"ယုအန်းကို ရပ်ခိုင်းလိုက်တော့... သူက ကောင်လေးရဲ့ မျက်နှာကိုပါ အေးခဲပစ်လိုက်ရင် အသက်ရှူရပ်သွားမှာ... အဲဒါဆို မိုဖန်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရလိမ့်မယ်" ကျောင်းအုပ်ကြီးကျူးက ရလဒ်ကို ကြိုတင်ခန့်မှန်းမိသည့်အလား တျန်းခိုင်ကို လှမ်းပြောလိုက်သည်။
"စိတ်မပူပါနဲ့... မီးဒြပ်စင်ကျောင်းသားတစ်ယောက်က နှင်းတွေအောက်မှာ ဒီလောက်အလွယ်တကူ သေမသွားပါဘူး" မူကျားယွမ်မှာ အလွန်ပင် ပျော်ရွှင်နေသဖြင့် သူ၏မုတ်ဆိတ်မွှေးကိုပင် သပ်နေမိတော့သည်။
ပတ်ဝန်းကျင်ရှိ ဧည့်သည်များကို ကြည့်လိုက်လျှင်လည်း အားလုံးမှာ အံ့အားသင့်ကာ မှင်သက်နေကြသည်ကို တွေ့ရ၏။
“ဟားဟား... အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ယုအန်းက ရေခဲပျံ့နှံ့ခြင်း ရဲ့ တတိယအဆင့်ကို တတ်မြောက်ထားပြီးပြီဆိုတာ မင်းတို့ ထင်မထားကြဘူးမလား...”
ယေဘုယျအားဖြင့် ဆိုရလျှင် တန်လန်မှော်အထက်တန်းကျောင်းမှ မထွက်ခင် ဒုတိယအဆင့် မှော်ပညာကို တတ်မြောက်ထားပါက ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်နေပြီ။ အကယ်၍ ထိုကျောင်းသားက လက်တွေ့လေ့ကျင့်ရေးမှာပါ အမှတ်ကောင်းခဲ့လျှင် ကောင်းမွန်သော မှော်တက္ကသိုလ်တစ်ခုသို့ သေချာပေါက် တက်ရောက်နိုင်မည် ဖြစ်၏။ တတိယအဆင့် မှော်ပညာအတွက်မူ သင်ယူရန် နှစ်ပေါင်းမည်မျှ ကြာမည်ကို မည်သူမျှ မသိနိုင်ပေ။
သူ၏မွေးစားသား ယုအန်းမှာမူ အသက် ၁၈ နှစ်နှင့်ပင် တတ်မြောက်နေပြီ ဖြစ်ရာ တန်လန်လန်ကျောင်းမှ ကျောင်းသား တစ်ထောင်ငါးရာလုံးနှင့် အခြားသော အင်အားကြီး တပည့်များအားလုံးကို ကျော်လွန်သွားခဲ့လေပြီ။
“ဒီမိုဖန်ဆိုတဲ့ ကောင်လေးကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ... ခဏနေလို့ မင်း ရှုံးနိမ့်သွားတဲ့အခါ ငါ မူကျားယွမ်က မင်းကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး... မင်း ငါ့ကို ဆဲခဲ့တယ်မလား ကောင်စုတ်လေး... အဲဒီတုန်းက ဆဲရတာ အရသာရှိခဲ့တယ်မလား... အခုရော မင်းကို ငါ မထိန်းချုပ်နိုင်ဘူးလို့ ထင်နေသေးလား...” မူကျားယွမ် စိတ်ထဲ တေးထားလိုက်၏။
"ဒါတောင်မှ မူမိသားစုက ဒီလို ပါရမီရှင်တွေကို မွေးထုတ်နိုင်သေးတာပဲ... လေးစားစရာပဲဗျာ"
"အစ်ကိုကြီး ကျားယွမ်... ရှင့်ရဲ့ ဒီတစ်ကွက်ကတော့ တကယ်ကို မထင်မှတ်ထားစရာပဲ...ရေခဲပျံ့နှံ့ခြင်းတတိယအဆင့်ကို ဒီလောက်အထိ လျှို့ဝှက်ထားနိုင်တယ်ပေါ့... ကံကောင်းလို့ ကျွန်မရဲ့ အသုံးမကျတဲ့ သားကို ယုအန်းနဲ့ မယှဉ်ခိုင်းမိတာ... မဟုတ်ရင်တော့ ဒီသနားစရာကောင်းတဲ့ ကျောင်းသားလေးလို ဖြစ်သွားမှာပဲ" အိမ်ထောင်သည် အမျိုးသမီးကြီးတစ်ဦးက ခါးသီးစွာ ရယ်မောလျက် ဆိုလိုက်သည်။
