“ဝုန်း”
ချက်ချင်းပင် ရှောင်ချင်းရွှမ်း၏ ကိုယ်မှ ပြင်းထန်ပြီး သိပ်သည်းလှသော နို့နှစ်ရောင် ရှေးဟောင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ဝန်းရံလိုက်တော့သည်။
ရှေးဟောင်းစွမ်းအားများ၏ လည်ပတ်နှုန်းမှာ တစ်ဖြည်းဖြည်း မြန်ဆန်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူမ၏ ပတ်ပတ်လည်၌ ရှေးဟောင်းစွမ်းအား ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာကာ သူမ၏ ပုံရိပ်ကို ဝါးမြိုသွားတော့၏။
ရုတ်တရက် ထိုဝဲဂယက်အတွင်းမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဧရာမ တောင်ထိပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အထူးသဖြင့် သူမ ရပ်နေသော နံပါတ် ၂ ချန်လုံစင်မြင့်၏ အထက်တွင် ဆံပင်မျှင်အလား သေးသွယ်ပြီး မီတာ ၁၀၀ ခန့် ရှည်လျားသော ဟင်းလင်းပြင် အက်ကြောင်းများမှာ ဟင်းလင်းပြင်ထဲ၌ ပျံ့နှက်သွားတော့သည်။
“မုန့်အာ... သူမရဲ့ အရှိန်အဝါက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၂ ထဲကို ရောက်နေပြီ၊ သတိထားနော်”
ထန်ယွင်က မျက်မှောင်ကြုတ်ကာ သတိပေးလိုက်၏။
“စိတ်မပူပါနဲ့... ငါ သတိထားပါ့မယ်”
မုမုန့်ဂျီက သူမ၏ ရဲရဲနီနေသော နှုတ်ခမ်းလွှာကို အသာအယာ သပ်လိုက်ပြီး သားရဲဝိညာဉ်သန္ဓေ၏ ခွန်အားကို ၁၀ ဆအထိ မြှင့်တင်လိုက်သည်။ ရုတ်တရက် မမြင်ရသော အရှိန်အဝါတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှက်သွားတော့၏။
ထို့နောက်တွင် သူမ၏ နူးညံ့လှသော ဘယ်ဘက်လက်မှာ ရင်ဘတ်တွင် လျှို့ဝှက်ဆန်းပြားသော လမ်းကြောင်းတစ်ခုအတိုင်း လှုပ်ရှားသွားရာ သူမ၏ အရှိန်အဝါက ရုတ်ခြည်း မြင့်တက်လာပြီး ရေတံခွန်အလား ရှည်လျားသော ဆံနွယ်များမှာလည်း လေထဲတွင် တဖျတ်ဖျတ် ဝဲလွင့်နေတော့သည်။
သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့် မီတာ ၁၀၀ ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအတွင်း၌ သိပ်သည်းသော အက်ကြောင်းများ ပေါ်ပေါက်လာ၏။ သူမနှင့် ရှောင်ချင်းရွှမ်းတို့ ထုတ်လွှတ်လိုက်သော အရှိန်အဝါများကြောင့် ဤဟင်းလင်းပြင်ကြီးမှာ အချိန်မရွေး ပြိုကျတော့မည့်အတိုင်းပင်။
“ဝုန်း... ဝုန်း...”
