ဖန်လုံတောင်ထိပ်တွင် လူတိုင်းက တိမ်ပင်လယ်အတွင်း ပျောက်ကွယ်သွားသော ထန်ယွင်ကို ငေးကြည့်နေကြသည်။
“ဝှစ်...”
တိမ်ပင်လယ်အတွင်း လေတိုးသံများ တဝေါဝေါ ကြားနေရစဉ် ထန်ယွင်က သူ့ကို ဆွဲခေါ်သွားသော ထန်ထိုင်ကျုံးတယ်ကို ကြည့်ကာ လေးစားစွာ မေးလိုက်၏။
“ဂိုဏ်းချုပ်... တပည့်ကို ဘယ်ခေါ်သွားတာလဲ ခင်ဗျာ”
စကားဆုံးသည်နှင့် ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ပေ ၈၀၀ ခန့်ရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ဟောင်ဖူဈေး၏ အထက်သို့ ခေါ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။
ထန်ထိုင်ကျုံးတယ်၏ မည်သည့်လှုပ်ရှားမှုကိုမျှ မမြင်ရဘဲ ထန်ယွင်မှာ မမြင်ရသော စွမ်းအားတစ်ခု၏ အထောက်အပံ့ဖြင့် လေထဲတွင် ရပ်နေရ၏။
ထန်ထိုင်ကျုံးတယ်က ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝတ်စုံဖြူတစ်ထည် သူ့လက်ထဲတွင် ပေါ်လာပြီး ထန်ယွင်ထံ ပစ်ပေးလိုက်သည်။
“မင်းရဲ့ အလုပ်သမားဝတ်စုံကို အရင်လဲပြီး ဒါကို ဝတ်လိုက်စမ်း... နောက်မှ ငါ အသေးစိတ် ပြောပြမယ်”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ထန်ယွင်က အလုပ်သမားဝတ်စုံကို ချွတ်ကာ လက်ရာမြောက်လှသော ဝတ်စုံဖြူကို ဝတ်ဆင်လိုက်သည်။ ထန်ထိုင်ကျုံးတယ် ချီးကျူးလိုက်၏။
“အင်း... တောင်းမှာအကွပ် လူမှာအဝတ် ဆိုသလိုပဲ မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်နဲ့ တူသွားပြီ”
“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ထန်ယွင်က မောက်မာခြင်းလည်း မရှိ၊ နှိမ့်ချလွန်းခြင်းလည်း မရှိဘဲ ပြန်လည် ဖြေကြားလိုက်သည်။
ထန်ထိုင်ကျုံးတယ်က ပြုံး၍ ပြောလိုက်၏။
“ဒီနေ့ ဂိုဏ်းချုပ်က မင်းကို ဟောင်ဖူဈေးကို ခေါ်လာတာက ပထမဆုံးအနေနဲ့ မင်းကို ဗဟုသုတတွေ ရစေချင်လို့ပဲ”
“ဒုတိယအချက်ကတော့ မင်းမှာ စီမံခန့်ခွဲနိုင်စွမ်း ရှိ၊ မရှိ ငါ သိချင်လို့ပဲ... ဒီနေ့ ငါ့ကို မင်းရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြပေးစမ်းပါ... ဘာအမှားအယွင်းမှ မရှိစေနဲ့နော်”
ထန်ယွင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်၏။
