"အစ်ကိုကြီး... ယုအန်းက ဟိုမှာ လဲနေတုန်းပဲ" မူဟဲက မူကျားယွမ်ကို သတိပေးရန် လှမ်းအော်လိုက်သည်။
မူကျားယွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွား၏။
“ဟမ့်... ငါ မေ့သွားတယ်” ယနေ့သည် သူ၏မွေးစားသား ယုအန်းအတွက် ကျင်းပပေးသည့် အရွယ်ရောက်ခြင်း အခမ်းအနား ဖြစ်သည်ကို သူ လုံးဝ မေ့သွားခဲ့ခြင်းပင်။
သူ၏ ခမ်းနားထည်ဝါလှသော အခမ်းအနားကြီးမှာ ဤမိုဖန်ဆိုသည့် ကောင်စုတ်လေး ပိုမြို့တစ်မြို့လုံးကို တုန်လှုပ်စေရန် စင်တင်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေပြီ။
ပို၍ နောင်တရစရာ ကောင်းသည်မှာ သူတို့ ဤမှော်တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ခြင်းပင်။ မူကျားယွမ်အနေဖြင့် သူ၏ ဂုဏ်သရေရှိ ဧည့်သည်တော်များရှေ့တွင် ဤသားအဖကို တောင်းပန်ရတော့မည် ဖြစ်၏။
ဤအချက်ကို တွေးမိသည်နှင့် မူကျားယွမ်သည် ရင်ထဲတွင် ဗုံးပေါက်သကဲ့သို့ ခံစားလိုက်ရပြီး သွေးတိုးနှုန်းမှာလည်း အဆမတန် မြင့်တက်လာတော့သည်။ ကွင်းအတွင်း၌မူ မိုဖန်သည် လျှပ်စီးလက်ခြင်းဒဏ်ကြောင့် ခွေးသေတစ်ကောင်လို လဲကျနေသော ယုအန်းကို လှည့်ပင် မကြည့်တော့ပေ။
“နောက်ခံအင်အား ဟုတ်လား... မင်းက ငါ့ကို နောက်ခံအင်အားအကြောင်း လာပြောချင်တာလား.... မင်းလို ချမ်းသာချင်ယောင်ဆောင်တဲ့ ခွေးကို ငါက လျှပ်စီးနဲ့ ရှော့ခ်ရိုက်ပြီး ဆုံးမပေးလိုက်မယ်”
မိုဖန်သည် လှည့်ထွက်လာပြီး ပွဲကြည့်စင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည်။ ရလဒ်ကတော့ ရှင်းလင်းနေပြီ ဖြစ်သည်၊ သူ အနိုင်ရသွားခဲ့ပြီ။
လူတိုင်း၏ အသားများ တဆတ်ဆတ် တုန်သွားရလောက်အောင် အံ့သြသွားခဲ့ကြသော်လည်း၊ မိုဖန်ကမူ ထိုမြေခွေးအိုကြီး မူကျားယွမ်၏ လက်ရှိ မျက်နှာအမူအရာကိုသာ ပို၍ စိတ်ဝင်စားနေမိသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ထိုမြေခွေးအိုကြီးမှာ သွေးအန်ချင်သော်လည်း အန်မထွက်နိုင်သည့် ရုပ်မျိုး ဖြစ်နေတော့သည်။
"ကျွန်တော့်အဖေကတော့ ခင်ဗျားကို လက်ဆောင်ပေးပြီးပြီ... အဘိုးကြီး၊ ခင်ဗျားကော ဘာလုပ်မလဲဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ဆုံးဖြတ်လိုက်တော့" မိုဖန်သည် မူကျားယွမ်၏ ရှေ့သို့ လျှောက်သွားကာ အေးစက်စွာ ပြောလိုက်၏။
“ဒီနေ့ကို ငါ စောင့်နေခဲ့တာ... နှစ်ပေါင်းများစွာ စောင့်နေခဲ့တာ...ဒီနေ့ ပိုမြို့ရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အားလုံးရှိနေတဲ့ အချိန်မှာ၊ ခင်ဗျားမူကျားယွမ်အနေနဲ့ ဒေါသကို မြိုသိပ်ပြီး အသံနှိမ့်ပြောရတဲ့ အရသာကို ငါ မြည်းစမ်းခိုင်းမယ်...”
