အခန်းထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ကြယ်တာရာစစ်သင်္ဘော၏ ပဲ့ခန်းဆီသို့ တိုက်ရိုက်ပင် သွားရောက်ကာ ကြယ်စကြဝဠာမှ ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ရှာဖွေလိုက်သည်။
“ယီယွင်.. ငါတို့ အခု အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာနဲ့ ဘယ်လောက်ဝေးသေးလဲ”
ယီယွင်က ရိုသေလေးစားသော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
“သခင်ကြီးကျန်းချန်...ဘာအနှောင့်အယှက်မှ မရှိဘူးဆိုရင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရောက်ဖို့ သုံးလလောက်ပဲ လိုပါတော့တယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် တောက်ပသွားခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာနှင့် မဝေးတော့မှန်း သိလိုက်ရသည်။
သူက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“မင်းတို့ ကြယ်စကြဝဠာနဲ့ကော ဘယ်လောက်ဝေးသေးလဲ.. မင်းတို့ဆီကို တိုက်ရိုက် သွားလို့ရောရလား”
ဤကြယ်တာရာစစ်သင်္ဘောသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ စစ်တပ်ထံမှ ရရှိထားခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဤစစ်သင်္ဘောဖြင့်သာ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ သွားရောက်ခဲ့မည်ဆိုလျှင် သူ၏ အထောက်အထားသည် ပေါ်ပေါက်သွားလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် ကျန်းချန်သည် ကြယ်စကြဝဠာသို့ အရင်သွားရန် ရည်ရွယ်ခဲ့ခြင်းပင်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာနှင့် ကြယ်စကြဝဠာတို့သည် အမြဲတစေ ရန်ဘက်များ ဖြစ်ခဲ့ကြသည်။
ကြယ်စကြဝဠာတွင် ကျင့်ကြံခြင်း ယဥ်ကျေးမှု မရှိသော်လည်း အလွန်တရာ အဆင့်မြင့်သည့် နည်းပညာယဥ်ကျေးမှု ရှိ၏။
ကြယ်စကြဝဠာသည် အင်အားကြီးမားသော အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကိုပင် နည်းပညာဖြင့် ခုခံနေကြသူများ ဖြစ်ရာ ၎င်းတို့၏ ခွန်အားသည် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသာ ကြယ်စကြဝဠာနှင့် ပူးပေါင်းနိုင်မည်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာကို ပြဿနာပေးရန် သေချာပေါက် ပိုမို လွယ်ကူသွားပေလိမ့်မည်။
“မရဘူး သခင်ကြီးကျန်းချန်.. ဘာလို့လဲဆိုတော့ ကြယ်စကြဝဠာကို သွားချင်ရင် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာကနေ မဖြစ်မနေ ဖြတ်သွားရမှာမို့လို့ပဲ.. တကယ်လို့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ပတ်ပြီးတော့သွားမယ် ဆိုရင် အချိန်အများကြီးကုန်မဲ့ အပြင် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာကလည်း ရိပ်မိသွားနိုင်တယ်”
ယီယွင်က ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။
ကြယ်စကြဝဠာသို့ အရင်သွားရောက်ပြီး ပူးပေါင်းဆောင်ရွက်မည့်အစီအစဥ်သည် ယာယီအားဖြင့် အချည်းအနှီးဖြစ်သွားပုံရသည်။
ယခုအခါတွင် သူက ခြေတစ်လှမ်းချင်းစီကို သတိထားရလိမ့်မည်ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာသို့ ရောက်ရှိသွားမှသာ ကျန်ကိစ္စများကို စဥ်းစားရပေတော့မည်။
“ဝုန်း..”
