“ပါးစပ်ပိတ်ကြစမ်း”
ရွှယ်ဇီယန်က စင်အောက်တွင် တတွတ်တွတ် ပြောဆိုနေကြသည့် ဝိညာဉ်ငါးပါးအုပ်စုမှ အမျိုးသမီးတပည့်များကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။
“ပြိုင်ပွဲက မစရသေးဘူး... ငါ မလုပ်နိုင်ဘူးဆိုတာ နင်တို့ ဘယ်လိုသိလဲ... နင်တို့အားလုံးကတော့ အစားများပြီး အားယားနေကြပုံပဲ... ဘာတွေ လာပြောနေကြတာလဲ”
“နင်တို့လို တခြားသူရဲ့ အရှိန်အဝါကို မြှင့်တင်ပေးပြီး ကိုယ့်ဂုဏ်သိက္ခာကိုယ် ဖျက်ဆီးနေတဲ့ အရူးတွေကြောင့်ပဲ ငါတို့ ဝိညာဉ်ငါးပါးအုပ်စုဟာ တခြားသူတွေရဲ့ အနှိမ်ခံနေရတာပေါ့”
ရွှယ်ဇီယန်၏ ကြိမ်းမောင်းမှုကို အမျိုးသမီးတပည့်များက ပြန်လည် အော်ဟစ်လိုက်ကြသည်။
“ကောင်းပြီလေ... ဂျူနီယာညီမလေးရွှယ်... နင်က အရမ်းတော်နေတယ်ပေါ့... ဒါပေမဲ့ နင် ရှန့်ရှန့်ထျန်းကို နိုင်ပါ့မလား”
“မှန်တာပေါ့... နင်က ခေါင်းဆောင်အကြီးအကဲရဲ့ တပည့်ရင်း ဖြစ်နေရုံနဲ့ ဘဝင်မြင့်မနေနဲ့ဦး”
“ပွင့်ပွင့်လင်းလင်း ပြောရရင် နင်က အလှပြရုံသက်သက်ပါပဲ...”
“ဒီခေါင်းဆောင်အတွက် အားလုံး ပါးစပ်ပိတ်ကြစမ်း”
ဝိညာဉ်ငါးပါးပိုင်ရှင်က ဒေါသတကြီး ဟစ်အော်လိုက်သည့်အတွက် ရွှယ်ဇီယန်ကို ဝေဖန်နေကြသော အမျိုးသမီးတပည့်များမှာ ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။
ထိုအချိန်တွင် ရှန်စုပင်းက ရွှယ်ဇီယန်နှင့် ရှန့်ရှန့်ထျန်းတို့ကို ငုံ့ကြည့်ကာ မေးလိုက်၏။
“အဆင်သင့်ဖြစ်ပြီလား”
“အဆင်သင့်ပါပဲ”
ရွှယ်ဇီယန်နှင့် ရှန့်ရှန့်ထျန်းတို့က တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။
“ကောင်းပြီ... တိုက်ပွဲကို တရားဝင်စတင်ဖို့ ဒီခေါင်းဆောင်က ကြေညာပါတယ်”
ရှန်စုပင်း၏ စကားအဆုံးတွင် ရှန့်ရှန့်ထျန်း၏ လက်ချောင်းကြားမှ ချန်ခွန်းလက်စွပ်မှာ လျှပ်ခနဲ လက်သွားပြီး အဆင့်မြင့် ရတနာ ဓားပျံတစ်လက် ညာလက်ထဲတွင် ပေါ်လာသည်။ သူက ရွှယ်ဇီယန်ကို ဓားဖြင့် ချိန်ရွယ်ကာ ရက်စက်စွာ ပြုံးလျက် ပြောလိုက်၏။
“ကောင်းကင်ဘုံမှာ လမ်းရှိတာကို မသွားဘဲ လမ်းမရှိတဲ့ ငရဲပြည်ကိုမှ မင်းက အတင်းတိုးဝင်လာတာပဲ... ဒီနေ့တော့ မင်း ဘယ်လိုမှ မလွတ်စေရဘူး”
“ငါ ရှန့်ရှန့်ထျန်းက မင်းအတွက် ထန်ယွင်ကို နောက်ဆုံးခရီး နှုတ်ဆက်ဖို့ အချိန်ပေးမယ်... မြန်မြန်လုပ်စမ်း”
