အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ၏ စစ်တပ်ကို ချေမှုန်းပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူအများစုကို အင်အားပြန်လည် ဖြည့်ဆည်းရန် အတွက် နတ်ဘုရားနယ်မြေသို့ ပြန်ခွင့်ပြုခဲ့ပြီး လူအနည်းစုကိုသာ ကြယ်ကောင်းကင်မြို့တော်ကို စောင့်ကြပ်ရန် ချန်ထားရစ်ခဲ့သည်။
သူကိုယ်တိုင်ကမူ ကြယ်ကောင်းကင်မြို့တော်တွင် နေထိုင်ကာ လူသားဧကရာဇ် နန်းတော်မှ လူများက ကြယ်တာရာစစ်သင်္ဘောအား ထိန်းချုပ်နိုင်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ကြယ်စကြဝဠာမှ လူများ ရှိနေသဖြင့် ကြယ်တာရာ စစ်သင်္ဘောကို အချိန်မရွေး ခရီးနှင်နိုင်သော်လည်း လူကိုယုံလျှင် ပုံပြင် ဖြစ်တတ်သည် ဟူသော စကားအတိုင်း ကျန်းချန်သည် ကြယ်စကြဝဠာမှ လူများကို တစ်ရာ ရာခိုင်နှုန်း ယုံကြည်ခြင်း မရှိခဲ့ပေ။
ကြယ်တာရာ စစ်သင်္ဘော၏ ထိန်းချုပ်မှုကို သူ၏ လက်ထဲတွင် ထားရှိခြင်းကသာ ပိုမို စိတ်ချရလိမ့်မည် မဟုတ်ပါလား။
တစ်လ ကြာပြီးနောက်တွင် ကြယ်စကြဝဠာမှလူများ၏ အကူအညီဖြင့် ကျန်းချန်နှင့် အခြားသူများသည် အဆုံးသတ်၌ ကြယ်တာရာ စစ်သင်္ဘော၏ ထိန်းချုပ်မှုကို အပြည့်အဝ ရရှိခဲ့ကြသည်။
ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ သွားမည့် ခရီးစဥ်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။
“ချန်အာ.. မင်းတကယ်ပဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သွားတော့မှာလား”
ကြယ်ကောင်းကင်မြို့တော်၏ အပြင်ဘက်တွင် ကျန်းဝူရသည် သူ၏အရှေ့ရှိ ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။
သူ၏ မျက်နှာထက်တွင် စိုးရိမ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက နတ်ဘုရားနယ်မြေထက် အများကြီး ပိုသန်မာတယ်.. အကယ်၍ သူတို့သာ တစ်ကျော့ ပြန်လာဦးမယ်ဆိုရင် နတ်ဘုရားနယ်မြေက လုံးဝခုခံနိုင်မှာမဟုတ်ဘူး.. ဒါကြောင့် ကျွန်တော့်အနေနဲ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက ကျွန်တော်တို့ဆီ လာတိုက်မှာကို ထိုင်စောင့်မနေနိုင်ဘူး အဖေ...ဒ့ါအပြင် နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်က ကမ္ဘာကြီးကို ကျွန်တော် မြင်ဖူးချင်သေးတယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းဝူရက မျက်မှောင်ကြုတ်သွားခဲ့၏။
“မင်းသွားမယ် ဆိုရင်လည်း နတ်ဘုရားနယ်မြေက အစွမ်းထက် ကျင့်ကြံသူတချို့ကို အဖော်ခေါ်သွားပါလား.. အချင်းချင်း စောင့်ရှောက်လို့ရတာပေါ့”
“မလိုပါဘူးအဖေ”
ကျန်းချန်က လက်ကာပြလိုက်ပြီး တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် မဟာယာနအဆင့် ပုဂ္ဂိုလ်များသာ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်၏။
အကယ်၍ သူသာ မဟာယာနအဆင့် ကျင့်ကြံသူနှင့် တွေခဲ့လျှင် လူမည်မျှပင် ခေါ်သွားပါစေ၊ ဘာမှ အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။
ထို့အပြင် သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံထားပြီး အရှိန်အဝါ ဖုံးကွယ်သည့် နည်းစနစ်ကိုလည်း တတ်မြောက်ထားသည်။
