ထိုစကားများကို ကြားရသည့်အခါ ထန်ထိုင်ကျုံးတယ် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
'အဆုံးသတ်မှာတော့ ဒီဂိုဏ်းချုပ်ကပဲ အစွမ်းအစ မရှိသေးလို့ပါပဲ... မဟုတ်ရင် အတွင်းစည်းက ဘယ်လိုလုပ် ဒီလောက်အထိ ဖရိုဖရဲ ဖြစ်နေပါ့မလဲ'
ထန်ထိုင်ကျုံးတယ် ခေတ္တမျှ မျက်စိမှိတ်ထားပြီးနောက် ပြန်လည် ဖွင့်ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
“လင်းဟူချန်ဟယ်... အခုကစပြီး မင်းကို သန့်စင်သောဝိညာဉ်အုပ်စုရဲ့ ခေါင်းဆောင်အဖြစ် ယာယီပဲ ခန့်ထားမယ်... ထာဝရနယ်မြေထဲက စမ်းသပ်မှု ပြီးသွားတဲ့အခါမှ မင်းရဲ့ကိစ္စကို သီးသန့် ထပ်ပြီး ဆုံးဖြတ်မယ်”
“မူရုန်ဟုန်... မင်းကိုတော့ သားရဲဝိညာဉ်အဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ရာထူးကနေ ဖယ်ရှားပြီး သင်းထောက်အဖြစ် အဆင့်လျှော့ချလိုက်မယ်”
လင်းဟူချန်ဟယ်နှင့် မူရုန်ဟုန်တို့က ဘေးကင်းရာသို့ ရောက်သွားသဖြင့် ဝမ်းသာအားရ ကျေးဇူးတင်လျက် ဦးညွှတ်လိုက်ကြတော့သည်။
“ဂိုဏ်းချုပ်ရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ... အခုကစပြီး ကျွန်တော်တို့ ဂိုဏ်းအပေါ်မှာပဲ သစ္စာရှိရှိ အမှုထမ်းပါ့မယ်... အသက်ပေးဖို့လည်း အသင့်ပါပဲ”
“ထကြစမ်း”
ထန်ထိုင်ကျုံးတယ်က လက်ကို ဝှေ့ယမ်းလိုက်၏။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
သူတို့နှစ်ဦး ပြန်ထလာသည့်အခါ တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ ခုနက အခိုက်အတန့်မှာ ငရဲတံခါးဝသို့ ရောက်သွားသကဲ့သို့ပင်။
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ကြည့်ကာ ပြောလိုက်၏။
“ထန်ယွင်... တစ်ဖက်လူကို ခွင့်လွှတ်ပေးလို့ ရမယ်ဆိုရင်လည်း ခွင့်လွှတ်ပေးလိုက်ပါ... မင်းနဲ့ ခန်းရှီယွန်းတို့ရဲ့ သေခြင်းတိုက်ပွဲမှာ ဒီဂိုဏ်းချုပ်က ကြားဝင်စွက်ဖက်မှာ မဟုတ်ပေမဲ့ မင်းအနေနဲ့ သတ်ဖြတ်မှုတွေကို လျှော့စေချင်တယ်”
လူတိုင်းက ထန်ယွင်သည် ခန်းရှီယွန်းကို ချမ်းသာပေးလိမ့်မည်ဟု ယူဆနေကြစဉ်မှာပင် ထန်ယွင်၏ နောက်ထပ်လုပ်ရပ်က အားလုံးကို ဆွံ့အသွားစေခဲ့သည်။
ထန်ယွင်က ဦးညွှတ်ကာ ပြောလိုက်၏။
“ဂိုဏ်းချုပ်ရဲ့ ဆုံးမစကားကို တပည့် မှတ်သားထားပါ့မယ်... ဒါပေမဲ့ ခန်းရှီယွန်းကတော့ သေကို သေရမယ်”
ချက်ချင်းပင် ထန်ယွင်က သန့်စင်သောဝိညာဉ်အုပ်စုကို မော့ကြည့်ကာ အသာအယာ ပြုံးလျက် ပြောလိုက်သည်။
“ကျုပ် သူ့ကို အခုထိ အသက်ချမ်းသာပေးထားတာက... ခင်ဗျား သူ့ကို နောက်ဆုံးခရီး နှုတ်ဆက်နိုင်အောင်လို့ပါ”
မည်သူမဆို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထန်ယွင်က လင်းဟူချန်ဟယ်ကို သူ့တပည့်အား နှုတ်ဆက်ခိုင်းနေခြင်း မဟုတ်ဘဲ သူ ချစ်မြတ်နိုးသော တပည့် မည်သို့ သေဆုံးသွားသည်ကို ကိုယ်တိုင် မြင်တွေ့စေချင်ခြင်းသာ ဖြစ်၏။
“ဆရာ... ဆရာ... ကျွန်တော့်ကို ကယ်ပါဦး...”
