"မူကျားယွမ်... ပိုမြို့ရဲ့ ဒီလူငယ်နှစ်ယောက်လုံးက သူတို့ရဲ့ ထူးချွန်မှုကို အစွမ်းကုန် ပြသပြီးကြပြီပဲ... ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်ဗျာ... ခင်ဗျားက ပိုမြို့ရဲ့ ဦးဆောင်သူတစ်ယောက်ပဲ၊ လူငယ်တစ်ယောက်ရဲ့ စိတ်လိုက်မာန်ပါ ပြောဆိုခဲ့တဲ့ စကားတွေကို ရယ်စရာတစ်ခုလိုပဲ သဘောထားပြီး ခွင့်လွှတ်ပေးလိုက်ပါ" ကျောင်းအုပ်ကြီးကျူးက နောက်ဆုံးတွင် ဝင်ရောက်ဖျန်ဖြေပေးလိုက်သည်။
တက်ရောက်လာသူ အားလုံးမှာလည်း မိုဖန်နှင့် မူကျားယွမ်ကြားမှ ကိစ္စရပ်များကို သိရှိထားကြ၏။ အကယ်၍ မိုဖန်သာ ရှုံးနိမ့်သွားပါက မူကျားယွမ် ကျေနပ်သည့်အထိ ဒူးထောက်တောင်းပန်ရမည် ဖြစ်ကြောင်း သူတို့ သိကြသည်။
မိုဖန်၏ စွမ်းဆောင်ရည်မှာ လူအများကြား ဟိုးလေးတကျော် ဖြစ်သွားခဲ့လေပြီ။ မိမိဘာသာ ကျင့်ကြံအားထုတ်မှုဖြင့် မီးတောက်ပေါက်ကွဲခြင်း၏ တတိယအဆင့်ကို ရောက်ရှိခဲ့သော ပါရမီရှင်တစ်ဦးမှာ လူတိုင်း၏ ချီးကျူးမှုကို ရထိုက်၏။
ထိုအချိန်တွင် မူနင်းရွှဲသည်လည်း သူ၏ဖခင် မူကျားယွမ်၏ မျက်နှာကို စိုက်ကြည့်ကာ ဤကိစ္စကို လက်လျှော့ပေးရန် မျှော်လင့်နေမိသည်။ အကယ်၍ ဤတိုက်ပွဲတွင် ယုအန်းသာ မှော်အသုံးအဆောင်များ၏ အကူအညီကို မရရှိခဲ့ပါက၊ လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားခဲ့သော မိုဖန်ကို သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်၏။ မူနင်းရွှဲအတွက်မူ ဤအောင်မြင်မှုမှာ ဘာအဓိပ္ပာယ်မှ မရှိဟု သူမ ထင်မြင်မိသည်။
"ဒီအတိုင်း မေ့လိုက်ဖို့ ဟုတ်လား... အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မူကျားယွမ်က နှာခေါင်းရှုံ့လျက် ဆိုလိုက်သည်။
ဘယ်ကမှန်းမသိ အကောင်ပေါက်လေးတစ်ကောင်က သူ့မျက်နှာကို လက်ညှိုးထိုးပြီး ဆဲဆိုခြင်းကို ခံလိုက်ရပြီးနောက် သူ့အနေနှင့် ပိုမြို့မှာ ဘယ်လို မျက်နှာပြရတော့မည်နည်း။ အနိုင်က အနိုင်ပင်၊ ကတိပေးထားသည့်အတိုင်း ဖြစ်ရပေမည်။
"မိုကျားရှင်း... မင်းက ဘာတွေ ပျော်နေတာလဲ...မင်းသားက လူတိုင်းရှေ့မှာ ဒူးထောက်တောင်းပန်ရတော့မှာကို မသိဘူးလား" ဘေးထိုင်ခုံမှ ခြံစောင့်အိုကြီးတစ်ဦးက လှမ်းမေးလိုက်သည်။
"ဘာဒူးထောက်တာလဲ..." မိုကျားရှင်းက ကြောင်အအနှင့် ပြန်မေး၏။ သူကတော့ သူ့သားဖြစ်သူက မြို့၏ အရေးကြီးပုဂ္ဂိုလ်တွေကိုတောင် အံ့သြသွားအောင် လုပ်နိုင်ခဲ့လို့ ဝမ်းသာနေခြင်း ဖြစ်သည်။
