မိုဖန်၏ အတန်းဖော်များဖြစ်ကြသော ကျိုးမင်၊ ကျောင်ကူဆန်း၊ မူပိုင်၊ ဝမ်ဆန်းဖန့်တို့မှာ သူတို့၏ မျက်လုံးများကို အသဲအသန် ပွတ်သပ်နေမိသည်။ ၎င်းမှာ သူတို့ မှော်ပညာကို အချိန်အကြာကြီး လေ့လာခဲ့လွန်း၍ အမြင်မှားနေခြင်း ဖြစ်ရမည်။ သူတို့ ကျောင်းကို အမြန်ပြန်ပြီး စိတ်ငြိမ်သွားအောင် ကျမ်းစာစောင်ပေါင်း တစ်သောင်းလောက် ကူးရေးမှ ဖြစ်တော့ပေမည်။ အထက်တန်းကျောင်းဆင်း စာမေးပွဲမတိုင်မီ ဤကဲ့သို့ အမြင်မှားမှုများ ဖြစ်ပေါ်လာခြင်းမှာ နိမိတ်မကောင်းပေ။
တစ်ကွင်းလုံးသည် အလွန်၊ အလွန်ကြာမြင့်စွာ တိတ်ဆိတ်သွားနေခဲ့၏။
လျှပ်စီးလက်ခြင်း ထွက်ပေါ်လာသည်နှင့်အမျှ လူတိုင်း သိရှိထားသော အယူအဆများမှာ ထိုခဏ၌ပင် ပြိုလဲပျက်စီးသွားခဲ့ပြီး အချိန်အတော်ကြာအောင် မည်သူမျှ စကားမဟနိုင်ဘဲ ဖြစ်နေကြ၏။
"ဘယ်သူ... ဘယ်သူကများ... ကျွန်တော့်ကို ပြောပြနိုင်မလဲ.... ဒါ... ဒါ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ" ကျိုးမျိုးရိုးနှင့် လူကြီးမှာလည်း ထိုင်ခုံပေါ်မှ ထလာပြီး လျှပ်စီးလက်ခြင်းကြောင့် မှင်သက်နေကြသော ပိုမြို့ရှိ အဆင့်မြင့်ပုဂ္ဂိုလ်များကို ဝေ့ကြည့်လိုက်သည်။
“ဒါကို ထွက်ပြီး ရှင်းပြနိုင်မယ့်သူ တကယ်ပဲ မရှိတာလား၊ ဒါမှမဟုတ် ငါ တကယ်ပဲ မျက်စိကန်းသွားတာလား...”
"အလယ်အလတ်အဆင့် မှော်ဆရာပဲ... သူက အလယ်အလတ်အဆင့် မှော်ဆရာ ဖြစ်ရမယ်။ ဒုတိယဒြပ်စင်ကို နိုးထစေခဲ့တာ... အဲဒါ သေချာတယ်" ရွှဲမူရှိန်းသည် သူကိုယ်တိုင်ပင် မယုံကြည်နိုင်သော စကားလုံးများကို ပြောဆိုလိုက်မိသည်။
"မဟုတ်ဘူး" ထိုအချိန်တွင် အဆင့်အတန်း အမြင့်ဆုံးဖြစ်သော ကျောင်းအုပ်ကြီးကျူးက ဝင်ပြောလိုက်၏။
လူတိုင်းက ကျောင်းအုပ်ကြီးကျူးကို အာရုံစိုက်လိုက်ကြသည်။ သူတို့ရှေ့မှ မယုံနိုင်စရာ ကောင်းလှသော မြင်ကွင်းကို ကျောင်းအုပ်ကြီးကျူးကဲ့သို့ ဂုဏ်သိက္ခာရှိသူကသာ ရှင်းပြနိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။
"သူက အခြေခံအဆင့် မှော်ဆရာပဲ ရှိသေးတာ" ကျောင်းအုပ်ကြီးကျူးက အခိုင်အမာ ပြောလိုက်သည်။
"ဒါဆို သူက ဘယ်လိုလုပ် လျှပ်စီးဒြပ်စင်ကို ပိုင်ဆိုင်နိုင်ရတာလဲ..."