မုမုန့်ဂျီနှင့် ရှောင်ချင်းရွှမ်းတို့က ပြင်းထန်သော အရှိန်အဝါများကို မမြင်ရသော ဧရာမ လှိုင်းလုံးကြီးများအလား တစ်ဦးထံတစ်ဦး တိုးဝင်စေလိုက်သည်။ ထိုအရှိန်အဝါ ၂ ခုမှာ ချန်လုံစင်မြင့်၏ အလယ်ဗဟိုတွင် ထိပ်တိုက်တွေ့ဆုံပြီး ဟင်းလင်းပြင်ကြီး ဆူညံစွာ တုန်ခါသွားတော့သည်။
“ဂျူနီယာညီမလေးမု... ဓားထုတ်စမ်း”
ရှေးဟောင်းစွမ်းအား ဝဲဂယက်အတွင်းမှ ရှောင်ချင်းရွှမ်း၏ ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် အသံ ထွက်ပေါ်လာသည်။
“ကောင်းပြီလေ... စီနီယာအစ်မရှောင်... တောင့်ခံထားလိုက်တော့”
မုမုန့်ဂျီက ညာဘက်လက်ဖြင့် ဓားကို ဆုပ်ကိုင်ကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သေခြင်းတရား စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို ဓားပျံအတွင်းသို့ အရူးအမူး လောင်းထည့်လိုက်ရာ တောင်ထိပ်၏ အထက် ဟင်းလင်းပြင်မှာ ဆူပွက်လာတော့သည်။
ဤတစ်ကြိမ်တွင်မူ သူမသည် အဆင့်မြင့် ရတနာဓား ပျက်စီးသွားမှာကို စိုးရိမ်မနေတော့ပေ။
သူမ၏ အပြင်းထန်ဆုံးသော ဓားချက်ဖြင့် သူမကိုယ်သူမ သက်သေပြတော့မည် ဖြစ်၏။
မုမုန့်ဂျီက သူမ၏ ဓားကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၁၀ ကျန်း ခန့်သာ ရှည်လျားသော ဓားအလင်းတန်းတစ်ခု ရှောင်ချင်းရွှမ်းထံသို့ ပိုင်းချလိုက်တော့သည်။
ထိုဓားအလင်းတန်းတွင် အဆုံးမရှိသော စွမ်းအားများ ကိန်းအောင်းနေပုံရပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လက်ညှိုးခန့် ထူထဲသော ဟင်းလင်းပြင် အက်ကြောင်းများကို ချန်ရစ်ခဲ့၏။
“ရှေးဟောင်းသင်္ချိုင်း ကျမ်းစာ - ဓားတွင်း ဟင်းလင်းပြင်”
တစ်ချိန်တည်းမှာပင် ရှောင်ချင်းရွှမ်း၏ သာယာသောအသံ ထွက်ပေါ်လာပြီးနောက် သူမကို လွှမ်းခြုံထားသော ရှေးဟောင်းစွမ်းအား ဝဲဂယက်ကြီးမှာ ရုတ်တရက် ကျုံ့ဝင်သွားကာ သူမ၏ လက်ထဲရှိ ဓားဖျားပေါ်တွင် အလင်းတန်းတစ်ခုအဖြစ် ပေါ်လာတော့သည်။
သူမက ညာဘက်လက်မှ ဓားကို ဝဲလှည့်လိုက်ပြီးနောက် လေထဲတွင် ရှိနေသော မုမုန့်ဂျီထံသို့ ရုတ်တရက် ထိုးစိုက်လိုက်၏။ ချက်ချင်းပင် အရှည် ၁၀၀ ကျန်း ရှိသော ဓားအလင်းတန်းတစ်ခု ဓားရှည်မှ ပန်းထွက်လာပြီး မုမုန့်ဂျီ၏ ၁၀ ကျန်း ရှိသော ဓားအလင်းတန်းထံသို့ ပြင်းထန်စွာ တိုးဝင်သွားတော့သည်။
“ဘုန်း... ဘုန်း... ဘုန်း”
ဓားအလင်းတန်း ၂ ခု ပြင်းထန်စွာ ထိပ်တိုက်တွေ့လိုက်သည့် အခိုက်အတန့်၌ ဧရာမ နံပါတ် ၂ ချန်လုံစင်မြင့်ထက်ရှိ ဟင်းလင်းပြင်ကြီးမှာ တုန်ခါသွားပြီး ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုပြင်းထန်လှသော စွမ်းအားများကြောင့် မီတာ ၂၀၀ ကျယ်ဝန်းသော ဟင်းလင်းပြင်ကြီးမှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေသည့် ဧရာမ မှန်တစ်ချပ်အလား ဖြစ်သွားတော့သည်။
ပြင်းထန်သော စွမ်းအားကြွင်းများမှာ အလင်းအရှိန်ဖြင့် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားရာ စင်အောက်ရှိ ထိတ်လန့်နေသော တပည့် ဒါဇင်ပေါင်းများစွာမှာ လွင့်ထွက်သွားကြရ၏။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်ရှိ ဖရိုဖရဲ ဖြစ်နေသော ဟင်းလင်းပြင် အက်ကြောင်းများကြား၌ မုမုန့်ဂျီ၏ ၁၀ကျန်း ရှည်သော ဓားအလင်းတန်းနှင့် ရှောင်ချင်းရွှမ်း၏ ၁၀၀ ကျန်း ရှည်သော ဓားအလင်းတန်းတို့မှာ အချင်းချင်း ချေမှုန်းရင်း ဟင်းလင်းပြင်ထဲ၌ တစ်ပြိုင်နက် ပျောက်ကွယ်သွားကြတော့သည်။
“အားလုံး ကြည့်ကြဦး... မုမုန့်ဂျီနဲ့ ရှောင်ချင်းရွှမ်းတို့ ပျောက်သွားပြီ”
တောင်ထိပ်ပေါ်ရှိ တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
တပည့်ပေါင်း သိန်းချီ၏ အမြင်အာရုံထဲတွင် အမျိုးသမီး ၂ ဦး၏ ပုံရိပ်မှာ ချန်လုံစင်မြင့်ပေါ်မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အသက်ရှူကြိမ် အနည်းငယ်အကြာတွင် ချန်လုံစင်မြင့်ပေါ်ရှိ ဟင်းလင်းပြင် အက်ကြောင်းများ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ကြီး ပြန်လည် တည်ငြိမ်သွားသည့်အခါ မုမုန့်ဂျီနှင့် ရှောင်ချင်းရွှမ်းတို့၏ ပုံရိပ်မှာ လူတိုင်း၏ အမြင်အာရုံထဲသို့ ပြန်လည် ရောက်ရှိလာတော့သည်။
လူတိုင်းမှာ နားမလည်နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် ဆူညံသွားကြ၏။
“အားလုံး မြင်လိုက်လား... သူတို့ထဲက ဘယ်သူ နိုင်သွားတာလဲ”
“မသိဘူး... ငါ မမြင်လိုက်ဘူး... ဘယ်သူ နိုင်သွားလဲဆိုတာ ငါ မသိဘူး”
“ငါလည်း မပြောတတ်ဘူး... ဒါပေမဲ့ ကြည့်ရတာ ရှောင်ချင်းရွှမ်းက ပိုပြီးတော့ အသာစီးရနေသလိုပဲ” “အင်း... ငါ့အထင်တော့ မုမုန့်ဂျီ ရှုံးသွားပုံရတယ်... ဒါပေမဲ့ နည်းနည်းလေးပဲ ကွာမယ် ထင်တာပဲ”
“...”
ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်အောက်၌ နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် မုမုန့်ဂျီနှင့် ရှောင်ချင်းရွှမ်းတို့မှာ ၃ ပေ ခန့်အကွာတွင် ဓားကိုယ်စီဖြင့် ရပ်နေကြသည်။
မုမုန့်ဂျီက ညာဘက်လက်ကို မြှောက်လျက် သူမ၏ ဓားကို ရှောင်ချင်းရွှမ်း၏ ဖြူလွလွ လည်ပင်းပေါ်တွင် တင်ထား၏။ အခြားတစ်ဖက်တွင်လည်း ရှောင်ချင်းရွှမ်းက သူမ၏ ဓားကို မြှောက်ထားသော်လည်း သူမ၏ ဓားဖျားမှာ မုမုန့်ဂျီ၏ လည်ချောင်းတည့်တည့်သို့ ထောက်ထားခြင်း ဖြစ်သည်။
အမျိုးသမီး ၂ ဦး၏ ရပ်တန့်နေသော လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ရှောင်ချင်းရွှမ်းက အနိုင်ရရှိသွားပုံရပေသည်။
သို့သော် တောင်ထိပ်ပေါ်ရှိ တတိယအဆင့်သို့ တက်လှမ်းသွားကြသော တပည့်များထဲတွင်မူ ထန်ယွင်နှင့် ခယ်ရှင်းယီ ၂ ဦးတည်းသာ မုမုန့်ဂျီ အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ကြ၏။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် အဆင့်မြင့် အရာရှိအားလုံးမှာလည်း မုမုန့်ဂျီကို တုန်လှုပ်စွာ ကြည့်နေကြသည်။ သူတို့သည်လည်း မုမုန့်ဂျီ အနိုင်ရရှိသွားသည်ကို သိလိုက်ကြသောကြောင့်ပင်။
“သိပ်ကောင်းတာပဲ... ငါတို့ ရှေးဟောင်းဝိညာဉ်အုပ်စုက စီနီယာအစ်မရှောင် နိုင်သွားတာ ဖြစ်ရမယ်”
“ဟိဟိ... အရမ်းပျော်တာပဲ... စီနီယာအစ်မရှောင်က ကျုပ်တို့ ရှေးဟောင်းဝိညာဉ်အုပ်စုရဲ့ အသန်မာဆုံး ၄ယောက်ထဲက တစ်ယောက်ဆိုတာ သေချာသွားပြီ”
“ပြောနေစရာတောင် မလိုဘူး... မုမုန့်ဂျီက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါတို့ စီနီယာအစ်မရှောင်ကိုတော့ မယှဉ်နိုင်ပါဘူး” “...”
