ကောင်းကင် တုန်ဟည်းမတတ် ကျယ်လောင်သော ပေါက်ကွဲသံသည် ကြယ်တာရာများကြားတွင် နောက်တစ်ကြိမ်ပဲ့တင်ထပ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ ခပ်သဲ့သဲ့ ညည်းညူသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ နောက်ပြန် လွင့်စင်သွားခဲ့ကာ ကြယ်တာရာကောင်းကင်ယံတွင် ဟင်းလင်းပြင် အနက်ရောင် တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
“ဖူး..”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ပါးစပ်ကနေ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ၏ အရှိန်အဝါသည် တစ်ခဏအတွင်း အလွန်တရာ အားနည်းသွားခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူများသည် အလွန်အမင်း အစွမ်းထက်ပြီး သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူများကို အလွယ်တကူ ချေမှုန်းနိုင်စွမ်းရှိသော်လည်း ကျန်းချန်တို့ နှစ်ဦးသည် သာမန် နတ်ဘုရင် နဝမအဆင့်များ မဟုတ်ကြပေ။
သူတို့နှစ်ဦး အနက် တစ်ဦးမှာ ကောင်းကင်ကိုပင် ဆန့်ကျင်သော ပါရမီကို ပိုင်ဆိုင်ထားပြီး အခြားတစ်ဦးကမူ ရှေးခေတ်ကာလက အုပ်စိုးသူ ပြန်လည် ဝင်စားသူ ဖြစ်၍ နှစ်ဦးစလုံးသည် နတ်ဘုရင်နဝမအဆင့်ဖြင့်ပင် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ကျန်းချန် တစ်ဦးတည်းနှင့် ရင်ဆိုင်ရစဥ်ကပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသာစီးရရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ၏။
ယခု လူငယ်နှစ်ဦး ပူးပေါင်းလိုက်သည့် အခါတွင်မူ သူ့အနေဖြင့် နှစ်ယောက်တစ်ယောက် ရင်ဆိုင်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားနေခဲ့သည်။
ဝူရှင်းသည် ပို၍ပင် စိတ်ဓာတ်တက်ကြွလာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖျက်ဆီးခြင်း အလင်းများ လင်းလက်နေခဲ့သည်။
သူ၏ အသွင်အပြင်က ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူ ပြန်လည် နိုးထလာသကဲ့သို့ပင်။
သူက ဖျက်ဆီးခြင်းဓားကို နောက်ထပ် တစ်ကြိမ် ထုတ်ဖော်လိုက်ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။
ယခင် တိုက်ခိုက်မှုကနေ သက်သာရာမရသေးသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ခုခံရန်ပင် အချိန်မရလိုက်ပေ။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖျက်ဆီးခြင်းဓားအလင်းက ဖုံးလွှမ်းသွားခဲ့၏။
“ဝုန်း..”
ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ဝူရှင်း၏ ဓားချက်ကို ခံလိုက်ရကာ မိုင်ပေါင်းထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် ကျန်းချန်သည် ရင်သပ်ရှုမောဖွယ် ဓားချက်ကို ထုတ်ဖော်ကာ အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကာကွယ်ရန်ပင် အချိန်မရတော့ဘဲ ကျန်းချန်၏ ဓားချက်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံးသည် တိုက်ရိုက်ပင် နှစ်ပိုင်း ပြတ်ထွက်သွားခဲ့၏။
ပျက်စီးသွားသော ခန္ဓာကိုယ်ကနေ အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်သည် ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
“ဘယ်ကိုပြေးမှာလဲ.. ပျက်စီးစမ်း”
ဝူရှင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ခမ်းနားသော ပျက်စီးခြင်းစွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကြယ်တာရာကောင်းကင်ယံ တစ်ခုလုံးကို ဖျက်ဆီးခြင်း စွမ်းအားများက တစ်ခဏအတွင်း ဖုံးလွှမ်းသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်ကို လွှမ်းခြုံသွားခဲ့သည်။
“အား..”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်က ပါးစပ်ကနေ ညည်းညူသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။