ကျောင်းအုပ်ကြီးကျူး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ ထိုအချိန်တွင် ပိုမြို့၏ ဤဆရာကြီးမှာ မည်မျှအထိ စိတ်လှုပ်ရှားနေသနည်း ဆိုသည်မှာ သိသာလှပေသည်။ သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ တဆတ်ဆတ် တုန်ခါနေပြီး စကားပြောနိုင်ရန်ပင် ခေတ္တမျှ အချိန်ယူလိုက်ရသည်။
"မွေးရာပါ ဒြပ်စင်နှစ်မျိုး မိုဖန်က မွေးရာပါ... မွေးရာပါ ဒြပ်စင်နှစ်မျိုး ပိုင်ရှင်ပဲ... " နောက်ဆုံးတွင် ကျောင်းအုပ်ကြီးကျူးသည် ထိတ်လန့်တုန်လှုပ်မှုကြားမှ သူ၏ အတည်ပြုချက်ကို ပြောလိုက်တော့သည်။
ဤကျောင်းသား၏ ကျင့်ကြံမှုမှာ အလယ်အလတ်အဆင့်သို့ မရောက်သေးသည်မှာ သေချာသည်။ သူ လျှပ်စီးလက်ခြင်းကို သုံးနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူသည် မွေးရာပါ ဒြပ်စင်နှစ်မျိုး ပိုင်ရှင် ဖြစ်နေခြင်းပင်။
သူသည် မီးဒြပ်စင်ကို နိုးထစေခဲ့သလို၊ လျှပ်စီးဒြပ်စင်ကိုလည်း နိုးထစေခဲ့ခြင်း ဖြစ်၏။ တန်လန်မှော်အထက်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော ဤကျောင်းသားမှာ ကမ္ဘာပေါ်တွင် နှိုင်းယှဉ်၍မရနိုင်သော၊ တွေ့ရခဲလှသော မွေးရာပါ ဒြပ်စင်နှစ်မျိုးပိုင်ရှင် ပါရမီရှင်ကြီးပင် ဖြစ်တော့သည်။
"မွေးရာပါ ဒြပ်စင်နှစ်မျိုး ဘုရားရေ... ဒီကမ္ဘာပေါ်မှာ တကယ်ပဲ အဲဒီလို ပါရမီရှင်မျိုး ရှိတာလား...”
"ကျွန်တော်... ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ဘူး"
"ရွှဲ.. ရွှဲမူရှိန်း၊ မိုဖန်က... ခင်ဗျားရဲ့ ကျောင်းသား မဟုတ်လား... နိုးထခြင်းနေ့တုန်းက ခင်ဗျားပဲ တာဝန်ယူခဲ့တာ မဟုတ်လား...." စည်းကမ်းထိန်းသိမ်းရေး ဆရာ ချန်ဝေလျန်က ဘေးနားရှိ ရွှဲမူရှိန်းကို ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိတာက သူက မီးဒြပ်စင် တစ်ခုတည်းပဲ ရှိတာပါ" ရွှဲမူရှိန်းသည် ထိုနေ့က အခြေအနေကို အတင်းအကျပ် ပြန်လည်စဉ်းစားရန် ကြိုးစားသော်လည်း၊ ကံမကောင်းစွာဖြင့် သူ တိတိကျကျ မမှတ်မိတော့ပေ။
ဤအံ့မခန်းသော ကိစ္စရပ်ကြောင့် လူငယ်နှစ်ဦး၏ မှော်တိုက်ပွဲ ဖြစ်နေသည်ကိုပင် လူတိုင်း မေ့သွားကြတော့သည်။
