးဖြစ်တဲ့ လင်းဟူချန်ကုန်းပဲ”
“လင်းဟူချန်ကုန်းနဲ့ မူရုန်ကွန်းတို့ဟာ သူတို့ရဲ့ နောက်လိုက်တွေနဲ့အတူ နတ်ဘုရားကျဆုံးခြင်း ချောက်နက်မှာ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ သူတို့ပဲ ကျွန်တော့်လက်ချက်နဲ့ သေခဲ့ရတာပါ”
“အစကနေ အဆုံးထိ ကျွန်တော် သူတို့ကို အရင် သွားပြီး ရန်မစဖူးပါဘူး... သူတို့ သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ ဝေဖန်မနေချင်ဘူး... တကယ်လို့ ပြောရမယ်ဆိုရင်တော့ စကား ၃လုံးပဲ ရှိတယ်... သေထိုက်တယ်”
“ပြင်ပစည်းမှာ နေခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း နောက်ထပ်လူတစ်ယောက် ရှိသေးတယ်... သူကတော့ ပြင်ပစည်းရဲ့ တရားဥပဒေစိုးမိုးရေးအကြီးအကဲ ချိုယုံချုံး ပဲ... သူ့ရဲ့ တပည့် မိသားစုက ကျွန်တော့်ရဲ့ ထန်မိသားစု တစ်စုလုံးကို သတ်ဖို့ ကြိုးစားခဲ့လို့ ကျွန်တော်က သူ့တပည့်ကို သတ်လိုက်တဲ့အခါမှာ သူက ကျွန်တော့်ကို အသေသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြန်တယ်”
“နောက်ပိုင်းမှာ အုပ်စု ၉ ခုက ခေါင်းဆောင်တွေ ပြင်ပစည်းကို တပည့် လာရွေးတဲ့အခါမှာ ချိုယုံချုံးနဲ့ ကျွန်တော်ဟာ ပြင်ပစည်း တပည့်အားလုံးရဲ့ ရှေ့မှာ အသက်နဲ့ရင်းတဲ့ သေခြင်းတိုက်ပွဲ စာချုပ်ချုပ်ပြီး တိုက်ခဲ့ကြတယ်... အဲ့ဒီမှာ ကျွန်တော် သူ့ကို သတ်ခဲ့တာပါ”
“သူတို့အားလုံးဟာ သေထိုက်တဲ့သူတွေပါ...”
ထန်ယွင်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ အတွင်းစည်း တရားဥပဒေစိုးမိုးရေး အကြီးအကဲ ချိုယုံမင်၊ လင်းဟူချန်ဟယ် နှင့် မူရုန်ဟုန် တို့ကို လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ကျွန်တော် မထင်ထားတာက ကျွန်တော် အတွင်းစည်းကို ရောက်လာတဲ့ ဒီ ၃ နှစ်နီးပါး ကာလအတွင်းမှာ ချိုယုံမင်၊ လင်းဟူချန်ဟယ်နဲ့ မူရုန်ဟုန် တို့ဟာ ကျွန်တော့်ကို သတ်ဖို့ တပည့်ပေါင်းများစွာကို လွှတ်ခဲ့ကြတာပဲ... တကယ်လို့ ကျွန်တော်သာ ကံမကောင်းခဲ့ရင် အခုလောက်ဆို အကြိမ်ပေါင်းများစွာ သေနေလောက်ပြီ”
“ချိုယုံမင်က တရားဥပဒေစိုးမိုးရေး အကြီးအကဲ ဖြစ်ပေမဲ့ သူ မွေးထားတဲ့ သားကတော့ ဟောင်ဖူဈေးရဲ့ တံခါးဝမှာ အောက်ခြေသိမ်း တပည့်တွေဆီကနေ အနိုင်ကျင့် ငွေညှစ်နေခဲ့တာပဲ... ကျွန်တော် ဈေးထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာ သူက ကျွန်တော့်ဆီကနေ အဆင့်လတ် ဝိညာဉ်ကျောက်တုံးတစ်ခု ညှစ်ယူဖို့ ကြိုးစားခဲ့သလို ကျွန်တော့်ကိုပါ သတ်ဖို့ ကြံစည်ခဲ့တယ်... အဲ့ဒီတော့ ကျွန်တော် သူ့ကို သတ်လိုက်ရတာပေါ့”
“ပြီးတော့ ချိုယုံမင်... ခင်ဗျားရဲ့ ဝမ်းကွဲညီဖြစ်တဲ့ ချိုယုံချုံးကို ကျုပ်က တရားဝင် သေခြင်းတိုက်ပွဲမှာ သတ်ခဲ့တာပဲ... ဒါပေမဲ့ ခင်ဗျားကတော့ အတွင်းစည်း တရားဥပဒေစိုးမိုးရေး တပည့်အားလုံးကို ခိုင်းပြီး ကျုပ်ကို သတ်ခိုင်းခဲ့တယ်... ခင်ဗျားက ဥပဒေကို သိလျက်နဲ့ ချိုးဖောက်နေတာပဲ... ခင်ဗျားရဲ့ ပြစ်မှုက ပိုပြီးတော့ ကြီးလေးတယ်... ဂိုဏ်းစည်းကမ်းအရ ခင်ဗျားကို သတ်သင့်တယ်”