ရွှယ်ဇီယန်က ပြန်လည် လှောင်ပြောင်လိုက်၏။
“ရှင်ကတော့ အရှက်မရှိလိုက်တာ... တခြားသူတွေရဲ့ အမြင်မှာတော့ ရှင်က အစွမ်းထက်သူ ဖြစ်နေမှာပေါ့... ဒါပေမဲ့ ကျွန်မအမြင်မှာတော့ ရှင်က အလွန်ဆုံးရှိလှ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်ထက် မပိုပါဘူး... ကျွန်မကပဲ ရှင့်ကို အချိန်ပေးပါ့မယ်... ရှင့်ရဲ့ ဆရာကို နောက်ဆုံးခရီး နှုတ်ဆက်လိုက်ပါဦး”
“မိန်းမယုတ်... မင်းရဲ့ ခွန်အားက မင်းရဲ့ လေသံလောက် မာ၊ မမာ ငါ ကြည့်ရသေးတာပေါ့”
ရှန့်ရှန့်ထျန်း၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။ ချက်ချင်းပင် လူတိုင်း၏ အမြင်အာရုံထဲ၌ နောက်ထပ် ရှန့်ရှန့်ထျန်း တစ်ဦး ပေါ်လာပြန်၏။
နှစ်ဦးလုံးမှာ တစ်ပုံစံတည်းပင်။
၎င်းနောက် ၃ ဦး၊ ၄ ဦး၊ ၅ ဦး... ရှန့်ရှန့်ထျန်း ၉ ဦး ပေါ်လာသည့်အခါ သူတို့၏ ကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကြီးပင် တုန်ခါသွားရသည်။ ၎င်းမှာ သူသည်လည်း ဟင်းလင်းပြင် ဝိညာဉ်သန္ဓေ ပိုင်ရှင်တစ်ဦး ဖြစ်နေသည့်အလားပင်။
“သေပေတော့”
ရှန့်ရှန့်ထျန်း ၉ ဦးလုံးက မိုးကြိုးသံအလား တစ်ပြိုင်နက် ဟိန်းဟောက်လိုက်ပြီး ရွှယ်ဇီယန်၏ ပတ်ပတ်လည်တွင် တစ်ခဏချင်း ပေါ်လာကာ ဝိညာဉ်စွမ်းအား မုန်တိုင်းများဖြင့် ရိုက်ချလိုက်တော့သည်။ ထိုတိုက်ကွက်များမှာ အရိပ် ၉ခုအဖြစ် ရွှယ်ဇီယန်ထံသို့ တိုးဝင်သွားတော့၏။
“ဟွန့်... အရိပ် ၉ ပါး ကျမ်းစာက အဲ့ဒီလောက်ပဲလား”
ရွှယ်ဇီယန်၏ လှောင်ပြောင်သံကြောင့် တောင်ထိပ်ပေါ်ရှိ အုပ်စု ၉ ခုလုံးမှ တပည့်များမှာ မျက်နှာပျက်သွားကြရသည်။
အရိပ် ၉ ပါး ကျမ်းစာသည် သန့်စင်သောဝိညာဉ်အုပ်စုမှ ဟင်းလင်းပြင်ဝိညာဉ်သန္ဓေရှိသော တပည့်များသာ ကျင့်ကြံခွင့်ရှိသည့် ရတနာအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည် မဟုတ်ပါလော။
အခုတော့ ရွှယ်ဇီယန်က ထိုကျင့်စဉ်ကို အဖိုးမတန်သလို ပြောဆိုနေခြင်းပင်။
လူတိုင်းက ရွှယ်ဇီယန်မှာ ဘာမှမသိဘဲ လျှောက်ပြောနေသည်ဟု လှောင်ပြောင်နေကြစဉ် ဝိညာဉ်ငါးပါးပိုင်ရှင်ကလည်း ရွှယ်ဇီယန် သေချာပေါက် သေရတော့မည်ဟု တွေးတောနေစဉ်မှာပင်၊ မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသဖြင့် ရုတ်တရက် ထရပ်လိုက်ကာ အော်ဟစ်လိုက်တော့သည်။
“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ”