မွေးရာပါ ဒြပ်စင်နှစ်မျိုးကြောင့် ဖြစ်ပေါ်လာသော အုတ်အော်သောင်းနင်း ဖြစ်မှုမှာ ယနေ့၏ အဓိကဇာတ်ဆောင် ဖြစ်ရမည့် ယုအန်းကိုပင် လူအများ မေ့လျော့သွားစေခဲ့ပြီ ဖြစ်သည်။ ယနေ့ညတွင် တစ်လောကလုံးကို အံ့အားသင့်စေခဲ့သောမွေးရာပါ ဒြပ်စင်နှစ်မျိုးပိုင်ရှင် မိုဖန်လောက် မည်သူမျှ တောက်ပနေမည် မဟုတ်ပေ။
"ဒီကောင်လေးကို... ငါတို့ စစ်တပ်က သေချာပေါက် ရယူရမယ်၊ ဘယ်သူပဲဖြစ်ဖြစ် ငါ့လက်ထဲက လုယူဖို့ ကြိုးစားရင် သူတို့အိမ်ကို ငါ ဝင်စီးမယ်" စစ်တပ်၏ အကြီးအကဲ ကျန့်ခုံးသည် ထိုင်ခုံပေါ်မှ ထလာသည်မှာ အတန်ကြာခဲ့ပြီ ဖြစ်၏။
ကျန့်ခုံးသည် ပိုမြို့တွင် မည်သူ့ကိုမျှ မကြောက်ပေ။ မွေးရာပါ ဒြပ်စင်နှစ်မျိုးပိုင်ရှင် မိုဖန်ကို လုယူရန် ကြိုးစားသည့် မည်သူမဆို ကျန့်ခုံး၏ ဖယ်ရှားခြင်းကို ခံရပေလိမ့်မည်။
“တောက်... ငါ့ကို လူကြီးတွေက ဒီတောင်ပိုင်းက ပိုမြို့ကို ပို့လိုက်တုန်းက ဒီလောက်ပဲလို့ ထင်ခဲ့တာ။ ဘယ်သူ သိမှာလဲ... ဒီနေရာလေးမှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ မွေးရာပါ ဒြပ်စင်နှစ်မျိုး ပိုင်ဆိုင်တဲ့ လူငယ်တစ်ယောက် ရှိနေလိမ့်မယ်လို့ .... မိုဖန်မှာ မီးဒြပ်စင် တစ်ခုတည်း ရှိတုန်းကတောင် ငါ သူ့ကို စစ်တပ်ထဲ ခေါ်ချင်ခဲ့တာ.... အခု ဒီကောင်လေးက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ပါရမီကို ဖုံးကွယ်ထားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ငါ့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံး ဆုံးရှုံးရရင်တောင် ဒီမိုဖန်ကို ငါ ရအောင် ယူမယ်”
ကျိုးမျိုးရိုးနှင့် လူကြီးက ထရပ်ကာ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ကျန့်ခုံး၏ စကားကြောင့် ချက်ချင်း ပြန်ထိုင်လိုက်ရသည်။
“ဟမ့်... အဲဒီလိုကြီးတော့ မလုပ်နဲ့လေ...ငါတို့ ကျိုးမိသားစုကလည်း သူ့ကို လိုချင်တာပဲ”
ကျိုးမျိုးရိုးနှင့် လူကြီးသည် ဤကောင်လေးကို စောစောစီးစီး အတင်းအကျပ် မဆွဲခေါ်ခဲ့မိသည့်အတွက် နောင်တရနေတော့သည်။ ယခုမွေးရာပါ ဒြပ်စင်နှစ်မျိုး ပေါ်ထွက်လာပြီးနောက်တွင် ပိုမြို့၏ အာဏာစက်များမှာ ဤအိမ်ခြေမဲ့ ကောင်လေးကြောင့် လုံးဝ ပြိုကွဲသွားခဲ့လေပြီ။