"ဟမ့်... မင်းသားနဲ့ သခင်ကြီးမူကျားယွမ်တို့ လောင်းကြေးထပ်ထားတာ မသိဘူးလား...အကယ်၍ ယုအန်း ရှုံးရင် သခင်ကြီးမူက မင်းတို့သားအဖကို အရင်က ကိစ္စတွေအတွက် ကိုယ်တိုင်တောင်းပန်ရမယ်... ဒါပေမဲ့ မင်းသားရှုံးရင်တော့ သူက သခင်ကြီးမူ ကျေနပ်တဲ့အထိ ဒူးထောက်တောင်းပန်ရမှာ...ငါတို့အိမ်က ကလေးတွေဆိုရင် မူကျားယွမ်အကြောင်း စိတ်ထဲကပဲ ကြိတ်ပြောရဲတာ၊ မင်းသားကတော့ သူ့မျက်နှာကို ကြည့်ပြီး အကြိမ်ကြိမ် ဆဲခဲ့တာလေ.... ဒီလို လူကြီးလူကောင်းတစ်ယောက်က ဘယ်လောက်ပဲ သည်းခံသည်းခံ ဒေါသတော့ နည်းနည်း ထွက်မှာပဲ... ဒီနေ့တော့ သူက မိုဖန်ကို လွှတ်ပေးမယ့်ပုံ မပေါ်ဘူး" ဥယျာဉ်စောင့်က ပြောပြလိုက်သည်။
မိုကျားရှင်းမှာ လောင်းကြေးအကြောင်း လုံးဝ မသိခဲ့ပါပေ။ သူသည် အမှန်တကယ်ပင် ဘာမျှမသိသော ဖခင်တစ်ဦး ဖြစ်နေခဲ့သည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ မိုကျားရှင်းမှာ မှင်သက်သွားတော့သည်။ သူ ဤကိစ္စကို လုံးဝ မသိခဲ့ပါချေ။ သူသည် သူ့သား၏ ခေါင်းမာမှုနှင့် မာနကို ကောင်းကောင်းသိသည်။ အကယ်၍ သူ့သားသည် ထိုကဲ့သို့သော နေရာမျိုးတွင် ဒူးထောက်လိုက်ရပါက သူသည် နောင်တွင် မည်သည့်အခါမျှ ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။
မိုကျားရှင်းသည် နေရာမှ အလျင်အမြန် ထရပ်ကာ အလယ်ရှိ အိမ်ရှင်ထိုင်ခုံဆီသို့ ပြေးသွားတော့သည်။
"သခင်ကြီးမူ... သခင်ကြီးမူ..." မိုကျားရှင်းက မူကျားယွမ်ကို အော်ခေါ်လိုက်သည်။
"အို... မိုကျားရှင်းပါလား" မူကျားယွမ်က မျက်လုံးကို မှေးကြည့်ကာ ထိုဒရိုင်ဘာဟောင်းကို မှတ်မိလိုက်သည်။
"ကျွန်တော်တို့ သိခဲ့ကြတာလည်း နှစ်တွေ အများကြီး ရှိပါပြီ... ကလေးတစ်ယောက်ကို အခက်အခဲ မဖြစ်စေပါနဲ့ဗျာ... စဉ်းစားကြည့်ပါဦး၊ ဒီနေ့က လူတွေအများကြီးရဲ့ ရှေ့မှာလေ၊ သူ့ရဲ့ အတန်းဖော်တွေ၊ ဆရာတွေ၊ သူငယ်ချင်းတွေလည်း ရှိနေကြတာ..." မိုကျားရှင်းက အတင်းအကျပ် တောင်းပန်တိုးလျှိုးလိုက်သည်။
"နေ...နေ... နှစ်တွေ အများကြီး ရှိပြီဆိုတဲ့ စကားကို လာမပြောနဲ့... မင်းကို ငါက လစာမပေးဘဲ ခိုင်းခဲ့တာ မဟုတ်ဘူး.... အဲဒီတုန်းက မင်းရဲ့ မျက်နှာကို ထောက်ထားပြီး ငါက သဘောထားကြီးပေးခဲ့ပြီးပြီ... အခုတော့ မင်း ဘာပြောပြော ငါ သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး" မူကျားယွမ်၏ သဘောထားမှာ ခိုင်မာလှသည်။
မိုကျားရှင်းမှာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
