တော်ဝင်ငရဲစမ်းရေသည် ငွေရောင်ကုန်သွယ်ရေး မျှော်စင်၏ အောက်ခြေတွင် တည်ရှိနေခြင်းက မိုဖန်ကို အံ့အားသင့်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် မူနင်းရွှဲတို့ တွေ့ဆုံခဲ့သည့် အိမ်ခေါင်မိုးမှာ ဤအဆောက်အအုံနှင့် အနည်းငယ်မျှသာ ဝေးသောကြောင့် ဖြစ်၏။
ဤငွေရောင်ကုန်သွယ်ရေး မျှော်စင်မှာ အထက်သို့ ထိုးထွက်နေသော ငါးမြှောင့်ပုံစံ ရှိသည်။ လူများက ၎င်းကို မိုးမျှော်တိုက်ဟု ခေါ်ဝေါ်ကြသော်လည်း၊ ကြည့်ရသည်မှာ ပိုမြို့၏ အလယ်ဗဟိုတွင် တည်ရှိနေသည့် ငါးမြှောင့်ပုံစံ စေတီကြီးတစ်ဆူနှင့် တူလှသည်။
မျှော်စင်၏ အမြင့်မှာ မီတာနှစ်ရာဝန်းကျင် ရှိပြီး အပြင်ဘက်တစ်ခုလုံးကို ခိုင်ခံ့သော မှန်သားများဖြင့် ဖုံးအုပ်ထားသည်။ နေရောင်အောက်တွင် ၎င်းမှာ အိမ်ထဲမှ ဆွဲထုတ်ထားသော ဓားဦးဖျားတစ်ခုကဲ့သို့ တောက်ပနေပြီး၊ ညအချိန်ရောက်လျှင်မူ မျှော်စင်တစ်ခုလုံးမှာ အရောင်အသွေး စုံလင်လှသော မီးရောင်များဖြင့် ဝေေ၀ဆာဆာ ရှိနေတတ်သည်။ အဝေးရှိ မြို့ပြဧရိယာများမှပင် ညနေခင်းတွင် ၎င်း၏ သက်တံရောင်စဉ်များကို လှမ်းမြင်နိုင်ကြ၏။
၎င်းကို ပိုမြို့၏ အထိမ်းအမှတ် အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အပေါ်ဆုံးထပ်ရှိ အလွန်ကြီးမားသော အစည်းအဝေးခန်းမကြီးမှာ မူကျားယွမ် ပိုင်ဆိုင်သည် ဆိုကြသည်။
ပိုမြို့၏ ကောင်းကင်ဘုံရတနာ ဖြစ်သော တော်ဝင်ငရဲစမ်းရေ မှာမူ အမှန်တကယ်တွင် ဤမျှော်စင်၏ အောက်ခြေ၌ တည်ရှိနေခြင်း ဖြစ်သည်။ မျှော်စင်အတွင်းရှိ ရုံးဝန်ထမ်းများမှာ ဤနေရာတွင် မြေအောက် (၁၅) ထပ်အထိ ရှိနေသည်ကိုပင် သိကြမည် မဟုတ်ပေ၊။
လျှို့ဝှက်ထောက်လှမ်းရေးဌာနချုပ်များမှ ဓာတ်လှေကားမျိုးနှင့် တူလှသော ဓာတ်လှေကားတစ်ခုမှာ မိုဖန်ကို မြေအောက် (၁၅) ထပ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ မိုဖန်မှာ မှင်သက်သွားရ၏။ ၎င်းမှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုနှင့် တူလှပြီး အကာအကွယ်အပြည့်ဖြင့် တူးဖော်ထားသော မြေအောက်ခန်းမကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
မြေအောက်ခန်းမကို အထူးပုံဆောင်ခဲ ကျောက်သားများဖြင့် တည်ဆောက်ထားသည်။ ကြည့်လိုက်ရုံနှင့်ပင် အလွန်တော်သော ဆောက်လုပ်ရေးပညာရှင်တစ်ဦး၏ လက်ရာဖြစ်ကြောင်း သိနိုင်ပေသည်။
ခန်းမတွင် ကင်းလှည့်အဖွဲ့တစ်ဖွဲ့က စောင့်ကြပ်နေပြီး၊ ကင်းလှည့်အဖွဲ့ခေါင်းဆောင်မှာ အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးပင် ဖြစ်ပေသည်။
“အလယ်အလတ်အဆင့် မှော်ဆရာတစ်ယောက်က အဝင်ဝမှာ စောင့်နေတာလား...”