တစ်ခဏအတွင်းမှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ဝိညာဥ်သည် ဝူရှင်း၏ ဖျက်ဆီးခြင်းစွမ်းအား အောက်တွင် အစအနပင် မကျန်ရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤသို့ဖြင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် ကျန်းချန်နှင့် ဝူရှင်းတို့၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ကျဆုံးသွားခဲ့၏။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်တို့ နှစ်ဦး၏ လက်ချက်ဖြင့် ကျဆုံးသွားသည်ကို မြင်လျှင် ဝူကျန့်ထျန်း၏ လက်ထဲတွင် အသည်းအသန် ရုန်းကန်နေရပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို လာရောက် ကူညီမည်ကို စောင့်ဆိုင်းနေသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက နတ်ဘုရားနယ်မြေမှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှစ်ယောက်၏ လက်ထဲတွင် ကျဆုံးသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က အချက်အလက် အမှားအယွင်းကြောင့် ယနေ့ခေတ် နတ်ဘုရားနယ်မြေသည် လွန်ခဲ့သောနှစ်အနည်းငယ်က နတ်ဘုရားနယ်မြေနှင့် လုံးဝကို ခြားနားနေခဲ့ပြီဖြစ်သည်။
ထိုအချိန်က သူတို့ရရှိထားသော အချက်အလက်များ အရ နတ်ဘုရားနယ်မြေသည် ပြိုကွဲနေဆဲ အခြေအနေတွင် ရှိနေခဲ့ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ယောက်ပင် မရှိခဲ့ပေ။
ထိုအကြောင်းကြောင့်ပင် သူတို့သည် ဤတစ်ကြိမ် နတ်ဘုရားနယ်မြေကို စစ်ချီလာရာတွင် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်ကိုသာ ခေါင်းဆောင်အဖြစ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
ဤကဲ့သို့သော အင်အားစုသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိသည့် နတ်ဘုရားနယ်မြေကို အလွယ်တကူ သိမ်းပိုက်ရန် လုံလောက်သည် မဟုတ်ပါလား။
သို့သော်လည်း နှစ်အနည်းငယ် အတွင်းမှာပင် နတ်ဘုရားနယ်မြေသည် ပျက်စီးခြင်းကနေ ပြန်လည် နာလန်ထူလာနိုင်ခဲ့သည့်အပြင် အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးကိုပါ မွေးဖွားနိုင်ခဲ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သူတို့ဖက်တွင် အသာစီးရနေသည့် တစ်ခုတည်းသော အချက်မှာ နတ်ဘုရားနယ်မြေထက် မဟာယာနတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ပိုများနေခြင်းပင်။
ယခု ထိုအသာစီးရမှုသည်လည်း နတ်ဘုရားနယ်မြေမှ နတ်ဘုရင် နဝမအဆင့် ပါရမီရှင်နှစ်ဦးကြောင့် ပျောက်ကွယ်သွားခဲ့ချေပြီ။
အကယ်၍ သူတို့၏ ခေါင်းဆောင်ဖြစ်သည့် သွေးနတ်ဆိုးကိုသာ နတ်ဘုရားနယ်မြေမှ အုပ်စိုးသူအဆင့် ကျင့်ကြံသူက ထိန်းထားနိုင်ခဲ့လျှင် ယနေ့တွင် သူတို့အားလုံးသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
“ကောင်းကင်ပိုင်းဖြတ်ဓားသိုင်း”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ စိတ်ပျံ့လွင့်နေစဥ်မှာပင် ဝူကျန့်ထျန်း၏ ဓားအလင်းသည် ၎င်းထံသို့ နောက်တစ်ကြိမ် ဝင်ရောက်လာခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ဝူကျန့်ထျန်း၏ ဓားချက်ကြောင့် အသည်းအသန် နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်ရသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သတ်ဖြတ်ခဲ့သည့် ကျန်းချန်နှင့် ဝူရှင်း တို့သည် ထိုနေရာသို့ ရောက်လာခဲ့ပြီး ဝူကျန့်ထျန်းနှင့် ပူးပေါင်းကာ သူ့ကို ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူက အနည်းငယ်မျှပင် မပေါ့ဆဝံ့တော့ဘဲ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများကို အကာအကွယ်အဖြစ် ပြောင်းလဲကာ ကျန်းချန်တို့ နှစ်ဦး၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလိုက်၏။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများသည် ကြယ်တာရာ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဝူကျန့်ထျန်း၏ တိုက်ခိုက်မှုကြောင့် အသေအလဲ ရုန်းကန်နေရသော မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ကျန်းချန်တို့နှစ်ဦး၏ ရုတ်တရက် ဝင်ရောက် တိုက်ခိုက်မှုကို ယခုအချိန်တွင် မည်ကဲ့သို့ တောင့်ခံနိုင်ပါအံ့နည်း။
သူ ထုတ်ဖော်ထားသည့် အကာအကွယ်က တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံတွင် တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားခဲ့သည်။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူက သွေးများကို အန်ထုတ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကြယ်တာရာ ကောင်းကင်ယံထက်တွင် မီတာရာပေါင်းများစွာ လွင့်စင်သွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ပြီး ညာဘက်လက်မောင်း တစ်ခုလုံးသည် သွေးရဲရဲ ဖြစ်နေခဲ့ကာ အရှိန်အဝါကလည်း အလွန်တရာ အားနည်းနေခဲ့၏။