ဤအချိန်တွင် ဝိညာဉ်ငါးပါးပိုင်ရှင် သာမက ထန်ထိုင်ကျုံးတယ်၊ ခေါင်းဆောင်များနှင့် အကြီးအကဲများ အားလုံးပင် ဆွံ့အသွားကြရ၏။
တပည့်များမှာမူ ပြောနေစရာပင် မလိုတော့ပေ။
နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ရွှယ်ဇီယန်၏ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ချက်ချင်းပင် သူမ၏ ဘေးတွင် နောက်ထပ် ရွှယ်ဇီယန် တစ်ဦး ပေါ်လာပြီး သူမ၏ ကိုယ်ပေါ်တွင် အစိမ်းရောင် သစ်သားဓာတ် စွမ်းအားများ ဝန်းရံနေ၏။
ဒါတင် မကသေးပေ။
တစ်ချိန်တည်းမှာပင် နောက်ထပ် ရွှယ်ဇီယန် ၃ဦး ပေါ်လာပြန်ရာ တစ်ဦးမှာ အပြာရောင် ရေဓာတ်စွမ်းအားများ ဝန်းရံနေပြီး နောက်တစ်ဦးမှာ ၃ပေခန့် မြင့်သော မီးလျှံများ တောက်လောင်နေကာ နောက်ဆုံးတစ်ဦးမှာမူ အညိုရောင် မြေဓာတ်စွမ်းအားများ အရှိန်အဟုန်ဖြင့် လည်ပတ်နေတော့သည်။
ထိုစဉ် ထန်ယွင် တစ်ဦးတည်းသာလျှင် ရွှယ်ဇီယန် အသုံးပြုနေသည်မှာ သူပေးထားသော ‘ဝိညာဉ်ငါးပါး ဓားသိုင်း’ ဖြစ်ကြောင်း သိရှိနေ၏။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ... မင်းရဲ့ အရှိန်က ငါ့ထက် ဘာလို့ ပိုမြန်နေရတာလဲ”
ရှန့်ရှန့်ထျန်း ၉ဦးလုံး၏ ပါးစပ်မှ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း သူ ထိုးနှက်လိုက်သော လက်ဝါး ၉ ချက်လုံးကို ရွှယ်ဇီယန်က လွယ်လွယ်ကူကူ ရှောင်တိမ်းလိုက်သည်။
“ကျွန်မရဲ့ အရှိန် ရှင့်ထက် မြန်နေတာက ပုံမှန်ပဲ မဟုတ်ဘူးလား”
ရွှယ်ဇီယန်၏ အရိပ်များမှာ ချန်လုံစင်မြင့်ပေါ် ပြန့်ကျဲသွားပြီး သူမ၏ လက်တစ်ဖက်ချင်းစီတွင် အဆင့်လတ် ရတနာ ဓားပျံတစ်လက်စီ ပေါ်လာတော့သည်။
ထိုဓားပျံ ၅ လက်မှာ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဓာတ် ၅ မျိုးဖြစ်ပြီး ဓားတစ်လက်ချင်းစီမှာ သက်ဆိုင်ရာ ဓာတ်ရှိသော ရွှယ်ဇီယန်များထံသို့ ရောက်ရှိသွားကြ၏။
“ဝိညာဉ်ငါးပါး ပေါင်းစည်းခြင်း - နတ်ဘုရားဓား ကောင်းကင်ကို ခွဲဖြဲခြင်း”
သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ရွှယ်ဇီယန် ၅ ဦးလုံးက ရုတ်တရက် သူတို့၏ ဓားများကို ကောင်းကင်သို့ မြှောက်ကာ ချိန်ရွယ်လိုက်ကြသည်။ ချက်ချင်းပင် ဖန်လုံတောင်ထိပ် အထက် ကောင်းကင်ယံမှာ ဆူပွက်လာပြီး ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာတော့သည်။