တောင်ထိပ်ရှိ ရှေးဟောင်းဝိညာဉ်အုပ်စုမှ အမျိုးသမီး တပည့်များမှာ ဝမ်းသာအားရ ပြောဆိုနေကြတော့သည်။
သို့သော်လည်း ရှောင်ချင်းရွှမ်း၏ နောက်ထပ် စကားများကြောင့် သူတို့၏ ရယ်သံများမှာ ရုတ်ခြည်း ရပ်တန့်သွားရ၏။
ရှောင်ချင်းရွှမ်းက သူမ၏ ရှေ့ရှိ မုမုန့်ဂျီကို စိုက်ကြည့်လိုက်ရာ လှပသော မျက်လုံးများထဲတွင် ဖော်ပြမတတ်နိုင်သော ထိတ်လန့်မှုနှင့် ဝမ်းနည်းမှုများ ပေါ်ပေါက်လာသည်။
ရှောင်ချင်းရွှမ်း၏ နူးညံ့လှသော ကိုယ်လုံးလေးမှာ တဖြည်းဖြည်း တုန်ယင်လာပြီး သူမ၏ အသံမှာ ပို၍ပင် တုန်ယင်နေတော့သည်။
“မု... ဂျူနီယာညီမလေးမု... နင် နိုင်သွားပါပြီ... ငါ့အပေါ်မှာ ကရုဏာထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ငါ ရှောင်ချင်းရွှမ်းက အတွင်းစည်း တစ်ခုလုံးမှာ ဘယ်သူ့ကိုမှ အသိအမှတ် မပြုခဲ့ဖူးပေမဲ့... အခု နင့်ကိုတော့ တကယ်ပဲ အလေးအနက် အသိအမှတ်ပြုပါတယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှေးဟောင်းဝိညာဉ်အုပ်စုမှ တပည့်များသာမက တတိယအဆင့်သို့ တက်လှမ်းသွားကြသည့် အတွင်းစည်း၏ အစွမ်းထက်သူ ၃ ဦး ဖြစ်သော ရှန့်ရှန့်ထျန်း၊ ကျွင်းပုဖျင်နှင့် ဟောင်ဖူထင်ဖုန်း တို့ပင်လျှင် ဆွံ့အသွားကြရ၏။
ရှုံးနိမ့်သွားတယ် ဟုတ်လား။
ရှောင်ချင်းရွှမ်း ဘာတွေ ပြောနေတာလဲ။
ဓားဖျားက မုမုန့်ဂျီ၏ လည်ချောင်းကို ထိနေပြီး မုမုန့်ဂျီက ရှောင်ချင်းရွှမ်း၏ လည်ပင်းပေါ်တွင် ဓားကို တင်ထားရုံသက်သက်ပဲ မဟုတ်လား။ သိသာသည်မှာ မုမုန့်ဂျီ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလော။
မုမုန့်ဂျီက အသာအယာ ပြုံးလိုက်သည်။
“အစ်မလည်း တကယ်ကို အစွမ်းထက်ပါတယ်... ကျေးဇူးတင်ပါတယ်”
မုမုန့်ဂျီက ထိုသို့ ပြောပြီးနောက် သူမ၏ ဓားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး ထန်ယွင်၏ ဘေးတွင် ပြုံးလျက် ရပ်နေလိုက်တော့သည်။
“ချင်းရွှမ်း... ဘာဖြစ်လို့လဲ... သူမက နင့်ကို ဘယ်လိုများ အနိုင်ယူသွားတာလဲ”
ပိုင်လီလုံထျန်းက တောင်ထိပ်ပေါ်မှနေ၍ နားမလည်နိုင်စွာ မေးမြန်းလိုက်၏။
