ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တောင်ထိပ်ပေါ်ရှိ ဝိညာဉ်ငါးပါးအုပ်စုမှ အမျိုးသားတပည့်များမှာ ရူးသွပ်မတတ် အော်ဟစ် အားပေးကြတော့သည်။
“ဂျူနီယာညီမလေးရွှယ်ကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”
“ဘုရားသခင်... စီနီယာအစ်မရွှယ်က တကယ်ကို အစွမ်းအစ ဖုံးကွယ်ထားတဲ့သူပဲ”
“မှန်တာပေါ့... ငါပြောသားပဲ... ဂျူနီယာညီမလေးရွှယ်ဟာ ချန်လုံစာရင်းရဲ့ ထိပ်ဆုံးနေရာကို ရဖို့ အလားအလာ အရှိဆုံးပဲလို့”
“စဉ်းစားကြည့်ဦး... ရှန့်ရှန့်ထျန်းက အဲ့ဒီလောက် အစွမ်းထက်တာတောင်မှ အသက်ရှူကြိမ် ၁၀ ကြိမ်တောင် မပြည့်ခင်မှာပဲ ဂျူနီယာညီမလေးရွှယ်ရဲ့ လက်ချက်နဲ့ အသတ်ခံလိုက်ရတာနော်”
“ဟားဟားဟား... တကယ့်ကို အားရစရာပဲဟေ့”
“...”
ဤအချိန်တွင် အစောပိုင်းက ရွှယ်ဇီယန်ကို လှောင်ပြောင်ခဲ့ကြသော ဝိညာဉ်ငါးပါးအုပ်စုမှ အမျိုးသမီးတပည့်များမှာမူ သူတို့၏ ပါးပြင်များမှာ အကြိမ်ပေါင်းများစွာ အရိုက်ခံလိုက်ရသကဲ့သို့ ပူထူနေကြတော့သည်။
အခြားသောအုပ်စုမှ တပည့်များ သတိဝင်လာသည့်အခါ ဖန်လုံတောင်ထိပ်ကြီး တစ်ခုလုံးမှာ ထိတ်လန့်တုန်လှုပ်မှု၊ အံ့ဩမှုနှင့် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
“ဒါ ဘယ်လို အခြေအနေလဲ... တကယ်ပဲလား၊ ကံကောင်းလို့ တက်လာတယ်ဆိုတဲ့ ရွှယ်ဇီယန်က ရှန့်ရှန့်ထျန်းကို တကယ်ပဲ သတ်လိုက်တာလား”
“မင်း မျက်စိမှောက်နေတာလား... ဒါက အစစ်အမှန်ကြီးလေ... တောက်... မယုံနိုင်စရာပဲ... ရွှယ်ဇီယန်က တကယ်ပဲ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့သူလား... ငါ့အမြင်မှာတော့ သူမက ထန်ယွင်နဲ့ မုမုန့်ဂျီတို့ထက်တောင် ပိုပြီး သန်မာနေဦးမယ် ထင်တယ်”
“ငါတို့ မှားသွားပြီ... ရွှယ်ဇီယန်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”
“ဟုတ်တယ်... ဒါက တကယ့်ကို အံ့ဩစရာပဲ... စဉ်းစားကြည့်ဦး... ဝိညာဉ်ငါးပါးအုပ်စုမှာ လူအများဆုံး ရှိပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈,၀၀၀ အတွင်းမှာ ချန်လုံစာရင်းရဲ့ ထိပ်တန်း ၄ နေရာထဲကို ဘယ်တပည့်မှ မဝင်နိုင်ခဲ့ဘူးလေ... အခုတော့ ရွှယ်ဇီယန်က ချန်လုံစာရင်းရဲ့ နံပါတ် ၁ ကိုတောင် ရနိုင်ခြေ ရှိနေပြီ”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျုပ်တို့ရဲ့ စီနီယာအစ်ကိုခန်းရှီယွန်းက ထန်ယွင်ရဲ့ လက်ချက်နဲ့ သေခဲ့ရသလို အခု စီနီယာအစ်ကို ရှန့်ရှန့်ထျန်းလည်း သေသွားပြီတဲ့လား”
တပည့်များ၏ ဆူညံသံများကို စိတ်လှုပ်ရှားနေသော အိုမင်းသည့် အသံတစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားတော့သည်။
“ကောင်းတယ်... ဟားဟားဟား... သိပ်ကောင်းတာပဲ”
