“ညီနောင်ဝူ ဘာဖြစ်လို့လဲ”
ဝူရှင်း၏ အမူအရာကို သတိပြုမိလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် ချက်ချင်းဆိုသလို သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“နန်းတော်သခင်မ မင်ယွဲ့.အစောပိုင်းက ထုတ်ဖော်လိုက်တာက လနတ်အရှင်သခင် တီထွင်ထားတဲ့ စွမ်းအားပဲ.. အဲဒီစွမ်းအားကို အသုံးပြုလိုက်တိုင်းမှာ ကြီးမားတဲ့ ပေးဆပ်မှုတွေ ရှိပုံရတယ်.. နန်းတော်သခင်မရဲ့ နယ်ပယ်အဆင့်က ကျဆင်းသွားတယ်လို့ ငါခပ်ရေးရေး ခံစားမိတယ် အချိန်တိုအတွင်းတော့ အုပ်စိုးသူအဆင့်ဆီ ပြန်ရောက်ဖို့ ခက်ခဲလိမ့်မယ် ထင်တယ်”
ဝူရှင်းက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် စိတ်မကောင်း ဖြစ်သွားခဲ့၏။
ယခုအခါတွင် မင်ယွဲ့ရှင်းသည် နတ်ဘုရားနယ်မြေ၏ တစ်ဦးတည်းသော အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားခြင်းသည် နတ်ဘုရားနယ်မြေအတွက် သတင်းကောင်း မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ဤစစ်ပွဲကြီးအပြီးတွင် နတ်ဘုရားနယ်မြေသည် အချိန်တိုအတွင်း မည်သည့် အန္တရာယ်မှရှိမည်မဟုတ်၍ အချိန်အတန်ကြာ အေးအေးဆေးဆေး အနားယူနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤကဲ့သို့ တည်ငြိမ်မှုသည် သေချာပေါက် ရေရှည်တော့ မဟုတ်ပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာဖြစ်စေ၊ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် လာရောက်ကြသူများ ဖြစ်စေ ၎င်းတို့သည် တစ်ကျော့ ပြန်လာကြဦးမည်သာ ဖြစ်သည်။
ဤသို့ တွေးမိလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့သွားမည့် ကျန်းချန်၏ ဆုံးဖြတ်ချက်သည် ပိုမို၍ ခိုင်မာလာခဲ့သည်။
နတ်ဘုရားနယ်မြေ အတွက် အချိန်ပိုမို ရရှိစေရန် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ ဆီသို့ သူ့အနေဖြင့် သေချာပေါက် သွားရပေလိမ့်မည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် ပြဿနာတချို့ဖန်တီးပြီး ၎င်းတို့ကို နတ်ဘုရားနယ်မြေသို့ ကျူးကျော်ရန် အခွင့်အရေး မရရှိအောင် လုပ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည် မဟုတ်ပါလား။
-------------------
နတ်ဘုရားနယ်မြေ စကြဝဠာနှင့် မိုင်ပေါင်းများစွာ ဝေးကွာသော နေရာရှိ ကြယ်တာရာ ကောင်းကင်ယံတွင် ကျယ်ပြောသော စကြဝဠာတစ်ခု ရှိသည်။
ထိုစကြဝဠာသည် ကြယ်တာရာ ကောင်းကင်ယံရှိ စကြဝဠာများစွာထဲတွင် တစ်ခု အပါအဝင် ဖြစ်သည့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာပင် ဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် သွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်းတောင်တန်း တစ်ခု ရှိသည်။
ထိုနေရာသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည်ကျော်ကြားသော သွေးနတ်ဆိုးဂိုဏ်း တည်ရှိသော နေရာလည်း ဖြစ်၏။
သွေးနတ်ဆိုးဂိုဏ်း၏ ဗဟိုချက်ရှိ နတ်ဆိုး အငွေ့အသက်များ ပြည့်နှက်နေသော ခန်းမဆောင်ကြီး တစ်ခု အတွင်းဝယ် သွေးရောင်ဝတ်စုံနှင့် သွေးရောင်သရဖူကို ဆောင်းထားသော ပုံရိပ်တစ်ခုသည် ပလ္လင်ထက်တွင် ထိုင်နေခဲ့သည်။
