ထို့ပြင် အလယ်အလတ်အဆင့်သို့ တက်လှမ်းရန် အထောက်အကူပြုနိုင်သည့် တော်ဝင်ငရဲစမ်းရေတွင် အခြားကြီးမားသော စွမ်းဆောင်ရည်တစ်ခုလည်း ရှိသေးသည်။ အကယ်၍ သင်သည် ၎င်းကို ရေရှည်စောင့်ကြပ်နေသူဆိုလျှင် ကန့်သတ်ထားသော တံခါးတစ်ခု ခြားနေပါစေဦး၊ ၎င်းထံမှ ထွက်ပေါ်လာသော ဓာတ်အချို့ကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက အဆင့်မြင့်လှသော အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးက ဤနေရာတွင် အချိန်အကြာကြီး နေထိုင်ရန် အဘယ်ကြောင့် သဘောတူပါမည်နည်း။
"အကြီးအကဲလျန်... မျက်တစ်လုံး ကြွက်လူဝံတွေ တူးထားတဲ့ မြေအောက်လိုဏ်ခေါင်းကို တွေ့လိုက်ရပြီ။ ဒီလိုဏ်ခေါင်းက တကယ့်ကို နက်ပုံရတယ်။ ကျွန်မတို့ အထဲကို သိပ်အနက်ကြီးအထိ မဝင်ရဲသေးဘူး" စစ်ဝတ်စုံဝတ်ထားသော ရဲရင့်ပြတ်သားသည့် အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
ထိုအမျိုးသမီး အစောင့်အကြပ်၏ လှပသော မျက်ဝန်းများတွင် ရဲရင့်မှုများ ပြည့်နှက်နေ၏။ ကျပ်ထုပ်နေသော အဖြူရောင် ဝတ်စုံနှင့် ပေါင်းစပ်လိုက်သောအခါ သူမထံမှ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်နေတော့သည်။
"ဒုတိယအဖွဲ့ခေါင်းဆောင် လင်းယွီရှင်း... မျက်တစ်လုံး ကြွက်လူဝံ ဆိုတာ ပိုမြို့မှာ ခဏခဏ တွေ့နေရတဲ့ သတ္တဝါတွေပဲ၊ ရှုပ်ထွေးနေတဲ့ မြေအောက်ရေမြောင်းတွေက တစ်ဆင့် ဒီအထိ တူးမိသွားတာကလည်း တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါတယ်" အစောင့်အသစ် ဝမ်ထုံလျန်က ဆိုသည်။
လင်းယွီရှင်းက မျက်မှောင်ကြုတ်လိုက်၏။ ဝမ်ထုံလျန်၏ ပေါ့ပေါ့ဆဆ နေထိုင်ပုံကို သူမ လုံးဝ မကြိုက်ကြောင်း ထင်ရှားလှပေသည်။
"မှော်အစည်းအရုံးက လူလွှတ်ပြီး စစ်ဆေးပြီးပြီပဲ၊ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ခင်ဗျားလည်း စိတ်လျှော့ထားတာ ပိုကောင်းမယ်" အဖွဲ့ခေါင်းဆောင် လျန်ပင်းက ပြုံး၍ ပြောလိုက်သည်။
လင်းယွီရှင်း ခေါင်းညိတ်လိုက်သော်လည်း ထိုစကားများကြောင့် သူမ၏ စိုးရိမ်မှုများ လျော့ကျသွားပုံ မရပေ။
"ကျွန်မ အပြင်ဘက်ကို သွားကြည့်လိုက်ဦးမယ်" လင်းယွီရှင်းက ပြောပြီးနောက် အစောင့်လေးဦးကို ခေါ်ကာ ထွက်ခွာသွားတော့သည်။
