"ဆရာမ... ဆရာမထန်ယွဲ့... မိုဖန်ကို သီးသန့်သင်တန်းတွေ ပေးထားတာလား... သူက ဘယ်လိုလုပ် ဒီလောက်အထိ ပုံမှန်မဟုတ်ဘဲ တော်နေရတာလဲ" လျှပ်စီးဒြပ်စင်မာနခဲ ရှုကျောက်ထင်မှာ မမေးဘဲ မနေနိုင်တော့ပေ။
ဤတစ်ကြိမ်တွင်မူ ရှုကျောက်ထင်သည် လုံးဝ အရှုံးပေးသွားခဲ့လေပြီ။ သူသည် လွန်ခဲ့သော နှစ်ရက်ခန့်ကမှ လျှပ်စီးမှော်ပညာ၏ ဒုတိယအဆင့်ကို တတ်မြောက်ခဲ့ခြင်းဖြစ်ပြီး မိုဖန်၏ အဆင့်အတန်းကို နီးကပ်နေပြီ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ မိုဖန်၏ ကျင့်ကြံမှုမှာ ဒုံးပျံလို အရှိန်နှင့် တက်လှမ်းနေပြီး တတိယအဆင့် မီးတောက်ပေါက်ကွဲခြင်းကိုပင် တတ်မြောက်နေပြီ ဖြစ်ကြောင်း မည်သူကသိနေနိုင်ပါမည်နည်း။ အကယ်၍ ဆရာမထန်ယွဲ့က သီးသန့် သင်ကြားပေးထားခြင်း မဟုတ်ပါက ရှုကျောက်ထင်အနေဖြင့် ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။
"ငါ မသင်ပေးထားပါဘူး... အဲဒါ သူကိုယ်တိုင် ကျင့်ကြံထားတာ..." ထန်ယွဲ့က ခေါင်းခါယမ်းလျက် ငြင်းဆိုလိုက်သည်။
မိုဖန်တွင် ကြယ်မှုန်မှော်ရတနာ ရှိနေသည်ကို သိသော တစ်ဦးတည်းသောသူမှာ ထန်ယွဲ့ ဖြစ်၏။ ထို့ကြောင့် မိုဖန်၏ ကျင့်ကြံမှုမှာ အခြားသူများ ထင်ထားသည်ထက် ပိုမြင့်နေမည်ကို သူ ခန့်မှန်းထားသော်လည်း တတိယအဆင့်သို့ပင် ရောက်နေလိမ့်မည် သူ မထင်ထားခဲ့မိပေ။
မိုဖန်၏ ရန်ဘက်ဖြစ်သော မူပိုင်၏ မျက်နှာမှာမူ လုံးဝ ပျက်ယွင်းနေတော့သည်။ မည်သည့်အချိန်ကစ၍ မှန်းမသိသော်လည်း ယခုအခါတွင် သူသည် မိုဖန်၏ ခြေဖျားကိုပင် မမှီနိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားခဲ့လေပြီ။ အကယ်၍ ဤတတိယအဆင့် မီးလျှံသာ သူ့မျက်နှာကို တည့်တည့်မှန်ပါက သူ့အသက်မှာ စက္ကန့်ပိုင်းအတွင်း ပျောက်သွားနိုင်သည်။
"ကျားယွမ်... အစ်ကိုကြီး ကျားယွမ်..." မုဟဲသည် ထိုင်ခုံပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေပြီး သူ၏ မျက်နှာမှာ အလွန်ပင် တင်းမာနေ၏။
မူကျားယွမ်မှာလည်း နှလုံးခုန်သံများပင် မြန်နေသည်။ သူ၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေသော်လည်း အံ့သြတုန်လှုပ်မှုများ ပိုနေခဲ့သည်။
"ငါ သူ့ကို တကယ် အထင်သေးခဲ့မိတာပဲ..." နောက်ဆုံးတွင် မူကျားယွမ်က ဤစကားကို မချိတင်ကဲ ပြောလိုက်ရတော့သည်။
