တော်ဝင်ငရဲစမ်းရေ တည်ရှိရာနေရာမှာ နက်မှောင်နေသော အစိမ်းရောင် ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသည့် ပိတ်ဆို့ထားသော နယ်မြေတစ်ခု ဖြစ်သည်။ ကျောက်တုံးတစ်ခုစီ၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော မှော်ပုံရိပ်ယောင်များနှင့် ဂါထာမန္တန်များကို ထွင်းထုထား၏။
မည်သို့ပင်ဆိုစေ မိုဖန်သည် ပညာတတ်တစ်ယောက် ဖြစ်ပေသည်။ သူသည် ထိုပုံရိပ်ယောင်များ၏ နောက်ကွယ်မှ အဓိပ္ပာယ်အချို့ကို နားလည်နိုင်ပြီး၊ သူ မမှားဘူးဆိုလျှင် ၎င်းတို့မှာ အဆင့်မြင့် အကာအကွယ်ပေးသည့် မှော်အတတ်များ ဖြစ်ရပေမည်။
ထို့ကြောင့် ၎င်းမှာ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားရုံသက်သက် နေရာတစ်ခု မဟုတ်ပါပေ။ အမှန်တကယ်တွင် ငလျင်တစ်ခု လှုပ်ခတ်လျှင်ပင် ဤနေရာကို အနည်းငယ်မျှပင် ထိခိုက်နိုင်မည်မဟုတ်ကြောင်း စစ်မှန်သော အပြစ်ပြောစရာမရှိသည့် ခံစစ်တစ်ခုပင် ဖြစ်သည်။
မူလက မိုဖန်သည် ဤတော်ဝင်ငရဲစမ်းရေကို ရေချိုးကန်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ထားခဲ့သည်။ သူသည် အဝတ်အစားများ ချွတ်ကာ ထိုထဲတွင် လဲလျောင်းရင်း အနားယူနိုင်မည်ဟု ယူဆခဲ့ခြင်း ဖြစ်၏။ သို့သော် မုခ်ဦးအချို့ကို ဖြတ်ကျော်ပြီးနောက်တွင်မူ တော်ဝင်ငရဲစမ်းရေမှာ စတုရန်းပုံစံ ကျောက်လှေကားထစ် ယဇ်ပလ္လင်တစ်ခုသာ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မိုဖန် အံ့သြသွားတော့သည်။
ကျောက်ယဇ်ပလ္လင်တွင် အလွှာလေးလွှာ ရှိသည်။ အောက်ခြေဆုံး အလွှာတွင် ပတ်လမ်းကြောင်းတစ်ခုအဖြစ် လုပ်ဆောင်ပေးသည့် အပေါက်ငယ်လေးတစ်ခု ရှိ၏။ မှန်သားကဲ့သို့ ကြည်လင်နေသော သန့်စင်စမ်းရေများမှာ ကျောက်သားမြောင်းငယ်လေးထဲမှတစ်ဆင့် ဖြည်းညှင်းစွာ စီးဆင်းနေသည်။
မိုဖန်သည် ၎င်းကို အတန်ကြာ လေ့လာကြည့်သော်လည်း ထူးခြားမှုကို မတွေ့ရပါပေ။ မူကျားယွမ်၏ ညွှန်ကြားချက်အတိုင်း ကျောက်လှေကားထစ် ယဇ်ပလ္လင်ပေါ်တွင် ထိုင်၍ ကျင့်ကြံရန် ပြင်လိုက်စဉ်မှာပင်၊ သူ၏ ရင်ဘတ်ပေါ်ရှိဆွဲသီးလေးမှာ ထူးဆန်းသော တုန်ခါသံများကို ဖြစ်ပေါ်လာတော့သည်။
"မင်းက ဘာတွေ စိတ်လှုပ်ရှားနေတာလဲ၊ ဒါတွေအကုန်လုံး သောက်ချပစ်တော့မယ့်အတိုင်းပဲ" မိုဖန်က ချက်ချင်းပင် ဆူပူလိုက်၏။