“တပည့် အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်... ဒါပေမဲ့ ဂိုဏ်းချုပ်က တပည့်ကို ဘာအတွက် စမ်းသပ်တာလဲဆိုတာ သိပါရစေ ခင်ဗျာ”
ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို အားကျစွာ ကြည့်ကာ မေးလိုက်သည်။
“ထာဝရနတ်ဘုရားဂိုဏ်းကနေ ပြန်လာတုန်းက မင်းပြောခဲ့တဲ့ စာလုံး ၄၈ လုံးပါတဲ့ နည်းဗျူဟာကို မင်း မှတ်မိသေးလား... မှတ်မိရင် ဒီဂိုဏ်းချုပ်ကို တစ်ခေါက်လောက် ပြန်ရွတ်ပြစမ်းပါဦး”
“တပည့် မှတ်မိပါတယ် ခင်ဗျာ”
ထန်ယွင်က တွေဝေခြင်းမရှိဘဲ ပြန်လည် ရွတ်ဆိုပြလိုက်သည်။
“သည်းခံအောင့်အည်း ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ အရင်းအမြစ်ခွဲဝေ ဂိုဏ်းကိုကြွယ်ဝစေ”
“၉ သွယ်ပြုပြင် ဂိုဏ်းတော်စည်းလုံး အချင်းချင်းဆက်သွယ် ဝိညာဉ်ကျောက်များစုဆောင်း”
“နတ်အစီအရင်တည်ဆောက် အင်အားတိုးမြှင့် ထာဝရကိုဖျက်ဆီး ဝိညာဉ်နန်းတော်ကိုချေမှုန်း”
“ကောင်းကင်ပြစ်ဒဏ်ကိုစည်းလုံး သူရဲကောင်းတို့နှင့်ယှဉ်ပြိုင် လောကကိုအောင်နိုင် ငြိမ်းချမ်းရေးကို တည်ဆောက်”
ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်လိုက်၏။
“မှတ်မိနေရင် ပြီးတာပဲ”
“အခု မင်းရဲ့ အဆိုပြုချက်အရ ဒီဂိုဏ်းချုပ်ဟာ ဒုက္ခကို အောင့်အည်း သည်းခံပြီး ကိုယ့်တန်ဖိုးကို နှိမ့်ချကာ ကောင်းကင်ပြစ်ဒဏ် တောင်တန်းတွေရဲ့ အလယ်ပိုင်းက တတိယတန်းစားကနေ ပထမတန်းစားအထိ ရှိတဲ့ ဂိုဏ်းချုပ်အားလုံးကို ဟောင်ဖူနေမင်းနန်းတော်ဆီ ဖိတ်ကြားထားတယ်”
“နောက်ထပ် အသေးစိတ် ဆွေးနွေးမှုတွေကိုတော့ မင်းပဲ ကိုင်တွယ်ရမယ်... သေချာတာကတော့ စကားမှားမှာကို မစိုးရိမ်နဲ့... ဂိုဏ်းချုပ်က မင်းဘေးမှာ ရှိနေပေးမှာဆိုတော့ မင်း အမှားလုပ်မိရင် ငါက ကူညီပေးမှာပေါ့”
ထန်ထိုင်ကျုံးတယ်၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။ သူသည် ထန်ယွင်ကို လေ့ကျင့်ပေးနေခြင်း ဖြစ်၏။
ထန်ယွင်မှာလည်း လူအ မဟုတ်ပေ။ ဂိုဏ်း၏ အင်အား တောင့်တင်းမှသာ နောက်ပိုင်းတွင် သူ့ကျင့်ကြံခြင်းအတွက် အထောက်အပံ့များ ပိုမို ရရှိမည် မဟုတ်ပါလော။ ဤအခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။
“ဂိုဏ်းချုပ်ရဲ့ လေ့ကျင့်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ”
ထန်ယွင်က အလေးအနက် ဦးညွှတ်လိုက်၏။
