"မိုဖန်... မင်းရဲ့ မိုက်မဲမှုအတွက် မင်း ပြန်ပေးဆပ်ရတော့မယ်။ အခု မင်းအဖေက လူတိုင်းရဲ့ရှေ့မှာ ငါ့ရဲ့မွေးစားအဖေကို ဒူးထောက်နေပြီ။ ဒါဟာ မင်းကိုယ်တိုင် ဒူးထောက်ရတာထက် ပိုပြီး ခံရခက်စေလိမ့်မယ်လို့ ငါထင်တယ်" ယုအန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း သနားစိတ် အနည်းငယ်မျှမရှိဘဲ တစ်ကြိမ်ထပ်၍ ရယ်မောလိုက်၏။
"သူက လက်ဆောင်ကို ပြန်ပေးနေတာပါ။ ငါ့အဖေက ရိုးသားတဲ့လူတစ်ယောက် ဆိုတော့ လက်ဆောင်တစ်ခုကို ပြန်ပေးမှ ပိုပြီး စိတ်ရင်းမှန်တယ်လို့ သူက ခံစားရလို့လေ" မိုဖန်သည် လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများသည် ရယ်မောနေဆဲဖြစ်သော ယုအန်းကို အေးစက်စွာ စိုက်ကြည့်နေတော့သည်။
"မင်းက လက်တွေ့နဲ့ ရင်မဆိုင်ရမချင်း နောင်တရဦးမှာ မဟုတ်သေးဘူးပဲ။ ဒါဆိုရင်တော့ မင်းကို အရင်ဆုံး ရေခဲတုံးဖြစ်အောင် လုပ်လိုက်မယ်၊ ပြီးမှ ပိုမြို့မှာ ဘယ်တော့မှ ခေါင်းမော့လို့မရတော့မယ့် ဒီလိုအခမ်းအနားမျိုးကို ဖြည်းဖြည်းချင်း ခံစားလိုက်ပေါ့" ယုအန်း၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်။
ယုအန်း၏ မျက်ဝန်းထဲတွင် ရေခဲကြယ်ပွင့်များမှာ လျင်မြန်စွာ ဆက်သွယ်မိသွားကြသည်။ သူ၏ခန္ဓာကိုယ်တွင် ရေခဲပိုးဝတ်ရုံ ရှိနေသည့်အတွက် မိုဖန်၏ မီးတောက်ပေါက်ကွဲခြင်းက သူ့ကို နှောင့်ယှက် လျှင်ပင် ယုအန်း မစိုးရိမ်တော့ပေ။ မိုဖန်သည် သူ့ထက် မှော်အသုံးပြုမှု ပိုမြန်နေလျှင်ပင် ဂရုမစိုက်တော့ချေ။
အခြားတစ်ဖက်တွင်မူ မိုဖန်၏ မျက်လုံးတစ်စုံမှာ အလွန်ပင် အေးစက်နေတော့သည်။အကယ်၍ မူကျားယွမ်သာ ထိုကိစ္စများကို လက်လျှော့ပေးရန် အနည်းငယ်မျှ စိတ်ဆန္ဒရှိခဲ့ပါက သူသည်လည်း ယနေ့ကိစ္စရပ်များကို ရပ်တန့်ခဲ့ပေလိမ့်မည်။ သို့သော် ထိုသားအဖ၏ မောက်မာမှုနှင့် အကျိုးအကြောင်းမရှိမှုတို့က မိုဖန်ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီ ဖြစ်၏။
သူသည် ဤတိုက်ပွဲကို အနိုင်မရရှိပါက၊ သူ၏ဖခင်မှာ မိုက်မဲသောသား ဖြစ်သူအတွက် သွေးထွက်သံယိုဖြစ်သည်အထိ ဒူးထောက်တောင်းပန်နေရမည့် မြင်ကွင်းကို မြင်တွေ့ရမည်ဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်ထားသည်။
ယနေ့တွင် မီးပွားလေးတစ်ခုက မည်ကဲ့သို့ မြက်ခင်းပြင်ကြီးတစ်ခုလုံးကို လောင်ကျွမ်းစေနိုင်သနည်း ဆိုသည်ကို လူတိုင်း နားလည်စေရမည်။
"နောက်ခံအင်အားကလည်း စွမ်းအားတစ်ရပ် ဟုတ်လား..." မိုဖန် မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင် သူ၏ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွား၏။ ထိုရယ်သံ၏နေရာတွင် ယခင်က မည်သူမျှ မမြင်ဖူးသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခု အစားထိုးဝင်ရောက်လာလေပြီ။
“ဒါဆိုရင်တော့... ငါ့ရဲ့ မွေးရာပါ ပါရမီကလည်း စွမ်းအားတစ်ရပ်ပဲပေါ့... ငါက ဒီအတိုင်း အရှုံးပေးလိုက်မယ်လို့ မင်းတို့ တကယ်ထင်နေတာလား...ငါ့ရဲ့ လျှပ်စီးစွမ်းအားကို မြည်းစမ်းကြည့်လိုက်စမ်း...”
