ထိုခဏတွင် ဝဝဖိုင့်ဖိုင့်နှင့် ဖျတ်လတ်သော ဖေးရှီသည် မိုဖန်ကိုသာ စိုက်ကြည့်နေမိသည်။ အတန်ကြာ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် သူ ပါးစပ်ဟကာ ဘေးနားရှိ အသင်းဖော်များကို တိုးတိုးလေး ကပ်ပြောလိုက်၏။
"ဟေ့လူတွေ... ဒီကောင် လျှပ်စီးလက်ခြင်း သုံးလိုက်တဲ့ပုံစံက တစ်ယောက်ယောက်နဲ့ တော်တော်ဆင်တယ်လို့ မထင်ကြဘူးလား"
"မင်းလည်း အဲဒီလို ထင်တာလား..." ရွှီတာဟွမ်က ချက်ချင်းပင် မျက်လုံးပြူးသွားသည်။
ဘေးနားတွင် ပန်းသီးတစ်လုံးကို ကိုက်စားနေသော ရှောင်ကောကလည်း သဘောတူသည့်အလား ခေါင်းကို တဆက်ဆက် ညိတ်ပြနေ၏။
လီဝန်ကျဲကမူ ထူးဆန်းသော အပြုံးတစ်ခုဖြင့် ချိုက်ထန်ကို လှမ်းကြည့်လိုက်သည်။
ချိုက်ထန်သည်လည်း တစ်ခုခုကို ရိပ်မိနေသည်မှာ ထင်ရှားလှပေသည်။ သူမ၏ လှပသော မျက်နှာထက်တွင် လက်တွေ့ဘဝကို လက်ခံရန် ငြင်းဆန်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
"ဖန်မို...မိုဖန်... ချီးတဲ့မှ အဲဒါ သူပဲဟ"
မုဆိုးအဖွဲ့တစ်ခုလုံး တစ်ပြိုင်နက်တည်း သဘောပေါက်သွားကြ၏။ သူတို့မျက်နှာပေါ်မှ အမူအရာများကိုမူ စကားလုံးဖြင့် ဖော်ပြရန်ပင် မစွမ်းသာတော့ချေ။
ဖန်မိုသည် ငယ်ရွယ်သည်ကို သူတို့ သိထားသော်လည်း၊ ကျောင်းပင်မဆင်းသေးသည့် အထက်တန်း တတိယနှစ် ကျောင်းသားလေးတစ်ယောက် ဖြစ်လိမ့်မည် သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
အရေးကြီးဆုံးအချက်မှာ ဤကောင်လေးသည် လျှပ်စီးဒြပ်စင် သာမက၊ ပြင်းထန်လှသော မီးဒြပ်စင်ကိုလည်း ပိုင်ဆိုင်ထားခြင်းပင်။ သူ၏ မီးဒြပ်စင် စွမ်းအားမှာ သူတို့အဖွဲ့ခေါင်းဆောင် ရွှီတာဟွမ်ထက်ပင် အားနည်းခြင်း မရှိပေ။
ချိုက်ထန်မှာတော့ ဤအချက်ကို သိလိုက်ရသောအခါ စိတ်အရှုပ်ထွေးဆုံး ဖြစ်နေသူပင်။ အမှန်အတိုင်းဆိုလျှင် လွန်ခဲ့သော တစ်နှစ်ပတ်လုံး အတူတူ အလုပ်လုပ်ခဲ့ပြီးနောက် သူမသည် သူတို့အဖွဲ့၏ လျှို့ဝှက်ဆန်းပြားသော လျှပ်စီးအဖွဲ့ဝင်ဖန်မို အပေါ် အထင်ကြီးလေးစားမှု အချို့ ရှိနေခဲ့ခြင်း ဖြစ်သည်။