မူဟဲသည် သူနှင့် မျက်စောင်းထိုးတွင် ထိုင်နေသော မိုကျားရှင်းကို လှမ်းကြည့်လိုက်မိ၏။ ထိုရိုးအေးပြီး ဖျော့တော့လှသော ဒရိုင်ဘာမှာ တကယ်ပဲ ကံကောင်းသွားခြင်းလား။ မိသားစုပိုင်ဆိုင်မှု အားလုံးကို ရောင်းပြီး သားဖြစ်သူကို မှော်ကျောင်းပို့လိုက်ရာကနေ တကယ်ပဲ မှော်ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာခြင်းလား။
ထိုင်ခုံများပေါ်တွင် ထိုင်နေသော ဧည့်သည်များမှာလည်း အဆုံးအစမရှိသော အံ့သြမှုများ ပြည့်နှက်နေကြသည်။ ကွင်းအတွင်းတွင်မူ ဝဲလည်နေသော နှင်းများမှာ နောက်ဆုံးတွင် အားနည်းသွားခဲ့လေပြီ။ လူအများအနေဖြင့် မိုဖန် ဂုဏ်ယူစွာ ရပ်နေသည်ကို တဖြည်းဖြည်း မြင်တွေ့လာရသည်။
တစ်ဖက်တွင်မူ ယုအန်း ခေါ်ယူထားသော ရေခဲမှုန် ဒိုင်းမှာ မြေပြင်ပေါ်တွင် ရေခဲစများအဖြစ် လွင့်စင်ပျက်စီးသွားခဲ့ပြီ ဖြစ်ပြီး၊ ထိုဒိုင်း၏နောက်တွင် ရှိနေသော ယုအန်းမှာလည်း မီတာအတော်ကြာအထိ လွင့်ထွက်သွားခဲ့သည်။ သူ၏ မင်းသားလေးကဲ့သို့ ဖြူစင်သော အဝတ်အစားများမှာ ပေါက်ကွဲမှုကြောင့် ပြာအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။ သူ၏ တစ်ကိုယ်လုံးမှာ သနားစဖွယ် အနေအထားဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ယနေ့၏ ဇာတ်ဆောင်ဆိုသည့် ဂုဏ်ပုဒ်မှာလည်း ပျောက်ကွယ်နေတော့သည်။
နှင်းများ အရည်ပျော်သွားခဲ့လေပြီ။ မိုဖန်သည် သူ၏ ခန္ဓာကိုယ် ပြန်လည် နွေးထွေးလာသည်အထိ ခေတ္တစောင့်ပြီးနောက် မြေပြင်ပေါ်ရှိ ယုအန်းထံသို့ လျှောက်သွားလိုက်၏။
“ဟမ်... ဒီကမ္ဘာပေါ်မှာ တတိယအဆင့် မှော်ပညာကို မင်းတစ်ယောက်တည်း တတ်တယ်လို့ ထင်နေတာလား...မင်းကို ကြွားခွင့်ပေးမယ်... ပြီးရင်တော့ ပေါက်ကွဲမှုတစ်ခုနဲ့ အဆုံးသတ်ပေးမယ်”
"စိတ်ဝင်စားစရာပဲ... ဟားဟား၊ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ.... သိပ်ကို စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်" ရုတ်တရက်ဆိုသလို သနားစဖွယ် ပေါက်ကွဲခံလိုက်ရသော ယုအန်းသည် နှင်းများကြားမှ ထရပ်လာခဲ့သည်။
မိုဖန် အနည်းငယ် အံ့သြသွား၏။ “ဒီကောင်က သတိမလစ်သေးဘူးလား...”
ယုတ္တိကျကျဆိုရလျှင် ရေခဲဒိုင်းက ပေါက်ကွဲမှု၏ အာနိသင် အတော်များများကို ခုခံပေးလိုက်သော်လည်း၊ ပေါက်ကွဲထွက်လာသော မီးလျှံစွမ်းအင်များကိုတော့ လုံးဝ ကာကွယ်နိုင်မည် မဟုတ်ပေ။ ထိုပေါက်ကွဲအားမှာ ယုအန်းကို သတိလစ်သွားစေရန် လုံလောက်ပေသည်။
"မဖြစ်နိုင်တာ... တတိယအဆင့် မီးတောက်ပေါက်ကွဲခြင်းကတောင် ယုအန်းကို လဲအောင် မလုပ်နိုင်ဘူးလား...ဒီကောင့်ခန္ဓာကိုယ်က သံမဏိနဲ့ လုပ်ထားတာလား...”