အားလုံးက လင်းယွီရှင်း၏ ဆွဲဆောင်မှုရှိသော နောက်ကျောပြင်ကို ငေးကြည့်ရင်း ခေါင်းခါလိုက်ကြ၏။
"လင်းယွီရှင်းရဲ့ ညီမလေး ပျောက်ဆုံးသွားကတည်းက သူ့ဆီမှာ အပြုံးဆိုတာ ရှားသွားပြီ။ ဟူး... အခုထိ သူ့ညီမလေးရဲ့ အရိုးစုကိုတောင် ရှာမတွေ့သေးဘူး။ တကယ့်ကို ထူးချွန်တဲ့ ကျောင်းသူလေးပါ၊ ပျောက်သွားတာ တကယ် နှမြောဖို့ကောင်းတယ်" လျန်ပင်း သက်ပြင်းချရင်း ဆိုလိုက်သည်။
"မျက်တစ်လုံး ကြွက်လူဝံတွေ လက်ချက်လို့ ကြားတယ် ဟုတ်လား"
"ဖြစ်နိုင်တာပဲ၊ ဘယ်သူသိမှာလဲ"
လင်းယွီရှင်းသည် မြေအောက်ခန်းမမှ ထွက်လာပြီးနောက်တွင်လည်း စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်က သူ၏ညီမလေး ပျောက်ဆုံးသွားပြီးနောက် သူသည် မျက်တစ်လုံး ကြွက်လူဝံများကို အမြဲတမ်း လိုက်လံရှာဖွေနေခဲ့သည်။ ပိုမြို့၏ မြေအောက်ရေမြောင်းများထဲတွင် ထိုကြွက်များ ချန်ထားခဲ့သော လိုဏ်ခေါင်းများထဲအထိပင် သူ ဝင်ရောက်ရှာဖွေခဲ့ဖူးသည်။
မှော်အစည်းအရုံးက လူလွှတ်၍ စုံစမ်းစစ်ဆေးခဲ့သော်လည်း လင်းယွီရှင်းကမူ လက်မခံနိုင်သေးပေ။ သူ၏ အချစ်ရဆုံး ညီမလေးသည် အလောင်းပင် မကျန်ဘဲ ဤကမ္ဘာပေါ်မှ ပျောက်ကွယ်သွားလိမ့်မည်ကို သူ မယုံကြည်နိုင်ခဲ့ပေ။
မနေ့ကတင် လင်းယွီရှင်းသည် မျက်တစ်လုံး ကြွက်လူဝံများ၏ လိုဏ်ခေါင်းထဲတွင် ပုံမှန်မဟုတ်သော အရာတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းမှာ ရေ ဖြစ်သည်။
ရေမြောင်းထဲတွင် ရေရှိနေခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း၊ ရေဒြပ်စင်မှော်ဆရာမတစ်ဦး၏ အမြင်တွင်မူ ၎င်းမှာ သာမန်ရေ မဟုတ်ပေ။ အတိအကျပြောရလျှင် ထိုရေမှာ တော်ဝင်ငရဲစမ်းရေနှင့် အလွန်တူညီနေခြင်း ဖြစ်၏။
“တော်ဝင်ငရဲစမ်းရေက ဘာလို့ ရေမြောင်းလိုဏ်ခေါင်းထဲ ရောက်နေရတာလဲ...ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ တော်ဝင်ငရဲစမ်းရေကို အသေအချာ ကာကွယ်ထားတာဖြစ်လို့ တစ်စက်လေးကတောင် အဖိုးတန်တယ် ဒါပေမဲ့ ရေမြောင်းထဲမှာတော့ အဲဒီရေက ရွှံ့နွံတွေထဲ ပြန့်ကျဲနေပြီး ကြွက်တွေနဲ့ ပိုးဟပ်တွေတောင် သောက်နေကျတာပဲ...”