"ဟူး... တတိယအဆင့်ရေခဲပျံ့နှံ့ခြင်း ပေါ်လာပြီဆိုတော့ သူက ပိုမြို့ရဲ့ လူငယ်မျိုးဆက်အားလုံးကို ထိန်းချုပ်လိုက်နိုင်ပြီပဲ... တကယ့်ကို လူငယ်သူရဲကောင်းပါပဲ"
တတိယအဆင့်ရေခဲပျံ့နှံ့ခြင်း၏ ခြောက်လှန့်မှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။ ၎င်းမှာ လူအများစုအတွက် ဤတိုက်ပွဲတွင် မည်သည့် အလှည့်အပြောင်းမှ မရှိနိုင်တော့ကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။ ဧည့်သည်အားလုံးမှာ မူကျားယွမ်ကို စတင်၍ ချီးကျူးဂုဏ်ပြုကာ ဖားနေကြတော့သည်။
မူကျားယွမ်ကတော့ ၎င်းကို သဘောကျနေ၏။ အရွယ်ရောက်ခြင်း အခမ်းအနားကို ဤမျှအထိ ခမ်းနားအောင် ပြုလုပ်ခြင်းမှာ ပိုမြို့သားများကို မူမိသားစု၏ မျိုးဆက်သစ် မည်မျှအင်အားကြီးကြောင်း ပြသလို၍ ဖြစ်သည်။
"တျန်းခိုင်... အချိန်တန်ပြီ ထင်တယ်" ကျောင်းအုပ်ကြီးကျူးက မိုဖန်အတွက် စိုးရိမ်နေဆဲ ဖြစ်၏။
"တျန်းခိုင်... ခင်ဗျား ဘာလို့ အခုထိ မရပ်ခိုင်းသေးတာလဲ... မိုဖန်မှာ ဒါကို ခုခံဖို့ မှော်အသုံးအဆောင် တစ်ခုမှ မရှိဘူးလေ... ခင်ဗျား ထပ်နှောင့်နှေးနေရင် သူ့ရဲ့ နှလုံးခုန်နှုန်း ရပ်သွားလိမ့်မယ်...”
တိုက်ပွဲအလယ်တွင် တျန်းခိုင်သည်လည်း အင်အားချင်း အလွန်ကွာခြားနေသော ဤတိုက်ပွဲကို ရပ်တန့်ရန် ပြင်လိုက်သော်လည်း၊ အဆုံးအစမရှိသော နှင်းများကြားမှ ထွက်ပေါ်နေသော ဝိုင်းစက်သည့် မီးလျှံများကို မြင်လိုက်ရသဖြင့် သူ၏ စိတ်ကူးကို ချက်ချင်း ပြန်ဖျက်ပစ်လိုက်ရသည်။
"ကျောင်းအုပ်ကျူး... ဒီမိုဖန်က ငါတို့ ထင်သလောက် မရိုးရှင်းဘူး ထင်တယ်" တျန်းခိုင်၏ အကြည့်မှာ မိုဖန်ထံသို့ ကျရောက်နေ၏။
ကျောင်းအုပ်ကြီးကျူး၏ ရင်ထဲတွင် သံသယများ ပြည့်နှက်သွားသည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် အဆုံးအစမရှိသော နှင်းများကြားမှ အလွန်တောက်ပလှသော မီးလျှံများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
“ဒီလို အခြေအနေမျိုးမှာတောင် သူက မီးတောက်ပေါက်ကွဲခြင်းကို အပြီးသတ်ဖို့ ကြိုးစားနေတုန်းလား...”
မီးတောက်ပေါက်ကွဲခြင်း အရိုးထိလောင်ကျွမ်းခြင်း၏ စွမ်းအားမှာ ဤမျှလောက်များပြားလှသော နှင်းများအောက်တွင် သိသိသာသာ လျော့ကျသွားမည် ဖြစ်သည်။ စွမ်းအား မလျော့ကျလျှင်ပင် ယုအန်းတွင် ခုခံရေး မှော်အသုံးအဆောင်များ ရှိနေလိမ့်မည်ကို ကျောင်းအုပ်ကြီးကျူး ယုံကြည်နေသည်။
တစ်နည်းအားဖြင့် မိုဖန်အနေဖြင့် သူ အေးခဲမသွားခင် မီးတောက်ပေါက်ကွဲခြင်းကို အပြီးသတ်နိုင်ခဲ့လျှင်ပင် သူ၏ မီးလျှံများမှာ ခုခံရေးပစ္စည်း အသုံးမပြုရသေးသော ယုအန်း၏ လက်ချက်ဖြင့်သာ လွင့်စင်သွားပေလိမ့်မည်။
“ဟင်... တစ်ခုခု မှားနေပြီ...”