လျှပ်စီးမှော်ဆရာတစ်ဦး၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေမည်ကို လူတိုင်းသိကြပြီး၊ လျှပ်စီးမှော်ဆရာ အများစုမှာ ရာထူးကြီးကြီး၊ လစာကောင်းကောင်းရသည့် သက်သောင့်သက်သာ အလုပ်များကိုသာ ရွေးချယ်လေ့ရှိကြသည်။ သို့သော် အလားအလာရှိသော လူငယ်လေး ဖန်မိုကမူ သူတို့၏ မုဆိုးအဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့ပြီး သူ၏ သက်တူရွယ်တူများထက် သာလွန်ရုံသာမက အမြဲတမ်း တည်ငြိမ်ရင့်ကျက်မှုကို ပြသခဲ့သည်။ ထို့ပြင် သူသည် သူမ၏ အသက်ကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးသလို၊ သူ၏ လျှပ်စီးလက်ခြင်းဖြင့် အဖွဲ့တစ်ခုလုံးကိုလည်း ဘေးဒုက္ခမှ ကယ်တင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် သူ့အပေါ် အမြင်ကောင်းရှိနေသည်မှာ သေချာလှပေသည်။
သို့သော် နောက်ဆုံးတွင် ဖန်မို နှင့် မိုဖန် မှာ တစ်ဦးတည်း ဖြစ်နေသည်ကို သိလိုက်ရသောအခါ မိမိ အထင်ကြီးရသူနှင့် မိမိ အမြဲတမ်း နှိမ်ခဲ့၊ မုန်းခဲ့သူတို့ တစ်ယောက်တည်း ဖြစ်နေခြင်းမှာ သူမကို လုံးဝ ဆွံ့အသွားစေခဲ့တော့သည်။
"အားလုံးပဲ... ကျွန်တော် ပြောစရာရှိပါတယ်" ကျောင်းအုပ်ကြီးကျူးက တစ်ဖက်မှ ဝင်ပြောလိုက်ပြန်သည်။
ကျောင်းအုပ်ကြီးကျူးမှာ သိက္ခာရှိသူဖြစ်သဖြင့် လူတိုင်းက ငြိမ်သက်ကာ နားထောင်လိုက်ကြ၏။
"မွေးရာပါ ဒြပ်စင်နှစ်မျိုး ဆိုတာ အံ့မခန်း ပါရမီတစ်ခုပါ၊ အခု မှော်အထက်တန်း ကျောင်းဆင်းစာမေးပွဲတွေကလည်း နီးနေပြီ။ ကျွန်တော်တို့ ကျောင်းအနေနဲ့ ဒီရှားပါးလှတဲ့ အခွင့်အရေးကို သုံးပြီး ပိုမြို့ရဲ့ အစွမ်းကို တခြားဒေသက လူတွေ မြင်အောင် လုပ်ပြချင်ပါတယ်။ ဒါကြောင့် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူမှ အပြင်ကို မပေါက်ကြားစေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အမျိုးသားအဆင့် ကျောင်းဆင်းစာမေးပွဲတွေ စတဲ့အထိ စောင့်ကြရအောင်၊ အဲဒီအခါမှ ကျွန်တော်တို့ ပိုမြို့ရဲ့ အံ့မခန်း မှော်ဆရာ မိုဖန်ကို တစ်နိုင်ငံလုံး တုန်လှုပ်သွားအောင် လုပ်ပြဖို့ အခွင့်အရေး ပေးကြရအောင်... ဘယ်လိုလဲ" ကျောင်းအုပ်ကြီးကျူး၏ အသံက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ဤကဲ့သို့ ကိစ္စရပ်ကြီးမှာ သတင်းမီဒီယာများမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားရန် အလွန်လွယ်ကူလှပေသည်။ အလွန်အရေးကြီးသော ကျောင်းဆင်းစာမေးပွဲများ ရောက်ရှိလာတော့မည် ဖြစ်ရာ၊ ကျောင်းအုပ်ကြီးကျူးသည် ဤအခွင့်အရေးကို အသုံးချ၍ ပိုမြို့၏ အလံကို မြှင့်တင်လိုခြင်း ဖြစ်သည်။ ပိုမြို့အနေဖြင့် ဤကဲ့သို့ ဂုဏ်ယူစရာမျိုး မရရှိခဲ့သည်မှာ အလွန်ကြာမြင့်ခဲ့လေပြီ။
"ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ လူကြီးတွေကို တင်ပြမယ့် အစီရင်ခံစာကိုတော့ အများဆုံး နှစ်ပတ်ပဲ ဆိုင်းငံ့ပေးနိုင်မယ်" မှော်အစည်းအရုံးမှ ရန်ကျောက်ဟယ်က ဆိုသည်။
"ကျောင်းအုပ်ကြီးကျူး... ကျွန်တော် ဒီမှာ ရှိနေသရွေ့ ဘယ်သူက ဒီကောင်လေးရဲ့ သတင်းကို ဖြန့်ရဲမှာလဲ" အကြီးအကဲ ကျန့်ခုံးကလည်း သဘောတူလိုက်သည်။
ကျန့်ခုံးမှာလည်း မိုက်မဲသူ မဟုတ်ပေ။ အကယ်၍ ပိုမိုကြီးမားသော အဖွဲ့အစည်းများကသာ ဤသတင်းကို ကြားသွားပါက ဤကောင်လေးကို လုယူရန် ချက်ချင်း ပြေးလာကြပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် သူ ကျန့်ခုံးအနေဖြင့် ငိုရုံသာ ရှိတော့သည်။ ဘယ်လိုပင်ဖြစ်စေကာမူ ထိုကိစ္စကို လက်ရှိတွင် ဖုံးကွယ်ထားရမည် ဖြစ်၏။
ဤနေရာတွင် လူအများအပြား ရှိနေသဖြင့် လူတိုင်း၏ ပါးစပ်ကို ပိတ်ထားရန်မှာ မလွယ်ကူသော်လည်း၊ မီဒီယာများကို ထိန်းချုပ်ထားပြီး ဤသတင်းကို မြို့ပြင်သို့ မရောက်အောင် တားဆီးထားနိုင်သရွေ့ ကျန်ရှိနေသူများ ပြောသမျှကို ဂရုစိုက်စရာ မလိုပါပေ။
ကျောင်းဆင်းစာမေးပွဲပြီးမှ တရားဝင် ကြေညာရန်သာ သူတို့ စီစဉ်လိုက်ကြသည်။
"ဒါတွေ ပြောနေတာ နည်းနည်းတော့ ချဲ့ကားလွန်းရာ မကျဘူးလား...” ဝမ်ဆန်းဖန့်က တိုးတိုးလေး မေးလိုက်သည်။
ကျောင်းသားများနှင့်အတူ ထိုင်နေသော ဆရာမထန်ယွဲ့၏ ရင်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ မပြေသေးပေ။ ဝမ်ဆန်းဖန့်၏ မေးခွန်းကို ကြားသောအခါ ထန်ယွဲ့က မနေနိုင်ဘဲ ရှင်းပြလိုက်၏။
"မင်းတို့က ပိုမြို့လို နေရာလေးမှာပဲ နေခဲ့ရတော့ မွေးရာပါ ဒြပ်စင်နှစ်မျိုးက ဘယ်လောက်အထိ အစွမ်းထက်သလဲဆိုတာ မသိတာ မဆန်းပါဘူး။ အကယ်၍ ဒီသတင်းသာ အပြင်ကို ပျံ့သွားရင် တစ်ရက်အတွင်းမှာပဲ ပိုမြို့ထဲကို ကြီးမားတဲ့ အင်အားစုတွေ အလုံးအရင်းနဲ့ ရောက်လာလိမ့်မယ်။ နောက်ပြီး မိုဖန်က အဖွဲ့အစည်း တစ်ခုခုကို ရွေးလိုက်ပြီဆိုရင်၊ မကောင်းတဲ့ စိတ်ထားရှိတဲ့ သူတွေက သူ့ကို ကြီးထွားခွင့်ပေးမယ့်အစား သတ်ပစ်ဖို့ပဲ ကြိုးစားကြလိမ့်မယ်။ သူတို့အတွက်တော့ မိုဖန်လို အခြေခံအဆင့် မှော်ဆရာတစ်ယောက်ကို လျှို့ဝှက်သတ်ပစ်ဖို့ဆိုတာ ဘာမှခက်ခဲတဲ့ ကိစ္စမဟုတ်ဘူး။ ဒီသတင်းကို ဖုံးကွယ်ထားတာက မိုဖန်အတွက်ရော၊ အားလုံးအတွက်ရော အကျိုးရှိစေမှာပါ"
"မဖြစ်နိုင်တာ... တကယ်ပဲ အဲဒီလောက် ကြောက်စရာကောင်းတဲ့ လူတွေ ရှိတာလား...”