ကျောက်စိမ်းအဆောက်အဦပေါ်မှ ဝိညာဉ်ငါးပါးပိုင်ရှင်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်နေတော့သည်။ ရွှယ်ဇီယန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၈,၀၀၀ အတွင်း ချန်လုံစာရင်း၏ ထိပ်တန်း ၄ နေရာထဲသို့ ဝင်ရောက်နိုင်သည့် တစ်ဦးတည်းသော ဝိညာဉ်ငါးပါးအုပ်စု တပည့် ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
ဝိညာဉ်ငါးပါးပိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် ထပ်မံ မေးမြန်းလိုက်၏။
“ဇီယန်... ခုနက မင်း သုံးလိုက်တဲ့ ကျင့်စဉ်က ဘာလဲ... ဘာလို့ ဒီလောက်အထိ အစွမ်းထက်နေရတာလဲ... ဆရာလည်း မင်းကို မသင်ပေးခဲ့ဖူးဘူးနော်”
ရွှယ်ဇီယန်က ပြုံးလျက် ပြန်ဖြေလိုက်၏။
“ဆရာ့ကို တင်ပြပါတယ်... ဒါက ကျွန်မ ခဲအိုရဲ့ဆရာက တပည့်ကို သင်ပေးထားတဲ့ ကျင့်စဉ်ပါ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ အကြည့်မှာ ထန်ယွင်ထံသို့ ရောက်ရှိသွားကြပြန်သည်။ ထန်ယွင်၏ ဆရာမှာ မည်သူဖြစ်မည်နည်းဟု လူတိုင်း စဉ်းစားမရ ဖြစ်နေကြတော့၏။
မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့ကို ပေးထားသော ကျင့်စဉ်များမှာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည် မဟုတ်ပါလော။
လူတိုင်းက စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေကြစဉ် ရွှယ်ဇီယန်က ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်၌ ပေါ်လာသည်။ သူမက မုမုန့်ဂျီနှင့် ထန်ယွင်ကို ကြည့်ကာ ခေါင်းကို မော့လျက် ကလေးတစ်ယောက်အလား ပြောလိုက်၏။
“အစ်မနဲ့ ခဲအို... ကျွန်မ တော်တယ် မဟုတ်လား”
“တော်တာပေါ့... ငါတို့ညီမလေးက အတော်ဆုံးပဲ”
မုမုန့်ဂျီက ပြုံး၍ ပြောလိုက်သည်။
“မဆိုးပါဘူး... ချီးကျူးထိုက်ပါတယ်”
ထန်ယွင်က လူအများရှေ့မှာပင် ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်၏။
“ရှန့်ရှန့်ထျန်းကို သတ်လိုက်တာက ခဲအို့အတွက် ဒေါသဖြေပေးရာလည်း ရောက်တာပေါ့”
ထန်ယွင်က ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားသော ခယ်ရှင်းယီကို တစ်ချက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“မုန့်အာ... ဇီယန်၊ နောက်ပွဲမှာ ငါတို့ ၃ ယောက်ထဲက ဘယ်သူပဲဖြစ်ဖြစ် သူမနဲ့ ဆုံခဲ့ရင် ကရုဏာမထားကြနဲ့... သူမကို ခန်းရှီယွန်းနဲ့ ရှန့်ရှန့်ထျန်းတို့ဆီ လိုက်သွားနိုင်အောင် ငါတို့ ပို့ပေးကြတာပေါ့”
“မဆိုးဘူး... မဆိုးဘူး... ဒီအဆိုပြုချက်က တကယ်ကို ကောင်းတယ်”
ရွှယ်ဇီယန်က ခယ်ရှင်းယီကို တစ်ချက်ကြည့်ကာ ထန်ယွင်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်၏။
“ဟွန့်”
ခယ်ရှင်းယီက ထန်ယွင်တို့ ၃ ဦးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ ၃ ယောက် သိပ်ပြီး ဝမ်းသာမနေကြနဲ့ဦး... ဘယ်သူက အနိုင်ရမလဲဆိုတာ မသေချာသေးဘူး”
“ဟုတ်လား”
မုမုန့်ဂျီက ခယ်ရှင်းယီကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“ငါ့ရဲ့ ဓားအောက်မှာ မသေခင်အထိ မင်းရဲ့ လေသံက မင်းရဲ့ ခွန်အားလောက် မာနေဦးမယ်လို့ ငါ မျှော်လင့်ပါတယ်”
