နေမင်းကြီး ဝင်ရောက်သွားသည်နှင့်အမျှ အချိန်တို့သည် တရိပ်ရိပ် ကုန်လွန်သွားကာ နောက်တစ်နေ့ ညနေခင်းသို့ပင် ရောက်လာခဲ့သည်။ ယွမ်ကျိုးသည် တစ်နေ့တာလုံး မည်သည့် ငါးဟင်းလျာမှမချက်ခဲ့ပေ။ သူသည် ယနေ့ညနေကျင်းပမည့် ပွဲအခမ်းပနားအား စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ထုံးစံအတိုင်းပင် ကျိုးရှီကျဲနှင့် ချူရှောင်၏ အရိပ်အယောင်မျှ မတွေ့ရသေးခင်မှာပင် ယွမ်ကျိုးသည် ဆိုင်ရှေ့တွင် ညစာမရောက်ခင် ဟင်းလျာအသစ်ရမည်ဟူသော ဆိုင်းဘုတ်တစ်ခုကို နေရာချပြီးလေသည်။
မည်သို့ပင်ဆိုစေကာ ထိုဟင်းလျာသည် ချူရှောင် တစ်ယောက်တည်းအတွက် သီးသန့် ဖန်တီးထားခြင်းတော့ မဟုတ်ပေ။ ယွမ်ကျိုး၏ တင်းကျပ်လှသော စည်းမျဉ်းများနှင့် ကိုက်ညီသော မည်သည့် ဖောက်သည်မဆို မှာယူမြည်းစမ်းနိုင်ခွင့် ရှိသည်။
"သူ... သူဌေး! ဒါ... ဒါက ဟင်းအသစ်ရဲ့ ဈေးနှုန်းလား" ကျိုးကျားတစ်ယောက် နံရံဆီသို့ လက်ညှိုးကို တုန်တုန်ယင်ယင် ထိုးကာ အံ့ဩတကြီးမေးလာသည်။
ယွမ်ကျိုးသည် တည်ငြိမ်စွာပင် ခေါင်းညိတ်ပြလိုက်သည်။ "အင်း"
"တ... တကယ်ကြီးပေါ့" ကျိုးကျားမှာ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကာ ယွမ်ကျိုးအား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။ နံရံပေါ်ရှိ စာသားများမှာ သူမမျက်လုံးကို ကျိန်းစပ်သွားစေသည်။
စပါယ်ရှယ်ငါးဟင်းလျာ ညစာစားပွဲအတွက် အထူးဈေးနှုန်း - တစ်ပွဲလျှင် ၃၈,၈၈၀ ယွမ် (မှတ်ချက်- ဒီပွဲမှာ ဟင်းလျာ စုစုပေါင်း (၁၀) မျိုးပါဝင်တယ် ပွဲအခမ်းအနားကျင်းပဖို့ သင့်လျော်လို့ ပွဲကျင်းပမှာပဲ မှာယူနိုင်ပါမယ်၊ အစားအစာတွေကို ဖြုန်းတီးခြင်း မပြုရ)
ကျိုးကျားမှာ သူမ တစ်သက်လုံး ဤမျှ ဈေးကြီးလွန်းလှသော ဟင်းပွဲမျိုးကို စားသောက်ခွင့်ရမည် မထင်မိချေ။ သို့ရာတွင် ဖီးနစ်မြီးပုစွန်ဟင်း တစ်ပွဲတည်းပင် ၁,၂၈၈ယွမ်ပေးရသော ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ဤဈေးနှုန်းမှာ အဆန်းတကြယ်မဟုတ်လှပေ။ ဟင်းလျာ ဆယ်မျိုးပင် ပါဝင်သောကြောင့် ပျမ်းမျှ ပြန်တွက်ကြည့်လျှင် တန်သည်ဟုပင် ဆိုရမလို ဖြစ်နေသည်။
"အင်း..." နံရံပေါ်မှ အထူးဈေးနှုန်း ဟူသော စာလုံးကို ကြည့်ကာ ယွမ်ကျိုးတစ်ယောက် ရင်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်သွားရသော်လည်း အပြင်ပန်းတွင် တည်ငြိမ်အေးဆေးသော အမူအရာကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားလိုက်သည်။
