“ခေါင်းဆောင်ကလည်း ကြယ်တာရာစစ်သင်္ဘောကို ကြယ်တာရာကောင်းကင်ယံမှာ မောင်းနှင်နိုင်မှတော့ သာမန်လူတော့ ဘယ်ဟုတ်ပါ့မလဲ”
ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ရွှယ်ချန်ကျဲကို ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့သည်။
“ပြီးခဲ့တဲ့တစ်ခေါက်က သွေးနတ်ဆိုးဂိုဏ်းက အမဲလိုက်တာကို ခံရပြီးကတည်းက ကြယ်တာရာကောင်းကင်ယံမှာ အချိန်အတော်ကြာ ပုန်းနေခဲ့ရတယ်.. ကျွန်တော်တို့တွေ ဓားပြမတိုက်တာတောင် အတော်ကြာသွားခဲ့ပြီ.. ဒီတစ်ကြိမ်တော့ ရှေ့က စစ်သင်္ဘောကနေ အရင်းအမြစ်တွေ ကျွန်တော်တို့ လုယူကြတာပေါ့”
ရွှယ်ချန်ကျဲ၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ သွေးဓားပြ အဖွဲ့တွင် စုစုပေါင်း လူတစ်ဆယ့်တစ်ယောက်ရှိ၏။
ထိုတစ်ဆယ့်တစ်ယောက်အနက် ကပ်ဘေးနှောင်းပိုင်းအဆင့်နှစ်ဦး၊ ကပ်ဘေး အလယ်အလတ်အဆင့် သုံးဦးနှင့် ကပ်ဘေး အစောပိုင်းအဆင့် ငါးဦးတို့ ပါဝင်ကြသည်။
ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် သူနှင့် ပေါင်းစပ်လိုက်လျှင် ခြေလှမ်းတစ်ဝက် မဟာယာနအဆင့် ကျင့်ကြံသူ အချို့နှင့် ရင်ဆိုင်ရလျှင်ပင် ပြန်လည်ရင်ဆိုင်နိုင်စွမ်း ရှိနေခဲ့သည်။
ဆိုရလျှင် မဟာယာနအဆင့် ကျင့်ကြံသူနှင့် မတွေ့သရွေ့ သာမန် ကျင့်ကြံသူများသည် သူတို့ကို ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး မဟာယာနအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
အကယ်၍ မဟာယာနအဆင့်သို့ ထိုးဖောက်လိုလျှင် ကျင့်ကြံခြင်း အရင်းအမြစ် အများအပြားကို မဖြစ်မနေ လိုအပ်ပေလိမ့်မည်။
ဤကြယ်တာရာ ကောင်းကင်ယံတွင် အရင်းအမြစ်များ ရရှိရန် သူတို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဓားပြတိုက်ခြင်းပင် ဖြစ်၏။
ထို့ကြောင့် သူ့ရှေ့မှ ကြယ်တာရာ စစ်သင်္ဘောက အနည်းငယ်လျှို့ဝှက်ဆန်းကြယ်နေသော်လည်း ရွှယ်ချန်ကျဲသည် အလွယ်တကူ လက်လျှော့ရန် တွေးမထားခဲ့ပေ။
မည်သို့ပင် ဖြစ်စေကာမူ သူက အရင်းအမြစ်များကို လုယက်ပြီး မဟာယာန အဆင့်သို့ အမြန်ဆုံး ထိုးဖောက်နိုင်ရန် ကြိုးစားရပေမည်။
မဟာယာနအဆင့်ကို ထိုးဖောက်နိုင်မှသာလျှင် သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို ကြောက်နေစရာ မလိုတော့ဘဲ ကြယ်တာရာကောင်းကင်ယံကို ကြွက်တစ်ကောင်လို ပုန်းအောင်းနေစရာ မလိုတော့မည် ဖြစ်၏။
ထိုအချိန်သို့ရောက်လျှင် သူ ဆုံးရှုံးခဲ့သမျှ အရာများကို ရယူရန် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ သွေးနတ်ဆိုးဂိုဏ်းသို့ ပြန်သွားရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ဤသို့ဖြင့် ရွှယ်ချန်ကျဲသည် ကပ်ဘေး အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးကို ကြယ်တာရာ စစ်သင်္ဘောတွင် အစောင့်အဖြစ် ထားရစ်ခဲ့ပြီး ကျန်ကိုးဦးကို ဦးဆောင်ကာ ကျန်းချန်တို့ သင်္ဘောနားသို့ ရောက်လာခဲ့သည်။
“ကောင်လေး လိမ်လိမ်မာမာ လက်နက်ချလိုက်စမ်း.. ပြီးရင် အဲဒီ ကြယ်တာရာစစ်သင်္ဘောကို ငါ့ဆီ လွှဲပေးလိုက်.. ဒီလိုဆိုရင်တော့ မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်”
ကျန်းချန်တို့ ကြယ်တာရာစစ်သင်္ဘော အနားသို့ ရောက်ရှိလာပြီးနောက်တွင် ရွှယ်ချန်ကျဲ၏ အေးစက်စက် စကားသံသည် ကြယ်တာရာကောင်းကင်ယံ ထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေရင်း ရွှယ်ချန်ကျဲကို အေးစက်စက် ကြည့်လိုက်၏။