"အကြီးအကဲ ကျန့်ခုံး... ပိုမြို့မှာ ခင်ဗျား ထိန်းချုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိပေမဲ့ ခင်ဗျား လိုချင်တိုင်း ရနိုင်တယ်လို့ မဆိုလိုဘူးနော်။ ကျွန်တော် လူကြီးတွေကို အစီရင်ခံစာ တင်တော့မယ်။ ကျွန်တော်တို့ရဲ့ ကြီးမြတ်လှတဲ့ မှော်အစည်းအရုံးဟာ ဒီလို ထူးခြားတဲ့ ပါရမီရှင်မျိုးကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။ ပြီးတော့ မှော်ဆရာတွေကို ပြုစုပျိုးထောင်ပေးဖို့ ကျွန်တော်တို့ မှော်အစည်းအရုံးထက် ပိုပြီး သင့်တော်တဲ့ အဖွဲ့အစည်း ဘယ်မှာ ရှိသေးလို့လဲ..." ရန်ကျောက်ဟယ်က တိုက်ရိုက်ပင် ဝင်ပြောလိုက်သည်။
မိသားစုအသေးစားများနှင့် မျိုးရိုးကြီး အချို့မှာ စစ်တပ်ကို မျက်နှာသာ ပေးရသော်လည်း၊ ကြီးမြတ်သော မှော်အစည်းအရုံးမှာမူ ထိုသို့ လုပ်ရန် မလိုပေ။ ထိုကမ္ဘာပေါ်တွင် မှော်အစည်းအရုံးကို ယှဉ်ပြိုင်ရဲသည့် အင်အားစုမျိုး မရှိချေ။
"ဟဲဟဲ... ဒီလို ကျောင်းသားမျိုးကို ကျွန်တော်တို့ ကျောင်းကလည်း ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ပျိုးထောင်ပေးဖို့ အဆင်သင့်ပါပဲ ဒါကြောင့် ခင်ဗျားတို့ နှစ်ယောက်လုံး စိတ်ပူနေစရာ မလိုပါဘူး" ကျောင်းအုပ်ကြီးကျူးက ဆိုလိုက်သည်။
“ဒီကောင်တွေ... ကျန့်ခုံးနဲ့ ရန်ကျောက်ဟယ်က မိုဖန် ကျောင်းမဆင်းခင်မှာတင် ငါ့မျက်စိရှေ့မှာ လာလုချင်နေတာပဲ... ဒီလို ကျောင်းသားမျိုးကိုတော့ သူတစ်ပါးလက်ထဲ အလွယ်တကူ ထည့်မပေးနိုင်ဘူး။ တကယ်လို့ စွမ်းရည်ရှိရင် ငါတို့ မှော်ကျောင်းတော်နဲ့ လာယှဉ်ကြည့်လိုက်လေ... ခင်ဗျားတို့ရဲ့ စစ်မှော်ဆရာ အတော်များများက ငါတို့ မှော်ကျောင်းက လာတာဆိုတာ မမေ့နဲ့ဦး ကျန့်ခုံး...”
မူကျားယွမ်မှာတော့ အရူးတစ်ယောက်လို ရပ်နေမိ၏။ သူသည် မိုဖန်ကြောင့် အံ့အားသင့်နေကြသော ဧည့်သည်များကို ကြည့်လိုက်ပြီး၊ ထို့နောက် သူ့မျက်စိရှေ့တွင် မိုဖန်ကို လုယူရန် ကြိုးစားနေကြသော အင်အားစုများကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် တိုက်ပွဲကွင်းအတွင်းမှ မီးနှင့် လျှပ်စီး ဒြပ်စင်နှစ်ခုလုံးကို ထိန်းချုပ်ထားသော မှော်ဆရာကို ကြည့်လိုက်မိသည်။
သူ့မိသားစုမှ မူနင်းရွှဲတွင်လည်း တွေ့ရခဲသော မှော်ပါရမီ ရှိပေသည်။ သို့သော် ဆွဲဆောင်မှုအပိုင်းကို ပြောရမည်ဆိုပါက မွေးရာပါ ဒြပ်စင်နှစ်မျိုးက အမှတ်အနည်းငယ် ပိုသာနေသည်။ မူနင်းရွှဲ၏ မွေးရာပါ ရေခဲစွမ်းအားမှာ သူ၏ သက်တူရွယ်တူများထက် သေချာပေါက် သာလွန်သော်လည်း၊ ကြွယ်ဝချမ်းသာသော မျိုးရိုးကြီးများမှာ ရတနာများ စုဆောင်းကာ ထိုကဲ့သို့ အစွမ်းမျိုးကို ရရှိအောင် ပြုလုပ်နိုင်သည်။ သို့တိုင် မွေးရာပါ ဒြပ်စင်နှစ်မျိုးမှာ တစ်ကမ္ဘာလုံးကို မီးထွန်းရှာလျှင်ပင် ဒုတိယတစ်ယောက် ရှာတွေ့နိုင်ရန် မလွယ်ကူသည့် ပါရမီမျိုး ဖြစ်၏။ မူကျားယွမ် ကိုယ်တိုင်ပင်လျှင် ဤကောင်လေးကို ရယူချင်လာသည်ဟု ဆိုနိုင်ပေသည်။
"မြန်မြန် ထပါဦး... အစ်ကိုကြီး ကျားရှင်း၊ ကဲ ထပါဗျာ...ကျွန်တော်က ခင်ဗျားသားကို သင်ခန်းစာလေး နည်းနည်း ပေးချင်ရုံတင်ပါ၊ ဒါမျိုး ဘယ်လုပ်ခိုင်းပါ့မလဲ" မူကျားယွမ်သည် မိုကျားရှင်းကို အလျင်အမြန်ပင် ဆွဲထူလိုက်တော့သည်။
မူကျားယွမ်၏ သဘောထားမှာ ၁၈၀ ဒီဂရီ ပြောင်းလဲသွားခဲ့လေပြီ။ မိုကျားရှင်းသည် မူကျားယွမ်၏ တွဲကူမှုဖြင့် ထရပ်လိုက်ပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို မယုံကြည်နိုင်စွာ ဝေ့ကြည့်လိုက်သည်။
ဒရိုင်ဘာတစ်ယောက်အနေဖြင့် မွေးရာပါ ဒြပ်စင်နှစ်မျိုးက ဘာကို ကိုယ်စားပြုသည်ကို မသိနိုင်သော်လည်း၊ မြို့၏ အရေးကြီးပုဂ္ဂိုလ်များ၏ ပြောင်းလဲသွားသော မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူ၏သားမှာ မည်မျှအထိ အံ့သြစရာကောင်းနေသနည်း ဆိုသည်ကို သူ နားလည်လိုက်ပြီ ဖြစ်သည်။
မိသားစုပိုင်ဆိုင်မှုကို ရောင်းချပြီး သူ့သားကို တန်လန် မှော်အထက်တန်းကျောင်းသို့ ပို့ပေးခဲ့ရခြင်းမှာ အလကား မဖြစ်ခဲ့ပေ။ အကယ်၍ သူသာ အနည်းငယ် တွန့်ဆုတ်နေခဲ့ပါက ဤကဲ့သို့ အံ့မခန်း မှော်ဆရာတစ်ဦးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ မိုကျားရှင်းသည် ဝမ်းသာမျက်ရည်များကို သုတ်ရင်း မတ်တတ်ရပ်လိုက်သည်။
ပင်ပန်းလှသော ဘဝ၊ နည်းပါးလှသော လစာနှင့် ဆင်းရဲနွမ်းပါးလှသော ပတ်ဝန်းကျင်တို့ကြောင့် သူ၏ ကျောမှာ အမြဲတမ်း ကုန်းနေခဲ့ရသည်။ ပုံမှန်အားဖြင့် သူသည် ဤချမ်းသာကြွယ်ဝသူများအတွက် ကားမောင်းပေးရင်း ခေါင်းညိတ် ဦးညွှတ်နေရခြင်းမှာ ဒူးထောက်နေရခြင်းနှင့် ဘာမှမထူးခြားခဲ့ပေ။
သူ၏သားဖြစ်သူက သူ့ကို ဘာကြောင့် ထရပ်ခိုင်းရသနည်း ဆိုသည်ကို သူ ယခု နားလည်သွားခဲ့လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်မှစ၍ သူတို့သားအဖ နှစ်ယောက်လုံးသည် မည်သူ့ရှေ့တွင်မှ ဦးညွှတ်နေစရာ မလိုတော့သောကြောင့်ပင်။
အခန်း (၈၅) ပြီး
***