၎င်းက တော်ဝင်ငရဲစမ်းရေသည် ပိုမြို့အတွက် မည်မျှအထိ အရေးကြီးသည်ကို ဖော်ပြနေခြင်း ဖြစ်၏။
"ဒီ တိုတမ် တံခါးရဲ့ နောက်ကွယ်မှာ တော်ဝင်ငရဲစမ်းရေ ရှိတယ်...မင်းကို ကျင့်ကြံဖို့အတွက် တစ်ပတ်အချိန်ပေးမယ်။ စမ်းရေက သူ့အလိုလို လည်ပတ်နေတာဆိုတော့ ဘာမှသွားမထိနဲ့။ မင်းလုပ်ရမှာက စမ်းရေရဲ့ အလယ်က သားရေဖျာပေါ်မှာ ထိုင်ပြီးကျင့်ကြံတာ ဒါမှမဟုတ် ထိန်းချုပ်တာ ကို အာရုံစိုက်ဖို့ပဲ" မူကျားယွမ်က မိုဖန်ကို စိတ်မပါလက်မပါ ပြောလိုက်သည်။
ဤစမ်းရေမှာ မူလက ယုအန်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်ရာ၊ မိုဖန်ကဲ့သို့ ကောင်လေးက လုယူသွားလိမ့်မည် မည်သူ ထင်မည်နည်း။ ဤအခြေအနေတွင် မူကျားယွမ်၏ စိတ်အခြေအနေမှာ မည်သို့မျှ မကောင်းနိုင်ပါပေ။
မိုဖန်နှင့်အတူ လိုက်ပါလာသူမှာ ဆရာမ ထန်ယွဲ့ ဖြစ်သည်။ ထန်ယွဲ့က မိုဖန်ကို ခေါင်းညိတ်ပြကာ အထဲဝင်၍ ကျင့်ကြံရန် အရိပ်အယောင် ပြလိုက်၏။
"အော်... မင်းကို ပေးစရာ တစ်ခုရှိသေးတယ်” ဆရာမ ထန်ယွဲ့က တစ်ခုခုကို သတိရသွားသည့်အလား ပြောလိုက်သည်။
"ကျွန်တော့်ကို ပေးစရာ ဟုတ်လား..." မိုဖန် အံ့သြသွားမိသည်။
ဆရာမ ထန်ယွဲ့သည် လေထဲမှ ခရမ်းရောင်နှင့် အနီရောင်သန်းနေသော စာအုပ်လေးအုပ်ကို ထုတ်လိုက်သည်။ ထိုစာအုပ်များပေါ်တွင် ကြယ်ပွင့်အလင်းစက်များနှင့် ကြယ်လမ်းကြောင်းပုံစံများ ရေးထိုးထားပြီး၊ ပြည့်စုံသော မှော်ပုံရိပ်ယောင် တစ်ခုနှင့် တူလှပေသည်။
"ဆရာမ ထန်ယွဲ့... ဆရာမက ပစ္စည်းပေးတဲ့နေရာမှာ တကယ့်ကို သဘောထားကြီးတာပဲ။ ဒါက အဖိုးတန်လှတဲ့ ကြယ်တာရာ မြေပုံစာအုပ်တွေလေ၊ ဒါကို လေးအုပ်တောင် ပေးလိုက်တာလား ဒါက ကျွန်တော့်လို လူတစ်ယောက်ကိုတောင် မျက်စိပွင့်သွားစေတာပဲ" ဘေးနားတွင် ရှိနေသော မူကျားယွမ်က စာအုပ်များကို မှတ်မိသွားပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"ဒါက ဘာစာအုပ်လဲ ဆရာမ" မိုဖန်က ကြောင်အအနှင့် မေးလိုက်၏။