“ရွှယ်ချန်ကျဲ.. မင်းလို သွေးနတ်ဆိုးဂိုဏ်းရဲ့ သစ္စာဖောက် တစ်ယောက်က ငါ့ရဲ့ ကြယ်တာရာစစ်သင်္ဘောကို လုယက်ဖို့ အရည်အချင်း မပြည့်မီသေးဘူး”
“မင်း.. မင်းက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာက လူလား”
ရွှယ်ချန်ကျဲက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြင်းထန်သော လူသတ်ငွေ့များသည် သူ၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
ထိုကောင်လေးသည် သူ၏ အထောက်အထားကို တစ်ချက်ကြည့်ရုံဖြင့် သိနေပုံထောက်လျှင် ထိုကောင်လေးသည်လည်း အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ လူဖြစ်ရန် အလွန်များသည်။
အကယ်၍ ထိုကောင်လေးသာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာမှ အမှန်တကယ် ဖြစ်နေလျှင် သူ့အနေဖြင့် အသက်ရှင်လျက် ထွက်သွားခွင့် ပေး၍ မဖြစ်နိုင်ပေ။
သို့မဟုတ်လျှင် ထိုကောင်လေးသာ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသို့ ပြန်လည် ရောက်ရှိသွားပြီး သူတို့ရှိနေသည့် နေရာကို သွေးနတ်ဆိုးဂိုဏ်းဆီ ဖောက်သည် ချလိုက်လျှင် သူ့အနေဖြင့် ကြယ်တာရာကောင်းကင်ယံတွင် ထပ်မံ ထွက်ပြေး၍ ပုန်းအောင်းနေရဦးမည် မဟုတ်ပါလော။
“မလောက်လေး မလောက်စားလေးကများ.. ငါတို့ သွေးဓားပြအဖွဲ့ရှေ့မှာ ဟန်ရေးလာပြနေတယ်.. သေဖို့သာ ပြင်ထားလိုက်တော့”
ကပ်ဘေးအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ရွှယ်ချန်ကျဲ၏ အနောက်ကနေ ရှေ့သို့လှမ်းထွက်လာခဲ့သည်။
သူက ကျန်းချန်ကို သတ်ဖြတ်ရန်အတွက် လျင်မြန်စွာ ပြေးဝင်လာခဲ့၏။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပင် လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ပြီး လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။
“သတိထား”
ရွှယ်ချန်ကျဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် သတိပေးလိုက်သည်။
သို့သော်လည်း အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။
ကျန်းချန်က သူ၏ လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်နှင့် တစ်ပြိုင်နက် ကပ်ဘေးအစောပိုင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ကြယ်တာရာကောင်းကင်ယံတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး ဝုန်းခနဲမြည်သံနှင့် အတူ ပေါက်ကွဲသွားခဲ့ကာ သွေးမြူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူတို့ရှေ့မှ ရုတ်တရက် ဖြစ်ပျက်သွားသော မြင်ကွင်းကို မြင်လျှင် ရွှယ်ချန်ကျဲနှင့် အခြားသူများသည် မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
သူတို့ရှေ့မှ လူသည် ကပ်ဘေးအဆင့် ကျင့်ကြံသူကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် အသာအယာ သတ်ဖြတ်လိုက်သည် မဟုတ်ပါလား။
ဆိုရလျှင် သူ့ရှေ့မှ ကောင်လေးသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်ဂိုဏ်းကြီးများမှ ပါရမီရှင်တပည့် တစ်ဦး ဖြစ်နိုင်လောက်၏။
“ငါ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို မပြန်ဖြစ်တာ အတော်ကြာပြီဆိုတော့ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ မင်းလို ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. မင်းက ဘယ်ဂိုဏ်းက ပါရမီရှင်လဲ”