ကျောင်းအုပ်ကြီးကျူး၏ မျက်လုံးများ ရုတ်တရက် ကျယ်သွားတော့သည်။ သူ၏ ပြင်းထန်သော အာရုံခံစားမှုဖြင့် အဆုံးအစမရှိသော နှင်းများကြားတွင် တောက်လောင်နေသော မီးဒြပ်စင် စွမ်းအင်များကို သူ မြင်တွေ့လိုက်ရခြင်း ဖြစ်၏။ ထိုအရာမှာ ဒုတိယအဆင့် မီးတောက်ပေါက်ကွဲခြင်း အရိုးထိလောင်ကျွမ်းခြင်း မဟုတ်တော့ပေ။
သေးငယ်သော မီးလုံးလေးတွင် အနှိုင်းမဲ့သော ထိုးဖောက်နိုင်စွမ်းနှင့် ဆူပွက်နေသော အပူချိန်များ ရှိနေပြီး၊ ၎င်းသည် နှင်းများကို ထိုးဖောက်ကာ ပျံသန်းသွားတော့သည်။ ထို မီးလျှံများသည် ရေခဲနှင့် နှင်းများကို ထိန်းချုပ်နေသော ယုအန်း၏ ရှေ့သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်၏။ ယုအန်း အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်ပြီး သူ၏ စိတ်အာရုံ အတွင်းရှိ ခုခံရေး မှော်အသုံးအဆောင်ကို စတင် အသက်သွင်းလိုက်သည်။
“ရေခဲမှုန် ဒိုင်း...” ယုအန်းသည် သူ၏ စိတ်ဝိညာဉ်အတွင်းရှိ ဒိုင်းမှော်အသုံးအဆောင်၏ အမှတ်အသားကို အာရုံစိုက်လိုက်၏။ တစ်ခဏအတွင်းမှာပင် ရေခဲမှုန်များသည် သူ့ရှေ့တွင် ကြီးမားပြီး ကွေးညွတ်နေသော ရေခဲမှုန် ဒိုင်းအဖြစ် လျင်မြန်စွာ ပုံဖော်လိုက်ကြသည်။ ဤရေခဲဒိုင်းမှာ သူ့ကို အပြည့်အဝ ကာကွယ်ပေးရန် လုံလောက်နေပေသည်။
ဧည့်သည်များမှာ ဤမြင်ကွင်းကို ကြည့်ကာ အချို့က သက်ပြင်းချနေကြပြီး၊ အချို့ကမူ လှောင်ပြောင်နေကြတော့သည်။
"မီးတောက်ပေါက်ကွဲခြင်း ပေါက်ထွက်ခြင်း..."
ရက်စက်လှသော နှင်းမုန်တိုင်းကြားမှ မိုဖန်၏ ဟိန်းဟောက်သံမှာ ကွင်းတစ်ခုလုံးသို့ ရုတ်တရက် ပျံ့နှံ့သွားတော့သည်။
အသံပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဖြူဖွေးနေသော ကွင်းအလယ်မှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင် မီးလျှံကြီးတစ်ခု ထွက်ပေါ်လာ၏။
အစပိုင်းတွင် ထိုအနီရောင်မှာ ဖယောင်းတိုင်မီးတောက်လေးမျှသာ ဖြစ်သော်လည်း၊ နောက်တစ်စက္ကန့်တွင်မူ ကြီးမားလှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့သည်။
ဒုန်း...
မီးလျှံများအလယ်မှ မီးလှိုင်းတို့မှာ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။ တောက်ပလှသော အနီရောင်နှင့် ဆူပွက်နေသော အပူရှိန်ဖြင့် ပေါက်ထွက်လာသော ပေါက်ကွဲသံကြောင့် လေထုမှာ တုန်ခါသွားရသည်။ ထိုတုန်ခါမှုလှိုင်းများသည် ထိုင်ခုံများပေါ်တွင် ထိုင်နေသော ဧည့်သည်များထံသို့ပါ ရောက်ရှိသွားတော့၏။
အခန်း (၈၁) ပြီး
***