ခန်းရှီယွန်းက မြေပြင်ပေါ်တွင် ကိုယ်ကို လူးလိမ့်နေပြီး မျက်ရည်များ ကျနေသော လင်းဟူချန်ဟယ်ကို ကြည့်ကာ အားနည်းစွာ အကူအညီ တောင်းခံလိုက်သည်။
“ထန်ယွင်... ကျုပ် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး သူ့ကို ချမ်းသာပေးပါ”
လင်းဟူချန်ဟယ်က လူတိုင်း၏ တုန်လှုပ်နေသော အကြည့်များအောက်တွင် ထန်ယွင်၏ ရှေ့၌ ဒူးထောက်လိုက်တော့သည်။
လင်းဟူချန်ဟယ်သည် ခန်းရှီယွန်းကို သားအရင်းသဖွယ် သဘောထားသူဖြစ်ရာ အမှန်တကယ်ပင် ချစ်မြတ်နိုးလှပေသည်။
ဂုဏ်သရေရှိလှသော အုပ်စုခေါင်းဆောင်တစ်ဦးက ထန်ယွင်၏ ရှေ့တွင် ဒူးထောက်လိုက်ခြင်းကြောင့် လူအများ၏ အမြင်တွင် ထန်ယွင်အနေဖြင့် ရပ်တန့်သင့်သည်ဟု ယူဆမိကြသည်။
သို့သော်...
သူတို့က ထန်ယွင်၏ သတ်ဖြတ်လိုသော ဆုံးဖြတ်ချက်ကို အထင်သေးခဲ့ကြခြင်းပင်။
ထန်ယွင်သည် လင်းဟူချန်ဟယ်ကို ကြောက်စရာကောင်းလောက်အောင် အေးစက်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် -
“မှတ်ထားပါ... သူ့ကို သတ်တာ ကျုပ် မဟုတ်ဘူး... ခင်ဗျားကသာ တရားခံပဲ”
“ဒါ့အပြင်... တကယ်လို့ ကျုပ်သာ သူ့ထက် မသန်မာခဲ့ရင် သူ့ရဲ့ ရက်စက်တဲ့ မိစ္ဆာတွေအောက်မှာ သေနေလောက်ပြီ... အခုမှ ခင်ဗျားက သူ့ကို ချမ်းသာပေးဖို့ ပြောနေတာလား... ဟားဟား ခင်ဗျား နောက်နေတာပဲ”
“ဂျောက်”
ထန်ယွင်၏ စကားမဆုံးသေးမီမှာပင် သူ့ခြေထောက်က ခန်းရှီယွန်း၏ ဦးခေါင်းကို နင်းချေပစ်လိုက်တော့သည်။
“ဝှစ်”
ထန်ယွင်သည် အရိပ်တစ်ခုအလား လျှပ်ခနဲ လှုပ်ရှားသွားပြီး နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ ရောက်ရှိသွားကာ ရွှယ်ဇီယန်၏ ဘေးတွင် ရပ်နေလိုက်တော့သည်။
“ယွန်းအာ... ငါ့တပည့်လေး”
လင်းဟူချန်ဟယ်သည် အက်ကွဲသော အသံဖြင့် အော်ဟစ် ငိုကြွေးလိုက်ပြီးနောက် ကျောက်စိမ်းအဆောက်အဦပေါ်မှ ဆင်းသက်ကာ ခန်းရှီယွန်း၏ အလောင်းကို ကိုယ်တိုင် သွားရောက် သိမ်းဆည်းလိုက်သည်။
အလောင်းကို ရင်ခွင်ထဲ၌ ပိုက်လျက် တုန်တုန်ယင်ယင်ဖြင့် စင်ပေါ်မှ ဆင်းလာခဲ့၏။ ဤအခိုက်အတန့်တွင် သူသည် အလွန်ပင် အိုမင်းသွားပုံရပေသည်။
နာကျည်းချက်နှင့် ဝမ်းနည်းမှုများက သူ့နှလုံးသားကို ဝါးမြိုနေတော့သည်။
'ငါ လင်းဟူချန်ဟယ် ကောင်းကင်ကို ကျိန်ဆိုရဲတယ်... တကယ်လို့ ထန်ယွင်ကို ငါ မသတ်နိုင်ရင် ငါပဲ အသေခံမယ်'