ဤအခိုက်အတန့်တွင် လင်းဟူချန်ဟယ်သည် ကျောက်စိမ်းအဆောက်အဦပေါ်မှ ဆင်းသက်လာပြီး နံပါတ် ၂ ချန်လုံစင်မြင့်သို့ ရောက်ရှိလာကာ ရှန့်ရှန့်ထျန်း၏ အလောင်းကို ပိုက်လျက် နာကျင်စွာ အော်ဟစ်လိုက်တော့သည်။
“ရှန့်ထျန်း... ငါ့ရဲ့ တပည့်ကောင်းလေး”
“မင်းကတော့ သေရတာ တကယ်ကို သနားစရာကောင်းလိုက်တာ... အားလုံးက ဆရာ့အပြစ်တွေပါ... ဆရာ့အပြစ်တွေပါ”
လင်းဟူချန်ဟယ်က ရှန့်ရှန့်ထျန်း၏ အလောင်းကို ရင်ခွင်ထဲ၌ ပိုက်လျက် ချန်လုံစင်မြင့်ပေါ်မှ ဆင်းလာခဲ့၏။ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာ ချမှတ်လိုက်သည်။
“ထန်ယွင်... ရွှယ်ဇီယန်... မင်းတို့က ငါ့ရဲ့ မြေးကို သတ်ခဲ့တယ်... ငါ့တပည့်ကိုလည်း သတ်ခဲ့တယ်... ဒီရန်ငြိုးကိုတော့ ငါ ကမ္ဘာတည်သရွေ့ မေ့မှာ မဟုတ်ဘူး... တစ်နေ့နေ့ကျရင် မင်းတို့ကို ငါ သေချာပေါက် သတ်မယ်”
လင်းဟူချန်ဟယ်မှာ ရှန့်ရှန့်ထျန်း၏ အလောင်းကို ပိုက်လျက် ချန်လုံစင်မြင့်မှ ထွက်ခွာသွားတော့သည်။
ရှန်စုပင်းက လင်းဟူချန်ဟယ်ကို အေးစက်စွာ ငုံ့ကြည့်လိုက်ပြီးနောက် နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်၊ ရွှယ်ဇီယန်၊ မုမုန့်ဂျီနှင့် ခယ်ရှင်းယီတို့ကို ကြည့်ကာ ပြောလိုက်သည်။
“အခု စတုတ္ထအဆင့်ဖြစ်တဲ့ ၂ ယောက်ချင်း တိုက်ပွဲကို စတင်ပါ့မယ်”
ရှန်စုပင်းက သူမ၏ နူးညံ့လှသော လက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ထန်ယွင်တို့ ၄ ဦး၏ ခေါင်းပေါ်တွင် အလင်းကုလားကာ ၄ ခု ပေါ်လာတော့သည်။
ထို ၄ ဦးလုံးက ဝိညာဉ်စွမ်းအားများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်ကြရာ အလင်းကုလားကာများကို ထိမှန်သွားသည့်အခါ ဂဏန်း ၄ ခု ပေါ်လာတော့၏။
ထန်ယွင်က ၁ ရရှိပြီး၊ ခယ်ရှင်းယီကလည်း ၁ ရရှိသဖြင့် သူတို့နှစ်ဦးမှာ စတုတ္ထအဆင့်၏ ပထမဆုံးပွဲတွင် ဆုံတွေ့ကြရမည် ဖြစ်သည်။
မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့မှာမူ ၂ စီ ရရှိကြသဖြင့် ဒုတိယပွဲတွင် ထိပ်တိုက်တွေ့ကြရမည် ဖြစ်၏။
နောက်ဆုံးတွင် ထို ၄ ဦးထဲမှ အနိုင်ရသူ ၂ ဦးသည် ချန်လုံစာရင်း၏ နံပါတ် ၁ နှင့် နံပါတ် ၂ နေရာအတွက် ယှဉ်ပြိုင်ကြရပေလိမ့်မည်။
“ထန်ယွင်... သတိထားနော်”
မုမုန့်ဂျီက ခြေဖျားလေးထောက်ကာ ထန်ယွင်၏ နားနားသို့ တိုးကပ်၍ တိုးညှင်းသော အသံလေးဖြင့် သတိပေးလိုက်သည်။
“ကျွန်မ ခယ်ရှင်းယီကို စောင့်ကြည့်နေတာ... ရှင် ခန်းရှီယွန်းကို သတ်တုန်းကရော ဇီယန် ရှန့်ရှန့်ထျန်းကို သတ်တုန်းကရော သူမတစ်ယောက်တည်းပဲ ရှင်တို့ကို ကြောက်ရွံ့တဲ့ အရိပ်အယောင် မပြခဲ့တာ... အဲ့ဒါကြောင့် သူမက အရမ်းသန်မာလိမ့်မယ်လို့ ကျွန်မ သံသယရှိတယ်”
ထိုစကားကို ကြားရသည့်အခါ ထန်ယွင်က စိတ်အေးစေမည့် အကြည့်ဖြင့် မုမုန့်ဂျီကို ကြည့်ကာ ပြောလိုက်၏။
“ရပါတယ်... စိတ်မပူပါနဲ့”