သူကိုယ်တိုင် မထုတ်ဖော်သရွေ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ မဟာယာနအဆင့် ကျင့်ကြံသူပင်လျှင် သူ၏ မူလလက္ခဏာကို မြင်နိုင်မည် မဟုတ်ပေ။
ရှင်းလင်းစွာဆိုရလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများကို အဖော် ခေါ်သွားလျှင် ပို၍ပင် အလုပ်ရှုပ်သွားနိုင်ပေသည်။
“ကျန်းချန်.. ငါမင်းနဲ့အတူ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို လိုက်ခဲ့မယ်”
ထိုအချိန်တွင် ကျန်းချန်၏ နံဘေးရှိ ဝူရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
သူက အုပ်စိုးသူအဆင့် ကျင့်ကြံသူ၏ ပြန်လည်ဝင်စားလာသူ ဖြစ်သော်လည်း ယခင်ဘဝတွင် နတ်ဘုရားနယ်မြေမှ စွန့်ခွာပြီး ပြင်ပ စကြဝဠာသို့ တစ်ခါမှ မသွားဖူးခဲ့ပေ။
ယခု ကျန်းချန်က နတ်ဘုရားနယ်မြေကို ကျူးကျော်လာသည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သွားမည် ဖြစ်ရာ ဝူရှင်းသည်လည်း ကျန်းချန်နှင့်အတူ လိုက်သွားချင်နေခဲ့၏။
“မဖြစ်ဘူး ညီနောင်ဝူရှင်း”
ကျန်းချန်က အလျင်အမြန်ပင် ခေါင်းခါရမ်းလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ညီနောင်ဝူရှင်း ဒီမှာနေခဲ့မှ ဖြစ်မယ်...အခု နတ်ဘုရားနယ်မြေ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုတည်းမဟုတ်ဘူး”
ကျန်းချန်၏ စကားကိုကြားလျှင် ဝူရှင်းနှင့် ကျန်းဝူရ တို့၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“ဒီကိစ္စကို ငါ ရှင်းရှင်းလင်း ပြောပြဖို့ အဆင်မပြေသေးပေမဲ့ တစ်ခုတော့ ပြောပြနိုင်ပါတယ်.. နတ်ဘုရားနယ်မြေက တခြားခြိမ်းခြောက်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်.. အဲဒါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထက်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်”
ကျန်းချန်က ဝူရှင်းကို လေးနက်စွာ ကြည့်ရင်း ပြောလိုက်သည်။
“ငါ ထွက်သွားပြီးရင် နတ်ဘုရားနယ်မြေကို ညီနောင်ဝူရှင်း လက်ထဲ အပ်ခဲ့မယ်”
ယခုအခါ မင်ယွဲ့ရှင်းသည် ကျင့်ကြံခြင်းအဆင့် ကျဆင်းသွားသဖြင့် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး မည်သည့်အချိန်မှ ပြန်ကောင်းလာမည်ကို မသိရပေ။
နတ်ဘုရားနယ်မြေသည် အုပ်စိုးသူအဆင့် ကျင့်ကြံသူ မရှိသည့် နေ့ရက်များသို့ တစ်ကျော့ပြန် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ဝူရှင်းသည် ရှေးခေတ်ကာလက အုပ်စိုးသူအဆင့် ကျင့်ကြံသူကနေ ပြန်လည်ဝင်စားလာသူ ဖြစ်သည်။
ယနေ့ခေတ် နတ်ဘုရားနယ်မြေတွင် ဝူရှင်းသည် အုပ်စိုးသူအဆင့်ကို ထိုးဖောက်ဝင်ရောက်ရန် အရည်အချင်း အရှိဆုံးလူ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့် ဖြစ်သည့် စီနီယာစန်းမင်နှင့် ဝူကျန့်ထျန်းတို့ ပင်လျှင် ဝူရှင်းထက် အရင် အုပ်စိုးသူ အဆင့် ကျင့်ကြံသူ ဖြစ်လာရန် မလွယ်ကူပေ။
ထို့အပြင် ဝူရှင်းသည် ပြန်လည် ဝင်စားထားသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်၏။