မူကျားယွမ်၏ မျက်နှာကြီးမှာ တုန်ရင်နေတော့သည်။ အမှန်တကယ်တော့ မူကျားယွမ်သည် မိုဖန်ကို အထင်မသေးခဲ့ပေ။ အခြေအနေကို ပြောင်းပြန်လှန်သွားမည်ကို စိုးရိမ်သဖြင့် ယုအန်းအတွက် ထိုမှော်ဝတ်ရုံကိုပင် အထူးပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် မိုဖန်တွင်မွေးရာပါ ဒြပ်စင်နှစ်မျိုး ရှိနေမည်ကိုတော့ မူကျားယွမ် အိပ်မက်ပင် မမက်ခဲ့ဖူးသလို၊ လျှပ်စီးလက်ခြင်းကိုပါ တတိယအဆင့်အထိ ကျင့်ကြံထားလိမ့်မည် မထင်ထားခဲ့ပေ။
ဤမျှ ခမ်းနားလှသော အရွယ်ရောက်ခြင်း အခမ်းအနားကြီးမှာ ထိုကောင်လေး ကမ္ဘာကို အံ့သြအောင် လုပ်ပြသည့် အခမ်းအနား ဖြစ်သွားခဲ့လေပြီ။
"အဲဒါက... စိတ်မပူပါနဲ့... စိတ်မပူပါနဲ့။ သခင်ကြီး မူကျားယွမ်က ကျွန်တော်တို့ကို အမြဲတမ်း စောင့်ရှောက်ပေးခဲ့တာပဲ၊ မိုဖန်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါတော့" မိုကျားရှင်းမှာ တကယ့်ကို ရိုးသားအေးဆေးသူတစ်ဦး ဖြစ်ပေသည်။ သူ့အမြင်တွင် မူကျားယွမ် ဒူးထောက်တောင်းပန်ခြင်းမှာ သူ့ကို သတ်လိုက်သည်နှင့် မခြားပင် ထင်မြင်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် မြို့၏ အရေးကြီးပုဂ္ဂိုလ် တစ်ဦး မဟုတ်ပါလား။
"ဟုတ်ပါတယ်... ဒီကိစ္စကို မေ့လိုက်ကြရအောင်။ ဒီနေ့ညမှာ ကျွန်တော်တို့အားလုံး အမြင်တွေ အများကြီး ပွင့်သွားခဲ့ကြပြီပဲ" မူဟဲကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။ သူ၏ သဘောထားမှာ ယခင်ကနှင့် လုံးဝ ကွာခြားသွားခဲ့လေပြီ။ စီးပွားရေးသမားတစ်ဦး၏ ဖော်ရွေမှုမျိုးဖြင့် စေတနာအပြည့်ရှိပုံ ဖမ်းနေတော့သည်။
“ဒီအတိုင်း မေ့လိုက်ဖို့ ဟုတ်လား... ဟမ့် ... တကယ်လို့ ဒီမြေခွေးအိုကြီး မူကျားယွမ်မှာသာ ဒီအတိုင်း မေ့လိုက်ဖို့ စိတ်ကူးရှိခဲ့ရင်... ငါ မိုဖန်ကလည်း လျှပ်စီးကို ထုတ်သုံးပြီး သူတို့ကို ရှော့ခ်ရိုက်မှာ မဟုတ်ဘူး”
"ဟ... ဒူးထောက်တောင်းပန်တာက ဘာများ ခက်တာမှတ်လို့... ငါ မူကျားယွမ်က ကတိပေးထားရင် ပေးထားတဲ့အတိုင်း လုပ်တယ်။ လောင်းကြေးထပ်ရင် ရှုံးဖို့လည်း အဆင်သင့်ရှိရမယ်" မူကျားယွမ်က ထိုစကားများကို ဒေါသတကြီး ပြောလိုက်သည်။
