“ဟင်...”
ထန်ယွင်မှာ ဆွံ့အသွားပြီးနောက် လွှတ်ခနဲ ပြောလိုက်မိသည်။
“ဟေး... ဟေး... ဟေး... မင်းတို့က တကယ်ကြီး တိုက်ကြမလို့လား”
မိန်းကလေး ၂ ဦးလုံး၏ ကျင့်စဉ်များကို ထန်ယွင် ကိုယ်တိုင် ပေးထားခြင်းဖြစ်ရာ သူတို့၏ ခွန်အားကို သူ ကောင်းစွာ သိထားသည်။ အကယ်၍ သူတို့ ၂ ဦးလုံးသာ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်ကြမည်ဆိုပါက နှစ်ဦးလုံး ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ခြေ ရှိသည် မဟုတ်ပါလော။
ထန်ယွင်ကတော့ ထိုရလဒ်မျိုးကို လုံးဝ လက်မခံနိုင်ပေ။
“ထန်ယွင်... ဒါက ငါနဲ့ ဇီယန်ကြားက ကိစ္စပါ၊ ရှင် ဝင်မပါနဲ့”
“ခဲအို... ရှင် ဝင်မရှုပ်ပါနဲ့၊ ဒါက ကျွန်မနဲ့ အစ်မကြားက ထိပ်တိုက်ရင်ဆိုင်ပွဲပဲ”
မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။ အမျိုးသမီး ၂ ဦးလုံး၏ မျက်လုံးများမှာ ပြတ်သားနေပြီး ရလဒ်က မည်သို့ပင်ဖြစ်စေ အရှုံးပေးမည့်ပုံ မပေါ်ပေ။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်များက အော်ဟစ် အားပေးလိုက်ကြသည်။
“ဂျူနီယာညီမလေးရွှယ်ကတော့ ငါတို့ ဝိညာဉ်ငါးပါးအုပ်စုရဲ့ ဂုဏ်သိက္ခာအတွက် သူ့အစ်မကိုတောင် ပြန်တိုက်ဖို့ ဝန်မလေးဘူးပဲ... စီနီယာအစ်မရွှယ်က တကယ့် လူတော်တစ်ယောက်ပဲ မဟုတ်လား... ကျုပ်တို့ အားလုံး အတုယူသင့်တဲ့ စံပြပုဂ္ဂိုလ်ပဲဟေ့”
“မှန်တာပေါ့... ဂျူနီယာညီမလေးရွှယ်က ငါတို့ ဝိညာဉ်ငါးပါးအုပ်စုရဲ့ ဂုဏ်ဆောင်ပဲ”
“ဂျူနီယာညီမလေးရွှယ် သေချာပေါက် နိုင်ရမယ်”
“သေချာတာပေါ့”
“...”
ထိုစကားများကို ကြားရသည့်အခါ ဝိညာဉ်ငါးပါးပိုင်ရှင်မှာ ပါးစပ်ပင် မစေ့နိုင်အောင် ပြုံးပျော်နေပြီး သူ၏ နီမြန်းနေသော မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ ပြည့်နှက်နေတော့သည်။
ရွှယ်ဇီယန် ကျင့်ကြံထားသော ကျင့်စဉ်ကို သူ့မြေးဖြစ်သူ ဝူလင် ကျင့်ကြံနိုင်ရန်အတွက် ရွှယ်ဇီယန်ထံမှ တောင်းယူရန် အခွင့်အရေး ရှာဖွေမည်ဟု စိတ်ထဲမှ ဆုံးဖြတ်လိုက်၏။
သူ့အမြင်တွင် ဝူလင်နှင့် ရွှယ်ဇီယန်တို့မှာ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုသည့် တူညီသော ဝိညာဉ်သန္ဓေ ၅မျိုးကို ပိုင်ဆိုင်ထားကြသူများ ဖြစ်သည်။ ရွှယ်ဇီယန် ကျင့်ကြံနိုင်လျှင် သူ့မြေးလည်း သေချာပေါက် ကျင့်ကြံနိုင်လိမ့်မည်ဟု ယူဆထားခြင်း ဖြစ်၏။