အုပ်စိုးသူအဆင့်ကို ထပ်မံ ရောက်ရှိသွားသည်နှင့် ဝူရှင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အုပ်စိုးသူ အဆင့်ထက် အဆပေါင်းများစွာ သာလွန်သွားပေလိမ့်မည်။
ထို့ကြောင့် သူ နတ်ဘုရားနယ်မြေသို့ စွန့်ခွာပြီးနောက်တွင် ဝူရှင်းသည် နတ်ဘုရားနယ်မြေကို စောင့်ရှောက်ရန် အသင့်တော်ဆုံးလူပင် မဟုတ်ပါလော။
“ကောင်းပြီ.. ငါနေခဲ့ပြီး နတ်ဘုရားနယ်မြေကို စောင့်ရှောက်ပေးထားမယ်”
ဝူရှင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် ကျန်းချန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်း အသက်ရှင်လျက် ပြန်လာဖို့ မမေ့နဲ့.. ငါမင်းရဲ့ အလောင်းကို ကောက်ဖို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာအထိ မသွားချင်ဘူး”
“စိတ်မပူပါနဲ့ ညီနောင်ဝူ.. ငါ့ရဲ့ သတင်းကောင်းကို စောင့်နေပါ.. အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သွားပြီး နတ်ဘုရားနယ်မြေ အတွက် ဒီဘေးအန္တရာယ်ကို သေချာပေါက် ဖြေရှင်းပေးခဲ့ပါ့မယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ထွက်ခွာရန် အသင့်ပြင်ထားပြီ ဖြစ်သော ကြယ်တာရာစစ်သင်္ဘော ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက ကြယ်တာရာ ကောင်းကင်ယံကို ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို သွားကြစို့”
ကျန်းချန်၏ အမိန့်ကိုရသည်နှင့် ကြယ်တာရာ စစ်သင်္ဘောသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်း ကဲ့သို့ပင် ကြယ်တာရာကောင်းကင်ယံ၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
---------------------
ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ယံတွင် ဧရာမကြယ်တာရာ စစ်သင်္ဘောကြီးတစ်စီးသည် ကြယ်တာရာကောင်းကင်ယံကို ဖြတ်ကျော်ကာ လျင်မြန်စွာ ခရီးနှင်နေခဲ့သည်။
ကြယ်တာရာ စစ်သင်္ဘောအတွင်းရှိ ဆန်းကြယ်သော အခန်းတစ်ခန်းထဲတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် မျက်လုံးများကို မှိတ်ကာ ကျင့်ကြံနေခဲ့၏။
ထိုအနက်ရောင်ဝတ်စုံဝတ် လူမှာ နတ်ဘုရားနယ်မြေကို စွန့်ခွာပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကြီးသို့ ဦးတည်၍ သွားနေသော ကျန်းချန်ပင်ဖြစ်သည်။
အချိန်မည်မျှ ကြာသွားမှန်းပင်မသိရပေ။
ကျန်းချန်သည် မျက်လုံးမှိတ်ထားရာကနေ အဆုံးသတ်တွင် ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဘာလိုလိုနဲ့ နတ်ဘုရားနယ်မြေကနေ ထွက်လာခဲ့တာ နှစ်နှစ်တောင် ကျော်သွားပြီပဲ”
ဤနှစ်နှစ်အတွင်း ကျန်းချန်နှင့် အခြားသူများသည် ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ယံတွင် ခရီးနှင်ခဲ့ကြသည်။
စကြဝဠာကောင်းကင်ယံ အကြောင်းကို အလွန် နှံ့စပ်သော ကြယ်စကြဝဠာမှ လူများရှိနေဖြင့် ကျန်းချန်တို့သည် အလွန်အမင်း ချောမွေ့စွာ ခရီးနှင်နိုင်ခဲ့ကြပြီး ဤနှစ်နှစ်ကျော်အတွင်း ပြဿနာ ကြီးကြီးမားမားနှင့် မကြုံတွေ့ခဲ့ရပေ။