“တပည့်အနေနဲ့ ဒီဆွေးနွေးမှုကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပါ့မယ်”
“အင်း”
ထန်ထိုင်ကျုံးတယ်က ခေါင်းညိတ်ပြပြီးနောက် မှာကြားလိုက်သည်။
“အခု မင်းရဲ့ အသက်ကို လိုချင်နေတဲ့သူတွေ အများကြီးပဲ... ငါက ဂိုဏ်းချုပ် ဖြစ်နေပေမဲ့လည်း မင်းကို အမြဲတမ်း အကာအကွယ် မပေးနိုင်ဘူး”
“ဒါကြောင့် ဒီနေ့ ကိစ္စကို တခြားသူတွေ မနာလို မဖြစ်စေဖို့အတွက် ခဏလောက် လျှို့ဝှက်ထားပေးပါ... နားလည်လား”
ထန်ယွင်က ဦးညွှတ်ကာ ဖြေကြားလိုက်သည်။
“တပည့် နားလည်ပါတယ် ခင်ဗျာ”
“ကောင်းပြီ... ဒါက မင်းရဲ့ နည်းဗျူဟာကို ကြားပြီးနောက်မှာ ပြင်ဆင်ထားတဲ့ ဆွေးနွေးမှုဆိုင်ရာ အချက်အလက်တွေ ပါတဲ့ ကျောက်စိမ်းပြားပဲ... ဒါကို သေချာ မှတ်သားထားလိုက်ဦး”
ထန်ထိုင်ကျုံးတယ်က ကျောက်စိမ်းပြား တစ်ခုကို ထန်ယွင်ထံ ကမ်းပေးလိုက်၏။
ထန်ယွင်က ကျောက်စိမ်းပြားကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ဝိညာဉ်အာရုံကို သွင်းလိုက်သည့်အခါ ကျောက်စိမ်းပြားအတွင်း၌ ဆွေးနွေးမှုဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် နည်းဗျူဟာများ စာလုံးပေါင်း သောင်းနှင့်ချီ၍ ရေးသားထားသည်ကို တွေ့လိုက်ရသည်။
ထန်ယွင် အရာအားလုံးကို မှတ်သားပြီးနောက်တွင်မူ တစ်စုံတစ်ခုကို ပြောရန် တွေဝေနေဟန်ဖြင့် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။
ထန်ထိုင်ကျုံးတယ်က ရယ်မောကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ပေါင်း ထောင်နဲ့ချီတဲ့သူတွေကို ရင်ဆိုင်ရမှာဆိုတော့ မင်း နည်းနည်း ကြောက်နေတာလား”
“ဒါက ကိစ္စမရှိပါဘူး... လောကကြီးရဲ့ အခင်းအကျင်းကြီးကို ပထမဆုံးအကြိမ် မြင်ရတဲ့သူအတွက် စိတ်လှုပ်ရှားတာက သဘာဝပါပဲ”
ထန်ယွင်က လေးစားစွာ ပြောလိုက်၏။
“ဂိုဏ်းချုပ်ကို တင်ပြပါတယ်... တပည့်မှာ ပြောစရာရှိပါတယ်... ဒါပေမဲ့ ပြောသင့်၊ မပြောသင့်တော့ မသေချာပါဘူး ခင်ဗျာ”
“ပြောပါ... ကိစ္စမရှိပါဘူး”
ထန်ထိုင်ကျုံးတယ်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
“ဂိုဏ်းချုပ်ရဲ့ အစီအစဉ်ကို ကြည့်ခြင်းအားဖြင့် ဂိုဏ်းချုပ်ဟာ အရည်အချင်းရှိပြီး ရည်မှန်းချက် ကြီးမားတာ သိသာပါတယ်... ဒါပေမဲ့...”