‘ဟဲဟဲ... အခုတော့ ငါ့မြေးက ထန်ယွင်ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူးဆိုပေမဲ့ နောက်ဆို ဇီယန်ရဲ့ ကျင့်စဉ်ကို ကျင့်ပြီးရင်တော့ ထန်ယွင်ကို သတ်ဖို့က လွယ်လွယ်လေး ဖြစ်သွားမှာပါ’
ဝိညာဉ်ငါးပါးပိုင်ရှင်မှာ အရှက်မရှိ တွေးတောနေရင်း ကျောက်စိမ်းအဆောက်အဦအောက်ရှိ ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်များကို လက်ယပ်ပြကာ ပြောလိုက်သည်။
“တိတ်ကြစမ်း... ဇီယန်ရဲ့ တိုက်ပွဲကို အနှောင့်အယှက် မပေးကြနဲ့”
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်”
ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်ပေါင်း သိန်းချီမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။
လူတိုင်းက အစွမ်းထက်သူ ၂ ဦး၏ ထိပ်တိုက်ရင်ဆိုင်ပွဲကို မြင်တွေ့ရန် အသင့်ပြင်လိုက်ကြပြီ ဖြစ်၏။
မုမုန့်ဂျီနှင့် ရွှယ်ဇီယန်တို့အနက် မည်သူက ပို၍ သန်မာသည်ကို မသိကြသော်လည်း ထိုအမျိုးသမီး ၂ဦးလုံးမှာ ပါရမီရှင်များ ဖြစ်ကြသဖြင့် နောက်ထပ် တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လိမ့်မည်ဟု လူတိုင်း ယူဆထားကြသည်။
ဘာပဲဖြစ်ဖြစ် ထိုမိန်းကလေး ၂ ဦးမှာ အစွမ်းကုန် ထိုက်ခိုက်ရန် ရွေးချယ်ထားကြသည် မဟုတ်ပါလော။
လူတိုင်းက အသက်ရှူဖို့ရာ မေ့လျော့နေစဉ်မှာပင် နောက်ထပ် ဖြစ်ပေါ်လာသော မြင်ကွင်းက အားလုံးကို ဆွံ့အသွားစေခဲ့သည်။
ထန်ယွင်နှင့် အခြားသော တပည့်အများစုမှာ ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြရ၏။
မြင်လိုက်ရသည်မှာ ရွှယ်ဇီယန်က သူမ၏ ညာလက်ကို အနောက်သို့ ပစ်ထားပြီး ထိုသို့ပင် လက်နှစ်ဖက်ကို အနောက်တွင် ထားလျက် ရပ်နေသော မုမုန့်ဂျီကို ကြည့်ကာ လေးနက်စွာ ပြောလိုက်ခြင်းပင်။
“အစ်မမု... အဆင်သင့် ဖြစ်ပြီလား”
“အဆင်သင့်ပဲ”
မုမုန့်ဂျီက ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ငါ နင့်ကို လုံးဝ ညှာမှာ မဟုတ်ဘူး”
“ကောင်းပြီလေ... ဒါဆိုရင် ငါ ၃ အထိ ရေတွက်မယ်နော်”
ရွှယ်ဇီယန်က မုမုန့်ဂျီကို စိုက်ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“၁”
“၂”
“၃”
“ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေး”
“ဟိဟိ... အစ်မမုက စက္ကူ၊ ကျွန်မက ကတ်ကြေး... ကျွန်မ နိုင်ပြီ”