"တော်ဝင်ငရဲစမ်းရေရဲ့ စွမ်းအားကို ခံယူပြီးသွားရင်၊ မင်းက အလယ်အလတ်အဆင့် မှော်ဆရာဖြစ်ဖို့ သိပ်မဝေးတော့ဘူး။ ငါကတော့ မင်းကို ဆက်သင်ပေးဖို့ ဒီမှာ ရှိနေဦးမလားဆိုတာ မသေချာဘူး။ ဒါကြောင့် ဒါကို လက်ဆောင်အဖြစ် ပေးခဲ့တာပါ၊ မင်း အလယ်အလတ်အဆင့်ကို ရောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်လို့ပေါ့" ဆရာမ ထန်ယွဲ့က ခေတ္တရပ်ကာ စာအုပ်၏ လုပ်ဆောင်ချက်ကို ရှင်းပြလိုက်သည်။
“အခြေခံအဆင့် မှော်ဆရာတွေက ကြယ်လမ်းကြောင်း ဖြစ်ပေါ်လာအောင် ကြယ်တွေကို ဆက်သွယ်ရတယ်ဆိုတာ မင်း သိပြီးသားပဲ။ ကြယ်လမ်းကြောင်း ပေါ်လာရင် မှော်အတတ်ကို သုံးနိုင်ပြီလေ"
မိုဖန် ခေါင်းညိတ်လိုက်သည်။ သူသည် ဆရာမထံမှ ပိုမိုမြင့်မားသော မှော်ပညာအတန်းကို နားထောင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
"မင်း အလယ်အလတ်အဆင့်ကို ရောက်သွားရင်၊ မင်းရဲ့ ကြယ်အစုအဝေးက ကြယ်တာရာအစုအဝေး ဖြစ်သွားလိမ့်မယ်။ နက်ဗျူလာက ကြယ်အစုအဝေးထက် ပိုပြီး ကျယ်ပြောသလို၊ ကြယ်ပွင့်ပေါင်း ၄၉ ပွင့်အထိ ရှိလာလိမ့်မယ်။ အလယ်အလတ်အဆင့် မှော်ပညာကို သုံးဖို့ဆိုရင် အဲဒီ ၄၉ ပွင့်ကို ကြယ်တာရာ မြေပုံဖြစ်အောင် ဆက်သွယ်ရမယ်။ ကြယ်တာရာ မြေပုံ ပေါ်လာမှသာ အလယ်အလတ်အဆင့် မှော်ပညာက ထွက်ပေါ်လာမှာ ဖြစ်တယ်..." ထန်ယွဲ့က ရှင်းပြသည်။
"ကြယ် ခုနှစ်ပွင့်ကို ထိန်းချုပ်ဖို့တောင် အချိန်အများကြီး ကျင့်ခဲ့ရတာဆိုတော့၊ ၄၉ ပွင့်ရဲ့ ခက်ခဲမှုက နှစ်ဆ၊ သုံးဆမက ပိုလိမ့်မယ်ဆိုတာ မင်း နားလည်မှာပါ။ မင်း နက်ဗျူလာ အဆင့်ကို ရောက်သွားရင်တောင် အလယ်အလတ်အဆင့် မှော်ပညာကို အမှန်တကယ် သုံးနိုင်ဖို့ အချိန်အများကြီး ထပ်လိုဦးမယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ မင်းရဲ့ စိတ်အာရုံကို စာအုပ်ထဲ ထည့်လိုက်တာနဲ့၊ သူက အထူးဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်ပြီး မင်းရဲ့ ကြယ် ၄၉ ပွင့်ကို စာအုပ်ထဲက ပုံစံအတိုင်း ဖြစ်အောင် စီစဉ်ပေးလိုက်လိမ့်မယ်။ မင်းမှာ ၄၉ ပွင့်လုံးကို ထိန်းချုပ်နိုင်စွမ်း မရှိသေးရင်တောင်၊ နက်ဗျူလာထဲမှာ မှော်စွမ်းအင် လုံလောက်နေသရွေ့ အလယ်အလတ်အဆင့် မှော်ပညာကို သုံးနိုင်လိမ့်မယ်"