ကျန်းချန်က ယီယွင်ထံကနေ အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာ အကြောင်းကို ပိုမိုနားလည်ရန် မေးမြန်းနေစဥ်မှာပင် သူ့ရှေ့ရှိ ကြယ်တာရာကောင်းကင်ယံကနေ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်တို့ စီးလာသော ကြယ်တာရာ စစ်သင်္ဘောသည်ပင် တုန်ခါသွားခဲ့သည်။
“ဘာဖြစ်တာလဲ”
ကျန်းချန်က ရုတ်တရက် မှင်တက်သွားခဲ့သည်။
ကြယ်တာရာစစ်သင်္ဘောကို ထိန်းချုပ်နေသော ကြယ်စကြဝဠာမှ လူတစ်ဦးမှ ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။
“သခင်ကြီးကျန်းချန် အခြေအနေမကောင်းတော့ဘူး.. ကျွန်တော်တို့တွေ ကြယ်တာရာဓားပြတွေနဲ့ ထိပ်တိုက်တိုးမိပြီထင်တယ်”
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
“ကြယ်တာရာဓားပြအဖွဲ့ ဟုတ်လား”
“ကြယ်တာရာဓားပြတွေ ဆိုတာက သူတို့ရဲ့ နာမည်အတိုင်းပဲ ကြယ်တာရာကောင်းကင်ယံထဲမှာ လုယက်သတ်ဖြတ်နေတဲ့ ဓားပြတွေပါ သခင်ကြီးကျန်းချန်”
ယီယွင်က လေးနက်သော အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန် ရှင်းပြလိုက်သည်။
အဆုံးမဲ့ကြယ်တာရာကောင်းကင်ယံ ထဲတွင် စကြဝဠာပေါင်းများစွာ ရှိ၏။
စကြဝဠာတိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် မိမိ၏ စကြဝဠာတွင် ရှင်သန်ရန်ခက်ခဲသော လူတချို့ ရှိသည်။
ထိုလူများသည် ကြယ်တာရာကောင်းကင်ယံ ထဲသို့ ထွက်ပြေးခဲ့ကြပြီး တချို့ကမူ တူညီသော ယဥ်ကျေးမှုရှိသည့် အခြားစကြဝဠာများသို့ သွားရောက်ကြ၏။
ကျန်ရှိသော သူများကမူ ကြယ်တာရာ ကောင်းကင်ယံထဲမှာပင် နေထိုင်ကြသည်။
ထိုလူများသည် ကြယ်တာရာ ကောင်းကင်ယံထဲတွင် အရင်းအမြစ်များကို လုယက်ခြင်းဖြင့် ရှင်သန်နေကြသောကြောင့် ၎င်းတို့ကို ကြယ်တာရာ ဓားပြများဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
ကြယ်တာရာ ကောင်းကင်ယံထဲသို့ ထွက်ပြေးခဲ့သူများသည် အနည်းဆုံး နတ်ဘုရင်အဆင့် သို့မဟုတ် ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဥ်နိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြ၍ ကြယ်တာရာဓားပြများသည် အလွန်တရာပင် အစွမ်းထက်ကြသည်။
အထူးသဖြင့် ကြယ်တာရာ ဓားပြများသည် ကြယ်တာရာကောင်းကင်ယံတွင် စုစည်း၍ နေထိုင်ကြပြီး အင်အားစုများ ဖွဲ့စည်းထားတတ်ကြသည်။
စကြဝဠာများရှိ အချို့သော ထိပ်တန်း အင်အားစုများ ပင်လျှင် ကြယ်တာရာဓားပြများကို မယှဥ်နိုင်သည့် အခြေအနေမျိုး ရှိနေတတ်၏။
ယခုတစ်ကြိမ်တွင် သူတို့သည် ကံဆိုးစွာဖြင့် ကြယ်တာရာဓားပြများနှင့် ထိပ်တိုက် တိုးလိမ့်မည်ဟု ယီယွင်တို့ မထင်မှတ်ထားခဲ့ကြပေ။