ရွှယ်ဇီယန်က အလွန်ပင် ဝမ်းသာသွားပြီး သူမ၏ ညာဘက်လက်မှ လက်ညှိုးနှင့် လက်ခလယ်လေးကို မြှောက်ကာ အောင်ပွဲခံနေတော့သည်။ သူမ၏ ငွေခေါင်းလောင်းသံလေးအလား သာယာသော ရယ်သံလေးမှာ ဖန်လုံတောင်ထိပ်ကြီးတွင် အချိန်အတော်ကြာ ပျံ့လွင့်နေတော့၏။
အခြားတစ်ဖက်တွင်မူ မုမုန့်ဂျီက မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
“အရင်က ပြင်ပစည်းမှာတုန်းကလည်း ဒီကောင်မလေး ဇီယန်က ငါနဲ့ ဒါမျိုး ကစားခဲ့တာပဲ... အဲ့ဒီတုန်းက သူ အမြဲတမ်း ရှုံးခဲ့တာကို ဒီနေ့ကျမှ ငါ့ကို ဘယ်လိုဖြစ်ပြီး နိုင်သွားတာလဲ”
“ငါ့နှယ်... မရီးနဲ့ စီနီယာအစ်မရွှယ်တို့ တိုက်ကြပုံကတော့ တကယ်ကို လန်းတယ်ဗျာ”
တာနျူမှာ ဆွံ့အသွားရ၏။
တပည့်ပေါင်းများစွာမှာလည်း ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
၎င်းနောက် တောင်ထိပ်တစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်သွားပြီး တင်းမာနေသော ပြိုင်ပွဲကြီးမှာ ရုတ်တရက် ပျော်စရာ ကောင်းသွားတော့သည်။
ထန်ထိုင်ကျုံးတယ်လည်း ရယ်မောမိသွား၏။ ဤတိုက်ပွဲမှာ ပြက်လုံးတစ်ခုနှင့် တူနေသော်လည်း အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
“အာ...”
ဝိညာဉ်ငါးပါးပိုင်ရှင်၏ နှုတ်ခမ်းထောင့်မှာ ပြင်းထန်စွာ တုန်ယင်နေတော့သည်။ သူ့တပည့်မှာ ချန်လုံစာရင်း၏ ထိပ်တန်း ၂ နေရာထဲသို့ ဤသို့သော နည်းလမ်းဖြင့် ဝင်ရောက်သွားခဲ့သည် မဟုတ်ပါလော။
“ဟားဟားဟား”
ဝိညာဉ်ငါးပါးပိုင်ရှင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် -
“ဇီယန်... ဆက်ပြီးတော့ နိုင်အောင် ကြိုးစားစမ်း... ဆရာ့အတွက် နံပါတ် ၁ နေရာကို ယူပေးစမ်းပါဦး”
ထန်ယွင်က ပြုံးလိုက်၏။ ခင်ဗျားက အိုကြီးအိုမနဲ့ ကျုပ်ကို နောက်နေတာလား။
“ခဲအို... လာလေ... ကျွန်မတို့လည်း တစ်ပွဲလောက် ကစားကြရအောင်”
ရွှယ်ဇီယန်က နံပါတ် ၁ ချန်လုံစင်မြင့်ပေါ်ရှိ ထန်ယွင်ကို လှမ်း၍ လက်ယပ်ခေါ်လိုက်သည်။
ရှန်စုပင်းမှာမူ စိတ်ပူနေရပြီ ဖြစ်၏။ ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာဆိုသည်မှာ အဆင့်သတ်မှတ်ချက် တစ်ခုတည်း မဟုတ်ဘဲ အလွန်ပင် အဓိပ္ပာယ် ကြီးမားလှသည် မဟုတ်ပါလော။
ယခုအခါ အုပ်စု၉ ခုကြားမှ အားပြိုင်မှုမှာ ပို၍ ပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ အကြီးအကဲများစွာက ချန်လုံစာရင်းတွင် မည်သည့်အဖွဲ့မှ တပည့်က အဆင့် ၁ ရသနည်းဆိုသည့်အပေါ် မူတည်ပြီး မည်သည့်အဖွဲ့က အသန်မာဆုံးဖြစ်ကြောင်း ဆုံးဖြတ်လေ့ ရှိကြသည်။