တောက်ပသော ရွှေဓာတ်၊ သစ်သားဓာတ်၊ ရေဓာတ်၊ မီးဓာတ်နှင့် မြေဓာတ် စွမ်းအားများသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ဓားပျံ ၅လက်အတွင်းသို့ တိုးဝင်သွားတော့၏။
“သေစမ်း”
ရွှယ်ဇီယန် ၅ ဦးလုံးက ဘယ်လက်ဖြင့် ရင်ဘတ်တွင် တံဆိပ်တစ်ခု ခတ်လိုက်ကာ တစ္ဆေပုံရိပ် ၅ ခုအဖြစ် ပြောင်းလဲသွားပြီး ချန်လုံစင်မြင့်ပေါ်တွင် လျှပ်ခနဲ လှုပ်ရှားလျက် ဓားချက်ပေါင်း ဒါဇင်နှင့်ချီ၍ အရှိန်အဟုန်ဖြင့် ပိုင်းချလိုက်တော့သည်။
ချက်ချင်းပင် ပေ ၁၀၀ ခန့် ရှည်လျားသော ဓာတ်ကြီး ၅ပါး ဓားအလင်းတန်း ရာပေါင်းများစွာမှာ ဟင်းလင်းပြင် အက်ကြောင်းများ နှင့်အတူ ချန်လုံစင်မြင့်၏ အလယ်ဗဟိုတွင် ရှိနေသော ရှန့်ရှန့်ထျန်းထံသို့ အရပ်မျက်နှာအနှံ့မှ ပိတ်ဆို့ တိုက်ခိုက်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန့်ရှန့်ထျန်း ၉ဦးလုံးမှာ ဝါးမြိုခြင်း ခံလိုက်ရပြီး လူတိုင်း၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့၏။
ထိုအရှိန်အဝါမှာ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လှသဖြင့် ချန်လုံစင်မြင့်နှင့် နီးကပ်စွာ ရှိနေသော တပည့် ရာပေါင်းများစွာမှာ ထိခိုက်မိမည်စိုးသဖြင့် ထိတ်လန့်တကြား နောက်ဆုတ်သွားကြရသည်။
“အား... ပျက်စီးသွားစမ်း”
ဓားအလင်းတန်းများကြားသို့ ရောက်နေသော ရှန့်ရှန့်ထျန်း ၉ဦးမှာ ချက်ချင်းပင် တစ်ဦးတည်းအဖြစ် ပြန်လည် ပေါင်းစပ်သွားသည်။ မည်သည့် ကျင့်စဉ်ကို သုံးလိုက်သည် မသိသော်လည်း သူ၏ ညာလက်မှ ဓားကို ကိုင်ဆောင်လျက် အချင်း ၁၀ မီတာခန့်ရှိသော အလင်းကုလားကာတစ်ခုဖြင့် သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။ ထို့နောက် သူက အရှေ့ဘက်ခြမ်းတွင် ရွှေဓာတ်စွမ်းအားများ ဝန်းရံနေသော ရွှယ်ဇီယန်ထံသို့ ဓားဖြင့် အတင်းတိုးဝင် တိုက်ခိုက်လိုက်တော့သည်။
ရွှေဓာတ်စွမ်းအားများ ဝန်းရံနေသော ရွှယ်ဇီယန်မှာ အစစ်အမှန် ခန္ဓာကိုယ်ဖြစ်ကြောင်း သိထားသောကြောင့်ပင်။
“ဘုန်း”
ရှန့်ရှန့်ထျန်းက ဝိညာဉ်သန့်စင်ခြင်း အဆင့် ၂သို့ ချဉ်းကပ်နေသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်၏။ ကြီးမားလှသော ဓားအလင်းတန်းတစ်ခုက သူ့ရှေ့မှ ဓာတ်ကြီး ၅ပါး ဓားအလင်းတန်းများကို ချေမှုန်းပစ်လိုက်ပြီး သူ့ကို ဖုံးလွှမ်းထားသော အလင်းကုလားကာမှာလည်း တစ်ချိန်တည်းမှာပင် ပျက်စီးသွားတော့သည်။