စကားဆုံးသည်နှင့် မူကျားယွမ်သည် မိုကျားရှင်း၏ ရှေ့တွင် အမှန်တကယ်ပင် မတ်တတ်ရပ်လိုက်၏။ ပြောလိုက်သည့် စကားကသာ ပြတ်သားနေသော်လည်း၊ မူကျားယွမ်၏ လှုပ်ရှားမှုများမှာမူ အနည်းငယ် တောင့်တင်းနေမိသည်။
သူသည် ဤသားအဖကို အမှန်တကယ်ပင် ဒူးထောက်တောင်းပန်ရတော့မည်။ ထိုအရာကို လုပ်ပြီးသွားလျှင် သူ့အနေနှင့် ပိုမြို့သားတွေရှေ့မှာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ချေ။
“ကောင်စုတ်...မွေးရာပါ ဒြပ်စင်နှစ်မျိုးလို ကောင်းကင်ကို ဆန့်ကျင်တဲ့ ပါရမီမျိုးက ဒီမိုဖန်ဆိုတဲ့ ကောင်ဆီမှာ ဘယ်လိုလုပ် ရှိနေရတာလဲ အရင်တုန်းက ဒီတိုက်ပွဲကို သူ ဘာလို့ ဒီလောက် ယုံကြည်မှုရှိရှိ လက်ခံခဲ့သလဲဆိုတာ အခုမှ သိတော့တယ်၊ သူ့လက်ထဲမှာ ဒီလို ဝှက်ဖဲ ရှိနေတာကိုး...”
မြေခွေးအိုကြီး မူကျားယွမ်သည် အရာရာကို တွက်ချက်တတ်သူ ဖြစ်သော်လည်း၊ ပြိုင်ဘက်တွင်မွေးရာပါ ဒြပ်စင်နှစ်မျိုးရှိနေသည်ကိုမူ ကြိုတင် မခန့်မှန်းနိုင်ခဲ့ပေ။ စိတ်ထဲတွင် ရုန်းကန်ရင်း မူကျားယွမ်သည် အံကို တင်းတင်းကြိတ်ကာ ဒူးများကို ဖြည်းဖြည်းချင်း ညွှတ်ချလိုက်သည်။
"အစ်ကိုကြီး မူကျားယွမ်... မလုပ်ပါနဲ့ဗျာ...ဟူး... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှလည်း ကြီးကြီးမားမား မရှိပါဘူး၊ ဒီလို လုပ်စရာ မလိုပါဘူး။ နောက်ပြီး အခုက ဘယ်လိုခေတ်ကြီးလဲ၊ ဒါမျိုးတွေ မလိုတော့ပါဘူး အရင်က လူတွေတောင် ရန်ငြိုးဟောင်းတွေကို ရယ်မောပြီး မေ့ပစ်နိုင်ခဲ့ကြတာပဲ။ ကျွန်တော်တို့ဆိုရင် သိလာတာတောင် အကြာကြီး ရှိနေပြီပဲဥစ္စာ..." မိုကျားရှင်းက မူကျားယွမ်ကို အလျင်အမြန်ပင် ဆွဲထူလိုက်သည်။
မူကျားယွမ်သည် မိုကျားရှင်းကို အံ့သြစွာဖြင့် ပြန်ကြည့်လိုက်မိ၏။ သူ့အမြင်တွင် လူအများစုမှာ ဤအချိန်တွင် အောင်နိုင်သူအဖြစ် ပျော်မြူးနေကြမည် ဖြစ်သည်။ မူကျားယွမ်၏ ဒူးထောက်တောင်းပန်မှုကို ရယူနိုင်ရန်မှာ ကမ္ဘာပေါ်တွင် မည်သူမဆို ရနိုင်သည့် အခွင့်အရေး မဟုတ်ပေ၊ ၎င်းမှာ ယခင်က ဒူးထောက်ခဲ့ရဖူးသော မိုကျားရှင်းအတွက်ဆိုလျှင် ပို၍ပင် အဖိုးတန်သင့်သည်။