ထိုအချိန်တွင် မူကျားယွမ်က နှာခေါင်းရှုံ့လိုက်ပြီး စိတ်ထဲတွင် ရေရွတ်လိုက်၏။
“ကံကောင်းလို့ ငါ ယုအန်းအတွက် မှော်ဝတ်ရုံပြင်ပေးထားလို့... မဟုတ်ရင်တော့ သူလည်း စွမ်းရည်တွေကို ဝှက်ထားတဲ့ ဒီကောင်လေးလက်ထဲမှာ တကယ် ရှုံးသွားတော့မှာ သေချာတယ်...”
မိုဖန်သည် ဤတိုက်ပွဲတွင် အနိုင်ရရန် အလွန်နီးစပ်ခဲ့ခြင်း ဖြစ်၏။ မီးတောက်ပေါက်ကွဲခြင်း၏ စွမ်းအားမှာ ဤအဆင့်ရှိ မည်သူမဆို တားဆီးရန် မလွယ်ကူပေ။ ကံမကောင်းစွာဖြင့် မူကျားယွမ်သည် ဤမျှအထိ ပါးနပ်လိမ့်မည် မည်သူမျှ ထင်ထားကြမည် မဟုတ်ချေ။
"မှော်ဖိနပ်၊ မှော်ဒိုင်း... အခုတော့ သိပ်ဈေးကြီးတဲ့ မှော်ဝတ်ရုံ ပါ ပါနေပြီလား... ဒီလောက်အထိ အသုံးအဆောင်တွေ စုံနေဖို့ လိုလို့လားဗျာ..” ကျိုးမျိုးရိုးနှင့် လူကြီးတစ်ဦးက မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
ကျောင်းအုပ်ကြီးကျူးနှင့် တျန်းခိုင်တို့မှာလည်း ၎င်းကို မြင်လိုက်ရသောအခါ လုံးဝ မှင်သက်သွားကြ၏။
မှော်ဝတ်ရုံမှာ ခုခံရေး မှော်အသုံးအဆောင် တစ်မျိုးဖြစ်ပြီး ၎င်း၏ ဈေးနှုန်းမှာ မှော်ဒိုင်းထက် အဆပေါင်းများစွာ ပိုမိုမြင့်မားပေသည်။ မှော်ဒိုင်း၏ ခုခံနိုင်စွမ်းမှာ အကန့်အသတ်ရှိသော်လည်း၊ မှော်ဝတ်ရုံမှာမူ စိတ်ဝိညာဉ် တိုက်ခိုက်မှုမှလွဲ၍ အခြားသော တိုက်ခိုက်မှု မှန်သမျှကို အကြွင်းမဲ့ ခုခံနိုင်စွမ်း ရှိပေသည်။ ထို့ပြင် ၎င်းကို ခန္ဓာကိုယ်တွင် တိုက်ရိုက် ဝတ်ဆင်ထားခြင်း ဖြစ်ရာ အရပ်မျက်နှာ အစုံမှ တိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်သော နတ်ဘုရားပေး သောလက်နက်တစ်ခုပင် ဖြစ်နေတော့သည်။
"ကျွန်တော် အားလုံးကို ပြောဖို့ မေ့သွားတယ်... ကျွန်တော့်သားရဲ့ အရွယ်ရောက်ခြင်း လက်ဆောင်အဖြစ် သူ့ကို ရေခဲပိုးဝတ်ရုံတစ်ခု အထူးပေးထားတာပါ... အဲဒါက သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးဖို့ပါပဲ" မူကျားယွမ်က သူ၏ နှုတ်ခမ်းမွှေးကို သပ်ရင်း ဧည့်သည်များကို အေးအေးလူလူ ပြောလိုက်သည်။
"ဘာတွေလဲ.. ဒါဆို ဒီတိုက်ပွဲက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ... သူ့တစ်ကိုယ်လုံး မှော်အသုံးအဆောင်တွေ ဖုံးနေတာပဲ တကယ်သာ အစွမ်းရှိရင် မှော်အသုံးအဆောင်တွေ မပါဘဲ တိုက်ကြည့်ပါလား.... တကယ်ကို အရှက်မရှိတာပဲ...” စိုးရိမ်နေသော ကျိုးမင်က မနေနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။
