ရှုံးရင် ရှုံးတာပဲ။
ရှောင်ချင်းရွှမ်းက အလွန်ပင် ပွင့်လင်းစွာ ဝန်ခံခဲ့သလို တစ်ချိန်တည်းမှာပင် သူမအပေါ် ကရုဏာထားခဲ့သော မုမုန့်ဂျီကိုလည်း ကျေးဇူးတင်နေမိသည်။
မုမုန့်ဂျီက လူအများရှေ့တွင် သူမ အရှက်မရစေရန်အတွက် ဓားဖျားဖြင့် ဇက်ပိုးကို တမင်တကာ ထိရုံသာ ထိခဲ့ခြင်းဖြစ်ကြောင်း ရှောင်ချင်းရွှမ်း နားလည်လိုက်သည်။
ရှောင်ချင်းရွှမ်း ထင်သည့်အတိုင်းပင် မုမုန့်ဂျီက သူမ၏ ဇက်ပိုးကို ဓားဖြင့် ထိုးခဲ့သော်လည်း ရှည်လျားသော ဆံနွယ်များက ဖုံးအုပ်ထားသဖြင့် မည်သူမျှ မြင်တွေ့ခဲ့ခြင်း မရှိပေ။
ကြင်နာတတ်သော မုမုန့်ဂျီသည် အများကြီး တွေးတောခဲ့ခြင်း ဖြစ်၏။ သူမအနေဖြင့် ရှောင်ချင်းရွှမ်းကို တပည့်အားလုံး၏ ရှေ့တွင် အရှက်မကွဲစေလိုဘဲ ရှောင်ချင်းရွှမ်းကိုယ်တိုင် ရှုံးနိမ့်ကြောင်း သိရှိသွားရန်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။
ရှောင်ချင်းရွှမ်းက စကားပြောပြီးနောက် မုမုန့်ဂျီကို လေးစားမှုပြသသည့်အနေဖြင့် အသာအယာ ဦးညွှတ်လိုက်သည်။
ဤအခိုက်အတန့်တွင် တပည့်အားလုံးမှာ တုန်လှုပ်သွားကြပြီး မုမုန့်ဂျီကို ကြည့်သော အကြည့်များမှာ ပြောင်းလဲသွားကြတော့၏။
သူတို့က မုမုန့်ဂျီမှာ အစွမ်းထက်ကြောင်း သိထားသော်လည်း ဤမျှလောက်အထိ သန်မာလိမ့်မည်ဟုတော့ ထင်မထားခဲ့ကြပေ။
“ဂျူနီယာညီမလေးမူရဲ့ ကရုဏာအတွက် ကျေးဇူးတင်ပါတယ်”
ဤအချိန်တွင် ပိုင်လီလုံထျန်းက မုမုန့်ဂျီကို အလေးအနက် ဦးညွှတ်လိုက်ပြီးနောက် ရှောင်ချင်းရွှမ်း နှင့်အတူ ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်သွားတော့သည်။
ယခုအခါ တတိယအဆင့်သို့ တက်လှမ်းသွားကြသော အစွမ်းထက်သူများမှာ - သန့်စင်သောဝိညာဉ်အုပ်စုမှ ရှန့်ရှန့်ထျန်းနှင့် ခယ်ရှင်းယီ၊ ရှေးဟောင်းဝိညာဉ်အုပ်စုမှ ကျွင်းပုဖျင်၊ လက်နက်အစီအရင်အုပ်စုမှ ဟောင်ဖူထင်ဖုန်း၊ ဝိညာဉ်ငါးပါးအုပ်စုမှ ရွှယ်ဇီယန်၊ ဆေးဝါးအုပ်စုမှ မုမုန့်ဂျီနှင့် ထန်ယွင်တို့ ဖြစ်ကြသည်။
ထန်ယွင်နှင့် ရွှယ်ဇီယန်တို့မှအပ ကျန်ရှိသော ရှန့်ရှန့်ထျန်း၊ ကျွင်းပုဖျင်နှင့် ဟောင်ဖူထင်ဖုန်း တို့သည် မုမုန့်ဂျီကို ကြည့်ကာ ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေတော့၏။
အခြားတစ်ဖက်တွင်မူ ခယ်ရှင်းယီမှာတော့ တည်ငြိမ်နေဆဲပင်။
ကျောက်စိမ်းအဆောက်အဦပေါ်တွင် ထန်ထိုင်ကျုံးတယ်က မုမုန့်ဂျီကို ကျေနပ်စွာ တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်၏။
“ထန်ယွင်ရဲ့ ဆရာက မုမုန့်ဂျီကို ကျင့်စဉ်တစ်ခု ပေးခဲ့တာက သူမကို အတွင်းစည်း တပည့် အုပ်စု ၉ခုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် လုပ်ပေးလိုက်တာပဲ”