ခရမ်းရောင် သန်းနေသော မျက်ဝန်းများမှာ ရုတ်တရက် ပေါ်ထွက်လာသည်။ ကျယ်ပြောလှသော စကြဝဠာကြီးကဲ့သို့ နက်မှောင်နေသော သူ၏မျက်ဆံထဲတွင် ခရမ်းရောင် ကြယ်တာရာ အလင်းတန်းများမှာ သတိပေးချက်တစ်ခုအလား တောက်ပနေ၏။
လျှပ်စီး....ဒြပ်စင်အားလုံးထဲမှာ အင်အားအကောင်းဆုံး...
ကြယ်ပွင့်များသည် ပိုင်ရှင်၏ ခံစားချက်နှင့် ထူးခြားသော ဆက်နွှယ်မှု ရှိကြသည်။ လျှပ်စီးဒြပ်စင်၏ သဘာဝအရ ၎င်း၏အသုံးပြုသူကို မည်သည့်အချိန်တွင်မှ မလျှော့တမ်း ရင်ဆိုင်ရဲသည့် လွှမ်းမိုးလိုသော အရည်အသွေးကို ပေးအပ်ထားခြင်း ဖြစ်သည်။
ယခင်က လျှပ်စီးကြယ်ပွင့်များမှာ တစ်ခါမျှ နာခံမှု မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့မတိုင်မီအထိ မိုဖန်၏ စိတ်အခြေအနေမှာ လျှပ်စီးဒြပ်စင်၏ ဒေါသတကြီး စရိုက်နှင့် တစ်သားတည်း မကျခဲ့သောကြောင့်ပင်။
လျှပ်စီးကြယ်လမ်းကြောင်းသည် သူ၏ရင်ထဲမှ အမျက်ဒေါသများကို လောင်ကျွမ်းစေကာ ချက်ချင်းပင် ဆက်သွယ်မိသွားကြ၏။ ၎င်းတို့သည် အသုံးပြုသူ၏ စွမ်းအင်အားလုံးကို ရရှိလိုသည့်အလားပင်။
ကောင်းကင်နှင့် မြေကြီးကြားရှိ လျှို့ဝှက်ဆန်းပြားသော စွမ်းအင်များကို စုစည်းထားသည့် ဤမှော်ပညာမှာ အမြင့်မြတ်ဆုံး အရည်အသွေး ရှိပေသည်။
ဇိ... ဇိ...
ခရမ်းရောင် လျှပ်စီးတန်းများမှာ ကြောက်မက်ဖွယ်ကောင်းစွာ ပေါ်ထွက်လာသည်။ ၎င်းတို့သည် မိုဖန်၏ ခန္ဓာကိုယ်ပတ်လည်တွင် မကြုံစဖူး ဝဲလည်နေကြပြီး မိုဖန်၏ အမိန့်ကို စောင့်မျှော်နေကြ၏။
မိုဖန်သည် သူ၏မျက်ဝန်းထဲတွင် လျှပ်စီးများဖြစ်ပေါ်ကာ ခေါင်းကိုမော့လိုက်သည်။
"လျှပ်စီးလက်ခြင်း...အမျက်ဒေါသ တုန်ခါမှု..."
လျှပ်စီးများကြားတွင် မိုဖန်သည် လက်တစ်ဖက်ကို မြှောက်လိုက်၏။ ထိုလှုပ်ရှားမှုနှင့်အတူ သူသည် လက်ကို ပြင်းထန်စွာ ဆုပ်လိုက်ရာ လေထဲတွင် ဝဲလည်နေသော လျှပ်စီးတန်းများသည် လျှပ်စီးစစ်သည်များအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်းတို့သည် ပြင်းထန်စွာ မြည်ဟည်းလျက် ယုအန်းရှိရာသို့ အဆမတန် ဗုံးကြဲတိုက်ခိုက်လာကြ၏။
ဇိ... ဒုန်း...