"မိုဖန်... အားလုံး အဆင်ပြေသွားပါပြီ" မိုကျားရှင်းက လှည့်၍ မိုဖန်ကို ပြောလိုက်သည်။
မိုဖန်က ပုခုံးတွန့်လိုက်၏။ သူ့ဖခင်ကိုယ်တိုင်က ပြောလာမှတော့ သူ ဘာတတ်နိုင်တော့မည်နည်း။ မည်သို့ပင်ဆိုစေကာမူ မူကျားယွမ်သည် ခုနက ဒူးညွှတ်ခဲ့ပြီးပြီ ဖြစ်သလို၊ ၎င်းမှာ ဒူးထောက်လိုက်ခြင်းနှင့်လည်း အတူတူပင် ဖြစ်ပေသည်။ နှစ်ပေါင်းများစွာက ရန်ငြိုးဟောင်းများမှာ ပြင်းထန်လှသော လျှပ်စီးလက်ခြင်းနှင့်အတူ လွင့်စင်သွားခဲ့ပြီ ဆိုနိုင်သည်။
"ကောင်းလိုက်တဲ့ စကားပဲ၊ အရင်က လူတွေတောင် ရန်ငြိုးတွေကို ရယ်မောမေ့ဖျောက်နိုင်ခဲ့ကြတာပဲ။ ဒီနေ့ဟာ ဂုဏ်ပြုထိုက်တဲ့ နေ့တစ်နေ့ပါ၊ ငါတို့ ပိုမြို့ကနေ မွေးရာပါ ဒြပ်စင်နှစ်မျိုးပိုင်ဆိုင်တဲ့ အံ့မခန်း ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီ မကြာခင်ကပဲ မူနင်းရွှဲရဲ့ ရေခဲဝိညာဉ်က ငါတို့ ပိုမြို့ရဲ့ နာမည်ကို ကျော်ကြားစေလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု မိုဖန်ရဲ့ မွေးရာပါ ဒြပ်စင်နှစ်မျိုးက ပိုတောင် တုန်လှုပ်စရာ ကောင်းနေသေးတယ် ကောင်းကင်ကြီးက ငါတို့ ပိုမြို့ကို တကယ်ပဲ စောင့်ရှောက်နေတာပဲ" ဂုဏ်သရေရှိ ကျောင်းအုပ်ကြီးကျူးက သက်ပြင်းချလျက် ဆိုလိုက်သည်။
တောင်ပိုင်းမြို့များထဲတွင် ပိုမြို့မှာ အလွန်အမင်း ထူးချွန်သော မြို့တစ်မြို့ မဟုတ်ခဲ့သလို၊ ထူးချွန်သော မှော်ဆရာများလည်း များများစားစား မထွက်ပေါ်ခဲ့ပေ။ ထို့ကြောင့် တောင်ပိုင်းဒေသတွင် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ခြင်း ဖြစ်၏။
သို့သော် မူနင်းရွှဲ၏ ရေခဲဝိညာဉ်နှင့် မိုဖန်၏ မွေးရာပါ ဒြပ်စင်နှစ်မျိုးတို့မှာ သေချာပေါက် ဟိုးလေးတကျော် ဖြစ်သွားပေလိမ့်မည်။ ၎င်းက ပိုမြို့ကို တောင်ပိုင်းတွင် အစောင့်ကြည့်ခံရဆုံး မြို့တစ်မြို့ ဖြစ်လာစေလိမ့်မည်။