“တကယ်လို့ ဒီဂိုဏ်းချုပ်ကလည်း ငါ့ရဲ့ သမီးလေးအတွက် အဖိုးတန်တဲ့ ကျင့်စဉ်တစ်ခုလောက် တောင်းပေးနိုင်မယ်ဆိုရင် ငါ့သမီးရဲ့ ပါရမီနဲ့ဆို နတ်ဘုရားဂိုဏ်း တပည့်တွေထဲမှာတောင် ထိပ်တန်းက ဖြစ်လာနိုင်မှာပဲ မဟုတ်လား”
ထန်ထိုင်ကျုံးတယ်က သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ပြောလိုက်သည်။
“ရှန်စုပင်း... နောက်ပိုင်းပွဲတွေကိုတော့ မင်းပဲ ဦးဆောင်လိုက်တော့”
အခြားသော ခေါင်းဆောင် ၈ ဦးမှာမူ မနာလိုမှုများဖြင့် ပြည့်နှက်နေကြ၏။ ထန်ယွင်နှင့် မုမုန့်ဂျီတို့ကြောင့် ရှန်စုပင်းမှာ အထူးပင် မျက်နှာပွင့်နေပြီး ဂိုဏ်းချုပ်၏ သဘောကျမှုကို ရရှိနေသည် မဟုတ်ပါလော။
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ဂိုဏ်းချုပ်”
ရှန်စုပင်းက ထရပ်ကာ လေးစားစွာ ပြန်ပြောလိုက်ပြီးနောက် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်တို့ကို ငုံ့ကြည့်ကာ သူမ၏ နှုတ်ခမ်းလွှာများ လှုပ်ရှားသွားပြီး သာယာသော အသံ ထွက်ပေါ်လာတော့သည်။
“နောက်ထပ် ချန်လုံစာရင်းရဲ့ နံပါတ် ၁ နဲ့ နံပါတ် ၂ နေရာ ထွက်ပေါ်လာတဲ့အထိ တတိယအဆင့် ပြိုင်ပွဲကို ဆက်လက် ကျင်းပသွားပါ့မယ်”
ရှန်စုပင်းက ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ထန်ယွင်တို့ ၇ ဦး၏ ခေါင်းပေါ်တွင် အလင်းကုလားကာ ၇ ခု ပေါ်လာတော့သည်။
“တကယ်လို့ ဂဏန်း ၄ ကို နှိုက်မိတဲ့သူကတော့ တိုက်ရိုက် တက်ရောက်ခွင့် ရပါလိမ့်မယ်... စတင်လိုက်ကြတော့”
ထိုစကားကြောင့် ထန်ယွင်တို့ ၇ ဦးလုံးက ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်ကာ အလင်းကုလားကာများကို လှုံ့ဆော်လိုက်ကြ၏။
အလင်းကုလားကာပေါ်တွင် ပေါ်လာသော ဂဏန်းများအရ ထန်ယွင်က ၁ ရရှိပြီး ဟောင်ဖူထင်ဖုန်းကလည်း ၁ ရရှိသဖြင့် သူတို့နှစ်ဦးမှာ တတိယအဆင့်၏ ပထမဆုံးပွဲတွင် ဆုံတွေ့ကြရမည် ဖြစ်သည်။
မုမုန့်ဂျီက ၂ ရရှိပြီး ကျွင်းပုဖျင်ကလည်း ၂ ရရှိသဖြင့် သူတို့နှစ်ဦး တိုက်ခိုက်ကြရမည် ဖြစ်၏။
ရွှယ်ဇီယန်က ၃ ရရှိပြီး ရှန့်ရှန့်ထျန်းကလည်း ၃ ရရှိသည်။
ဂဏန်း ၄ ကို ရရှိသွားသော ခယ်ရှင်းယီမှာမူ စတုတ္ထအဆင့်သို့ တိုက်ရိုက် တက်ရောက်သွားရ၏။
“စီနီယာအစ်ကိုဟောင်ဖူ... နံပါတ် ၂ ချန်လုံစင်မြင့်ကို ကြွပါဦး”
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်က အသာအယာ ပြုံးပြလိုက်သည်။
“ဟားဟားဟား”
ဟောင်ဖူထင်ဖုန်းက ခေါင်းခါပြကာ လက်အုပ်ချီလျက် ပြောလိုက်၏။
“ငါ အရှုံးပေးပါတယ်... မင်း ချန်လုံစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရပါစေလို့ ဆုတောင်းပေးပါတယ် ထန်ယွင်”