ဆွဲသီးမှာ ဝိညာဉ်အဆင့် ကြယ်မှုန်မှော်ရတနာ တစ်ခု ဖြစ်နေပြီ ဖြစ်သည်။ မိုဖန်အနေဖြင့် တစ်နေ့လျှင် ၁၄ နာရီကြာအောင် ကျင့်ကြံနိုင်ရုံသာမက၊ ဆွဲသီးလေးထံမှ သူ၏ ကြယ်အစုအဝေး နှစ်ခုကို အာဟာရဖြစ်စေသည့် အထူးစွမ်းအင်များကိုလည်း ရရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့်သာ မိုဖန်သည် ဒြပ်စင်နှစ်ခုလုံးကို အချိန်တိုအတွင်း တတိယအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်၏။
လူအများအပြားရှိသော ကျောင်းတစ်ခုတွင်ပင် အထက်တန်း တတိယနှစ် မဆင်းမီ အခြေခံမှော်ပညာ ဒုတိယအဆင့်သို့ ရောက်ရှိသူများကိုပင် အံ့သြဖွယ်ကောင်းသူများအဖြစ် သတ်မှတ်ကြသည်။ မိုဖန်မှာမူ ကျင့်ကြံရမည့် ဒြပ်စင်တစ်ခု ပိုနေသည့်တိုင် သူတို့ထက် တစ်ဆင့် ပိုမြင့်နေခြင်းမှာ ဝိညာဉ်အဆင့် မှော်ရတနာ၏ စွမ်းဆောင်ရည်ကို ပြသနေခြင်းပင်။
"ဆွဲသီးက တော်ဝင်ငရဲစမ်းရေရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်တာများလား..." မိုဖန်သည် သူ၏ ဆွဲသီးလေး တုန်ခါနေသည်ကို ခံစားမိကာ တွေးတောနေမိသည်။
မှော်ရတနာ နှင့် တော်ဝင်ငရဲစမ်းရေမှာ သဘာဝချင်း တူညီသဖြင့် ၎င်းသည် မှော်ဆရာတစ်ဦး၏ ကျင့်ကြံမှုကို မြန်ဆန်စေသည်။ တော်ဝင်ငရဲစမ်းရေတွင် ကြီးမားသော စွမ်းအင်များ ရှိနေသဖြင့် အခြေခံအဆင့်မှ အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသည့် မှော်ဆရာများကိုပင် အထောက်အကူပြုနိုင်ပေသည်။
"ငါ စမ်းကြည့်သင့်လား...တကယ်လို့ ဆွဲသီးက ဒီနေရာက စွမ်းအင်တွေကို စုပ်ယူနိုင်မယ်ဆိုရင်၊ သူက ပိုပြီး မြင့်မားတဲ့ အရည်အသွေးရှိတဲ့ မှော်ရတနာအဖြစ် တစ်ခါထပ်ပြီး အဆင့်တက်သွားနိုင်မလား.."
မိုဖန်၏ စိတ်ထဲတွင် ရဲတင်းသော အတွေးအချို့ မလွဲမသွေ ပေါ်ပေါက်လာတော့သည်။ ကျောင်းကပေးသော ကြယ်မှုန်မှော်ရတနာ၏ စွမ်းအင်ကို ဆွဲသီးက အကုန်စုပ်ယူခဲ့ဖူးသည်။ အကယ်၍ တော်ဝင်ငရဲစမ်းရေထဲက အထူးစွမ်းအင်တွေကိုသာ စုပ်ယူလိုက်မည်ဆိုလျှင် တော်ဝင်ငရဲစမ်းရေကြီးတစ်ခုလုံးကို ကိုယ်ပေါ်မှာ ဆောင်ထားရသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
တော်ဝင်ငရဲစမ်းရေမှာ တစ်နှစ်မှ တစ်ကြိမ်သာ ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး အလားအလာရှိသော မှော်ဆရာတစ်ဦးကိုသာ ကျင့်ကြံခွင့်ပေးခြင်း ဖြစ်သည်။ ၎င်းကိုပင် လူအများက အားကျနေကြရခြင်း ဖြစ်၏။
“တကယ်လို့... တကယ်လို့သာ...တောက်... မဖြစ်ဘူး...”