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ချိုယုံမင်၏ နဖူးပေါ်၌ ချွေးစက်များဖြင့် ပြည့်နှက်သွားပြီး ရုတ်တရက် ထရပ်လိုက်ကာ အော်ဟစ်လိုက်၏။
“ဘာတွေ လျှောက်ပြောနေတာလဲ... မင်း ငါ့ကို မဟုတ်မမှန် စွပ်စွဲနေတာပဲ”
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ကြည့်ကာ စိတ်မကောင်း ဖြစ်သွားရသည်။ ထန်ယွင်တွင် ရန်သူများစွာ ရှိနေကြောင်း သူ သိထားသော်လည်း ထိုရန်ငြိုးများ၏ အရင်းအမြစ်ကိုမူ သူ မသိခဲ့ပေ။
“ထန်ယွင်... ဒီဂိုဏ်းချုပ်က မင်းကို သတိပေးလိုက်မယ်၊ တကယ်လို့ မင်းက အတွင်းစည်း တရားဥပဒေစိုးမိုးရေး အကြီးအကဲကို မဟုတ်မမှန် စွပ်စွဲတာဆိုရင်တော့ ဒါက သေဒဏ်ပဲ”
“ဒါပေမဲ့ မင်းမှာ ခိုင်လုံတဲ့ သက်သေရှိရင်တော့... သူ့ရဲ့ အပြစ်က ခွင့်မလွှတ်နိုင်စရာပဲ”
ထန်ထိုင်ကျုံးတယ်၏ အသံမှာ အေးစက်နေပြီး သူ့ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေသော ချိုယုံမင်ကို တစ်ချက် ကြည့်လိုက်၏။
ထန်ယွင်က တောင်ထိပ်ရှိ အတွင်းစည်းမှ တရားဥပဒေစိုးမိုးရေး တပည့် သောင်းနှင့်ချီကို ငုံ့ကြည့်လိုက်ပြီးနောက် ထန်ထိုင်ကျုံးတယ်ကို မော့ကြည့်ကာ လေးစားစွာ ဆက်ပြောလိုက်သည်။
“ဂိုဏ်းချုပ်... သူတို့အားလုံးက သက်သေထွက်ဆိုနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”
“ဝှစ်”
ထန်ထိုင်ကျုံးတယ်က ရုတ်တရက် ထရပ်လိုက်ပြီး တရားဥပဒေစိုးမိုးရေး တပည့်များကို ငုံ့ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“ပြောစမ်း... ထန်ယွင်ပြောတာ မှန်သလား... ချိုယုံမင်က ထန်ယွင်ကို သတ်ဖို့ အမိန့်ပေးခဲ့ဖူးလား”
“ဘုန်း”
တရားဥပဒေစိုးမိုးရေး တပည့် သောင်းနှင့်ချီမှာ မြေပြင်ပေါ်သို့ ဝပ်စင်းလိုက်ကြပြီး တစ်ကိုယ်လုံး တုန်ယင်နေကြတော့သည်။
“မင်းတို့အားလုံး ဆွံ့အနေကြတာလား”
ထန်ထိုင်ကျုံးတယ်က ပြတ်သားစွာ ပြောလိုက်၏။
“ဘယ်သူမဆို ဖုံးကွယ်ဖို့ ကြိုးစားရင်တော့ အားလုံးကို တစ်ခါတည်း သတ်ပစ်မယ်”
ထိုစကားကြောင့် တရားဥပဒေစိုးမိုးရေး တပည့် သောင်းနှင့်ချီမှာ ကြက်သွန်ဖြူထုသကဲ့သို့ အဆက်မပြတ် ဦးညွှတ်လိုက်ကြပြီး အော်ပြောလိုက်ကြတော့သည်။
“ဂိုဏ်းချုပ်... ဒေါသဖြေပါဦး... ထန်ယွင်ပြောတာ မှန်ပါတယ်... တရားဥပဒေစိုးမိုးရေး အကြီးအကဲက ထန်ယွင်ကို သတ်ဖို့ အမိန့်ပေးခဲ့တာ အမှန်ပါပဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ချိုယုံမင်၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး ထန်ထိုင်ကျုံးတယ်၏ ခြေရင်းတွင် ဒူးထောက်လျက် ငိုယိုကာ အသနားခံလိုက်တော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျွန်တော် ခဏတာ စိတ်လွတ်သွားလို့ပါ...”