"နောက်ဆုံးမှာ ရေးထားတဲ့ မှတ်ချက်က ဘာကို ဆိုလိုတာလဲဟင်" ကျိုးကျားက အလေးအနက် မေးမြန်းလာသည်။
သူမ ဤမတန်တဆ မြင့်မားလှသော ဈေးနှုန်းကို လက်ခံလိုက်နိုင်ပြီးနောက် ဖောက်သည်များအား ကျေနပ်လောက်သော အဖြေများ ပေးစွမ်းနိုင်ရန် သူမအနေဖြင့် အခြားသော အချက်အလက်များကိုပါ ပြည့်ပြည့်စုံစုံ နားလည်ထားရန် လိုအပ်ပေသည်။
"မွေးနေ့၊ အရေးကြီးတဲ့ ဧည့်ခံပွဲတွေ၊ သက်ကြီးရွယ်အိုတွေအတွက် မွေးနေ့ဆုတောင်းပွဲတွေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ ညစာစားပွဲတွေလိုပေါ့" ယွမ်ကျိုးသည် သူတွေးမိသမျှ အရေးကြီးသော ပွဲတော်အားလုံးကို ရှင်းပြလိုက်သည်။
"အွန်း... ဟုတ်ပြီ၊ ကျွန်မ နားလည်ပြီ" ကျိုးကျားက ခေါင်းကိုလေးနက်စွာ ညိတ်ကာ မှတ်သားလိုက်သည်။
"နောက်မှ မှာတဲ့သူရှိရင် ငါ့ကို သီးသန့် လာပြောပေးပါ"
"ဟုတ်ကဲ့၊ ကျွန်မ သွားပြီး တံခါးအရင် ဖွင့်လိုက်ဦးမယ်နော်" ကျိုးကျားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"သွားလေ" ယွမ်ကျိုးသည် ခွင့်ပြုလိုက်ပြီးနောက် ပါဝင်ပစ္စည်းများကို ချက်ချင်း စတင်ပြင်ဆင်တော့သည်။
"အားလုံးပဲ... စားသောက်ရမယ့် အချိန် ရောက်ပါပြီရှင်၊ ကျေးဇူးပြုပြီး ဆိုင်ထဲကို ဝင်ရောက် သုံးဆောင်နိုင်ပါပြီ" တံခါးအပြင်ဘက်တွသ် ကျိုးကျား၏ သာယာကြည်လင်သောအသံမှာ အထဲထိတိုင်ပဲ့တင်ထပ်လာသည်။
ထိုအချိန်တွင် ယွမ်ကျိုးက တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကဲ... လာစမ်း၊ ငါ့ပိုက်ဆံတွေ ပိုက်ဆံပုံးထဲ ထည့်ရတော့မယ်၊ အထူးဈေးနှုန်း ဖြစ်နေလို့သာ တော်သေးတာပေါ့ မဟုတ်ရင် ငါကိုယ်တိုင် စားရတဲ့အချိန် ဘယ်လောက်တောင် ရင်နာရမလဲမသိဘူး"
ထိုသို့ တွေးတောကာ ယွမ်ကျိုးသည် ၃၈,၈၈၀ယွမ် တန်ဖိုးရှိသော ငွေများကို ပိုက်ဆံပုံးအတွင်းသို့ ထည့်သွင်းလိုက်လေသည်။
သူသည် ငွေသား ကိုင်တွယ်ရသည်ကို ပို နှစ်သက်သူဖြစ်သည်။ အဘယ့်ကြောင့်ဆို သူ့ စိတ်အခြေအနေ မကောင်းသောအချိန်များတွင် ထိုငွေများကို ရေတွက်ကာ သူ့ကိုယ်သူ နှစ်သိမ့်နိုင်သောကြောင့်ပင်။
"ဆရာ... ဒီလူက တော်တော်လေး မောက်မာတာပဲ၊ သူက ကျွန်တော်တို့ကို ဒကာခံမယ်လို့ ကတိပေးထားပြီးမှ ဘာလို့ ကျွန်တော်တို့က အပြင်မှာ တန်းစီနေရဦးမှာလဲ"
ထိုမကျေမနပ် ညည်းတွားလိုက်သူမှာ ကျိုးရှီကျဲ ခေါ်ဆောင်လာသော တပည့်နှစ်ယောက်ထဲမှ အစွမ်းအကြီးဆုံးဖြစ်သည့် လျူထုန်ပင် ဖြစ်လေသည်။