သံသယဝင်လာသဖြင့် လင်းယွီရှင်းသည် ထိုရေကို ဓာတ်ခွဲစမ်းသပ်သူတစ်ဦးထံ အထူးတလည် ပေးပို့ခဲ့သည်။ မှော်အစည်းအရုံးမှ သုတေသနပညာရှင်များက ရလဒ်ကို ယနေ့ ထွက်လာမည် ပြောထားခဲ့ကြသည်။ လင်းယွီရှင်းသည် လူရှင်းသော နေရာတစ်ခုသို့ လျှောက်သွားကာ သုတေသနပညာရှင်များထံ ဖုန်းဆက်လိုက်၏။
"ဘယ်လိုလဲ၊ ရလဒ်က ဘာပြောလဲ"
"ဒါက တော်ဝင်ငရဲစမ်းရေ မဟုတ်ဘူး" သုတေသနပညာရှင်က အေးဆေးစွာ ဖြေသည်။
"ငါ ထင်သားပဲ" လင်းယွီရှင်း ခေါင်းညိတ်လိုက်သည်။ သူ အတွေးများနေခြင်းသာ ဖြစ်ပုံရ၏။
"ဒါပေမဲ့... သူ့မှာ ထူးခြားတဲ့ အာနိသင်တွေ မရှိတာကလွဲရင် ကျန်တဲ့ ဂုဏ်သတ္တိတွေက တော်ဝင်ငရဲစမ်းရေနဲ့ အရမ်းတူတယ်" သုတေသနပညာရှင်က ဆက်ပြောသည်။
"ဒါက ဘာကို ဆိုလိုတာလဲ ဒီကမ္ဘာပေါ်မှာ ဒုတိယမြောက် တော်ဝင်ငရဲစမ်းရေ ရှိနေနိုင်တာလား"
"တော်ဝင်ငရဲစမ်းရေဆိုတာ ကောင်းကင်နဲ့ မြေကြီးက ပေးတဲ့ ဝိညာဉ်စမ်းရေပဲ။ သန့်ရှင်းရုံတင်မကဘဲ ကျင့်ကြံသူတွေနဲ့ မှော်သားရဲတွေအတွက် အကြီးမားဆုံး စွမ်းအားကို ပေးစွမ်းနိုင်တယ်။ အခု မင်းတွေ့တဲ့ရေကလည်း အဲဒီလိုမျိုး အထူးပတ်ဝန်းကျင်ကနေ ပေါက်ဖွားလာတာပဲ၊ ဒါပေမဲ့ သူက ပတ်ဝန်းကျင်က အမှောင်ထုရဲ့ လွှမ်းမိုးမှုကို ခံထားရပုံရတယ်။ ဒီရေက ကျင့်ကြံသူတွေနဲ့ မှော်သားရဲတွေရဲ့ ခွန်အားကို ခေတ္တခဏအတွင်း မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်။ တခြားစီဖြစ်နေတာကတော့... ဒီရေက စိတ်ကြွအားဆေး နဲ့ ပိုတူတယ်။ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို အရူးအမူး စုပ်ယူပစ်လိုက်တာ။ အဲဒီရေကို သောက်လိုက်တဲ့ သတ္တဝါတွေက သူတို့ရဲ့ စွမ်းအင်တွေကို ရင်းပြီး ရူးသွပ်ကြမ်းတမ်းသွားလိမ့်မယ်"
လင်းယွီရှင်း လန့်သွားရသည်။ ဤကဲ့သို့သော ရေမျိုး ဤကမ္ဘာတွင် ရှိနေသည် သူတစ်ခါမျှ မကြားဖူးပေ။ မူလက ကြောက်တတ်လှသော မျက်တစ်လုံး ကြွက်လူဝံများ ရုတ်တရက် ထွက်ပေါ်လာပြီး လူတွေကို ရန်ပြုနေတာဟာ ဒီရေကြောင့်များ ဖြစ်နေမည်လား။
"နောက်ထပ် တစ်ခုရှိသေးတယ်... ဒါပေမဲ့ ငါ အတွေးများနေတာပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်" သုတေသနပညာရှင်၏ အသံမှာ ရုတ်တရက် အလွန်အမင်း တည်ကြည်သွားသည်။
"တကယ်လို့ အဲဒီရေပုပ်ကို မသောက်ဘူးဆိုရင်၊ သူ့ကို တော်ဝင်ငရဲစမ်းရေလို့တောင် ထင်သွားနိုင်တယ်။ အနည်းဆုံးတော့ တစ်ရက်အတွင်းမှာ အဲဒီနှစ်ခုရဲ့ ခြားနားချက်ကို ဘယ်သူမှ ခွဲခြားနိုင်မှာ မဟုတ်ဘူး"
လင်းယွီရှင်း တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရသည်။
“အတုကို အစစ်အဖြစ် လှည့်စားတာလား...”