ရှုကျောက်ထင်နှင့် ဝမ်ဆန်းဖန့်တို့မှာလည်း မကျေမနပ် ဖြစ်နေကြ၏။ မှော်အသုံးအဆောင်များသာ မပါပါက ယုအန်းမှာ မိုဖန်၏ လက်ချက်ဖြင့် လူရုပ်ပင် ပေါက်တော့မည် မဟုတ်ပေ။ တတိယအဆင့် မီးတောက်ပေါက်ကွဲခြင်းက သူ့ကို လူပီသအောင် ကောင်းကောင်း ဆုံးမပေးလိုက်မည် ဖြစ်သည်။
"နောက်ခံအင်အား ဆိုတာလည်း စွမ်းအားတစ်ရပ်ပဲလေ..." မူကျားယွမ်က တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်လိုက်သည်။
မူကျားယွမ်အနေဖြင့် ကျောင်းသားတစ်စုနှင့် ထိုကိစ္စကို အကြာကြီး ငြင်းခုံနေရန် ဆန္ဒမရှိပေ။
“ငါတို့ မူမိသားစုမှာ အရင်းအမြစ်တွေ ရှိနေတာ ဘာဖြစ်လဲ... မင်းတို့လို ဆင်းရဲတဲ့ ကျောင်းသားတစ်စုက ငါတို့ မူမိသားစုကို အလကားနေရင်း လာယှဉ်ချင်နေတာ မဟုတ်လား... "
"နှမြောစရာပဲ... တကယ်ကို နှမြောစရာပဲ... ဒီမိုဖန်ဆိုတဲ့ ကျောင်းသားက အံ့သြစရာကောင်းလောက်အောင် တော်ပေမဲ့၊ နောက်ဆုံးမှာတော့ မှော်အသုံးအဆောင်တွေကို မယှဉ်နိုင်ဘဲ ရှုံးရတော့မှာပဲ" ရန်ကျောက်ဟယ် သက်ပြင်းချလိုက်သည်။
တက်ရောက်လာသူ အများအပြားမှာ မိုဖန်အတွက် သနားနေကြ၏။
ယနေ့ သူ ပြသခဲ့သော တတိယအဆင့် မီးတောက်ပေါက်ကွဲခြင်း နှင့်ဆိုလျှင် သူသည် ပိုမြို့ရှိ သူ၏ သက်တူရွယ်တူ အားလုံးကို မြေလှန်နိုင်စွမ်း ရှိပြီး၊ မျိုးရိုးကြီး မိသားစုဝင်များစွာကိုပင် အရှက်ရစေရန် လုံလောက်ပေသည်။ သို့သော်လည်း တိုက်ပွဲက တိုက်ပွဲပင်ဖြစ်ပြီး၊ အရှုံးမှာ အရှုံးပင် ဖြစ်၏။ မူကျားယွမ် ပြောခဲ့သလိုပင် နောက်ခံအင်အားမှာလည်း စွမ်းအားတစ်ရပ် ဖြစ်သည်ဟူသော အချက်မှာ လူ့ပတ်ဝန်းကျင်သို့ ရောက်ရှိသွားပါက လူတိုင်း နားလည်လာကြမည့် အမှန်တရားတစ်ခုပင်။
"မင်း တကယ်ပဲ အဖေကောင်းတစ်ယောက်ကို ရှာတွေ့ထားတာပဲ"
ပျက်စီးသွားသော အဝတ်အစားများအောက်ရှိ ရေခဲပိုးဝတ်ရုံကို ကြည့်ရင်း မိုဖန်၏ ရင်ထဲတွင် ဒေါသအချို့ စတင် ဖြစ်ပေါ်လာတော့သည်။ မှော်ဖိနပ်၊ မှော်ဒိုင်း၊ ပြီးနောက် မှော်ဝတ်ရုံ ထိုအရာများသည် သူ့ကို လုံးဝ ရှင်သန်ခွင့် မပေးတော့သည့် သဘောပင်။