လျူထုန်သည် အသက် ၂၅နှစ်သာ ရှိသေးသည်။ သူသည် အပြာနုရောင် အနောက်တိုင်းဝတ်စုံကို အဖြူရောင်ရှပ်အင်္ကျီ၊ အရောင်ဖျော့ဖျော့ ဘောင်းဘီတို့နှင့် သပ်ရပ်စွာ တွဲဖက် ဝတ်ဆင်ထားသည်။ သူ့ ဆံပင်များမှာ ဖြူကောင်များ၏ ဆူးများအလား ထောင်မတ်နေလေသည်။ သူသည် တက်ကြွသေည် စရိုက်ရှိကာ ပွင့်ပွင့်လင်းလင်း ပြောတတ်သော်လည်း မည်သို့ ပြုမူနေထိုင်ရမည်ကိုလည်း နားလည်သူဖြစ်သည်။
သူ့ အရှေ့တွင် ရှိနေသူမှာ သူ၏ အကြီးဆုံး ဂိုဏ်းတူအစ်ကိုဖြစ်သူ လီမင်ဟွေ့ ဖြစ်သည်။ ၎င်းသည် ကျိုးရှီကျဲနောက်သို့ လိုက်ကာ ဟင်းချက်ပညာကို ပထမဆုံး သင်ယူခဲ့သူဖြစ်ပြီး တည်ငြိမ်ရင့်ကျက်ပုံပေါ်ကာ စီနီယာတစ်ယောက်ပမာ အားထားရမည့် ပုံပေါ်လေသည်။ ၎င်းသည် အရပ်မရှည်လွန်း၊ မပုလွန်းလှဘဲ အနက်ရောင် အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည်။ လျူထုန်၏ စကားကို ကြားသောအခါ လီမင်ဟွေ့ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မပြသော်လည်း သူ့ရင်ထဲတွင်တော့ လျူထုန်၏ စကားကို ရာနှုန်းပြည့် ထောက်ခံနေမိသည်။
မည်သူကပင် ဧည့်ခံသည်ဖြစ်စေ ဖိတ်စာကိုဝောာင် ကြိုတင်၍ ရိုသေလေးစားစွာ ပေးပို့လေ့ရှိကြသည်။
"ဒါက သူ့ စည်းမျဉ်းပဲလေ" ချူရှောင်က လက်ကိုပိုက်ထားလျက် အေးဆေးစွာပင် ရပ်နေကာ ဝင်ပြောလိုက်သည်။
"ဘာ စည်းမျဉ်းတွေလဲ ဆရာချူ... ခင်ဗျား ဒီစားဖိုမှူးကို သိလို့လား" လျူထုန်သည် ချက်ချင်းပင် အနားသို့ ကပ်လာကာ မေးလိုက်သည်။
"ဆရာချူ... သူ့ကို သိတာလား" လီမင်ဟွေ့သည်လည်း မနေနိုင်ဘဲ ဝင်မေးလိုက်သည်။
၎င်းတို့ ဆရာဖြစ်သူ ကျိုးရှီကျဲမှလွဲ၍ ၎င်းတို့အလေးစားဆုံးသူမှာ ချူရှောင် ဖြစ်သည်။ ယခုအခါ သူသည် ထိုသို့ဝင်ပြောလာသောအခါ ၎င်းတို့အနေဖြင့် ပိုလို့ပင်စိတ်၀င်စားမိသွားသည်။
"ဟင့်အင်း... မသိဘူး" ချူရှောင်သည် ငြင်းဆိုလာသည်။
အမှန်တကယ် ဆိုရလျှင် ၎င်းတို့ အချင်းချင်း သိပင်မသိကြချေ။ ၎င်းတို့သည် လက်ဆွဲနှုတ်ဆက်ခြင်းနှင့် ကိုယ့်ကိုယ်ကို မိတ်ဆက်ခြင်းကဲ့သို့သော အရာမျိုးကိုပင် ပြုလုပ်ခဲ့ဖူးခြင်း မရှိကြပေ။
"ဒီလူ့ဆီမှာ တော်တော် ရိုင်းစိုင်းတဲ့ စည်းမျဉ်းတွေ ရှိတာပဲ၊ သူက ကျွန်တော်တို့ကို ဧည့်ခံမယ်ပြောပြီး ဒီမှာတန်းစီနေရသေးတယ်" လျူထုံက နှုတ်ခမ်းမဲ့လျက် မကျေမနပ် ထပ်ပြောပြန်သည်။
"သူက တကယ်ကို ရိုသေမှုမရှိတာပဲ" လီမင်ဟွေ့လည်း အခြားဖောက်သည်များမှာ ဆိုင်ထဲတွင် စတင်စားသောက်နေကြသည်ကို မြင်လိုက်ရသောအခါ ခေါင်းညိတ်ကာ ထောက်ခံလိုက်လေသည်။
"မင်းတို့ ပြန်လို့ရတယ်" ချူရှောင်သည် မျက်နှာသေဖြင့် ပြောလာသည်။