ရွှယ်ချန်ကျဲက သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ငါက အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကလူ မဟုတ်ဘူး”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းကို ငါ အခွင့်အရေးတစ်ခုပေးမယ်.. ငါ့ဆီမှာ အညံ့ခံလိုက်ပါ.. ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်”
ရွှယ်ချန်ကျဲသည် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အထွတ်အထိပ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲက သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ထို့ကြောင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ အခြေအနေကို အလွန်ကောင်းမွန်စွာ နားလည်ထားမည်မှာ ထင်ရှားနေခဲ့၏။
အကယ်၍ ရွှယ်ချန်ကျဲကိုသာ သူ၏ လက်အောက်တွင် ခေါ်ထားနိုင်ခဲ့လျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာထဲသို့ ရောနှောဝင်ရောက်ရန် အတွက် ကြီးမားသော အထောက်အကူဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
ထို့အပြင် ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက်တစ်ဦး ဖြစ်ရာ ရွှယ်ချန်ကျဲနှင့် သွေးနတ်ဆိုးဂိုဏ်းတို့ကြားတွင် မပြေလည်နိုင်သော ရန်ငြိုးများ ရှိနေမည်မှာ သေချာသလောက်ပင်။
ထို့ကြောင့် သူ့အနေဖြင့် သွေးနတ်ဆိုးဂိုဏ်းကို ထိန်းချုပ်ရန်အတွက် ရွှယ်ချန်ကျဲကို အသုံးချနိုင်၏။
ပြီးခဲ့သည့် တစ်ခေါက်က နတ်ဘုရားနယ်မြေသို့ စစ်ချီလာသော စစ်တပ်ကို သွေးနတ်ဆိုးဂိုဏ်းက ဦးဆောင်လာပုံရသည်။
အကယ်၍ သွေးနတ်ဆိုးဂိုဏ်းကိုသာ ထိန်းထားနိုင်မည် ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ နတ်ဘုရားနယ်မြေအပေါ် တိုက်ခိုက်လာမှုကို ဟန့်တားနိုင်ပေလိမ့်မည်ဖြစ်၏။
“ဟမ့်.. မင်းလို မလောက်လေးမလောက်စားကောင်ကများ.. ငါ့ကို အညံ့ခံခိုင်းချင်နေသေးတယ်.. အိပ်မက်သာ မက်နေလိုက်”
ရွှယ်ချန်ကျဲက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး ကျန်းချန်ကို သတ်ဖြတ်ရန် အတွက် ပျံသန်းလာခဲ့သည်။
“သွေးသတ်ဖြတ်ခြင်း လက်ဝါးသိုင်း”
ရွှယ်ချန်ကျဲ၏ သွေးရောင်ဆံပင်များက လေထဲတွင် လွင့်ပျံနေခဲ့သည်။
သူက ကပ်ဘေး အထွတ်အထိပ်အဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ထိုစွမ်းအားများသည် ဧရာမ လက်ဝါးကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် တို့ကို လွှမ်းခြုံသွားခဲ့သည်။
ထိုခဏဝယ် ကောင်းကင်ယံ တစ်ခုလုံးတွင် သွေးရောင်အလင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး သွေးအရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော သွေးအလင်းများ၏ အောက်တွင် ကျန်းချန်နှင့် ၎င်း၏ကြယ်တာရာစစ်သင်္ဘောသည် လွှမ်းခြုံခံလိုက်ရ၏။
“ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ်”
ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ရွှေရောင်တောက်ပသော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။
ရွှေရောင်စည်းတံဆိပ်က ကြယ်တာရာ ကောင်းကင်ယံတွင် လျင်မြန်စွာ ကြီးထွားလာခဲ့ပြီး အဆုံးသတ်တွင် ရွှေရောင်နတ်တောင်ကြီး တစ်တောင် အလား ဖြစ်သွားခဲ့သည်။
ထိုရွှေရောင်နတ်တောင်ကြီးသည် ကျန်းချန် တို့ကို လွှမ်းခြုံထားသော သွေးရောင်အလင်းများကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
“ဝုန်း..”