ရှန့်ရှန့်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်စဉ်မှာပင် ရွှေဓာတ်စွမ်းအားများ ဝန်းရံနေသော ရွှယ်ဇီယန်က သူ့ဓားကို ရှောင်တိမ်းလိုက်သည်။ မူလက ချန်လုံစင်မြင့်ပေါ်တွင် ပြန့်ကျဲနေသော ကျန်ရှိသည့် ရွှယ်ဇီယန် ၄ဦးမှာလည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှန့်ရှန့်ထျန်း၏ ဘယ်၊ ညာ၊ အထက်နှင့် အနောက် အရပ် ၄မျက်နှာတွင် တစ်ပြိုင်နက် ပြန်လည် ပေါ်လာကာ ဓားဖြင့် ပိုင်းချလိုက်တော့သည်။
အစမှ အဆုံးထိ ရွှယ်ဇီယန် ကိုယ်တိုင်မှာမူ ရက်စက်သော အပြုံးဖြင့် နေရာမှာတင် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်၏။
“အား...”
“ဟင့်အင်း...”
“အသက်ချမ်းသာပေးပါ...”
ဝက်သတ်ခံရသကဲ့သို့ အော်ဟစ်သံများနှင့်အတူ ရှန့်ရှန့်ထျန်းမှာ အချိန်မီ မရှောင်တိမ်းနိုင်ဘဲ ဓားကို ကိုင်ထားသော သူ့ညာဘက်လက်မှာ အဖြတ်ခံလိုက်ရတော့သည်။
“ပလပ်”
မီးဓာတ်စွမ်းအားများ ဝန်းရံနေသော ရွှယ်ဇီယန်က ရှန့်ရှန့်ထျန်း၏ ကျောပြင်ကို ဓားဖြင့် ထိုးဖောက်လိုက်ရာ သူ့နှလုံးတည့်တည့်ကို ဖောက်ထွက်သွားတော့၏။
“ဝုန်း”
ဟင်းလင်းပြင်ကြီး တုန်ခါသွားပြီးနောက် ရှန့်ရှန့်ထျန်းကို ဝိုင်းရံထားသော ရွှယ်ဇီယန် ၄ဦးမှာ အရိပ်များအဖြစ် ပြောင်းလဲကာ အစစ်အမှန် ခန္ဓာကိုယ်နှင့် ပြန်လည် ပေါင်းစပ်သွားတော့၏။
ရှန့်ရှန့်ထျန်း၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး ဘယ်ဘက်လက်ဖြင့် ရင်ဘတ်မှ သွေးများ ပန်းထွက်နေသော ဒဏ်ရာကို ဖိထားရင်း သူ့နှုတ်ခမ်းများမှာ တုန်ယင်နေတော့သည်။ သူက ကျောက်စိမ်းအဆောက်အဦပေါ်ရှိ လင်းဟူချန်ဟယ်ကို ခက်ခက်ခဲခဲ လှည့်ကြည့်ကာ မပီမသ ပြောလိုက်၏။
“တောင်းပန်ပါတယ်... ဆရာ... တပည့်က ဆရာ့ကို... စိတ်ပျက်... စေမိ... ပြီ...”
ရှန့်ရှန့်ထျန်းမှာ သွေးအိုင်အတွင်းသို့ လဲကျကာ အသက်ထွက်သွားတော့သည်။ သူ့မျက်လုံးများထဲတွင်မူ မကျေနပ်မှုနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်နေတော့၏။
တိတ်ဆိတ်သွားသည်။
တောင်ထိပ်ပေါ်ရှိ အုပ်စု ၉ခုမှ တပည့်အားလုံးမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားကြရတော့လေသည်။
အခန်း ၄၀၇ ပြီး
***