ထန်ထိုင်ကျုံးတယ်က ဒေါသတကြီး ကြားဖြတ်ပြောလိုက်၏။
“ငါ့ရဲ့ ဂိုဏ်းဟာ မြင့်မြတ်တဲ့ ရှေးဟောင်းဂိုဏ်းကြီး တစ်ခုပဲ... ဒီဂိုဏ်းချုပ်ကတော့ တရားဥပဒေစိုးမိုးရေး အကြီးအကဲ တစ်ယောက်က ဒီလောက်အထိ အကျင့်ပျက် ခြစားနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ငါတို့ ဂိုဏ်းက ဘယ်လောက်အထိ ပျက်စီးနေပြီလဲဆိုတာ ခန့်မှန်းကြည့်လို့ ရတာပေါ့”
“ငါ့ကို အသက်ချမ်းသာပေးဖို့ မတောင်းပန်နဲ့တော့”
ထန်ထိုင်ကျုံးတယ်က စကားပင် မဆုံးသေးမီမှာပင် ချိုယုံမင်၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ပြင်းထန်လှသော အသံကြီးနှင့်အတူ ချိုယုံမင်၏ ဦးခေါင်းခွံ ကွဲအက်သွားပြီး မျက်စိ၊ နား၊ နှာခေါင်းတို့မှ သွေးများ ထွက်ကာ နေရာမှာတင် သေဆုံးသွားတော့သည်။
“လာကြစမ်း... သူ့ကို တောင်အောက်ကို ပစ်ချလိုက်ကြ”
ထန်ထိုင်ကျုံးတယ်က ချိုယုံမင်၏ အလောင်းကို ကျောက်စိမ်းအဆောက်အဦပေါ်မှ ကန်ချလိုက်ရာ တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
တရားဥပဒေစိုးမိုးရေး တပည့်တစ်ဦးက ထရပ်ကာ ချိုယုံမင်၏ အလောင်းကို တောင်ကမ်းပါးယံဆီသို့ တရွတ်တိုက် ဆွဲယူသွားပြီး တောင်အောက်သို့ ပစ်ချလိုက်တော့၏။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ခေါင်းဆောင်များနှင့် အကြီးအကဲများမှာ ဒေါသထွက်နေသော ထန်ထိုင်ကျုံးတယ်ကို ကြည့်ကာ အားလုံး ထိတ်လန့်နေကြတော့သည်။
အထူးသဖြင့် မူရုန်ဟုန် နှင့် လင်းဟူချန်ဟယ် တို့ ဖြစ်ကြ၏။
‘ဟဲဟဲ... တစ်ယောက်ကိုတော့ အရင် သတ်လိုက်ပြီ... ချိုးယုံမင် သေသွားတာက လင်းဟူချန်ဟယ်နဲ့ မူရုန်ဟုန်တို့အတွက်တော့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပဲ... သူတို့ ၂ ယောက်ရဲ့ အသက်အိုကြီးတွေကိုတော့ ခဏ ချန်ထားပေးဦးမယ်... ငါ ထာဝရနယ်မြေက ပြန်လာတဲ့အခါကျမှ ကိုယ်တိုင် သတ်ပစ်ရမယ်’
ထန်ယွင် စိတ်ထဲမှ တွေးတောနေစဉ် ထန်ထိုင်ကျုံးတယ်က မူရုန်ဟုန်နှင့် လင်းဟူချန်ဟယ်တို့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်၏။
“ထန်ယွင်က မင်းတို့ သူ့ကို သတ်ဖို့ လူလွှတ်ခဲ့တယ်လို့ ပြောနေတယ်”
“ငါ မင်းတို့ကို အခွင့်အရေး တစ်ခုပဲ ပေးမယ်... တကယ်လို့ မင်းတို့ ဝန်ခံမယ်ဆိုရင်တော့ မင်းတို့ ဂိုဏ်းအတွက် အမှုထမ်းခဲ့တဲ့ နှစ်တွေကို ထောက်ထားပြီး ဒီဂိုဏ်းချုပ်က မင်းတို့ကို အတင်း အကျပ်ကိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားရသည့်အခါ လင်းဟူချန်ဟယ်မှာ သက်ပြင်းချကာ ဒူးထောက်လျက် ပြောလိုက်၏။
“ထန်ယွင်က ကျွန်တော့်ရဲ့ မြေးကို သတ်ခဲ့လို့ ကျွန်တော် ခဏလောက် တွေဝေသွားမိပါတယ်... သူ့ကို ရှင်းပစ်ဖို့ တပည့်တချို့ကို လွှတ်ခဲ့တာ မှန်ပါတယ်... သူ့ကို သတ်ဖို့ သွားတဲ့သူတွေလည်း အကုန် သေကုန်ကြပြီဆိုတော့... သူတို့အားလုံး ထန်ယွင်ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ ဖြစ်မှာပါ”
မူရုန်ဟုန်သည်လည်း တစ်ကိုယ်လုံး တုန်ယင်လျက် ဒူးထောက်လိုက်ပြန်သည်။
“ထန်ယွင်က ကျွန်တော့်ရဲ့ မြေးကို သတ်ခဲ့လို့ ကျွန်တော်လည်း အသိဉာဏ်ကင်းမဲ့စွာနဲ့ သူ့ကို သတ်ဖို့ ကျွန်တော့်တပည့် ဖန်ကျန့်ကို လွှတ်ခဲ့မိပါတယ်... ဂိုဏ်းချုပ် စိတ်ကြိုက် အပြစ်ပေးနိုင်ပါတယ်”
အခန်း ၄၀၃ ပြီး
***