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူသည် ဝူကျန့်ထျန်း တစ်ဦးတည်းကိုပင် အသည်းအသန် ရင်ဆိုင်နေရခြင်း ဖြစ်ရာ ကျန်းချန်တို့ နှစ်ဦး ပူးပေါင်း ပါဝင်လာသောအခါတွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။
တစ်ခဏအတွင်း ကျန်းချန်တို့ သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် သေဆုံးသွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခြေရာအတိုင်း လိုက်သွားခဲ့ရသည်။
“ကျန်းချန်.. ငါ စီနီယာစန်းမင်ကို သွားကူလိုက်မယ်.. မင်းက နတ်ဘုရားနယ်မြေက ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ စစ်တပ်ကို အပြတ်ရှင်းလိုက်ပါ”
မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို ရှင်းလင်းပြီးနောက်တွင် ဝူကျန့်ထျန်းသည် ကျန်းချန်ကို ပြောလိုက်သည်။
ထို့နောက်တွင် သူက ဆရာသခင်စန်းမင်နှင့် နောက်ဆုံးကျန်ရှိသော မဟာယာနတစ်ပိုင်း အဆင့် ကျင့်ကြံသူတို့ တိုက်ခိုက်နေသည့် နေရာသို့ ချက်ချင်းပင် ပျံသန်းသွားခဲ့သည်။
“ညီနောင်ဝူ.. အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက ကျူးကျော်သူတွေကို အတူတူ သတ်ကြစို့”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် ကြယ်ကောင်းကင်မြို့တော်ကို တိုက်ခိုက်နေသည့် အင်မော်တယ် ကျင့်ကြံသူများကို လှမ်းကြည့်ကာ ဝူရှင်းကို ပြောလိုက်သည်။
ယခုအခါ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူသုံးဦး အနက် နှစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝူကျန့်ထျန်းနှင့် ဆရာသခင်စန်းမင်တို့ ပူးပေါင်းလိုက်လျှင် နောက်ဆုံး ကျန်ရှိသည့် တစ်ယောက်ကို ကိုင်တွယ်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေခဲ့၏။
ထို့ကြောင့် သူတို့ လုပ်ဆောင်ရမည့် အရာမှာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ စစ်တပ်ကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်။
“ကောင်းပြီ”
ဝူရှင်းက အပိုစကားများ ပြောမနေဘဲ ခေါင်းညိတ်လိုက်ပြီး ကြယ်ကောင်းကင်မြို့တော် ဆီသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့ကာ ကပ်ဘေးအဆင့် ကျင့်ကြံသူများ ဆီသို့ ပြေးဝင်သွားခဲ့သည်။
ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်နှင့်ပင် ယှဥ်နိုင်သည့် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသော ဝူရှင်း အတွက် ကပ်ဘေးအဆင့် ကျင့်ကြံသူများကို ရင်ဆိုင်ရသည်မှာ အလွန်ပင် လွယ်ကူနေခဲ့သည်။
သူ၏ လက်သီးချက်များအောက်တွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ အများအပြားသည် တစ်ခဏအတွင်း သေဆုံးသွားခဲ့ကြသည်။
ကျန်းချန်ကလည်း လက်ထဲရှိ ရှေးဟောင်း ရွှေရောင်ဓားကို အသုံးပြုကာ အားသွန်ခွန်စိုက် တိုက်ခိုက်နေခဲ့သည်။
သူ ဓားချက်တစ်ချက် ဝှေ့ယမ်းတိုင်းတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးစီသည် ဓားအလင်းကြောင့် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်နေသော ကျန်းချန်တို့ နှစ်ဦးကို မြင်လျှင် ကျန်းဝူရသည် တုံ့ဆိုင်းမနေတော့ဘဲ ကြယ်ကောင်းကင် မြို့တော်ရှိ နတ်ဘုရင်အဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ ကြယ်ကောင်းကင် မြို့တော်ထဲကနေ ထွက်လာခဲ့သည်။
ကျန်းချန်တို့ နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ကျင့်ကြံသူ ရာပေါင်းများစွာသည် တစ်ခဏအတွင်း အရေးနိမ့်လာခဲ့သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူများသည်လည်း ကြယ်တာရာကောင်းကင်ယံထက်တွင် တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ဆိုသလို ကျဆုံးနေခဲ့၏။
၎င်းတို့၏ နာကျင်စွာ အော်ဟစ်လိုက်သော အသံများသည် ကြယ်တာရာကောင်းကင်ယံတွင် အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့သည်။
ကောင်းကင်ယံမှ သွေးများသည် ကြယ်တာရာ ကောင်းကင်ယံတွင် ပျံ့နှံ့လာခဲ့ပြီး ကြယ်တာရာ ကောင်းကင်ယံကို သွေးနီရောင် ဆိုးထားသကဲ့သို့ ဖြစ်စေခဲ့သည်။
အဆုံးသတ်တွင် နတ်ဘုရားနယ်မြေသို့ စစ်ချီလာသည့် ကပ်ဘေးအဆင့် ကျင့်ကြံသူ ရာပေါင်းများစွာသည် တစ်ဦးမျှ အသက်မရှင်ခဲ့ဘဲ ကြယ်တာရာ ကောင်းကင်ယံထက်တွင် လုံးဝ ကျဆုံးသွားခဲ့သည်။
အခန်း(၂၄၇၁)ပြီး၏။
***