ကျောင်းက မှော်ရတနာကို ဆွဲသီးက စုပ်ယူလိုက်တုန်းက ၎င်းမှာ အမှိုက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က ကိစ္စကို ကူညီဖြေရှင်းပေးခဲ့သည့် ဆရာမထန်ယွဲ့ကိုသာ သူ ကျေးဇူးတင်ရမည်။
ယခုတစ်ကြိမ်တွင်မူ မတော်ဝင်ငရဲစမ်းရေ တစ်ခုလုံးကိုသာ စုပ်ယူလိုက်ပါက၊ ပိုမြို့သားတွေ ရူးသွားရုံသာမက သူ့ကိုပါ တိုင်မှာချည်ပြီး မီးရှို့သတ်ကြပေလိမ့်မည်။
“သေချာ ကျင့်ကြံစမ်းပါ၊ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေကို မတွေးတာ ပိုကောင်းပါတယ်...”
"ဆွဲသီးလေးရေ... သိပ်ပြီး စိတ်မလှုပ်ရှားပါနဲ့ဦး။ ဒါက မင်းအတွက် အားဆေးကြီးမှန်း ငါသိပါတယ်။ ဒါပေမဲ့ မင်းသာ အဲဒီလိုလုပ်လိုက်ရင် မင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ငါက ပိုမြို့သားတွေရဲ့ ဝိုင်းနင်းတာ ခံရလိမ့်မယ်။ အဲဒါကြောင့်မင်း စိတ်တိုင်းကျ လုပ်လို့မရဘူး။ ငါတို့ ဒီမှာ ခုနစ်ရက်တိတိ တိတ်တိတ်လေး ကျင့်ကြမယ်၊ ပြီးရင် စာမေးပွဲအောင်မယ်၊ တက္ကသိုလ်တက်မယ်၊ ပြီးရင် မိစ္ဆာတွေကို နှိမ်နင်းပြီး ကမ္ဘာကြီးကို ကယ်တင်မယ်။ ငါ့ရဲ့ ဘယ်ဘက်လက်က မူနင်းရွှဲကို ဖက်ထားပြီး၊ ညာဘက်မှာတော့ ဆရာမထန်ယွဲ့ ရှိနေရမယ်။ အဲဒီအချိန်ကျရင် မင်းအတွက် အဖော်ဆွဲသီးတစ်ခု တောင် ရှာဝယ်ပေးဦးမှာ..." မိုဖန် စိတ်ကူးယဉ်နေတော့သည်။
ဆွဲသီးလေးမှာ အမှန်တကယ် နားလည်သွားသည့်အလား ဆူပူတုန်ခါသောင်းကျန်းခြင်း မရှိတော့ဘဲ မိုဖန်၏ ရင်ဘတ်ပေါ်တွင် ငြိမ်သက်သွားတော့သည်။
မိုဖန် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သားရေဖျာပေါ်တွင် ထိုင်လိုက်ပြီးနောက် မိုဖန်သည် မကျင့်ကြံရသေးလျှင်ပင် ဆွဲသီးလေး၏စွမ်းအားပေးမှုနှင့် ဆင်တူနေသော စွမ်းအင်များ စုစည်းလာသည်ကို ခံစားလိုက်ရသည်။
စမ်းရေ၏ စွမ်းအားပေးမှုမှာ ဆွဲသီးထက်ပင် ပိုမိုအားကောင်းလှပေသည်။ အကယ်၍ မှော်ရတနာများကို သာမန်အဆင့်နှင့် ဝိညာဉ်အဆင့် ခွဲခြားထားမည်ဆိုပါက၊ တော်ဝင်ငရဲစမ်းရေက ပေးစွမ်းသည့် ကျင့်ကြံမှုမှာ သေချာပေါက် ပထမတန်းစား ဖြစ်ပေသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးပျံတက်တော့မည့်အလား ခံစားရ၏။