ထိုရေမျိုးက မျက်တစ်လုံး ကြွက်လူဝံတွေ တူးထားတဲ့ လိုဏ်ခေါင်းထဲမှာ ဘယ်အတွက်နှင့်ပေါ်လာရသနည်း။ လွန်ခဲ့သော တစ်နှစ်ကလည်း မျက်တစ်လုံး ကြွက်လူဝံတစ်ကောင်သည် တော်ဝင်ငရဲစမ်းရေ ရှိတဲ့နေရာအထိ တူးမိလုနီးပါး ဖြစ်ခဲ့သည်။ ထိုအရာများက တကယ်ပဲ တိုက်ဆိုင်မှုဖြစ်နေသည်လား။
"တိုက်ဆိုင်မှု ဖြစ်မှာပါ" လင်းယွီရှင်းက မယုံကြည်နိုင်သော်လည်း အတင်းပြုံး၍ ပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်... မိုးတွေ အရမ်းရွာတော့မယ်၊ ငါ မင်းကို လာကြိုမယ်လေ၊ မင်းမှာ ထီးပါမှာ မဟုတ်ဘူး" သုတေသနပညာရှင်က ပြောသည်။
"ငါက ရေဒြပ်စင်မှော်ဆရာမလေ၊ ထီးလိုဦးမှာလား"
"ကောင်းပြီလေ၊ ဒါဆို ဒီည ညစာ အတူတူစားမလား"
"ငါ တော်ဝင်ငရဲစမ်းရေကို စောင့်ရဦးမယ်"
ဖုန်းချလိုက်သော်လည်း လင်းယွီရှင်း၏ မျက်မှောင်များမှာ ကြုတ်နေဆဲ ဖြစ်သည်။ သူ၏ ရင်ထဲတွင် သံသယများစွာ ကျန်ရှိနေသေး၏။
မီးခိုးရောင်သန်းနေသော အဖြူရောင် ပစ်ကပ်ကားတစ်စီးသည် နှင်းဖုံးတောင်ထိပ်စခန်းသို့ တက်လာနေသည်။ စခန်းအတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် မိုးသည်းထန်စွာ ရွာချတော့သည်။ အဝေးရှိ တောင်ထိပ်များပေါ်တွင် လိမ္မော်ရောင် မြူများ ပေါ်ထွက်လာသည်။
"ပစ္စည်းတွေ ပျက်စီးတော့မလို့... တော်သေးတာပေါ့၊ အချိန်မီ ရောက်လာလို့" မိုကျားရှင်းသည် ကားပေါ်မှ ဆင်းလာရင်း အပြင်က မိုးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
"မိုးရေတွေက ဘာလို့ အရောင်ပါနေတာလဲ...ထူးဆန်းလိုက်တာ" စခန်းရှိ လူအချို့က မှတ်ချက်ပေးကြသည်။
"အေးဗျ... ကြည့်ရတာ ဆီးအရောင်နဲ့တောင် တူသေးတယ်...ဟားဟားဟား" အခြား မုဆိုးမှော်ဆရာတစ်ဦးက ရယ်မောလိုက်၏။
မိုကျားရှင်းသည် သူတို့အနားမှ ဖြတ်သွားရင်း ရင်းနှီးသူအချို့ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။ မိုးရေများ ထူးဆန်းနေသည့်အကြောင်း ပြောနေကြသည်ကို ကြားသောအခါ သူလည်း မိုးကာထားသော ကောင်းကင်ယံကို မော့ကြည့်လိုက်မိသည်။