ထိုသွေးရောင်ဝတ်စုံဝတ် ပုံရိပ်ထံကနေ မည်သည့် အရှိန်အဝါမျှ ထွက်ပေါ် မနေသော်လည်း သွေးရောင်ဖျော့ဖျော့ လင်းလက်နေသော ထိုလူ၏ မျက်ဝန်းသည် အလွန်တရာပင် ထူးဆန်းနေခဲ့သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် တစ်ချက်အကြည့်ခံလိုက်ရုံဖြင့် စိတ်နှလုံး တုန်ယင်သွားနိုင်လောက်၏။
ဤသွေးရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်မှာ သွေးနတ်ဆိုးဂိုဏ်း၏ လက်ရှိခေါင်းဆောင် ဖြစ်သည့် သွေးနတ်ဘုရား ဖြစ်သည်။
ခန်းမထဲတွင် သွေးနတ်ဘုရား အပြင် သွေးရောင်ဝတ်စုံဝတ် အဘိုးအို သုံးဦးလည်း ရှိနေခဲ့သည်။
ထိုသွေးရောင်ဝတ်စုံဝတ် အဘိုးအိုသုံးဦး၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းပြီး တစ်ဦးချင်းစီသည် မဟာယာနအဆင့်ကျင့်ကြံသူ ဖြစ်သည့် သွေးနတ်ဆိုးထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။
“ဂိုဏ်းချုပ် ဘယ်လို အရေးကြီးကိစ္စများ ရှိလို့ ကျွန်တော်တို့ကို အရေးတကြီး ခေါ်လိုက်လဲဆိုတာ သိပါရစေ”
ဘယ်ဘက်တွင် ထိုင်နေသော သွေးရောင်ဝတ်စုံဝတ် အဘိုးအိုသည် ပလ္လင်ပေါ်ရှိ သွေးနတ်ဘုရားကို သံသယမျက်ဝန်းများဖြင့် ကြည့်ကာ ခန်းမထဲရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
သွေးနတ်ဘုရားက ခဏမျှ တိတ်ဆိတ်နေပြီးမှ လေးနက်စွာ ပြောလိုက်၏။
“သိပ်မကြာခင်ကပဲ သွေးနတ်ဆိုး ရုတ်တရက် ကျဆုံးသွားခဲ့ပြီ.. နတ်ဘုရားနယ်မြေကို စစ်ချီသွားတဲ့ ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့စစ်တပ်က တစ်ခုခု ဖြစ်သွားပြီထင်တယ်”
သွေးနတ်ဘုရား၏ စကားကိုကြားလျှင် သွေးရောင်ဝတ်စုံဝတ် အဘိုးအို သုံးဦး၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က သွေးနတ်ဆိုးဂိုဏ်း၏ အစွမ်းထက် ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည့် သွေးနေမင်းဘိုးဘေးသည် လျှို့ဝှက်နည်းစနစ်ဖြင့် သတင်းတစ်ခု ပေးပို့လာခဲ့သည်။
ယင်းမှာ ဒဏ္ဍာရီလာ နတ်ဘုရားကျောက်တိုင်သည် နတ်ဘုရားနယ်မြေတွင် ပြန်လည် ထွက်ပေါ်လာပြီ ဟူသော သတင်းပင် ဖြစ်၏။
ထိုနှစ်က စစ်ပွဲပြီးကတည်းကပင် နတ်ဘုရားနယ်မြေသည် ပြိုကွဲသွားသော အခြေအနေတွင် ရှိနေခဲ့ပြီး အင်အားနည်းပါးကာ အုပ်စိုးသူအဆင့် ကျင့်ကြံသူ တစ်ဦးပင် မရှိတော့ပေ။
ထို့အကြောင်းကြောင့်ပင် သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် သွေးနေမင်းဘိုးဘေး ပေးပို့လိုက်သော သတင်းကို ထုတ်ပြန်ခြင်းမပြုဘဲ သွေးနတ်ဆိုးဂိုဏ်း၏ လက်အောက်ရှိ အင်အားစုကိုသာ နတ်ဘုရားနယ်မြေသို့ စေလွှတ်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားကတည်းကပင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ ထိပ်တန်းဂိုဏ်းကြီးများသည် ထာဝရရှင်သန်နိုင်မည့် အင်မော်တယ် လမ်းစဥ်ကို ရှာဖွေနေခဲ့ကြသည်။
ထိုအချိန်က ပေါ်ထွက်ခဲ့သော အင်မော်တယ် ကျောက်တိုင်ထဲတွင် အင်မော်တယ် ဖြစ်လာနိုင်မည့် လျှို့ဝှက်ချက်များ ဖုံးကွယ်ထားနေနိုင်ခြေ အလွန်များသည်။
ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ထိပ်တန်းဂိုဏ်းကြီး အားလုံးနီးပါးထဲတွင် အင်မော်တယ် ကျောက်တိုင်ကို မသိမ်းပိုက်ချင်သူ မရှိသလောက်ပင်။