အထူးသဖြင့် ရှန်စုပင်းသည် ဂိုဏ်းတည်ထောင်သူ ဘိုးဘေးများ လက်ထက်ကတည်းက အတွင်းစည်း ဆေးဝါးအုပ်စုမှ မည်သူမျှ ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာကို မရရှိခဲ့ဖူးကြောင်း တွေးမိလိုက်၏။
အခုတော့ ထိုအတားအဆီးကို ချိုးဖျက်ပြီး ဆေးဝါးအုပ်စု၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည့် အခွင့်အရေးမှာ သူမ၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
ထန်ယွင်က ရှန်စုပင်း၏ အမူအရာကို ကြည့်ကာ သူ့ဆရာမှာ မျှော်လင့်ချက် ကြီးမားနေကြောင်း သိလိုက်သည်။ သူမ အုပ်ချုပ်သော ဆေးဝါးအုပ်စုမှ တစ်ဦးဦးသည် ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာကို ရယူနိုင်ရန် သူမ အိမ်မက် မက်နေခဲ့သည်မှာ သေချာလှပေ၏။ ထို့ကြောင့် ထန်ယွင်က သူ့ဆရာ၏ ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးရမည် မဟုတ်ပါလော။
ရှန်စုပင်း စကားမပြောမီမှာပင် ထန်ယွင်က ရွှယ်ဇီယန်ကို ကြည့်ကာ နှုတ်ခမ်းဆူပြလိုက်၏။
“ငါ့ကို အဲ့ဒီနည်းနဲ့ လာမလုပ်နဲ့... ဒီတစ်ခါ ချန်လုံစာရင်းရဲ့ နံပါတ် ၁ နေရာက ငါတို့ ဆေးဝါးအုပ်စုအတွက်ပဲ”
ရှန်စုပင်း သက်ပြင်းချနိုင်သွားပြီး ထန်ယွင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေတော့သည်။
“ဝှစ်”
ထန်ယွင်၏ အရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး နံပါတ် ၂ ချန်လုံစင်မြင့်ပေါ်၌ ပေါ်လာသည်။ ထို့နောက် အပြုံးကို သိမ်းဆည်းကာ လေးနက်စွာ ပြောလိုက်၏။
“ဓားထုတ်စမ်း”
ရွှယ်ဇီယန်က ရယ်မောလိုက်သည်။
“ခဲအိုနဲ့ တိုက်မနေတော့ပါဘူး... ကျွန်မ သိပါတယ်... ကျွန်မ ဘယ်လောက်ပဲ တော်နေပါစေ ခဲအို့ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာကိုလေ... ကျွန်မ အရှုံးပေးပါတယ်”
ရွှယ်ဇီယန်က အပြုံးကို သိမ်းဆည်းလိုက်ပြီး ထန်ယွင်ကို မျက်စောင်းထိုးကာ ပြောလိုက်၏။
“ပျင်းစရာကြီး”
၎င်းနောက် သူမသည် ချန်လုံစင်မြင့်ပေါ်မှ ဆင်းသက်လိုက်ပြီး မုမုန့်ဂျီ၏ ဘေးတွင် ရပ်နေလိုက်တော့သည်။