စခန်းတွင် ပုံမှန်အတိုင်း ဖြစ်နေသော်လည်း၊ မြောက်ဘက် ကင်းစခန်းကို စောင့်ကြပ်နေသူမှာ ကျန့်ခုံး၏ လက်အောက်ငယ်သား ဝမ်သွမ့်ဖုန်း ဖြစ်သည်။ ဝမ်သွမ့်ဖုန်းမှာ လူပေါင်းတစ်ထောင်ပါဝင်သော တပ်ရင်းတစ်ခု၏ တပ်မှူးဖြစ်ပြီး အလယ်အလတ်အဆင့် မြေဒြပ်စင်မှော်ဆရာတစ်ဦး ဖြစ်သည်။ ပိုမြို့ကို စောင့်ကြပ်သည့် နေရာတွင် သူ့ထက် ပိုမိုထူးချွန်သူ မရှိသလောက်ပင်။
ဝမ်သွမ့်ဖုန်းသည် သားရေမိုးကာအင်္ကျီကို ဝတ်ဆင်ထားပြီး မိုးထဲတွင် တည်ကြည်လေးနက်သော ပုံစံဖြင့် မတ်တတ်ရပ်နေ၏။ သူ၏ အကြည့်မှာ မိုးရေထဲတွင် စိုရွှဲနေသော တောအုပ်ဆီသို့ စူးစိုက်နေသည်။ ရုတ်တရက် တောင်ကုန်းနောက်ဘက်မှ အလင်းလုံးတစ်ခု ပျံတက်လာပြီး ဝါကျင်ကျင် မိုးရေများကို ခွဲထွက်ကာ မှောင်မိုက်နေသော ကောင်းကင်ယံတွင် အားနည်းသော အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
“တော်ဝင်အလင်းလား...” ဝမ်သွမ့်ဖုန်း မျက်လုံးပြူးသွားပြီး သူ၏ မျက်နှာအမူအရာ ချက်ချင်း ပျက်ယွင်းသွားတော့သည်။
တော်ဝင်အလင်းမှာ အလင်းဒြပ်စင်မှော်ဆရာများ၏ အခြေခံမှော်အတတ် ဖြစ်သည်။ စစ်တပ်အတွင်းရှိ အလင်းဒြပ်စင်မှော်ဆရာများ၏ တာဝန်မှာ အလွန်အရေးကြီးလှပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သတင်းစကားများနှင့် တည်နေရာများကို ပေးပို့နိုင်သောကြောင့် ဖြစ်၏။ ဤမှော်အတတ်မှာ ရှေးကျသော အချက်ပြကျည်ဆန် နှင့် တူလှသည်။
"တပ်မှူးဝမ်... အဲဒါ... အဲဒါက သတိပေးချက် အချက်ပြပဲ၊ တတိယအဖွဲ့က ကျွန်တော်တို့ဆီကို ဘာလို့ အချက်ပြနေတာလဲ... မှော်သားရဲတစ်ကောင် ထွက်ပြေးသွားလို့လား" ဘေးနားရှိ စစ်မှော်ဆရာတစ်ဦးက မေးလိုက်သည်။
သူ စကားပြောအပြီးမှာပင် အဝေးမှ နောက်ထပ် တော်ဝင်အလင်း တစ်ခု မိုးရေထဲတွင် ပျံတက်လာပြန်ပြီး ပိုမိုတောက်ပလာခဲ့သည်။ ထိုခဏတွင် ကင်းစခန်း၌ စောင့်ကြပ်နေသော စစ်မှော်ဆရာများ အားလုံး ထိတ်လန့်သွားကြတော့သည်။
“တော်ဝင်အလင်း နှစ်ခုတောင်လား...ဒါအပြာရောင် အဆင့် သတိပေးချက်လား...”
အခန်း (၉၀) ပြီး ***