“ကျေးဇူးတင်ပါတယ်”
ထန်ယွင်ကလည်း လက်အုပ်ပြန်ချီကာ နှုတ်ဆက်လိုက်၏။
ဟောင်ဖူထင်ဖုန်းက ထန်ယွင်နှင့် နန်းကုန်းယွိချင်တို့၏ အသက်နှင့်ရင်းသော တိုက်ပွဲကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသူ ဖြစ်၏။ ထို့အပြင် ထန်ယွင်က တောင်စဉ် ၉ခု ပြိုင်ပွဲတွင် ပြိုင်ဘက်များကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်နေပုံကိုလည်း သူ စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် သူသည် ထန်ယွင်၏ ပြိုင်ဘက် မဟုတ်ကြောင်း ကောင်းစွာ သိထားခြင်းပင်။
ဤသို့ဖြင့် ထန်ယွင်က ချန်လုံစာရင်း၏ ထိပ်တန်း ၄ နေရာထဲသို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။
နောက်တစ်ပွဲမှာ မုမုန့်ဂျီနှင့် ကျွင်းပုဖျင်တို့ တိုက်ခိုက်ရမည့် အလှည့် ဖြစ်၏။
နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်တွင် မုမုန့်ဂျီက ထန်ယွင်ကို ပြုံးပြကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ငါ သတိထားပါ့မယ်”
မုမုန့်ဂျီ၏ အရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာတော့သည်။
“ဝှစ်”
ကျွင်းပုဖျင်က မုမုန့်ဂျီ၏ ရှေ့တွင် ပေ ရာနှင့်ချီ၍ ခုန်ဆင်းလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
“ငါ အရှုံးပေးပါတယ်”
ကျွင်းပုဖျင်သည် ကိုယ်ကို လှည့်ကာ စင်ပေါ်မှ ဆင်းသွားသည့် အခိုက်အတန့်တွင် သူ့မျက်လုံးများမှာ မှေးမှိန်နေတော့သည်။ သူသည် မိမိအဖွဲ့မှ ရှောင်ချင်းရွှမ်း၏ ပြိုင်ဘက် မဟုတ်နိုင်သကဲ့သို့ မုမုန့်ဂျီ၏ ပြိုင်ဘက်လည်း မဖြစ်နိုင်ကြောင်း သိထားသောကြောင့်ပင်။
ကျွင်းပုဖျင် အရှုံးပေးခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
တတိယအဆင့်၏ နောက်ဆုံးပွဲမှာကား အစွမ်းအစကို တစ်ခါမျှ မပြသရသေးသော ရွှယ်ဇီယန်နှင့် အလွန်အစွမ်းထက်သူဟု သိထားကြသော ရှန့်ရှန့်ထျန်းတို့ ဖြစ်ကြသည်။
မနေ့ညက လင်းဟူချန်ဟယ်သည် ရှန့်ရှန့်ထျန်း၊ ခယ်ရှင်းယီနှင့် ခန်းရှီယွန်းတို့ကို ထန်ယွင်၊ မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့ကို ကရုဏာမထားဘဲ သတ်ပစ်ရန် အမိန့်ပေးထားခဲ့သည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ရှန့်ရှန့်ထျန်းက နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ တည်ငြိမ်သော အမူအရာဖြင့် တက်လာပြီးနောက် ရွှယ်ဇီယန်အနေဖြင့် အရှုံးမပေးဘဲ တိုက်ခိုက်လာလိမ့်မည်ဟု တိတ်တဆိတ် မျှော်လင့်နေမိသည်။ သူမသာ အရှုံးမပေးခဲ့လျှင် သူမကို သူ သေချာပေါက် သတ်ပစ်လိမ့်မည် ဖြစ်၏။