သူ၏ ပြည့်ဝနေသော လျှပ်စီးနှင့် မီးဒြပ်စင် ကြယ်အစုအဝေး နှစ်ခုမှာ စတင် လှုပ်ရှားလာတော့သည်။ ၎င်းတို့သည် မိခင်နို့ကို ရုတ်တရက် ထိတွေ့လိုက်ရသော ကလေးငယ်နှစ်ဦးကဲ့သို့ ခုန်ပေါက်ကာစွမ်းအင် စုပ်ယူနေကြ၏။ စုပ်ယူလိုက်တိုင်း ကြယ်အစုအဝေး၏ အရွယ်အစားမှာ အနည်းငယ်စီ ကျယ်ပြန့်လာသည်။
သူ စတင်နိုးထခဲ့စဉ်က ကြယ်အစုအဝေး နှစ်ခုမှာ အလွန်သေးငယ်ခဲ့သည်။ သူ၏ စိတ်ဝိညာဉ်စကြဝဠာထဲတွင် ၎င်းတို့မှာ သေးငယ်သော ကြယ်မှုန်လေးများကဲ့သို့ ရှိနေခဲ့ပြီး ၎င်းတို့၏ တောက်ပမှုမှာ မှေးမှိန်ကာ မကြည်လင်ခဲ့ပေ။ တစ်ခါတစ်ရံ ရှာဖွေရန်ပင် ခက်ခဲခဲ့သည်။ သုံးနှစ်ကြာ ကျင့်ကြံပြီးနောက်တွင်မူ ကြယ်မှုန်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ၎င်းတို့၏ တောက်ပမှုမှာ ထင်ရှားကြည်လင်လာခဲ့သည်။ သူ၏ ကြယ်အစုအဝေး နှစ်ခုလုံးမှာ ထူးခြားသော စွမ်းအင်များကို ထုတ်လွှတ်လျက် ကိုယ်ပိုင်နယ်မြေတစ်ခုကို တည်ဆောက်ထားသည့်အလား ရှိနေတော့သည်။
ယခုအချိန်တွင် ကြယ်အစုအဝေး နှစ်ခုမှာ သိမ်မွေ့စွာ ကျယ်ပြန့်လာရာ၊ တစ်နာရီအတွင်း ပြောင်းလဲမှုမှာ မိုဖန် တစ်ပတ်တိတိ ပင်ပင်ပန်းပန်း ကျင့်ကြံရမှုနှင့် တူညီနေတော့သည်။
"ဒါက တကယ့်ကို ကောင်းလွန်းတာပဲ၊ ဂိမ်းထဲမှာ Cheat သုံးနေရသလိုမျိုးပဲ" မိုဖန်၏ ရင်ထဲတွင် အတိုင်းမသိ စိတ်လှုပ်ရှားနေမိသည်။
သူကိုယ်တိုင်ပင်လျှင် ဤမျှ ထူးကဲလှသော ကျင့်ကြံရေး အခွင့်အရေးကို မတော်တဆ ရရှိလိမ့်မည် မထင်ထားခဲ့ပေ။ ချမ်းသာသော ဒုတိယမျိုးဆက်များထံမှ အရင်းအမြစ်များကို လုယူရန် လိုအပ်သည်မှာ ထင်ရှားလှပေသည်။ ဤကဲ့သို့သော ကျင့်ကြံမှုနှုန်းမျိုးနှင့်ဆိုလျှင် လူအ တစ်ယောက်ပင်လျှင် သူ၏ သက်တူရွယ်တူများကို ကျော်လွန်သော ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ပေသည်။ သူသာ သူ၏ ဒြပ်စင်နှစ်မျိုး ပါရမီကို ထုတ်မပြခဲ့ပါက တော်ဝင်ငရဲစမ်းရေကို အသုံးပြုခွင့် ရရှိမည် မဟုတ်ပေ။