ယီယွင်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် ကြယ်တာရာ ဓားပြများနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားခဲ့သည်။
ဤ ကြယ်တာရာဓားပြများ ဆိုသည်မှာ နတ်ဘုရားနယ်မြေ၏ ဟင်းလင်းပြင် ဓားပြများနှင့် အတူတူပင် ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ကြယ်တာရာကောင်းကင်ယံရှိ ကြယ်တာရာဓားပြများ၏ ခွန်အားသည် ဟင်းလင်းပြင်ဓားပြများထက် များစွာ သာလွန်နေခြင်းပင်။
“အပြင်ထွက်ပြီး ကြည့်ကြရအောင်”
ကျန်းချန်က တွေဝေမနေဘဲ ချက်ချင်းဆိုသလိုပင် ကြယ်တာရာ စစ်သင်္ဘော၏ ဦးပိုင်းဆီသို့ ဖျတ်ခနဲ ရောက်ရှိသွားခဲ့သည်။
ထိုအခါ မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ ကြယ်တာရာစစ်သင်္ဘောတစ်စီးသည် သူတို့ဆီသို့ ဦးတည်၍ မောင်းနှင်လာသည်ကို မြင်လိုက်ရ၏။
ထို ကြယ်တာရာစစ်သင်္ဘောသည် သွေးရောင်လွှမ်းနေပြီး အလျားမီတာတစ်ရာခန့် ရှိကာ ကျန်းချန်တို့ စစ်သင်္ဘောထက် များစွာ သေးငယ်သော်လည်း အရှိန်ကမူ အဆပေါင်းများစွာ ပို၍ မြန်ဆန်နေခဲ့သည်၊။
တစ်ခဏအတွင်းမှာပင် ထိုကြယ်တာရာ စစ်သင်္ဘောသည် ကျန်းချန်တို့နှင့် ပေတစ်ထောင်ခန့် အကွာအဝေးသို့ ရောက်ရှိလာခဲ့၏။
“ရှေ့က စစ်သင်္ဘောကလူတွေ...သွေးဓားပြအဖွဲ့ ရောက်လာပြီ.. မင်းတို့ လိမ်လိမ်မာမာ လက်နက်မချဘူး ဆိုရင် နောင်တကြီးကြီး ရသွားလိမ့်မယ်”
ကျန်းချန်က သူ့ရှေ့မှ သွေးရောင်ကြယ်တာရာ စစ်သင်္ဘောကို ကြည့်နေစဥ်မှာပင် အထက်စီးဆန်သော အေးစက်စက် စကားသံတစ်သံသည် ကြယ်တာရာကောင်းကင်ယံတွင် တိုက်ရိုက်ပဲ့တင်ထပ်သွားခဲ့၏။
ထိုအသံနှင့်အတူ ကပ်ဘေး အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် အစွမ်းထက် အရှိန်အဝါတစ်ခုသည် သွေးရောင်စစ်သင်္ဘောထံကနေ ပျံ့နှံ့လာခဲ့သည်။
ကြောက်မက်ဖွယ် အရှိန်အဝါကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အနည်းငယ်မျှပင် ထိခိုက်မှုမရှိဘဲ ကြယ်တာရာစစ်သင်္ဘော၏ ဦးပိုင်းတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူက သွေးရောင်စစ်သင်္ဘောကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
အကြောင်းရင်းမှာ သွေးရောင်စစ်သင်္ဘော၏ အတွင်းဘက်ရှိ ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါသည် သွေးနတ်ဆိုးဂိုဏ်းမှ လူများနှင့် အလွန်တရာ ဆင်တူနေသောကြောင့်ပင်။
သွေးနတ်ဆိုးဂိုဏ်းမှ ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးသည် ကြယ်တာရာဓားပြ တစ်ဦး မည်ကဲ့သို့ ဖြစ်လာရပါသနည်း။