ဤသို့ဖြင့် ထန်ယွင်ကို စိတ်ဆင်းရဲအောင် လုပ်ရတာပေါ့။
ခရမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ရွှယ်ဇီယန်က နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ပေါ်လာပြီး ရှန့်ရှန့်ထျန်းနှင့် ပေ ၂၀၀ ခန့်အကွာတွင် ရပ်လိုက်သည်။
ရွှယ်ဇီယန် စကားမပြောမီမှာပင် ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ဝိညာဉ်ငါးပါးပိုင်ရှင်က အလျင်အမြန် သတိပေးလိုက်၏။
“ဇီယန်... မနေ့ညက ဆရာပြောတာကို မမေ့နဲ့နော်... အခုပဲ အရှုံးပေးလိုက်တော့”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်နှင့် မုမုန့်ဂျီတို့မှအပ အခြားသူများ၏ အမြင်တွင် ကံကောင်းမှုကြောင့်သာ တတိယအဆင့်သို့ ရောက်လာသည့် ရွှယ်ဇီယန်သည် ရှန့်ရှန့်ထျန်း၏ ရှေ့တွင် သေချာပေါက် အရှုံးပေးလိမ့်မည်ဟု ယူဆထားကြသည်။
ရှန့်ရှန့်ထျန်းမှာ မည်သူနည်း။ ပြီးခဲ့သည့် အုပ်စု ၉ခု ပြိုင်ပွဲတုန်းက ဝိညာဉ်သန္ဓေအဆင့် ၉ နှင့် ချန်လုံစာရင်း၏ အဆင့် ၉ နေရာကို ရရှိခဲ့သူ မဟုတ်ပါလော။
ယခုအခါ ပြီးခဲ့သည့် ချန်လုံစာရင်း၏ ထိပ်တန်း ၈ နေရာမှ လူများမှာ နတ်ဘုရားဂိုဏ်းသို့ ရောက်ရှိသွားကြပြီ ဖြစ်ရာ လူတိုင်း၏ စိတ်ထဲတွင် ချန်လုံစာရင်း၏ နံပါတ် ၁ နေရာအတွက် ယှဉ်ပြိုင်နိုင်သူမှာ ရှန့်ရှန့်ထျန်း မဟုတ်ဘဲ ထန်ယွင်နှင့် မုမုန့်ဂျီတို့သာ ဖြစ်သည်ဟု ယူဆနေကြသည်။
ဤတစ်ကြိမ်တွင် ဂဏန်း ၄ ကို နှိုက်မိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားသည့် ခယ်ရှင်းယီနှင့် ပတ်သက်၍မူ သူမတွင် ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာကို ရယူနိုင်မည့် ခွန်အားရှိ၊ မရှိကို မည်သူမျှ မသေချာကြပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် တောင်စဉ် ၉ခု ပြိုင်ပွဲကြီး စတင်ကတည်းက သူမ၏ အစွမ်းအစစ်ကို မထုတ်ဖော်ရသေးသောကြောင့်ပင်။
ဤအခိုက်အတန့်တွင် လူတိုင်းက ရွှယ်ဇီယန် အရှုံးပေးလိမ့်မည်ဟု ယုံကြည်နေကြစဉ်မှာပင် ရွှယ်ဇီယန်၏ နောက်ထပ်စကားများကြောင့် လူအုပ်ကြီးမှာ ဆူညံသွားရတော့သည်။
ရွှယ်ဇီယန်က ဝိညာဉ်ငါးပါးပိုင်ရှင်ကို လှည့်ကြည့်ကာ ဦးညွှတ်၍ ပြောလိုက်၏။
“ဆရာ... တပည့် မနုတ်ထွက်ချင်ပါဘူး... တပည့် အတွင်းစည်းကို ရောက်ကတည်းက အမြဲတမ်းလိုလို ကျင့်ကြံနေခဲ့တာဆိုတော့... တပည့်ရဲ့ ခွန်အားက ဘယ်လောက်အထိ ရှိလဲဆိုတာကို အခု တပည့်ကိုယ်တိုင် စမ်းသပ်ချင်ပါတယ်”
“နားမလည်တဲ့ကလေး”
ဝိညာဉ်ငါးပါးပိုင်ရှင်က ဒေါသကြောင့် တုန်ယင်နေတော့သည်။
“မင်း သေချင်နေတာလား... မင်းက ထန်ယွင်ရဲ့ ခယ်မဖြစ်နေမှတော့ ရှန့်ရှန့်ထျန်းက မင်းကို အလွတ်ပေးပါ့မလား... အဲ့ဒါကို မင်း ဘာလို့ မစဉ်းစားရတာလဲ”