"အာ..." ထိုစကားတစ်ခွန်းတည်းဖြင့်ပင် ချူရှောင်သည် လျူထုန်နှင့် လီမင်ဟွေ့တို့ နှစ်ယောက်အား ဆက်မညည်းညူရဲတော့စေပဲ ပါးစပ်ပိတ်သွားစေခဲ့သည်။
"တော်ကြစမ်းပါ၊ မင်းတို့ကောင်တွေမှာ သည်းခံစိတ် နည်းနည်းလေးတောင် မရှိကြဘူးလား၊ ရိုင်းရိုင်းစိုင်းစိုင်းတွေ မပြောကြနဲ့" ကျိုးရှီကျဲသည် မျက်မှောင်ကြုတ်ကာ မကျေနပ်သော လေသံဖြင့် ဟန့်တားလာသည်။
"ကျွန်တော်တို့က မရိုင်းပါဘူး၊ ဒီအတိုင်း သူ့အကျင့်က တော်တော်လေး ထူးခြားတယ်လို့ ခံစားရလို့ပါ" လီမင်ဟွေ့ အချိန်အတော်ကြာ စဉ်းစားပြီးနောက်မှ အခြေအနေကို ပြန်လည်ထိန်းနိုင်မည့် စကားအချို့ကို ထုတ်ပြောလိုက်သည်။
"ယွမ်ကျိုးရဲ့ စားသောက်ဆိုင်မှာ စည်းမျဉ်းတွေက အမြဲတမ်း ရှိတာ၊ သူက စားသောက်ချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ဟင်းမချက်ဘူး၊ ပြီးတော့ ဒီမှာ စားချင်ရင် လူတိုင်း တန်းစီရမယ်၊ နောက်ကျမှ လာရင် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ဖို့ကလွဲလို့ တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး" ကျိုးရှီကျဲသည် သူ့တပည့်များအား ဆုံးမလိုက်သည်။
"တောင်းပန်ပါတယ် ဆရာ" လီမင်ဟွေ့မှာ အသက် ၄၀ခန့် ရှိနေပြီ ဖြစ်သည်။ သူသည် ဆရာဖြစ်သူ၏ အပြစ်တင်စကားကို ကြားသည်နှင့် ချက်ချင်းပင် ခေါင်းကာငုံ့တောင်းပန်လိုက်သည်။ သို့သော် ဤတောင်းပန်စကားမှာ သူ့ဆရာ ကျိုးရှီကျဲကိုသာ တောင်းပန်ခြင်းဖြစ်ပြီး ယွမ်ကျိုးကို တောင်းပန်ခြင်း မဟုတ်ပေ။
အခြားတစ်ဖက်တွင် လျူထုန်လည်း အရှုံးပေးကာ သူ၏ အမှားကို ဝန်ခံလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် ဆရာ၏ စကားကို နာခံရမည် ဖြစ်သည်။ သို့သော် သူ့စိတ်တွင် ယွမ်ကျိုးအပေါ် ယခင်ကထက်ပင် ပို၍အမြင်မကြည် ဖြစ်သွားသည်။
"ဒီလူက ဘယ်လိုလူလဲ၊ သူက ငါတို့ကို ကျွေးမယ်လို့ ပြောထားပေမဲ့ နာရီဝက်လောက် အပြင်မှာ စောင့်ခိုင်းထားတယ်" လျူထုံသည် ယွမ်ကျိုး၏ စားသောက်ဆိုင်ကိုကြည့်ကာ လှောင်ပြောင်မိသည်။
"အရည်အချင်းက သိပ်မရှိဘဲနဲ့ ဒေါသကတော့ တော်တော်ကြီးတာပဲ" ချူရှောင်သည် ၎င်းတို့နှစ်ယောက်အား မကျေမနပ် လှမ်းကြည့်ကာ ပွင်းပွင်းပင်ပြောချလာသည်။
ချူရှောင်၏ အသံမှာမကျယ်လှသောကြောင့် လီမင်ဟွေ့နှင့် လျူထုန်တို့သာ ကြားသည်။ ၎င်းတို့အချိန်အနည်းငယ်မျှ ကြောင်အမ်းသွားပြီးနောက် ကျိုးရှီကျဲ မကြားသည်ကို အကဲခတ်မိသွားကာ သူတို့လည်း ဘာမှ မကြားလိုက်ရသည့်အလား ဟန်ဆောင်နေလိုက်ကြသည်။