မြောက်မြားစွာသော ခရမ်းရောင် လျှပ်စီးတန်းများ ကျရောက်ပြီးနောက်၊ ထိုလျှပ်စီးတန်းများသည် အချင်းချင်း ပြန်လည်ဆက်သွယ်ကာ ပိုမိုအားကောင်းသော လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ခုခံနိုင်စွမ်း မရှိတော့သော ယုအန်းကို ပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။
ယုအန်း၏ ရေခဲပျံ့နှံ့ခြင်း မှော်ပညာမှာ ရွတ်ဆိုနေဆဲ ဖြစ်၏။ သို့သော်နောက်တစ်စက္ကန့်တွင် သူသည် တောက်ပပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးစွမ်းအားများကြားတွင် ဝန်းရံခံလိုက်ရသည်။ သူ၏ ရင်ထဲမှ တုန်လှုပ်မှုကိုမူ စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ပေ။
ထိုတိုက်ခိုက်မှုမှာ ပြင်းထန်လွန်းလှသည်။ သူ၏ခန္ဓာကိုယ်ကို လျှပ်စီးများ ရိုက်ခတ်မိတိုင်း ပြင်းထန်သော နာကျင်မှုကို ပေးစွမ်း၏။ ပို၍ ကြောက်စရာကောင်းသည်မှာ ထိုလျှပ်စီးတန်းများသည် ခန္ဓာကိုယ်၏ အသားနှင့် အရိုးများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အကြီးအကျယ် လျှပ်စစ်ရှော့ခ် ဖြစ်စေခြင်းပင်။ ရေခဲပိုးဝတ်ရုံက ခုခံပေးနေလျှင်ပင် လျှပ်စီး၏ နေရာအနှံ့ ထိုးဖောက်နိုင်စွမ်းကို မတားဆီးနိုင်ပါပေ။
ယုအန်း၏ ခန္ဓာကိုယ်မှာ သူ့အလိုအတိုင်း တစ်ဆတ်ဆတ် တုန်ခါနေတော့သည်။ သူ၏မျက်နှာပေါ်ရှိ မောက်မာမှုနှင့် သာလွန်မှုများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ သူ၏စိတ်တွင်ကျန်ရှိနေသည်မှာ မေးခွန်းထုတ်မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်ဝန်းများသာ ဖြစ်တော့သည်။
“ဘာကြောင့်လဲ...ဒါက ဘယ်လိုဖြစ်တာလဲ...လျှပ်စီး... ဒါက သေချာပေါက် လျှပ်စီးလက်ခြင်းပဲ...မီးဒြပ်စင် မှော်ဆရာတစ်ယောက်ဖြစ်တဲ့ မင်းက ဘာလို့ လျှပ်စီးမှော်ကို သုံးနိုင်ရတာလဲ...”
လျှပ်စီးလက်ခြင်း၏ စွမ်းအားရှေ့တွင် ရေခဲပိုးဝတ်ရုံမှာ မရှိသကဲ့သို့ပင်။ နောက်ဆုံးတွင် ယုအန်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ခရမ်းရောင် လျှပ်စီးလက်ခြင်းအောက်တွင် ပြိုလဲသွားတော့သည်။
ဤတစ်ကြိမ်တွင်မူ ယုအန်း ပြန်ထနိုင်ရန် မဖြစ်နိုင်တော့ပေ။ တတိယအဆင့် လျှပ်စီးလက်ခြင်းမှာ မီးတောက်ပေါက်ကွဲခြင်း ထက်ပင် ပိုမို စွမ်းအားကြီးမားသည်။ ရေခဲပိုးဝတ်ရုံမှာ မီးဒြပ်စင်ကို နှိမ်နင်းနိုင်သော်လည်း တတိယအဆင့် လျှပ်စီး၏ ကြောက်မက်ဖွယ် စွမ်းရည်ကိုမူ ကာကွယ်ရန် နည်းလမ်းမရှိပေ။ လျှပ်စီး၏ ဟိန်းဟောက်သံမှာ နားထဲတွင် မြည်ဟည်းနေဆဲ ဖြစ်သော်လည်း အိမ်တော်တစ်ခုလုံးမှာမူ လုံးဝ တိတ်ဆိတ်သွားခဲ့လေပြီ။
မိုဖန် လျှပ်စီးလက်ခြင်းကို အသုံးပြုလိုက်သည့် ခဏမှာပင် လူတိုင်းမှာ လုံးဝ မှင်သက်သွားကြ၏။ လျှပ်စီးမှာ သူတို့ကို ထိမှန်ခဲ့ခြင်း မဟုတ်သော်လည်း ကောင်းကင်မှ ကျလာသော ထိုလျှပ်စီးတန်းကြီးမှာ သူတို့၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။
“ငါတို့ ဘာကို မြင်လိုက်ရတာလဲ...လျှပ်စီးလက်ခြင်း... ဒါက တကယ်ပဲ လျှပ်စီးလက်ခြင်းလား...မီးဒြပ်စင် မှော်ဆရာတစ်ယောက်က လျှပ်စီးလက်ခြင်းကို သုံးနိုင်တယ်လို့ ပြောနေတာလား...”