အလွန်တရာ အစွမ်းထက်သော စွမ်းအားနှစ်ခုသည် ကြယ်တာရာကောင်းကင်ယံတွင် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
ကျန်းချန်က ကြယ်တာရာစစ်သင်္ဘော ပေါ်တွင် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေဆဲ ဖြစ်သော်လည်း တစ်ဖက်မှ ရွှယ်ချန်ကျဲကမူ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ကြယ်တာရာကောင်းကင်ယံတွင် ခြေလှမ်းပေါင်း ရာချီ နောက်သို့ ဆုတ်သွားခဲ့ရသည်။
ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကိုကြည့်ကာ ရွှယ်ချန်ကျဲ၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
“မင်း မင်းဘယ်သူလဲ”
တိုက်ကွက် တစ်ကွက်တည်းဖြင့်ပင် ကပ်ဘေးအထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသည့် သူ့ကို ဤမျှ အထိ ဖိအားပေးနိုင်သည်မှာ အနည်းဆုံး မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူ သာလျှင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
သူ့ရှေ့မှ အလွန် ငယ်ရွယ်ပုံရသော အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပါသလော။
“ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးကို ကြည့်လျှင်ပင် မဟာယာနတစ်ပိုင်း အဆင့်ကို ရောက်ရှိနေသည့် လူငယ်ပါရမီရှင် ဆိုသည်မှာ လက်ချိုးရေတွက်၍ပင် ရသည်။
ကျန်းချန်က ရွှယ်ချန်ကျဲ၏ မေးခွန်းကို ပြန်မဖြေဘဲ စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် စကားသံသည် ကြယ်တာရာကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
“နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးမယ် အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား”
သူ့ရှေ့မှ ရွှယ်ချန်ကျဲ၏ ခွန်အားသည် လုံးဝအားမနည်းသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က သူရင်ဆိုင်ခဲ့ရသည့် မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူနှင့် ယှဥ်လျှင်မူ အားနည်းနေခဲ့သည်။
ထိုစဥ်က နတ်ဘုရင် အစောပိုင်းအဆင့်တွင်သာ ရှိသေး၍ မဟာယာနတစ်ပိုင်းအဆင့် ကျင့်ကြံသူကို မနည်းပင် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။
ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေပြီဖြစ်ရာ သူ၏ခွန်အားသည်လွန်ခဲ့သော နှစ်အနည်းငယ်ကထက် များစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ရွှယ်ချန်ကျဲသည် သူ၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
“ကောင်လေး.. မင်းက အရမ်းအစွမ်းထက်တယ် ဆိုပြီး သိပ်အနိုင်မကျင့်စမ်းပါနဲ့”
ရွှယ်ချန်ကျဲက သုန်မှုန်သော အမူအရာဖြင့် ပြောလိုက်သည်။
“ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင် ဘယ်လိုသဘောရလဲ.. ငါတို့ သွေးဓားပြအဖွဲ့က မင်းအနိုင်ကျင့်ချင်တိုင်း ကျင့်လို့ရတဲ့ အဖွဲ့ မဟုတ်ဘူး.. မင်းသာ င့ါကို အတင်းအကျပ် ဖိအားပေးနေမယ်ဆိုရင် အဲဒီအတွက် မင်းကိုယ်တိုင် ကြီးမားတဲ့ အဖိုးအခတစ်ခုကို ပေးဆပ်ရလိမ့်မယ်လို့ ငါကတိပေးတယ်”
အခန်း(၂၄၇၈)ပြီး၏။
***