အခြေအနေများ ငြိမ်သက်သွားသည်ကို မြင်ရသည့်အခါ ရှန်စုပင်းမှာ အိပ်မက်တစ်ခုအလား အလွန်ပင် ဝမ်းသာသွားရ၏။ ရုတ်တရက် သူမ၏ လှပသော မျက်လုံးများတွင် နူးညံ့မှုနှင့် တမ်းတမှု အရိပ်အယောင်လေးများ ပေါ်လာပြီး ဤအခိုက်အတန့်မှ ပျော်ရွှင်မှုများကို သူမ၏ဆရာနှင့် မျှဝေခံစားချင်နေမိတော့သည်။
ကျောက်စိမ်းအဆောက်အဦပေါ်ရှိ ထန်ထိုင်ကျုံးတယ်မှာ ထရပ်လိုက်ပြီး ထန်ယွင်ကို ကြည့်ကာ ပြုံးလိုက်၏။ ထန်ယွင်ကို ကြည့်လေလေ ပို၍ သဘောကျလေလေ ဖြစ်နေတော့သည်။ ကျယ်လောင်သော သူ့အသံမှာ ကောင်းကင်တစ်ခုလုံး ပဲ့တင်ထပ်သွားတော့၏။
“ဒီဂိုဏ်းချုပ် ကြေညာတာကတော့... ချန်လုံစာရင်းရဲ့ တိုက်ပွဲမှာ နံပါတ် ၁ နေရာကို ဆေးဝါးအုပ်စုက ထန်ယွင် ရရှိသွားပါပြီ”
“နံပါတ် ၂ ကတော့ ဝိညာဉ်ငါးပါးအုပ်စုက ရွှယ်ဇီယန်”
“နံပါတ် ၃ ကတော့ ဆေးဝါးအုပ်စုက မုမုန့်ဂျီ ဖြစ်ပါတယ်”
စကားဆုံးသည်နှင့် တောင်ထိပ်ပေါ်ရှိ ဆေးဝါးအုပ်စု တပည့်များနှင့် ဝိညာဉ်ငါးပါးအုပ်စုမှ တပည့်များထံမှ အော်ဟစ် အားပေးသံများ ဒီရေအလား ထွက်ပေါ်လာတော့သည်။
လူတိုင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေတော့၏။
အထူးသဖြင့် ဆေးဝါးအုပ်စု တပည့် ထန်ယွင် အဆင့် ၁ ရရှိခြင်းမှာ အတွင်းစည်း ဆေးဝါးအုပ်စုအတွက် အမြင့်မြတ်ဆုံးသော ဂုဏ်သိက္ခာပင် ဖြစ်၏။
အခြားတစ်ဖက်တွင်မူ နှစ်ပေါင်း ရာနှင့်ချီ၍ ချန်လုံစာရင်း၏ ထိပ်ဆုံးနေရာကို ရယူထားနိုင်ခဲ့သော သန့်စင်သောဝိညာဉ်အုပ်စုမှ တပည့်များမှာမူ များစွာ စိတ်ပျက်နေကြတော့သည်။
ထန်ထိုင်ကျုံးတယ်က လူတိုင်းကို တိတ်ဆိတ်ရန် အချက်ပြလိုက်ပြီးနောက် ဆက်ပြော၏။
“ချန်လုံစာရင်းရဲ့ နံပါတ် ၄ ကတော့ ခယ်ရှင်းယီ ဖြစ်ပါတယ်”
“နောက်ထပ် ပြိုင်ပွဲ စည်းမျဉ်းများအရ စတုတ္ထအဆင့်ကို မတက်လှမ်းနိုင်ခဲ့တဲ့ တပည့်တွေက ချန်လုံစာရင်း၏ နံပါတ် ၅ မှ နံပါတ် ၈ နေရာအထိ ဆက်လက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်”
“ချန်လုံစာရင်းရဲ့ ထိပ်တန်း ၈ နေရာလုံး ထွက်ပေါ်လာပြီးတဲ့အခါမှာ အုပ်စုအသီးသီးက ခေါင်းဆောင်တွေဟာ သတ်မှတ်ထားတဲ့ လူဦးရေအတိုင်း ထာဝရနယ်မြေထဲကို ဝင်ရောက် စမ်းသပ်မယ့် တပည့်တွေကို ရွေးချယ်ကြရမှာ ဖြစ်ပါတယ်”
“အဲ့ဒီ ရွေးချယ်မှုကို ၆ ရက်အတွင်း အပြီးသတ်ရမှာ ဖြစ်ပြီး ၇ ရက်မြောက်နေ့မှာ ဂိုဏ်းချုပ်ကိုယ်တိုင် ဆုလာဘ်တွေ ပေးအပ်ပါ့မယ်... ၈ ရက်မြောက်နေ့မှာတော့ ကျုပ်တို့ ထာဝရနတ်ဘုရားဂိုဏ်းကို စတင် ထွက်ခွာကြမှာ ဖြစ်ပါတယ်”