“ဘုန်း”
ရွှယ်ဇီယန်က ဒူးထောက်လိုက်ပြီး ပြတ်သားသော မျက်လုံးများဖြင့် ပြောလိုက်၏။
“သူ တပည့်ကို အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ တပည့် သိပါတယ်... အဲ့ဒီလိုပဲ သူက ခဲအိုကို သတ်ချင်နေတာဆိုတော့ တပည့်ကလည်း သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ပါဘူး... ဒီနေ့တော့ သူနဲ့ တပည့် သူသေကိုယ်သေ တိုက်ရမှာပဲ”
“ဆရာ စိတ်မပူပါနဲ့... သူ ဘယ်လောက်ပဲ သန်မာနေပါစေ... နောက်ဆုံးမှာ သူ သေရမှာပါ”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ရွှယ်ဇီယန် ရှုံးနိမ့်မည်မဟုတ်ကြောင်း သူ ယုံကြည်ထား၏။
အခြားတစ်ဖက်တွင်မူ ရှန့်ရှန့်ထျန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ၎င်းမှာ လှောင်ပြုံးတစ်ခုပင်။
“ဇီယန်... မင်းကတော့ ငါ့ကို ဒေါသထွက်အောင် တကယ် လုပ်နေတာပဲ”
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ အော်ဟစ်လုနီးပါး ဖြစ်နေတော့သည်။
“ဆရာ... တပည့် မရှုံးပါဘူး... တပည့် ဆုံးဖြတ်ပြီးသားမို့လို့ ခွင့်ပြုပေးပါ”
ရွှယ်ဇီယန်က ဦးညွှတ်လိုက်ပြန်သည်။
“ထားလိုက်ပါတော့... ထားလိုက်ပါတော့”
ဝိညာဉ်ငါးပါးပိုင်ရှင်က စိုးရိမ်တကြီး သက်ပြင်းချလိုက်ပြီး မှုန်ဝါးနေသော မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်နေတော့သည်။
“ဒါတွေအားလုံးက ဆရာက မင်းကို အလိုလိုက်ထားလို့ပဲ... မင်းကမှ အရှုံးမပေးချင်ဘူးဆိုတော့လည်း မင်းသဘောအတိုင်းပဲ လွှတ်ထားပေးပါ့မယ်”
“မင်းက ကိုယ့်အသက်ကို ကိုယ်တောင် တန်ဖိုးမထားမှတော့ ဆရာက ဘာဆက်ပြောရတော့မှာလဲ... အင်း...”
ဝိညာဉ်ငါးပါးပိုင်ရှင်သည် မျက်တောင်တစ်ခတ်အတွင်းမှာပင် အိုမင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
တောင်ထိပ်ရှိ ဝိညာဉ်ငါးပါးအုပ်စုမှ ရွှယ်ဇီယန်၏ အလိုလိုက်ခံရမှုကို မနာလိုဖြစ်နေကြသော အမျိုးသမီး တပည့်များမှာ တစ်ဦးကိုတစ်ဦး တိုးတိုးလေး ပြောဆိုနေကြတော့သည်။
“ဂျူနီယာညီမလေးရွှယ်ကတော့ တကယ် အခြေအနေကို နားမလည်ဘူးပဲ... သူမရဲ့ ခွန်အားက ဘယ်လောက်ရှိလို့ ရှန့်ရှန့်ထျန်းကို သတ်မယ်လို့ အရှက်မရှိ ပြောရဲတာလဲ”
“မှန်တာပေါ့... ကျုပ်တို့ရဲ့ ခေါင်းဆောင်အကြီးအကဲ ဘယ်လောက်တောင် ဒေါသထွက်နေလဲ ကြည့်လိုက်ဦး... ဒီဂျူနီယာညီမလေးရွှယ်ကတော့ တကယ်ကို အသိဉာဏ် မရှိတာပဲ... သူမမှာ သေဖို့ကလွဲလို့ တခြားလမ်း မရှိတော့ဘူး”
“သူမကို ဂရုမစိုက်နဲ့တော့... သူမက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ... ဘယ်သူ့ကို အပြစ်တင်လို့ ရမှာလဲ...”
“...”
အခန်း ၄၀၆ ပြီး
***