ထန်ယွင်က အမှန်အတိုင်း ပြောလိုက်၏။
“တပည့်မှာတော့ မတူညီတဲ့ အမြင်တချို့ ရှိနေပါတယ်... အဲ့ဒီအတိုင်းဆိုရင် ဆွေးနွေးတဲ့အခါ ပိုပြီးတော့ အကျိုးရှိလိမ့်မယ် ထင်လို့ပါ”
ထိုအခါမှ ထန်ထိုင်ကျုံးတယ်သည် ထန်ယွင်က သူ့အဆိုပြုချက်တွင် အားနည်းချက် ရှိနေသည်ဟု ပြောဆိုနေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
ထန်ထိုင်ကျုံးတယ်က အများကြီး မပြောဘဲ မေးမြန်းလိုက်၏။
“ဒါဆိုရင် မင်းရဲ့ အမြင်အရဆိုရင်... အဲ့ဒီ ဂိုဏ်းချုပ်တွေကို ကျုပ်တို့ဂိုဏ်းရဲ့ အစီအစဉ်နောက်ကို ကျေကျေနပ်နပ်နဲ့ လိုက်ပါလာအောင် မင်း ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ”
“အမှားအယွင်း မရှိရင်တော့ ၁၀၀ ရာခိုင်နှုန်းပါပဲ”
ထန်ယွင်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
“၁၀၀ ရာခိုင်နှုန်း ဟုတ်လား”
ထန်ထိုင်ကျုံးတယ်မှာ တုန်လှုပ်သွားရ၏။ သူ့ကိုယ်ပိုင် အဆိုပြုချက်အတွက်ပင် အောင်မြင်နိုင်ခြေမှာ ၈၀ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းထားသော်လည်း ထန်ယွင်က ၁၀၀ ရာခိုင်နှုန်းဟု ပြောနေသည် မဟုတ်ပါလော။
“ဒါဆိုရင်တော့ ငါ မျှော်လင့်နေမယ်နော်”
“ထန်ယွင်... ဒီကိစ္စ မင်းကိုပဲ အပ်လိုက်ပြီ... ဂိုဏ်းချုပ်ကို စိတ်မပျက်စေနဲ့နော်”
“တပည့်အနေနဲ့ ဂိုဏ်းချုပ်ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အစွမ်းကုန် ကြိုးစားပါ့မယ် ခင်ဗျာ”
“ကောင်းပြီ... မှတ်ထားပါ... အခု မင်းက ဒီကိစ္စကို တာဝန်ယူရတဲ့ ငါ့ရဲ့ သံတမန်ပဲ”
၎င်းနောက် ထန်ထိုင်ကျုံးတယ်က ထန်ယွင်ကို ခေါ်ဆောင်ကာ ဟောင်ဖူဈေးအတွင်းသို့ ဆင်းသက်လိုက်ပြီးနောက် ဟောင်ဖူနေမင်းနန်းတော်ဆီသို့ လျှပ်ခနဲ ရောက်ရှိသွားတော့သည်။
ဟောင်ဖူနေမင်းနန်းတော်သည် ဟောင်ဖူဈေးတွင် အကြီးဆုံးသော လေလံခန်းမကြီးတစ်ခုဖြစ်ရာ ထန်ယွင်အတွက်မူ ဤနေရာက မစိမ်းလှပေ။
ယခုအချိန်တွင် ပထမထပ် ခန်းမကြီးအတွင်း၌ ခုံတန်းပေါင်း ဒါဇင်နှင့်ချီကာ ရှိနေပြီး စားပွဲများပေါ်တွင် အကောင်းစား ဝိုင်များနှင့် မြိန်ရှက်ဖွယ် စားသောက်ဖွယ်ရာများဖြင့် ပြည့်နှက်နေ၏။
မူလက လေလံစင်မြင့်ဖြစ်ခဲ့သော နေရာတွင် ယခုအခါ ထိုင်ခုံတစ်ခုကို ပြင်ဆင်ထားပြီး ထန်ထိုင်ချန်ယွမ်မှာ ထိုထိုင်ခုံအလွတ်၏ ဘေးတွင် ရပ်နေသည်။
ထိုသူမှာ ဖန်လုံတောင်ထိပ်သို့ လာရောက်ကာ ထန်ထိုင်ကျုံးတယ်၏ ရှေ့တွင် မိမိကိုယ်ကိုယ် အစေခံအိုကြီးဟု ခေါ်ဆိုခဲ့သူပင်။