“သခင်ကြီးကျန်းချန်.. ကျွန်တော် ဒီသွေးဓားပြအဖွဲ့နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ကြားဖူးတယ်...သူတို့ရဲ့ ခေါင်းဆောင် ရွှယ်ချန်ကျဲက အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက် တစ်ယောက်ပဲ.. သူက သွေးနတ်ဆိုးဂိုဏ်းရဲ့လက်ကနေ လွတ်မြောက်အောင် ကြယ်တာရာကောင်းကင်ယံထဲကို ထွက်ပြေးလာခဲ့ပြီး ကြယ်တာရာဓားပြ ဖြစ်လာခဲ့တာပဲ.. ကျွန်တော် သိသလောက်တော့ ရွှယ်ချန်ကျဲက အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာမှာရှိစဥ်က နာမည်ကျော်ကြားတဲ့ ကပ်ဘေးအဆင့် ပါရမီရှင် တစ်ယောက်ဖြစ်ခဲ့တယ်.. သူ့ရဲ့ခွန်အားကလည်း အရမ်းကို ကြောက်စရာ ကောင်းတယ်”
ထိုအချိန်တွင် ကျန်းချန်၏ အနောက်ဘက်တွင် ရပ်နေသော ယီယွင်က အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
“ဒီလူက သွေးနတ်ဆိုးဂိုဏ်းက လူတစ်ယောက် ဖြစ်နေတာကိုး”
တစ်ဖက်မှ သွေးရောင်စစ်သင်္ဘောကို ကြည့်ရင်း ကျန်းချန် ခပ်ယဲ့ယဲ့ ပြုံးမိလိုက်သည်။
ကြည့်ရသည်မှာ သူနှင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ သွေးနတ်ဆိုးဂိုဏ်းသည် အတော်လေး ရေစက်ပါပုံရ၏။
တစ်ချိန်တည်းမှာပင် သွေးရောင်စစ်သင်္ဘော အတွင်းရှိ သွေးရောင်ဆံပင်နှင့် ပိန်ပါးပါး အမျိုးသားတစ်ဦး၏အကြည့်သည် ကြယ်တာရာကောင်းကင်ယံကို ဖောက်ထွင်းသွားခဲ့ပြီး ကြယ်တာရာ စစ်သင်္ဘော၏ ဦးပိုင်းတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန် ဆီသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဤပိန်ပါးပါး အမျိုးသားသည် သွေးဓားပြအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည့် ရွှယ်ချန်ကျဲပင် ဖြစ်သည်။
“ခေါင်းဆောင် ဘာဖြစ်လို့လဲ”
ရွှယ်ချန်ကျဲ၏ နံဘေးရှိ ကပ်ဘေး အစောပိုင်းအဆင့် ကျင့်ကြံသူက မေးလိုက်သည်။
ရွှယ်ချန်ကျဲက သူ၏ မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“ဒီကြယ်တာရာစစ်သင်္ဘောက သာမန်တော့ ဟုတ်ပုံမရဘူး”
သွေးနတ်ဆိုးဂိုဏ်း၏ အထွတ်အထိပ် ဂိုဏ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည့် အလျောက် ရွှယ်ချန်ကျဲ၏ ပါရမီနှင့် ခွန်အားသည် အလွန်တရာပင် ကြီးမားလှ၏။
ဤနှစ်များအတွင်း သူက ကြယ်တာရာ ကောင်းကင်ယံတွင် သွားလာနေသော စစ်သင်္ဘောများကို လုယက်၍ အရင်းအမြစ်များ လုယူကာ အားသွန်ခွန်စိုက် ကျင့်ကြံခဲ့သည်။
ယခုအခါတွင် သူ၏ ခွန်အားသည် ကပ်ဘေး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီး မဟာယာနအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
သို့သော်လည်း တစ်ဖက်ရှိ ကြယ်တာရာ စစ်သင်္ဘောပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူ၏ အရှိန်အဝါဖိအားကို အလွယ်တကူ ဟန့်တားနိုင်သည် ဖြစ်ရာ သေချာပေါက် သာမန်လူတစ်ဦး မဟုတ်သည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။
အခန်း(၂၄၇၇)ပြီး၏။
***