ယုအန်းမှာ ပြုံးနေဆဲ ဖြစ်ပြီး ထိုအပြုံးက လူတိုင်းကို သူ့အပေါ် ရွံရှာမိစေသည်။
"အမှန်အတိုင်း ပြောရရင် မင်း တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်... မင်းကို ပရိသတ်အကြိုက် လုပ်ပြနေတဲ့ လူပြက်တစ်ယောက်လို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ မင်းက တကယ်တော့ မင်းရဲ့ စွမ်းရည်တွေကို တမင်ဝှက်ထားပြီး အခုမှ ကမ္ဘာကြီးကို အံ့သြအောင် လုပ်ဖို့ ကြိုးစားနေတာကိုး... နှမြောစရာပဲ၊ မင်း အောင်မြင်ဖို့ နည်းနည်းလေးပဲ လိုတော့တာ... ဟား ဟား ဟား." ယုအန်းက ရယ်မောလိုက်၏။
ကွင်းဘေးတွင် ရပ်နေသော တျန်းခိုင်မှာလည်း စိတ်မကောင်းဖြစ်နေပြီး ဘာလုပ်ရမှန်း မသိတော့ပေ။ နောက်ဆုံးတွင် သူက မိုဖန်ကို သတိပေးလိုက်သည်။ "မိုဖန်... အရှုံးပေးလိုက်ပါတော့... ဒီရေခဲပိုးဝတ်ရုံဆိုတာ မီးဒြပ်စင် မှော်ပညာတွေကို အထူးနှိမ်နင်းဖို့ လုပ်ထားတာ... မင်းရဲ့ ပေါက်ကွဲထွက်ခြင်းက ယုအန်းကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး"
"ငါ့ရဲ့ နောက်ထပ်ရေခဲပျံ့နှံ့ခြင်းမှာ မင်းက ရေခဲတုံး ဖြစ်သွားတော့မှာ... မင်း အေးခဲသွားရင် ကိစ္စတွေက ပိုရှုပ်ကုန်လိမ့်မယ်... အဲဒီတော့ ငါ့ရဲ့ မွေးစားအဖေရှေ့မှာ သွားပြီး ဒူးထောက်တောင်းပန်လိုက်ပါ... ဒါက မဆိုးလှတဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်တဲ့ မင်းအပေါ် ငါက သဘောထားကြီးပေးတာပဲ" ယုအန်းသည် သူ၏ ဝတ်ရုံကို ဝတ်ဆင်ထားလျက် အထက်စီးမှနေ၍ မိုဖန်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
ယုအန်း၏ မောက်မာလှသော အကြည့်မှာ အလွန်ပင် စက်ဆုပ်ဖွယ် ကောင်းလှပေသည်။ မြေခွေးအိုကြီး မူကျားယွမ်၏ ရယ်သံမှာလည်း မိုဖန်ကို အလွန်ပင် ဒေါသထွက်စေ၏။
“နောက်ခံအင်အားကလည်း စွမ်းအားတစ်ရပ် ဟုတ်လား...”
မိုဖန်သည် ရယ်ချင်နေမိသော်လည်း ယခုအချိန်တွင်မူ မရယ်နိုင်ပေ။ သူသည် ပြည့်နှက်နေသော ဧည့်သည်များကို ဝေ့ကြည့်လိုက်၏။ ပိုမြို့ရှိ အဆင့်မြင့် ပုဂ္ဂိုလ်များကို သူ ကြည့်လိုက်သည်။ လူတိုင်းက မူကျားယွမ်၏ စကားကို လက်ခံထားပုံရပြီး၊ သူ့ကို သနားကရုဏာသက်သော အကြည့်များဖြင့်သာ ပြန်လည် ကြည့်ရှုနေကြတော့သည်။
အခန်း (၈၂) ပြီး
***