၎င်းနောက် ထန်ယွင်သည် အရိပ်တစ်ခုအလား နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ ပျံတက်သွားတော့သည်။
“ဝှစ်”
ခယ်ရှင်းယီကလည်း ထန်ယွင်၏ အနောက်မှ ကပ်လျက် လိုက်ပါလာပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်တွင် ထန်ယွင်နှင့် ရင်ဆိုင်ရပ်လိုက်သည်။ ထိုစဉ်မှာပင် လေပြေတစ်ခု နှင့်အတူ လင်းဟူချန်ဟယ်က ခယ်ရှင်းယီ၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ဘာမှ မတုံ့ပြန်နိုင်သေးသော ခယ်ရှင်းယီကို ဆွဲကာ စင်ပေါ်မှ ဆင်းသွားတော့သည်။
“ဆရာ... တပည့်ကို ပါဝင်ခွင့်ပေးပါ... တပည့် သူ့ကို တကယ် မကြောက်ပါဘူး”
တောင်ထိပ်သို့ ရောက်သည့်အခါ ခယ်ရှင်းယီက မကျေမနပ်ဖြင့် အသနားခံလိုက်၏။
လင်းဟူချန်ဟယ်က ခယ်ရှင်းယီ၏ နားထဲသို့ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံဖြင့် ပြောလိုက်သည်။
“မင်း သန်မာတယ်ဆိုတာ ဆရာ သိပါတယ်... ဒါပေမဲ့ စင်ပေါ်မှာ ရှိနေတဲ့ ၃ ယောက်လုံးက တစ်ဖွဲ့တည်းလေ... သူတို့ ၃ ယောက်လုံးရဲ့ ခွန်အားကိုလည်း မင်း မြင်ပြီးပြီ မဟုတ်လား... တစ်ယောက်ကို မင်း နိုင်နိုင်ပေမဲ့ နောက်ထပ် ၂ ယောက်ကကော... ဆရာ့စကားကို နားထောင်စမ်း... မင်း သူတို့ကို သတ်ချင်ရင် ထာဝရနယ်မြေထဲ ရောက်မှ သတ်ပါ... တကယ်လို့ အဲ့ဒီမှာ မသတ်နိုင်ရင်လည်း သူတို့ ပြန်လာတဲ့အထိ စောင့်ပါ... အဲ့ဒီအခါကျရင် ဆရာကိုယ်တိုင်ပဲ လုပ်ဆောင်ပါ့မယ်”
“မင်းက ဆရာ့မှာ ကျန်ရှိတဲ့ တစ်ဦးတည်းသော တပည့်ပဲ... မင်းကို နောက်ထပ် အန္တရာယ် မဖြစ်စေချင်တော့ဘူး... နားလည်လား”
ထိုစကားကို ကြားရသည့်အခါ ခယ်ရှင်းယီ အလေးအနက် ခေါင်းညိတ်လိုက်ရတော့သည်။
“ဒီဆေးဝါးအုပ်စုက ထန်ယွင်ဟာ ချန်လုံစာရင်းရဲ့ ထိပ်ဆုံး ၂ နေရာထဲကို ပထမဆုံး တက်လှမ်းသွားသူ ဖြစ်တယ်လို့ ဒီခေါင်းဆောင်က ကြေညာပါတယ်”
ရှန်စုပင်းက ပြောပြီးနောက် ထပ်မံ ဖြည့်စွက်လိုက်၏။
“နောက်ထပ်ကတော့... မုမုန့်ဂျီနဲ့ ရွှယ်ဇီယန်တို့က ကျန်ရှိတဲ့ ထိပ်ဆုံး ၂ နေရာအတွက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်”
လူတိုင်း၏ စိတ်ထဲတွင် မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့မှာ ညီအစ်မတွေလို ချစ်ခင်ကြသူများဖြစ်ရာ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ဟု ယူဆထားကြ၏။
သို့သော်လည်း လူတိုင်း မထင်မှတ်ထားသော အချက်မှာ ရွှယ်ဇီယန်နှင့် မုမုန့်ဂျီတို့သည် နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်သို့ အတူတကွ တက်သွားကြခြင်းပင်။
ရွှယ်ဇီယန်က လေးနက်သော အမူအရာဖြင့် မုမုန့်ဂျီကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်၏။
“နင်က ငါ့ရဲ့ အစ်မဆိုပေမဲ့... ငါ နင့်ကို လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး”
“ကောင်းပြီလေ... ငါလည်း ငါ့ညီမဆိုပြီး ညှာနေမှာ မဟုတ်ဘူး”
မုမုန့်ဂျီကလည်း ကျယ်လောင်စွာ ပြန်ပြောလိုက်တော့သည်။
အခန်း ၄၀၈ ပြီး
***