ခန်းမအတွင်းရှိ ထိုင်ခုံများမှာ ပြည့်နှက်နေပြီ ဖြစ်၏။
၎င်းတို့အနက် ပထမတန်းစား ဂိုဏ်းချုပ် ရာပေါင်းများစွာ၊ ဒုတိယတန်းစား ဂိုဏ်းချုပ် ၅၀၀ ကျော်နှင့် တတိယတန်းစား ဂိုဏ်းချုပ် ၆၀၀ ကျော်တို့ ပါဝင်ကြသည်။
လှပသော အမျိုးသမီးငယ်များ၊ ခန့်ညားသော လူငယ်များ၊ ထွားကျိုင်းသော လူလတ်ပိုင်း အမျိုးသားများနှင့် အလှမပျက်သေးသော အမျိုးသမီးကြီးများလည်း ပါဝင်ကြ၏။
သေချာသည်မှာ အသက် ၆၀ အရွယ် အဘိုးအိုများနှင့် စိတ်ဓာတ်တက်ကြွနေသော အဘွားအိုများလည်း ရှိနေကြသည်။
ဤဂိုဏ်းများအနက် အချို့မှာ ဆေးပညာဖြင့် ဂိုဏ်းတည်ထောင်ထားကြပြီး အချို့မှာ လက်နက်၊ လက်နက်အစီအရင်၊ အစီအရင် ပညာရပ်များဖြင့်လည်းကောင်း၊ အချို့မှာ ရုပ်သေးပညာ၊ အလောင်းထိန်းချုပ်ခြင်း ပညာနှင့် အခြားသော ဘိုးဘေးစဉ်ဆက် ကျင့်စဉ်များဖြင့် ဂိုဏ်းတည်ထောင်ထားကြသူများ ဖြစ်ကြသည်။
ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်ပေါင်း ထောင်နှင့်ချီမှာ စားပွဲပေါ်ရှိ ဝိုင်နှင့် အစားအသောက်များကို မြည်းစမ်းရန်ပင် စိတ်မပါဘဲ အမျိုးမျိုးသော အမူအရာများဖြင့် တိုးတိုးလေး ပြောဆိုနေကြတော့သည်။
“အားလုံးပဲ... လွန်ခဲ့တဲ့ လဝက်လောက်က ကျုပ်တို့တွေ ဂိုဏ်းချုပ်ထန်ထိုင်ဆီကနေ ဖိတ်စာတွေ အကြောင်းမဲ့ ရခဲ့ကြတယ်... အဲ့ဒီမှာ စကားပြောဖို့ ဖိတ်တာကလွဲလို့ ဘာမှ မပါဘူး... သူ ဘာတွေ ကြံစည်နေတာလဲ”
“ကျုပ်တို့ကို သိမ်းပိုက်ချင်နေတာလား”
“ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ကျုပ်ကတော့ အသေခံပြီး ကန့်ကွက်မယ်... သူ့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းက ကျုပ်ရဲ့ ကောင်းကင်လျှို့ဝှက်ချက် ဂူဗိမာန်ကို လာပြီး မထိပါစေနဲ့”
“မှန်တယ်... ကျုပ်လည်း ဟောင်ဖူနတ်ဘုရားဂိုဏ်းရဲ့ လက်အောက်ခံ ဂိုဏ်းငယ်လေးတစ်ခုအဖြစ် လုံးဝ အဖြစ်မခံနိုင်ဘူး”
“အားလုံးပဲ... မကြောက်ကြပါနဲ့.. ကျုပ်တို့ ညီညွတ်နေသရွေ့တော့ သူ့ရဲ့ ဟောင်ဖူနတ်ဘုရားဂိုဏ်းက ကျုပ်တို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး”
“ဟုတ်တယ်... ဘယ်သူမဆို ကျုပ်တို့ဂိုဏ်းကို သိမ်းပိုက်ဖို့ ကြိုးစားရင်တော့ အဆုံးထိ တိုက်ခိုက်သွားမယ်... ဘယ်တော့မှ ခေါင်းငုံ့ပြီး အရှုံးပေးမှာ မဟုတ်ဘူး”
“ဟုတ်တယ်... ကျုပ်တို့ ညီညွတ်မှသာ ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်နိုင်မှာ”
“...”
အခန်း ၄၁၀ ပြီး
***