ဒူးထောက်တောင်းပန်ရမည့် ကိစ္စမျိုး ရှိလိမ့်မည် သူ တကယ် မထင်ထားခဲ့မိပေ။ ယနေ့ခေတ် လူငယ်တစ်ဦးအနေဖြင့် ဤမျှလောက်သော လူအများအရှေ့တွင် ဒူးထောက်တောင်းပန်လိုက်ရပါက သူ၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုမှာ မည်မျှအထိ ထိခိုက်သွားမည်နည်း။
"ဒါဆိုရင်... ဒါဆိုရင် သူ့အစား ကျွန်တော် လုပ်ပါ့မယ်... သူ့အစား ကျွန်တော့်ကိုပဲ ခိုင်းလိုက်ပါ... ကလေးကို ဆုံးမမှု မတတ်တာ အဖေဖြစ်သူရဲ့ တာဝန်ပဲ မဟုတ်လား... သူ့အစား သခင်ကြီးကို ဒူးထောက်ပြီး တောင်းပန်ပါ့မယ်... သခင်ကြီး ကျေနပ်တဲ့အထိ ကျွန်တော် မထတမ်း ဒူးထောက်နေပါ့မယ်" မိုကျားရှင်းက တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။
စကားဆုံးသည်နှင့် ထိုဒရိုင်ဘာအိုကြီးသည် လူအများအရှေ့တွင် အမှန်တကယ်ပင် ဒူးထောက်ချလိုက်တော့သည်။ သူ၏ တွန့်ရှုံ့နေသော မျက်ဝန်းများဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သော မူကျားယွမ်ကို မော့ကြည့်လိုက်၏။
လူတိုင်း၏ အကြည့်များမှာ မိုကျားရှင်း၏ ကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွား၏။ မိုကျားရှင်းသည် ထိုအကြည့်များကို ခံစားလိုက်ရသောအခါ အလွန်ပင် အရှက်ရမိသည်။
သို့သော်လည်း သူ စဉ်းစားမိသည်မှာ သူ၏ သက်တူရွယ်တူများထက် အဆပေါင်းများစွာ တော်သော မှော်ပညာကို ကျင့်ကြံထားသည့် မိုဖန်ကိုသာ ဤကဲ့သို့ လုပ်ခိုင်းမည်ဆိုပါက ထိုအရှက်ကွဲမှုမှာ အဆပေါင်းများစွာ ပိုမိုကြီးမားသွားပေလိမ့်မည်။
မိုဖန်သည် ပိုမြို့ရှိ အရေးကြီးပုဂ္ဂိုလ်များ၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး ဖြစ်သလို၊ မူမိသားစုက ဂရုတစိုက် မွေးမြူထားသော ယုအန်းကိုပင် အနိုင်ရလုနီးပါး ဖြစ်ခဲ့သည်။ ထိုသုံးနှစ်အတွင်းမှာ သူ တကယ်ကို ကြိုးစားခဲ့ခြင်းပင်။ သူ မူကျားယွမ်နှင့် ယခုလို လောင်းကြေးထပ်ခဲ့ခြင်းကလည်း အရှုံးသမား အဖေဖြစ်သူ ခွေးတစ်ကောင်လို မောင်းထုတ်ခံခဲ့ရကတည်းက ထိုသိက္ခာကို ပြန်ဆယ်ပေးချင်သောကြောင့်ပင်။
မူကျားယွမ်၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် သူသည် ဒေါသပြေမည့်ပုံ မရှိသည်ကို မိုကျားရှင်း မြင်လိုက်ရသည်။ သူသည် အံကို တင်းတင်းကြိတ်ကာ ဦးချလိုက်တော့သည်။