မိုဖန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ ဤကမ္ဘာတွင် ဤမျှလောက် ဆန်းကြယ်သော အရာမျိုး ရှိလိမ့်မည် သူ မထင်ထားခဲ့မိပေ။
“ဒီလိုစာအုပ်မျိုး ရှိရင် မှော်ဆရာတွေက ဘာလို့ ပင်ပန်းခံပြီး ထိန်းချုပ်ခြင်းကို ကျင့်နေဦးမှာလဲ... ဒီစာအုပ်တွေပဲ ဆောင်ထားလိုက်ရင် ပြီးတာပဲလေ...”
မိုဖန်၏ အတွေးကို မူကျားယွမ်က သိနေသည့်အလား နှာခေါင်းရှုံ့ကာ ဆိုလိုက်သည်။
"မင်းမှာ ပိုက်ဆံရှိရင်တောင် ဒီစာအုပ်မျိုးကို ဝယ်လို့မရဘူး... မင်းရဲ့ ဆရာမ ထန်ယွဲ့က ရိုးရိုးဆရာမတစ်ယောက် မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်"
မိုဖန်သည် သူ၏ ရှေ့မှ ရင့်ကျက်ပြီး လှပသော ဆရာမကို အံ့သြစွာ ကြည့်လိုက်မိသည်။ သေချာစဉ်းစားကြည့်လျှင် ကြယ်မှုန်မှော်ရတနာ ကိစ္စကို အလွယ်တကူ ဖြေရှင်းပေးနိုင်သော ဆရာမမှာ ရိုးရိုး အထက်တန်းပြဆရာမ မဖြစ်နိုင်ပေ။ ထို့ပြင် မိုဖန်သည် ဆရာမ၏ အရိပ်မှော်များကိုလည်း မြင်ဖူးခဲ့ရာ၊ သူမသည် အနည်းဆုံး အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦး ဖြစ်နေသည်မှာ သေချာပေသည်။
"မင်းမှာ မွေးရာပါ ဒြပ်စင်နှစ်မျိုးရှိတော့ လူတချို့ရဲ့ မနာလိုမှုကို ခံရဖို့ များတယ်။ ဒီစာအုပ်တွေက မင်းကို ကာကွယ်ဖို့ ပေးထားတာ။ ဒါပေမဲ့ ဒီစာအုပ်ကို သုံးနိုင်ဖို့အတွက် မင်းရဲ့ ကြယ်အစုအဝေးက နက်ဗျူလာ ဖြစ်နေရမယ်၊ ပြီးတော့ ကြယ်ခုနှစ်ပွင့်ကနေ ၄၉ ပွင့်အထိ တိုးပွားနေရမယ်။ မဟုတ်ရင်တော့ ဒီစာအုပ်က မင်းရဲ့ ခန္ဓာကိုယ်ကို စုပ်ယူပြီး မင်းကို မမ်မီ တစ်ယောက်လို ခြောက်ကပ်သွားအောင် လုပ်ပစ်လိမ့်မယ်" ထန်ယွဲ့က အလေးအနက် သတိပေးလိုက်သည်။
မိုဖန်သည် ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်မိ၏။ သူ တကယ်ကို စိတ်လှုပ်ရှားမိသည်။ သူနှင့် ဆရာမမှာ ဆရာနှင့် တပည့် ဆက်ဆံရေးမျှသာ ရှိသော်လည်း သူမက သူ့အပေါ် အလွန်အမင်း စေတနာထားခဲ့သည်။ သူ အလယ်အလတ်အဆင့်ကို မြန်မြန်ရောက်အောင် ကျင့်ပြီး ပိုက်ဆံတွေ အများကြီးရှာကာ သူမကို လက်ထပ်ယူမှသာ ဤကျေးဇူးကို ဆပ်နိုင်ပေလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ဆရာမ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်...." မိုဖန်က စိတ်ရင်းဖြင့် ပြောလိုက်သည်။