"လူတွေရဲ့ စိတ်နှလုံးက ယုတ်မာလာတဲ့အခါမှာ ကိုယ့်ဘာသာကိုယ် ပါးပါးနပ်နပ်နဲ့ သတိထားနေဖို့ပဲ လိုအပ်တယ်" ထန်ယွဲ့က ပြန်ဖြေလိုက်သည်။
"မိုဖန်ကတော့ ဒီတစ်ခါ တကယ်ပဲ ဟိုးလေးတကျော် ဖြစ်သွားပြီ... ဒါနဲ့ ဘယ်လိုကျင့်တာလဲ... သူ့မှာ ဒြပ်စင်နှစ်ခုရှိတော့ ကျင့်ရတာ ပိုကြာမှာ မဟုတ်ဘူးလား၊ ဒါကို သူက ငါတို့ထက်တောင် ဘာလို့ ပိုပြီး ရှေ့ရောက်နေရတာလဲ"
"အေးလေ"
ရှုကျောက်ထင်၏ နှုတ်ခမ်းများမှာ တစ်ဆတ်ဆတ် တုန်နေတော့သည်။
"ငါ့အထင်တော့ ယုအန်းတစ်ယောက် ရူးသွားတဲ့အထိ ငိုနေတော့မှာပဲ"
"ဒါပေါ့... ဟိုမြေခွေးအိုကြီး မူကျားယွမ်ကို မတွေ့ဘူးလား...အရင်က မိုဖန်နဲ့ ပြဿနာတွေ ရှိခဲ့ပေမဲ့၊ အခုဆိုရင် မိုဖန်ကို သူ့ရဲ့ မွေးစားသားအဖြစ် ချက်ချင်းတောင် လက်ခံချင်နေဦးမှာ..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နည်းပြချုပ်ကြီးကိုယ်တိုင်ကတောင် မိုဖန်ကို သူ့ရဲ့ သွေးသောက်ညီလေး လုပ်ချင်နေတာလေ အဆင့်မြင့်မှော်ဆရာ ဖြစ်တဲ့ နည်းပြချုပ်ကြီးက မိုဖန်ရဲ့နောက်မှာ ရှိနေရင် ဘယ်သူက သူ့ကို ထိရဲမှာလဲ"
"ဟူး... နှိုင်းယှဉ်ရတာ တကယ်ပဲ စိတ်ပျက်ဖို့ ကောင်းလိုက်တာ"
မိုဖန်၏ အတန်းဖော်များ ဆွေးနွေးနေကြစဉ်တွင် ထန်ယွဲ့၏ မျက်ဝန်းများမှာ မိုဖန်ကိုသာ တစ်ချိန်လုံး ကြည့်နေမိသည်။ မိုဖန်သည် ထိုစဉ်က ဝိညာဉ်ဝံပုလွေကို မည်ကဲ့သို့ သတ်နိုင်ခဲ့သနည်း ဆိုသည်ကို ထန်ယွဲ့ ယခုမှပင် နားလည်သွားသည်။
အမှန်တကယ်တော့ မိုဖန်သည် လူအများအား အဆုံးမရှိသော အံ့သြမှုများကို ပေးစွမ်းနိုင်သူ ဖြစ်၏။ သူသည် ဤမျှကာလပတ်လုံး မွေးရာပါ ဒြပ်စင်နှစ်မျိုးကို ဖုံးကွယ်ထားနိုင်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ အလွန်ပါးနပ်လှပေသည်။ မိမိ၏ အင်အား မတောင့်တင်းသေးမီ အချိန်အထိ ရိုးရိုးအေးအေး နေထိုင်ခြင်းမှာ မဆိုးလှပေ။ ယခုအခါတွင်မူ မိုဖန်၏ နောက်ကွယ်၌ ကျန့်ခုံးကဲ့သို့ စိတ်အားထက်သန်စွာ ထောက်ခံပေးမည့်သူများ ရှိနေပြီဖြစ်ရာ သူ၏ အနာဂတ် တိုးတက်မှုမှာ ပိုမို ချောမွေ့လာပေလိမ့်မည်။
သို့သော် ဤကောင်လေးအနေဖြင့် သူ၏ မွေးရာပါ ဒြပ်စင်နှစ်မျိုးပါရမီကို အကျိုးရှိရှိ အသုံးချနိုင်ပါ့မလားနှင့် တစ်နိုင်ငံလုံးရှိ အခြားသော ပါရမီရှင်များကြားတွင် ထင်ရှားကျော်ကြားလာနိုင်ပါ့မလား ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်၏။ သို့တိုင် ယနေ့ညတွင်ပင် မိုဖန်သည် အမှန်တကယ်ပင် လူတိုင်းကို အံ့အားသင့်စေခဲ့လေပြီ။