အကယ်၍ သူတို့သာ အငြင်းပွားမှုများ မရှိခဲ့လျှင် အင်မော်တယ် ကျောက်တိုင်သည် နတ်ဘုရားနယ်မြေထဲသို့ မတော်တဆ ကျရောက်သွားလိမ့်မည် မဟုတ်ပေ။
ယခုအခါတွင် နတ်ဘုရားနယ်မြေတွင် အင်မော်တယ်ကျောက်တိုင် ထွက်ပေါ်လာသည့် သတင်းကို သူတို့သွေးနတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းတည်းကသာ သိရှိထားခဲ့၏။
ထို့အပြင် နတ်ဘုရားနယ်မြေ၏ ခွန်အားသည် ရှေးခေတ်ကာလကလို မဟုတ်တော့ဘဲ အလွန်တရာ အားနည်းနေသဖြင့် နတ်ဘုရားနယ်မြေကို အလွယ်တကူ နှိမ်နင်းပြီး အင်မော်တယ် ကျောက်တိုင်၏ လျှို့ဝှက်ချက်များကို သူတို့ တစ်ဂိုဏ်းတည်းသာ သိမ်းပိုက်ရန် အတွက် မဟာယာနအဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်လိုက်ရုံဖြင့်ပင် လုံလောက်သည်။
သို့သော် မျှော်လင့်ချက်က ကြီးမားသော်လည်း လက်တွေ့အရှိတရားကမူ အလွန်တရာပင် ခါးသီးလှ၏။
နတ်ဘုရားနယ်မြေသို့ စေလွှတ်လိုက်သော စစ်တပ်တွင် ခေါင်းဆောင်ဖြစ်သည့် မဟာယာနအဆင့် ကျင့်ကြံသူ သွေးနတ်ဆိုးသည် ရုတ်တရက် ကျဆုံးသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးက မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. သွေးနေမင်းဘိုးဘေးဆီကရတဲ့ အချက်အလက်ထဲမှာ နတ်ဘုရားနယ်မြေက ပြိုကွဲနေတဲ့ အခြေအနေမှာ ရှိနေပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူတောင် မွေးဖွားနိုင်ခြင်းမရှိဘူးလို့ ဆိုထားတယ်.. ဒါဆို သွေးနတ်ဆိုးလို မဟာယာနအဆင့် ကျင့်ကြံသူက နတ်ဘုရားနယ်မြေထဲမှာ ဘယ်လိုလုပ်ပြီး ကျဆုံးသွားရတာလဲ”
“သွေးနေမင်းဘိုးဘေး ပေးပို့လိုက်တဲ့ အချက်အလက်က လှည့်စားမှုများ ဖြစ်နေမလား”
အခြား မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သွေးနေမင်းဘိုးဘေးသည် စကြဝဠာအဆင့် တိုက်ပွဲဖြစ်ပွားစဥ်က သွေးနတ်ဆိုးဂိုဏ်း၏ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါးဖြစ်သည်။
ထိုစစ်ပွဲပြီးကတည်းက ယခုအချိန်အထိ ဆိုလျှင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သွားခဲ့ပြီ ဖြစ်၏။
သွေးနေမင်းဘိုးဘေးသည် မဟာယာန အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး ထိုတိုက်ပွဲတွင် ကံကောင်းထောက်မစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့သည် ဆိုလျှင်ပင် ယခုအချိန်အထိ အသက်ရှင်နေရန်မှာ မဖြစ်နိုင်ပေ။
“အဲဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်”
သွေးနတ်ဘုရားက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သွေးနေမင်းဘိုးဘေးက ဒီအချိန်အထိ ဘယ်လိုအသက်ရှင်နေသလဲဆိုတာ ငါမသိပေမဲ့ သူအသုံးပြုခဲ့တဲ့ လျှို့ဝှက်နည်းစနစ်က ငါတို့ သွေးနတ်ဆိုးဂိုဏ်းရဲ့ အထွတ်အထိပ်လျှို့ဝှက်နည်းစနစ်ပဲ.. သွေးနတ်ဆိုးဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ်တွေကလွဲရင် ဒီနည်းစနစ်ကို အသုံးပြုနိုင်တဲ့သူ မရှိဘူး”
“ဒါဆို သွေးနတ်ဆိုးက ကြယ်တာရာ စကြဝဠာထဲမှာ ပြဿနာတက်ခဲ့တာများလား.. ဒါမှမဟုတ် သွေးနေမင်းဘိုးဘေးက သတင်းအမှား ပေးပို့လိုက်တာလား”
ယခုအချိန်အထိ စကားတစ်ခွန်းမှ ဝင်မပြောရသေးသည့် မဟာယာနအဆင့် ကျင့်ကြံသူက ဝင်ပြောလိုက်သည်။