ထန်ယွဲ့က ပြုံးလိုက်ရာ သူမ၏ တောက်ပသော မျက်ဝန်းများတွင် မိုဖန်အပေါ် မျှော်လင့်ချက်အချို့ ရှိနေသည်မှာ ထင်ရှားသည်။
"မင်းကတော့ သိပ်ပြီး အထင်မကြီးနဲ့ဦး။ ဒီစမ်းရေက မဆိုးဘူးဆိုပေမဲ့ မင်းကို အလယ်အလတ်အဆင့် ရောက်အောင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အလယ်အလတ်အဆင့် တံခါးဝနားရောက်အောင်ပဲ တွန်းပို့ပေးနိုင်မှာပါ။ တကယ်လို့ အဆင့်တက်ချင်တယ်ဆိုရင်တော့...ဝေးသေးတယ်" မူကျားယွမ်က အေးစက်စွာ ဆိုလိုက်သည်။
ထန်ယွဲ့သည် ဘာမျှထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
မူကျားယွမ်သည်လည်း မိုဖန်ကို ကြည့်ရန် စိတ်မပါတော့သဖြင့် လက်ဟန်ပြကာ စောင့်ကြပ်သူများကို မိုဖန်ကို အထဲသို့ ပို့ဆောင်ပြီး တံခါးပိတ်ထားရန် အမိန့်ပေးလိုက်တော့သည်။
"အားလုံးပဲ သတိထားကြစမ်း...ပြီးခဲ့တဲ့တစ်ခေါက်က မြေအောက်မိလ္လာကြွက် တစ်ကောင် ဒီနေရာကို ရှာတွေ့လုနီးပါး ဖြစ်ခဲ့သေးတယ်။ အကယ်၍ စမ်းရေက အပြင်ကို ယိုစိမ့်ထွက်သွားပြီး ဘေးဒုက္ခတွေကို ဆွဲဆောင်မိရင် ခင်ဗျားတို့ အားလုံး တာဝန်ယူရလိမ့်မယ်" အစောင့်အဖွဲ့ခေါင်းဆောင် လျန်ပင်းက အော်ဟစ်လိုက်သည်။
"စိတ်ချပါ အကြီးအကဲ... အဲဒီလိုမျိုး နောက်တစ်ခါ ထပ်မဖြစ်စေရပါဘူး" အစောင့်များက ကတိပေးလိုက်ကြသည်။
မိုဖန်သည် စမ်းရေထဲသို့ မဝင်မီ ထိုစကားများကို ကြားလိုက်သောအခါ၊ ယခင်က ဆင့်ကဲပြောင်းလဲလုနီးပါး ဖြစ်ခဲ့သော မျက်လုံးတစ်လုံးမှော်ဝံပုလွေကို သတိရသွားမိသည်။ ထိုဝံပုလွေမှာ ယိုစိမ့်လာသော စမ်းရေအနည်းငယ်ကို ရရှိခဲ့ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းအောင် အားကောင်းလာခဲ့ခြင်း မဟုတ်ပါလား။
“အဲဒီလိုဆိုရင်... ငါက ဒီနေရာမှာ ခုနစ်ရက်တိတိ ကျင့်ရမှာဆိုတော့... ငါ့ရဲ့ စွမ်းအားတွေ ဘယ်လောက်အထိ တိုးတက်သွားမလဲ...”
အခန်း (၈၈) ပြီး
***