ယုအန်းမှာ လဲကျသွားခဲ့ပြီ ဖြစ်သော်လည်း၊ ယခုအချိန်တွင် လူတိုင်းမှာ ယုအန်း ရှိနေသည်ကိုပင် မေ့သွားကြသည်။ ထိုအစား သူတို့ရှေ့တွင် မြင်တွေ့နေရသော သဘာဝလွန် ပြကွက်ကြီးမှာ သူတို့အား ရူးသွပ်သွားမတတ် အံ့သြသွားစေလေသည်။ ဤကမ္ဘာတွင် အခြေခံအဆင့်ရှိသော မည်သည့်မှော်ဆရာမဆို ဒြပ်စင်တစ်ခုတည်းကိုသာ ထိန်းချုပ်နိုင်သည်။ မှော်ဆရာများသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိမှသာ ဒုတိယဒြပ်စင်ကို ရရှိနိုင်ခြင်း ဖြစ်သည်။ ယခု ကျောင်းမဆင်းသေးသည့် အထက်တန်း တတိယနှစ် ကျောင်းသားတစ်ဦးက မည်သို့လျှင် ဒြပ်စင်နှစ်ခုကို ပိုင်ဆိုင်ထားနိုင်ရသနည်း။
“တစ်ခုက မီး.... နောက်တစ်ခုက လျှပ်စီး...သူ... သူ... သူက အလယ်အလတ်အဆင့် မှော်ဆရာများလား မဖြစ်နိုင်ဘူး၊ အဲဒါ လုံးဝ မဖြစ်နိုင်တာ... ဒီကမ္ဘာမှာ မင်းရဲ့ ကျင့်ကြံမှုနှုန်း ဘယ်လောက်ပဲ မြန်မြန်၊ သုံးနှစ်အတွင်းမှာ အလယ်အလတ်အဆင့်ကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လုံးဝ မဖြစ်နိုင်ဘူး..." မူကျားယွမ်သည် လူအများကြားမှ ပထမဆုံး ထိုင်ခုံပေါ်မှ ထလာသူ ဖြစ်ပြီး သူမြင်လိုက်ရသည့်အရာကို ယုံကြည်ရန် ခက်ခဲနေတော့သည်။
ထိုနည်းတူစွာပင် ကျောင်းအုပ်ကြီးကျူး၊ တျန်းခိုင်၊ ရန်ကျောက်ဟယ်၊ ကျန့်ခုံး စသည့် အဆင့်မြင့်မှော်ဆရာများ အားလုံးမှာလည်း သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဘဲ ဖြစ်နေကြ၏။
“တတိယအဆင့်... ဒါက သေချာပေါက် တတိယအဆင့် လျှပ်စီးမှော်ပညာပဲ...”
“ဒါပေမဲ့ မီးဒြပ်စင် ကျောင်းသားတစ်ယောက်က ဘယ်လိုလုပ် လျှပ်စီးကို သုံးနိုင်ရတာလဲ...”
“ဒါက အထူးမှော်အသုံးအဆောင် တစ်ခုခုကြောင့်လား...”
မိုဖန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ထွက်လာသော ခရမ်းရောင် ကြယ်လမ်းကြောင်းမှာ ထိုစွမ်းအားသည် သူကိုယ်တိုင် အသုံးပြုနေသည့်အရာ ဖြစ်ကြောင်း သက်သေပြနေသည်။ အခြားသော မှော်အသုံးအဆောင်များ၏ အကူအညီ ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤနေရာရှိ တစ်ဦးတည်းသော လျှပ်စီးမှော်ဆရာ ရှုကျောက်ထင်မှာမူ ပို၍ပင် မှင်သက်နေတော့သည်။
“ချီးတဲ့မှ... ဒါက ငါကိုယ်တိုင် လိုချင်နေတဲ့ အဆင့် မဟုတ်လား...တတိယအဆင့် လျှပ်စီးလက်ခြင်း ဆိုတာ ငါကိုယ်တိုင် နောက်နှစ်အနည်းငယ်အတွင်း ရောက်ဖို့ ကြိုးစားနေတဲ့ ပန်းတိုင်ပဲလေ... ဘာလို့ မိုဖန်က အဲဒါကို သုံးနေရတာလဲ.... မိုဖန်က မီးဒြပ်စင် မှော်ဆရာ မဟုတ်လား...”
ရှုကျောက်ထင်၏ စိတ်ဓာတ်များမှာ လုံးဝ ပြိုလဲသွားခဲ့လေပြီ။ စစ်မှန်သော လျှပ်စီးအသုံးပြုသူ ဖြစ်သည့် သူကိုယ်တိုင်ပင် မတတ်မြောက်သေးသည့် အရာကို မီးဒြပ်စင် မှော်ဆရာတစ်ယောက်က လုပ်ပြသွားခြင်း ဖြစ်၏။
“ငါ... ငါ ဆက်မရှင်ချင်တော့ဘူး...”
အခန်း (၈၄) ပြီး
***