"ကြယ်စကြဝဠာက လူတွေ တည်ဆောက်ထားတဲ့ ကြယ်တာရာစစ်သင်္ဘောက အရမ်းကို ထူးခြားတယ်.. စကြဝဠာထဲမှာ ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်မျိုးနဲ့ မကြုံတွေ့သရွေ့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး.. ဒါ့အပြင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနဲ့ နတ်ဘုရားနယ်မြေတို့ရဲ့ကြားမှာလည်း သွေးနတ်ဆိုးကို ခြိမ်းခြောက်နိုင်လောက်တဲ့ တခြား စကြဝဠာမရှိဘူး.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် သွေးနေမင်းဘိုးဘေး ပေးတဲ့သတင်းက အမှားအယွင်းတစ်ခုခု ရှိနေတာ ဖြစ်ဖို့များတယ်”
သွေးနတ်ဘုရားက လေးနက်စွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ.. နတ်ဘုရားနယ်မြေမှာ အင်မော်တယ် ကျောက်တိုင် ထွက်ပေါ်လာပြီဆိုတဲ့ သတင်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်ရမလား”
သွေးနတ်ဆိုးဂိုဏ်း၏ မဟာယာနအဆင့် ကျင့်ကြံသူသုံးဦးက သွေးနတ်ဘုရားကို ကြည့်လိုက်ကြသည်။
သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် နာမည်ကျော်ကြားသော ထိပ်တန်းဂိုဏ်းကြီး ဆယ်ဂိုဏ်း ထဲတွင် တစ်ဂိုဏ်း အပါအဝင် ဖြစ်သော်လည်း ထိုဆယ်ဂိုဏ်းထဲတွင် အလယ်အလတ် အဆင့်တွင်သာ ရှိသည်။
အကယ်၍ အင်မော်တယ် ကျောက်တိုင်သတင်းကို လူသိရှင်ကြား ထုတ်ပြန်လိုက်လျှင် သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် အင်မော်တယ်ကျောက်တိုင်ကို ရယူရန် လွယ်ကူတော့မည် မဟုတ်ပေ။
“စောင့်ကြည့်ကြတာပေါ့”
သွေးနတ်ဘုရားက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
“ငါလျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး သွေးနေမင်းဘိုးဘေး ဆီကနေ နတ်ဘုရားနယ်မြေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထပ်ရမလား ဆိုတာ နောက်တစ်ကြိမ်ဆက်သွယ်ကြည့်မယ်”
ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်သည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားသည့် အချိန်ကစ၍ သူတို့တွေ့ရှိခဲ့သည့် အင်မော်တယ် ဖြစ်လာနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် အင်မော်တယ်ကျောက်တိုင် အတွက် စကြဝဠာအဆင့် တိုက်ပွဲတစ်ခုကို စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် အင်မော်တယ်ကျောက်တိုင် သတင်းကို သူတို့ သွေးနတ်ဆိုးဂိုဏ်းကသာ ရရှိထားခဲ့သည်။
ထို့ကြောင့် သွေးနတ်ဘုရားသည် အင်မော်တယ်ကျောက်တိုင်ကို သဘာဝကျစွာပင် သူတစ်ဦးတည်း သိမ်းပိုက်ချင်ခဲ့၏။
အင်မော်တယ် ကျောက်တိုင်ကို ရရှိပြီး အင်မော်တယ်ကျောက်တိုင်ထဲမှ လျှို့ဝှက်ချက်များကိုသာ ဖော်ထုတ်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ကန့်သတ်ချက်များကို ချိုးဖျက်ကာ အင်မော်တယ် ဖြစ်လာနိုင်ပြီး ထာဝရရှင်သန်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်း၏ အင်အားကို တော်ရုံတန်ရုံ ထိခိုက်ရုံလောက်ဖြင့် သွေးနတ်ဘုရားသည် အင်မော်တယ်ကျောက်တိုင်ကို အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် လူသိရှင်ကြား ထုတ်ပြန်ရန် အစီအစဥ်မရှိပေ။
အခန်း(၂၄၇၅)ပြီး၏။
***