ယခုအခါ ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာအတွက် တိုက်ပွဲတွင် တတိယအဆင့်သို့ တက်လှမ်းသွားကြသူ ၃ ဦးမှာ သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်းနှင့် ခယ်ရှင်းယီ၊ ရှေးဟောင်းဝိညာဉ်အုပ်စုမှ ကျွင်းပုဖျင်၊ လက်နက်အစီအရင်အုပ်စုမှ ဟောင်ဖူထင်ဖုန်း၊ ဆေးဝါးအုပ်စုမှ ထန်ယွင်နှင့် ကံကောင်းလှသော ဝိညာဉ်ငါးပါးအုပ်စုမှ ရွှယ်ဇီယန်တို့ ဖြစ်ကြသည်။
ထိုစဉ် လင်းဟူချန်ဟယ်၏ တပည့်ဖြစ်သူ ရှန့်ရှန့်ထျန်းက ထန်ယွင်အား လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေတော့သည်။ အခြားသူများမှာ ခန်းရှီယွန်း၏ အစွမ်းအစစ်ကို မသိကြသော်လည်း သူကတော့ ခန်းရှီယွန်း၏ ခွန်အားမှာ သူ့ထက် မနိမ့်ကြောင်း ကောင်းစွာ သိထားသည် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်မူ ကျွင်းပုဖျင်က ထန်ယွင်ကို ကြည့်ကာ စိတ်ထဲမှ တွေးနေမိသည်။
'ငါ ထိုက်ရှန်းကို တိုက်ခိုက်တုန်းက သူ့ရဲ့ လက်သီးတစ်ချက်တည်းနဲ့ အနောက်ကို လွင့်ထွက်သွားခဲ့တာဆိုတော့ ထိုက်ရှန်းရဲ့ ခွန်အားက ငါ့ထက် သာတယ်... ခန်းရှီယွန်းရဲ့ မိစ္ဆာကခုန်ခြင်းကလည်း ငါ တောင့်ခံနိုင်ဖို့ ခဲယဉ်းလိမ့်မယ်... ဒါပေမဲ့ ထန်ယွင်က သူတို့ နှစ်ယောက်လုံးကို သတ်ပစ်ခဲ့တာပဲ...'
ဟောင်ဖူထင်ဖုန်းနှင့် ပတ်သက်၍မူ သူသည် ထန်ယွင်ကို အားကျသော အကြည့်များဖြင့်သာ ကြည့်နေတော့သည်။
တစ်ချိန်တည်းမှာပင် ထန်ယွင် ထာဝရနတ်ဘုရားဂိုဏ်း၌ ရှိစဉ်က ဝိညာဉ်နတ်ဘုရားနန်းတော်၏ သူတော်စင်မလေး နန်းကုန်းယွိချင်နှင့် အသက်နှင့်ရင်းသော တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည်ကို သတိရလိုက်၏။ ထန်ယွင်က ထိုက်ရှန်းနှင့် ခန်းရှီယွန်းတို့ကို သတ်ပြီးနောက်တွင်ပင် မည်သည့် ထိခိုက်မှုမျှ မရှိဘဲ ကျန်းကျန်းမာမာ ရှိနေခြင်းမှာ သူသည် သူ၏ အစွမ်းအစစ်ကို မထုတ်သုံးရသေးကြောင်း ပြသနေခြင်းပင်။
ငါ ထန်ယွင်ကို မယှဉ်နိုင်ဘူး။
ခယ်ရှင်းယီ တစ်ဦးတည်းသာ ထန်ယွင်ကို တည်ငြိမ်စွာ စိုက်ကြည့်နေပြီး စိတ်ထဲမှ လှောင်ပြောင်နေ၏။
'မင်းက ဘယ်သူ့ထက်မဆို သန်မာနေနိုင်ပေမဲ့ ငါနဲ့ ဆုံရင်တော့ မင်း အသက်ရှင်ဖို့ မလွယ်ဘူး'
နောက်ထပ်ပွဲမှာ ချန်လုံစာရင်း ထိပ်တန်း ၈ နေရာအတွက် ဒုတိယအဆင့်၏ ၆ ခုမြောက် ပွဲစဉ် ဖြစ်သည်။ ဆေးဝါးအုပ်စုမှ မုမုန့်ဂျီ နှင့် ရှေးဟောင်းဝိညာဉ်အုပ်စုမှ အစွမ်းထက်သူ ရှောင်ချင်းရွှမ်းတို့ တိုက်ခိုက်ရမည့် အလှည့်ပင်။ “ဝှစ်... ဝှစ်...”