ဤနှစ်နှစ်ကျော် အတွင်း ကျန်းချန်သည် ကြယ်တာရာစစ်သင်္ဘောပေါ်တွင် အနားယူရင်း အေးအေးဆေးဆေး ကျင့်ကြံနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားနယ်မြေမှ ထွက်ခွာလာစဥ်က နတ်ဘုရင် အစောပိုင်းအဆင့်သာ ရှိသော်လည်း ယခုအခါတွင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရင်နဝမအဆင့်အထွတ်အထိပ်ကိုတောင် ရောက်နေပြီ.. ဒါပေမဲ့ ဘယ်လောက်ပဲ ထပ်ကျင့်ကျင့် အတွေ့အကြုံရမှတ်တွေ မရတော့သလို အုပ်စိုးသူအဆင့်ကိုလည်း ထိုးဖောက်နိုင်စွမ်း မရှိတော့ဘူး”
သူ၏ ခန္ဓာကိုယ်အတွင်းမှ အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့တွင် အဆ ၁၀၀ စနစ် ရှိ၍ သူ၏ အဆင့်ထိုးဖောက်မှုများသည် အမြဲတစေ အဟန့်အတား မရှိခဲ့ပေ။
ယခင်က ဆိုလျှင် နယ်ပယ်အဆင့် တစ်ဆင့်တွင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသည်နှင့် မည်သည့် အတားအဆီးမှ မရှိဘဲ နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိပြီးသည့်တိုင် အဆ ၁၀၀ စနစ်သည် တိတ်ဆိတ်နေခဲ့၏။
ထို့ကြောင့် နတ်ဘုရင် အဆင့်ကနေ အုပ်စိုးသူအဆင့်ကို ထိုးဖောက်ရန်မှာ မလွယ်ကူသော ကိစ္စမှန်း သိသာနေခဲ့သည်။
အမြဲတစေ သူ့အတွက် အဆင်ပြေစေခဲ့သော အဆ ၁၀၀ စနစ်ပင်လျှင် ယခုတစ်ကြိမ်တွင် သူ့ကို အဆင့်တက်ပေးရန် ခက်ခဲနေပုံ ရ၏။
သို့သော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် စိတ်မပျက်ခဲ့ပေ။
အဆ ၁၀၀ စနစ် ရှိနေ၍သာ သူက နှစ်ပေါင်းတစ်ရာတွင် သူက နတ်ဘုရင်အဆင့် အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင် သူသည် ပါရမီ သွေးမျိုးဆက်နှင့် မည်သည့်အရာတွင် မဆို နတ်ဘုရားနယ်မြေမှ ထိပ်တန်း ကျင့်ကြံသူများနှင့် တန်းတူ ယှဥ်ပြိုင်နိုင်နေပြီ ဖြစ်၏။
အဆ ၁၀၀ စနစ် မရှိလျှင်ပင် သူက အချိန် အနည်းငယ်ရသည်နှင့် သူက အုပ်စိုးသူအဆင့်ကို နားလည်သဘောပေါက်ပြီး အုပ်စိုးသူ အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေခဲ့သည်။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ကာ ထိုအကြောင်းများကို ဆက်လက် မတွေးတော့ဘဲ ကြယ်တာရာစစ်သင်္ဘော အပြင်ဘက်ရှိ အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံကို ကြည့်လိုက်သည်။
“နှစ်နှစ်တောင် ကျော်သွားပြီ.. အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ မသိဘူး”
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ ရောက်ရှိခဲ့သည့်အချိန်နှင့် တွက်ချက်ကြည့်လျှင် နတ်ဘုရားနယ်မြေနှင့် အင်မော်တယ် ကျင့်ကြံခြင်းလစကြဝဠာ၏ အကွာအဝေးသည် ကြယ်တာရာစစ်သင်္ဘောဖြင့် သွားမည်ဆိုလျှင် သုံးနှစ်ခန့်ကြာမြင့်မည် ဖြစ်သည်။
သူ နတ်ဘုရားနယ်မြေမှ ထွက်လာသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်၍ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် သိပ်မဝေးတော့သည်မှာ သေချာသလောက်ပင်။
ထိုသို့တွေးမိလျှင် ကျန်းချန်သည် မတ်တတ် ထရပ်လိုက်ပြီး အခန်းအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ထွက်လာခဲ့သည်။
အခန်း(၂၄၇၆)ပြီး၏။
***