မှော်အစည်းအရုံး၊ မုဆိုးအဖွဲ့အစည်းနှင့် ပိုမြို့စစ်တပ်တို့ ပူးပေါင်း၍ သတင်းကို ပိတ်ပင်ထားသဖြင့် ဤကိစ္စမှာ အချိန်တိုအတွင်း ပြင်ပသို့ ပျံ့နှံ့သွားရန် မဖြစ်နိုင်တော့ပေ။
သို့သော် ဤမှော်တိုက်ပွဲမှ ရရှိလိုက်သော အကြီးမားဆုံး အကျိုးအမြတ်မှာ အရင်က ဆုံးရှုံးခဲ့ရသော မိသားစုဂုဏ်သိက္ခာကို ပြန်လည်ဆယ်ယူနိုင်ခဲ့ခြင်း သာမက၊ အရေးကြီးဆုံးမှာ ပိုမြို့၏ တော်ဝင်ငရဲစမ်းရေတွင် တစ်ပတ်တိတိ ဝင်ရောက် ကျင့်ကြံခွင့် ရရှိလိုက်ခြင်းပင်။
ကျောင်းဆင်းစာမေးပွဲများ နီးကပ်လာသည်နှင့်အမျှ၊ မိုဖန်သည် စာမေးပွဲမဖြေမီ တော်ဝင်ငရဲစမ်းရေ၏ အာဟာရဓာတ်များကို အသုံးချ၍ သူ၏ ကျင့်ကြံမှုကို အကြီးအကျယ် တိုးတက်စေလိုသည်။ ထိုသို့ဆိုလျှင် မိုဖန်သည် ကျောင်းဆင်းစာမေးပွဲတွင် အံ့မခန်း စွမ်းဆောင်ရည်များကို ပြသနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လူအများအား မှင်သက်သွားစေလိမ့်မည်။
ထိုအချိန်ကျလျှင် သူသည် နေရာတိုင်းတွင် ထင်ရှားကျော်ကြားလာမည်။ ၎င်းသည် မိုဖန်၏ အနာဂတ် မှော်ကျင့်ကြံမှုအတွက် ပြည့်စုံသော လမ်းစတစ်ခု ဖြစ်လာမည် ဆိုနိုင်ပေသည်။
တော်ဝင်ငရဲစမ်းရေသည် ဘယ်လိုထူးခြားသည့် ကျင့်ကြံရေးနေရာ ဖြစ်နေမည်နည်း။ မိုဖန်သည် မနေနိုင်ဘဲ မျှော်လင့်တကြီး တွေးနေမိသည်။
သတင်းများအရ အခြေခံအဆင့်တွင် ပိတ်မိနေသော မှော်ဆရာ အများအပြားမှာ ဤစမ်းရေ၏ အကူအညီဖြင့် အလယ်အလတ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့ကြသည်ဆိုသည်။ ပိုမြို့တွင် အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးဖြစ်ရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။
ထို့ပြင် မိုဖန်သည် မွေးရာပါ ဒြပ်စင်နှစ်မျိုးပိုင်သော မှော်ဆရာ ဖြစ်သည်။ သူ အလယ်အလတ်အဆင့်သို့ ရောက်ရှိသည်နှင့် တတိယမြောက် ဒြပ်စင်တစ်ခုကို ထပ်မံ ရရှိဦးမည် ဖြစ်၏။ ထိုသို့ဆိုလျှင် သူသည် အလယ်အလတ်အဆင့် မှော်ဆရာများကြားတွင် အကြွင်းမဲ့ အားသာချက်ကို ပိုင်ဆိုင်ထားနိုင်ပေလိမ့်မည်။
“ကောင်းပြီ... ငါ ဒီရှားပါးတဲ့ အခွင့်အရေးကို သုံးပြီး ငါ့ရဲ့ စွမ်းအားကို သိသိသာသာ တိုးတက်အောင် သေချာပေါက် လုပ်ရမယ်...”
အခန်း (၈၇) ပြီး
***