အနီရောင် အရိပ်တစ်ခုနှင့် အဖြူရောင် အရိပ်တစ်ခုမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ကြရာ ဝတ်စုံနီ ဝတ်ဆင်ထားသော မုမုန့်ဂျီနှင့် ဝတ်စုံဖြူ ဝတ်ဆင်ထားသော ရှောင်ချင်းရွှမ်း တို့ ရုပ်လုံးပေါ်လာသည်။
လှပသော မိန်းမလှလေး ၂ ဦးမှာ ပေ ရာနှင့်ချီ၍ ဝေးကွာသော နေရာတွင် ရပ်နားလိုက်ကြ၏။
တောင်ထိပ်ပေါ်၌ တပည့်ပေါင်း ၆၀၀,၀၀၀ ကျော်မှာ ဝေဖန်ပြောဆိုနေကြတော့သည်။
“အားလုံးပဲ... ဘယ်သူ နိုင်မယ်လို့ ထင်လဲ”
“ပြောဖို့ ခက်တယ်... မုမုန့်ဂျီက အရင်က နာမည်မရှိတဲ့သူဆိုပေမဲ့ ဒီ ၂ ရက်အတွင်း တောင်စဉ်၉ ခု ပြိုင်ပွဲမှာ ပါရမီရှင်တွေကို သတ်ပြခဲ့တာပဲ”
“အင်း... ဟုတ်တယ်... မုမုန့်ဂျီက အဆင့်နိမ့် ဓားပျံ ၂ လက်ကို ဖျက်ဆီးပြီး အစွမ်းထက်သူ ၂ ယောက်ကို သတ်ခဲ့တာလေ... သိသာတာက သူမ အစွမ်းအစစ်ကို မထုတ်ရသေးဘူး...”
“ဟုတ်တယ်... သူတို့ ၂ ယောက်ရဲ့ တိုက်ပွဲကို ငါ မျှော်လင့်နေမိပြီ”
“ဒီနေ့မှာ အလှလေး ၂ ယောက် တိုက်ခိုက်တာကို မြင်ရတာ တကယ့်ကို ကောင်းမွန်တဲ့ အရာပဲ...”
“...”
တောင်ထိပ်ပေါ်ရှိ တပည့်များ၏ အသံမှာ ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ဂိုဏ်းအကြီးအကဲများ၏ နားထဲသို့ တိုက်ရိုက်ရောက်ရှိနေကြသည်။ ထို့အတူ သင်းထောက်များ၊ အကြီးအကဲများနှင့် အုပ်စုအသီးသီးမှ ခေါင်းဆောင်များသည်လည်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြတော့သည်။
“တိတ်စမ်း”
ထန်ထိုင်ကျုံးတယ်က ညာဘက်လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည့်အခါ တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ပြင်းထန်သော လေတိုးသံများကိုသာ ကြားရတော့သည်။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင်...