ကွင်းထဲတွင် မိုဖန်သည် ဤမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရ၏။ သူ၏ နှလုံးသားမှာ မြှားတစ်စင်းဖြင့် အပစ်ခံလိုက်ရသကဲ့သို့ ယခင်က မခံစားဖူးသော နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုလူ့အဖွဲ့အစည်းမှာ လူတွေဟာ အမှန်တကယ်ပဲ တန်းတူညီမျှ ရှိကြမည်နည်း။ အမှန်တကယ် တန်းတူညီမျှ ရှိမည်ဆိုလျှင် သူနှင့်မူနင်းရွှဲ နီးစပ်နေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အိမ်ပေါ်မှ မောင်းထုတ်ခံရခြင်းမျိူး ကြုံခဲ့ရမှာမဟုတ်ချေ။
တကယ်လို့သာ တန်းတူညီမျှ ရှိမည်ဆိုလျှင် သူတို့၏အိမ်ကို အသိမ်းခံရမှာ မဟုတ်ပေ။ သူတို့အတွက် လေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးခဲ့သော ထိုအိမ်လေးက မူဟဲတို့အတွက်မူ သမုဒ္ဒရာထဲက ရေတစ်စက်မျှသာ ဖြစ်ခဲ့ခြင်းပင်။
တကယ်လို့သာ တန်းတူညီမျှ ရှိမည်ဆိုလျှင် လူအများရှေ့မှာ ယှဉ်ပြိုင်နေသည့် ထိုမှော်တိုက်ပွဲမှာ ပိုက်ဆံနှင့် ဝယ်ယူထားသော မှော်အသုံးအဆောင်များ ပါဝင်လာမှာ မဟုတ်ချေ။ ၎င်းက သူလို အခြေခံလူတန်းစား တစ်ယောက်အတွက်တော့ ကျော်ဖြတ်ဖို့ ခက်ခဲလွန်းသည့် တောင်ကြီးတစ်လုံးလို ဖြစ်နေတော့သည်။
"အဖေ... ထလိုက်..." မိုဖန်သည် မိုကျားရှင်းနှင့် မူကျားယွမ်တို့ ရှိရာဘက်သို့ လှည့်ကာ အော်ပြောလိုက်၏။
မိုကျားရှင်း ခေါင်းလှည့်ကြည့်လိုက်သော်လည်း သူ၏ ဒူးများမှာ ထရပ်ရန် သတ္တိမရှိသေးပေ။ မိုကျားရှင်းသည် မူကျားယွမ်က မိုဖန်အား ကိုယ်တိုင်လာ၍ တောင်းပန်ခိုင်းမှာကို အလွန် ကြောက်နေမိသည်။
မူကျားယွမ်ကတော့ ဘာမျှမဖြစ်သကဲ့သို့ အေးစက်စွာ ထိုင်နေမြဲ ဖြစ်၏။ မိုဖန်သည် သူ့အတွက် နောက်ထပ်တစ်ကြိမ် အနစ်နာခံလိုက်ပြန်သော သူ၏ ဖခင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဤကိစ္စကို လွှတ်ပေးရန် စိတ်ကူးမရှိသော မူကျားယွမ်ကို ကြည့်လိုက်သည်။
"အဖေ... မူကျားယွမ်ကို ပေးရမယ့် လက်ဆောင်ကို အခုစောစောစီးစီး ပြန်မပေးပါနဲ့ဦး... တိုက်ပွဲက မပြီးသေးဘူး" မိုဖန်သည် မိုကျားရှင်းကို ကြည့်ကာ ပြောလိုက်ရာ သူ၏ မျက်ဝန်းများတွင် အေးစက်လှသော ဒေါသများ ပြည့်နှက်နေတော့သည်။
"လက်ဆောင် ပြန်ပေးတယ် ဟုတ်လား..." မိုကျားရှင်းသည် သူ့သား ဘယ်အရာကို ဆိုလိုသည်ကို နားမလည်ပေ။ မူကျားယွမ်သည်လည်း ဤကောင်လေး ဘာပြောနေသနည်းဆိုသည်ကို မသိပေ။
“လက်ဆောင် ပြန်ပေးတယ် ဟုတ်လား...မင်း ဆိုလိုတာက ငါ မူကျားယွမ်ကလည်း မင်းကို ဒူးထောက်တောင်းပန်ရမယ်လို့ ပြောချင်တာလား...”
အခန်း (၈၃) ပြီး
***