ရှောင်ချင်းရွှမ်းသည် ပိုင်လီလုံထျန်းကို ငုံ့ကြည့်လိုက်ပြီး သူမ၏ အောက်နှုတ်ခမ်းကို တင်းတင်းကိုက်ထားမိရာ မျက်ရည်များ ကျဆင်းလာတော့သည်။ စိတ်ပျက်အားငယ်မှုများက သူမ၏ အာရုံကြောတိုင်းကို ဝါးမြိုနေ၏။
“ဝှစ်”
ပိုင်လီလုံထျန်းက ချန်လုံစင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ရှောင်ချင်းရွှမ်းကို ရုတ်တရက် ဖက်ထားလိုက်သည်။
“မငိုပါနဲ့... ဘာဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြောပြပါဦး... ရမလား”
“အင်း”
ရှောင်ချင်းရွှမ်းက ပိုင်လီလုံထျန်း၏ ရင်ခွင်ထဲမှ ခွာလိုက်၏။ သူမသည် ရှေးဟောင်းဝိညာဉ်အုပ်စုမှ တပည့်များကို ဝေ့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“တောင်းပန်ပါတယ်... ငါ မင်းတို့ကို စိတ်ပျက်အောင် လုပ်မိပြီ... ငါ ရှုံးသွားပါပြီ”
ချက်ချင်းပင် သူမသည် တပည့်အားလုံးကို ကျောခိုင်းလိုက်ပြီး ရှည်လျားသော ဆံနွယ်များကို မတင်လိုက်သည့်အခါ လူတိုင်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြရတော့သည်။
သူမ ဇက်ပိုး၏ အလယ်ဗဟိုတွင် သွေးစက်လေးတစ်ခု ရှိနေပြီး ထိုသွေးစက်လေးမှ သွေးများ စိမ့်ထွက်နေသည်ကို တွေ့လိုက်ရ၏။
ဓားကို အသုံးပြုတတ်သူ မည်သူမဆို သိသည်မှာ ထိုသွေးစက်လေးသည် ဓားဖျားဖြင့် ထိမှန်သွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာ ဖြစ်ကြောင်းပင်။
ရှောင်ချင်းရွှမ်းက သူမ၏ ရှည်လျားသော ဆံနွယ်နက်ကြီးများကို ပြန်ချလိုက်ပြီး မျက်ရည်များကြားမှ ပြုံးလိုက်၏။
“ငါ တကယ့်ကို ကျေကျေနပ်နပ်နဲ့ ရှုံးနိမ့်ခဲ့တာပါ... ဘာလို့လဲဆိုတော့ ဂျူနီယာညီမလေးမုရဲ့ ခွန်အားက ငါ့ထက် များစွာ ပိုပြီး သန်မာနေလို့ပါ”
“ခုနက ငါ သူမရဲ့ လည်ပင်းကို ဓားနဲ့ မချိန်ခင်မှာတင် သူမက ငါ့ရဲ့ ဇက်ပိုးကို ဓားဖျားနဲ့ ထိပြီးသွားပြီ... အဲ့ဒီနောက် ငါက သူမရဲ့ လည်ချောင်းကို ဓားနဲ့ ထောက်လိုက်တဲ့အချိန်မှာ သူမက ငါ့ရှေ့မှာ ပြန်ပေါ်လာပြီး ငါ့လည်ပင်းပေါ်ကို ဓားတင်လိုက်တာ”
“အဲ့ဒါကြောင့် ငါ လုံးဝကို ရှုံးနိမ့်ခဲ့ရတာပါ... အတွင်းစည်းမှာ အောင်းနေတဲ့ကျား၊ ပုန်းနေတဲ့နဂါးတွေ ရှိနေမှန်း ငါ ဒီနေ့မှပဲ သိတော့တယ်... လူ့အထက်မှာ လူရှိသလို၊ ကောင်းကင်အထက်မှာလည်း ကောင်းကင် ရှိနေပါသေးလား”
အခန်း ၄၀၅ ပြီး
***