"မိုဖန်... မင်းသာ ငါတို့ စစ်တပ်ထဲ ဝင်မယ်ဆိုရင်၊ အနာဂတ်မှာ မင်းက မြို့တစ်မြို့ရဲ့ စစ်အကြီးအကဲ သေချာပေါက် ဖြစ်လာလိမ့်မယ် ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး ရမှာကို ထည့်မပြောနဲ့ဦး၊ တစ်နေ့မှာ မင်း ဒီနယ်ပယ်မှာ သေချာပေါက် အောင်မြင်မှု ရလိမ့်မယ်" ကျန့်ခုံးသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ စိတ်ရင်းအမှန်ဖြင့် ကတိများပေးကာ မိုဖန်ကို စတင် စည်းရုံးတော့သည်။
"ကျန့်ခုံး... တော်လောက်ပြီ။ ဘယ်အဖွဲ့အစည်းကို ရွေးမလဲဆိုတာက သူ့ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ပဲ။ ခင်ဗျားက ဘာလို့ အတင်းအကျပ် စည်းရုံးနေရတာလဲ" ရန်ကျောက်ဟယ်က မကျေမနပ် ကန့်ကွက်လိုက်သည်။
"ဟမ့်... ငါက ဘယ်မှာ အတင်းအကျပ် လုပ်လို့လဲ။ မိုဖန်နဲ့ ငါက ညီအစ်ကိုတွေလို ပေါင်းနေတာ။ သူက ငါ့ရဲ့ သွေးသောက်ညီလေးကွ" ကျန့်ခုံးက မျက်လုံးပြူးကာ ပြောလိုက်သည်။
ဘေးနားရှိ နည်းပြနှစ်ဦးဖြစ်သော လော့ယွင်ပေါ် နှင့် ဖန်လီကျွင်း တို့မှာ ချွေးပြန်နေကြတော့သည်။
“အကြီးအကဲ ကျန့်ခုံး... မိုဖန်က ဘယ်တုန်းက ခင်ဗျားရဲ့ သွေးသောက်ညီလေး ဖြစ်သွားတာလဲ...”
"နည်းပြချုပ်ကြီး... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ" မိုဖန်မှာ ဆွံ့အသွားတော့သည်။
"ဟာ... မင်းက အဲဒါကို မကျေနပ်လို့လား... ဒါဆိုရင် မင်းက အစ်ကိုကြီး လုပ်မလား...မင်းက ငါ့ရဲ့ သွေးသောက်အစ်ကိုကြီး ဖြစ်လည်း ရတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ စစ်တပ်ထဲဝင်ရင် ရာထူးကြီးကြီးနဲ့ စည်းစိမ်ဥစ္စာတွေ ရဖို့ ငါ အာမခံတယ်" ကျန့်ခုံးက ချက်ချင်းပင် ကြေညာလိုက်ပြန်သည်။
လော့ယွင်ပေါ်နှင့် ဖန်လီကျွင်းတို့မှာမူ ချွေးများ ရေတံခွန်လို ကျနေချေပြီ။
“ချီးတဲ့မှ... ခင်ဗျားက ပိုမြို့စစ်တပ်ရဲ့ အကြီးအကဲကြီး ဖြစ်ပြီးတော့၊ ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို အစ်ကိုကြီးလို့ တရားဝင် အသိအမှတ်ပြုနေတယ်ပေါ့၊ ဒါဆို ပိုမြို့က စစ်တပ်တစ်ခုလုံး ပြိုကွဲကုန်မှာပေါ့။ ခင်ဗျားမှာ သိက္ခာဆိုတာ မရှိတော့ဘူးလား အကြီးအကဲ ကျန့်ခုံး...”
နည်းပြနှစ်ဦးမှာ သူတို့၏ အကြီးအကဲ ကျန့်ခုံးကို ဤနေရာမှ ချက်ချင်း ဆွဲခေါ်သွားချင်နေတော့သည်။ ဤသည်မှာ တကယ်ကို အရှက်မရှိလွန်းလှပေသည်။
အခန်း (၈၆) ပြီး
***