“ဝုန်း”
မုမုန့်ဂျီ၏ ဝတ်စုံနီမှာ လေထဲ ဝဲလွင့်နေပြီး သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သေခြင်းတရားဓာတ် ပါဝင်သော အဆင့်မြင့် ဓားပျံတစ်လက် လက်ထဲတွင် ပေါ်လာသည်။ သူမက ရှောင်ချင်းရွှမ်းကို အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်၏။
“လမ်းညွှန်ပေးပါဦး”
ရှောင်ချင်းရွှမ်းကမူ ဓားပျံကို မထုတ်သေးဘဲ ပြုံးပြလိုက်သည်။
“ဂျူနီယာညီမလေးမု... ပထမဆုံးအနေနဲ့ ငါ မင်းနဲ့ ထန်ယွင်အပေါ်မှာ ဘာရန်ငြိုးမှ မရှိပါဘူး... ဒုတိယအချက်အနေနဲ့ မင်းက အရမ်းသန်မာတယ်ဆိုတာကိုလည်း ငါ ဝန်ခံပါတယ်... ဒါကြောင့် ငါတို့ အသက်နဲ့ရင်းပြီး တိုက်နေမယ့်အစား တိုက်ကွက်တစ်ခု၊ ဓားတစ်ချက်တည်းနဲ့ပဲ အနိုင်အရှုံး ဆုံးဖြတ်ကြရင် ဘယ်လိုလဲ”
ထိုစကားကြောင့် မုမုန့်ဂျီ၏ အေးစက်သော မျက်လုံးများမှာ နူးညံ့သွားပြီး တစ်စုံတစ်ခုကို တွေးတောရင်း မေးလိုက်၏။
“တိုက်ကွက်တစ်ခုနဲ့ ဓားတစ်ချက်တည်း ဆိုတာက ဘာကို ဆိုလိုတာလဲ”
“တိုက်ကွက်တစ်ခုဆိုတာက မင်းနဲ့ငါ အစွမ်းကုန် ထုတ်သုံးနိုင်တဲ့ တိုက်ကွက်ကို ပြောတာပါ”
ရှောင်ချင်းရွှမ်းက ပြုံး၍ ဆက်ပြောလိုက်သည်။
“ဓားတစ်ချက်ဆိုတာကတော့ ဘယ်သူ့ရဲ့ ဓားချက်က ပိုပြီးတော့ သေစေနိုင်သလဲဆိုတာကို ကြည့်ဖို့ပဲ... ဘယ်သူပဲ နိုင်နိုင်၊ တစ်ဖက်လူကိုတော့ ကရုဏာ ထားရမယ်နော်... အဆင်ပြေလား”
မုမုန့်ဂျီက ချက်ချင်း သဘောမတူသေးဘဲ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်ကို လှည့်၍ အကူအညီ တောင်းသလို ကြည့်လိုက်သည်။
ထန်ယွင်က အသာအယာ ပြုံးပြလိုက်၏။
“မုန့်အာ... စီနီယာအစ်မရှောင်က ရန်လိုတဲ့စိတ် မရှိဘူးဆိုမှတော့ သူမရဲ့ အဆိုပြုချက်က မျှတပါတယ်... မင်း သဘောတူနိုင်ပါတယ်”
“အင်း”
မုမုန့်ဂျီက ခေါင်းညိတ်ပြလိုက်ပြီး ရှောင်ချင်းရွှမ်းကို ကြည့်ကာ သတိပေးလိုက်၏။
“ကျွန်မရဲ့ အပြင်းထန်ဆုံး ဓားချက်က ဘယ်လောက်အထိ သန်မာမလဲဆိုတာ ကျွန်မ မသိဘူး... ရှင့်ကို ထိခိုက်မိမှာ စိုးရိမ်တယ်”
ရှောင်ချင်းရွှမ်းက အသာအယာ ရယ်မောလိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“ရပါတယ်... မင်း အစွမ်းကုန် ကြိုးစားပါ”
“ကောင်းပြီလေ”
မုမုန့်ဂျီက ဓားကို ဆုပ်ကိုင်ကာ လက်အုပ်ချီလျက် ပြောလိုက်၏။
“စီနီယာအစ်မရှောင်... ကြွပါ”
“ဂျူနီယာညီမလေးမု... ကြွပါ”
ရှောင်ချင်းရွှမ်း၏ စကားဆုံးသည်နှင့် သူမ၏ အမူအရာမှာ ရုတ်ခြည်း လေးနက်သွားပြီး ရှေးဟောင်းဝိညာဉ်အုပ်စု၏ အစွမ်းအထက်ဆုံး ကျင့်စဉ်ဖြစ်သော - 'ရှေးဟောင်းသင်္ချိုင်း ကျမ်းစာ' ကို ထုတ်ဖော်လိုက်တော့လေသည်။
အခန်း ၄၀၄ ပြီး
***