ထိုစကားကို ကြားရသည့်အခါ အောက်ရှိ ခေါင်းဆောင် ၉ ဦးလုံးမှာ အလေးအနက် ဦးညွှတ်လိုက်ကြ၏။
“အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ဂိုဏ်းချုပ်”
“အင်း”
ထန်ထိုင်ကျုံးတယ် ခေါင်းညိတ်ပြလိုက်စဉ်မှာပင် ကောင်းကင်ယံမှ ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦး ဟင်းလင်းပြင်ကို နင်းလျှောက်လျက် ရောက်ရှိလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအဘိုးအိုက ကျောက်စိမ်းအဆောက်အဦပေါ်သို့ ဆင်းသက်လိုက်ပြီး ထန်ထိုင်ကျုံးတယ်ကို ဦးညွှတ်လိုက်၏။ ချက်ချင်းပင် ထန်ထိုင်ကျုံးတယ်၏ စိတ်ထဲ၌ လေးစားသမှုရှိသော အသံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော်မျိုးကို ခိုင်းထားတဲ့ ကိစ္စတွေကို အားလုံး စီစဉ်ပြီးပါပြီ... အခု ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေရဲ့ အလယ်ပိုင်းက ဂိုဏ်းချုပ်ပေါင်း ၁,၂၆၃ ဦးဟာ ဟောင်ဖူနေမင်းနန်းတော်မှာ စောင့်ဆိုင်းနေကြပါပြီ”
ထန်ထိုင်ကျုံးတယ် ခေါင်းညိတ်လိုက်၏။
“ငါ သိပြီ... မင်း သူတို့ကို အရင် သွားပြီး ဧည့်ခံထားလိုက်ပါ... ငါ ခဏနေရင် လာခဲ့မယ်”
“ကျွန်တော်မျိုးကို သွားခွင့်ပြုပါဦး”
ဆံပင်ဖြူ အဘိုးအိုမှာ ထိုသို့ ပြောပြီးနောက် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ထန်ထိုင်ကျုံးတယ်က အမိန့်ပေးလိုက်၏။
“ရှန်စုပင်း... နောက်ပိုင်း တောင်စဉ် ၉ခု ပြိုင်ပွဲတွေကိုတော့ မင်းပဲ အပြည့်အဝ တာဝန်ယူလိုက်တော့”
ရှန်စုပင်းက လေးစားစွာ ပြန်ပြောလိုက်၏။
ထန်ထိုင်ကျုံးတယ်က ပြန်လည် ဖြေကြားပြီးနောက် ထန်ယွင်အား လက်ယပ်ခေါ်လိုက်သည်။ ထန်ယွင်မှာ ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်ဘဲ လေထဲသို့ ပျံတက်သွားကာ ကျောက်စိမ်းအဆောက်အဦပေါ်သို့ ရောက်ရှိသွားတော့သည်။
“ဂိုဏ်းချုပ်... ခင်ဗျား...”
ထန်ယွင်၏ စကားပင် မဆုံးသေးမီမှာပင် ထန်ထိုင်ကျုံးတယ်က ပြောလိုက်၏။
“ဒီဂိုဏ်းချုပ်မှာ မင်းကို ခိုင်းစရာ ကိစ္စတစ်ခု ရှိတယ်... ငါနဲ့အတူ လိုက်ခဲ့စမ်း”
ထိုသို့ ပြောပြီးနောက် ထန်ထိုင်ကျုံးတယ်က ထန်ယွင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် တိမ်တိုက်များအတွင်းသို့ ပျံတက်သွားပြီး ကျယ်ပြောလှသော တိမ်ပင်လယ်ကြီးအတွင်း၌ ပျောက်ကွယ်သွားတော့လေသည်။
အခန်း ၄၀၉ ပြီး
***