ဝိညာဉ်အဆင့် မှော်ရတနာ၏ စွမ်းအားပေးမှုနှင့် တော်ဝင်ငရဲစမ်းရေ၏ အာနိသင်တို့ ပေါင်းစပ်လိုက်ပါက၊ ခုနစ်ရက်တာ ကျင့်ကြံမှုအတွင်း သူသည် အလယ်အလတ်အဆင့် မှော်ဆရာအဆင့်သို့ တက်လှမ်းရန် အမှန်တကယ် ကြိုးစားနိုင်ပေလိမ့်မည်။
မကြာသေးမီကမှ ရောက်ရှိလာသော အစောင့်အသစ် ဝမ်ထုံလျန်က သူ၏ အထက်လူကြီးကို မေးမြန်းလိုက်သည်။
"အကြီးအကဲ လျန်ပင်း... ဒီတော်ဝင်ငရဲစမ်းရေက တကယ်ပဲ အဲဒီလောက် အံ့သြဖို့ ကောင်းတာလား"
"ငါတို့ ပိုမြို့ရဲ့ သမိုင်းကြောင်းက ချင် ခေတ်ထက်တောင် ပိုစောပြီး အကြာကြီး ရှိခဲ့တာ။ တော်ဝင်ငရဲစမ်းရေက အဲဒီကတည်းက အခုထိ ရှင်သန်လာခဲ့တာလို့ ပြောလို့ရတယ်။ စဉ်းစားကြည့်လေ... ငါတို့ ပိုမြို့မှာ စီးပွားရေး၊ ပါရမီရှင်၊ ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်မှုတွေ ဘာမှမရှိဘူး။ ဒါပေမဲ့ ငါတို့က ဘာလို့ တောင်ပိုင်းမှာ နာမည်ကြီးတဲ့ မြို့တစ်မြို့ ဖြစ်နေရတာလဲ အဲဒါက တော်ဝင်ငရဲစမ်းရေ ရှိနေလို့ပဲ။ ဒီစမ်းရေသာ မရှိရင် ငါတို့ ပိုမြို့ကို အများဆုံး ရွာတစ်ရွာလို့ပဲ သတ်မှတ်ကြလိမ့်မယ်" အစောင့်အဖွဲ့ခေါင်းဆောင် လျန်ပင်းက ကြမ်းပြင်ပေါ်တွင် ထိုင်ရင်း အေးဆေးစွာ ဖြေလိုက်သည်။
"ချင်ခေတ်ကတည်းကလား...ဒါဆိုရင် သမိုင်းကြောင်းက နှစ်ပေါင်း နှစ်ထောင်ကျော် ရှိနေပြီပေါ့" အစောင့်အသစ်က အံ့သြတုန်လှုပ်စွာ မေးလိုက်၏။
"အတိအကျပဲ။ အဲဒီထဲမှာ တစ်နာရီ ကျင့်တာက သာမန်နေ့တွေမှာ သုံးရက်ကျင့်တာနဲ့ ညီမျှတယ်" လျန်ပင်း၏ မျက်နှာတွင် စွဲလန်းနှစ်သက်မှုအချို့ ပေါ်ပေါက်လာသည်။
"ဒါပေမဲ့ အကြီးအကဲလျန်... ပိုမြို့မှာ တော်ဝင်ငရဲစမ်းရေထဲကို ဝင်ခွင့်ရတဲ့လူက လက်ချိုးရေလို့ ရပါတယ်" ဘေးနားမှ အစောင့်တစ်ဦးက ထောက်ပြလိုက်သည်။
လျန်ပင်း ခေါင်းညိတ်လိုက်၏။ သူ ထိုနေရာတွင် ခုနစ်ရက်ကြာ အပန်းဖြေခဲ့ရသည့် အချိန်ကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။ ပိုမိုကြီးမားသော စွမ်းအားကို ငတ်မွတ်နေသူများအတွက် ထိုနေရာမှာ လှပသော အမျိုးသမီး အုပ်စုတစ်စုနှင့် ခုနစ်ရက်ကြာ အတူနေရခြင်းထက်ပင် ပို၍ ကောင်းမွန်လှပေသည်။
အခန်း (၈၉) ပြီး
***