"စိတ်ရှည်ရှည်နဲ့ စောင့်ကြတာပေါ့၊ မကြာခင် ငါတို့ အလှည့် ရောက်တော့မှာပါ၊ ဒီညစာအတွက်ပဲ ရည်ရွယ်ပြီး မွန်းတည့်တည်းက ငါ သိပ်မစားခဲ့ဘူးကွ" ကျိုးရှီကျဲသည် လေထုအခြေအနေ ပေါ့ပါးသွားအောင် ပြောလာသည်။
"အင်း" ချူရှောင်သာ အလေးအနက် တုံ့ပြန်သည်။
"ကျွန်တော်တို့လည်း အဲ့ဒါကို မျှော်လင့်နေတာပါ" လျူထုန်သည် ဟန်လုပ်ထားသော အပြုံးတစ်ခုဖြင့် ပြောလာသည်။ သူသည် အနည်းငယ် စနောက်တတ် ပုံပေါက်ကာ ကျိုးရှီကျဲမှာလည်း သူ၏ ပေါ့ပေါ့ဆဆ နေတတ်သော စရိုက်ကို ရိုးအီနေပြီဖြစ်သဖြင့် အခြားဘာမျှ ထပ်မပြောတော့ပေ။
"ဥက္ကဋ္ဌကျိုး... ခင်ဗျား ဒီနေ့ မီနူးကို သိလား" ချူရှောင်သည် ရုတ်တရက် လှမ်းမေးလိုက်သည်။
"အင်း... သေချာပေါက် သိတာပေါ့" ကျိုးရှီကျဲက ပြုံးလျက် ခေါင်းညိတ်ပြသည်။
ချူရှောင်က ကျိုးရှီကျဲအား လေးနက်စွာ လှည့်ကြည့်ကာ သူ၏ အဖြေကို စိတ်ဝင်တစား စောင့်ဆိုင်းနေသည်။
"ဒါပေမဲ့ အခုတော့ မင်းကို ပြောပြလို့ မရသေးဘူး" ကျိုးရှီကျဲသည် သူ့မုတ်ဆိတ်မွေးများကို လက်ချောင်းများဖြင့်သပ်ကာ စကားစကို ပြောလေသည်။
"အိုး..." ချူရှောင် ခေါင်းကို ပြန်လှည့်သွားပြီး မည်သည့် အပိုခံစားချက်ကိုမျှ ထပ်မံမပြသတော့ပေ။
"ဟား... ဟား... နောက်မှ ဆိုင်ထဲ ဝင်သွားတဲ့အခါ မင်း မီနူးကို သိရမှာပါ၊ အဲ့ဒါက တကယ့်ကို အံ့ဩစရာကောင်းလိမ့်မယ်" ကျိုးရှီကျဲသည် ချူရှောင် စိတ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားသွားရသည်။ သူ့တပည့်များ၏ ရှက်စရာအခြေအနေကြောင့် ကူကယ်ရာမဲ့ဖြစ်မိသော ခံစားချက်များမှာလည်း ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်သွားသည်။
"နံပါတ် ၁၈၊ ၁၉၊ ၂၀ နဲ့ ၂၁... ကျေးဇူးပြုပြီး စားသောက်ဖို့ ဝင်ခဲ့လို့ရပါပြီးရှင်" ကျိုးကျားသည် တံခါးဝတွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် အသိပေးလိုက်လေသည်။
"သူ နဂါးအသား ချက်ကျွေးမလားဆိုတာ ကြည့်ကြတာပေါ့" လျူထုန်သည် သရော်သော လေသံဖြင့် ခပ်တိုးတိုးလေး ခနဲ့လိုကက်သည်။
ထိုအရာကို ကျိုးရှီကျဲ ကြားသွားသောအခါ သူ့အား စူးရဲစွာ တစ်ချက်ကြည့်လာသည်။ လျူထုန်သည်လည်း ချက်ချင်းပင် သူ့ကိုယ်သူ ထိန်းလိုက်သည်မြင်သောအခါ ဘာမှဆက်မပြောတော့ပေ။ ဤအထူးချွန်ဆုံး တပည့်လေးအား ဆရာဖြစ်သူမှာ အမြဲတစေ မျက်နှာသာပေးတတ်သဖြင့် ကျိုးရှီကျဲမှာလည်း သူ့အပေါ် ပို၍ သည်းခံမှုရှိပေသည်။
"ဟား..." ချူရှောင်သည် အေးစက်စွာ ရယ်မောလိုက်ပြီး မည်သည့်အရာမျှ ဆက်မပြောတော့ပဲ ခြေလှမ်းကျဲကြီးများဖြင့် တိုက်ရိုက်ပင် ၀င်လာကာ ဝင်ထိုင်လေသည်။
သူသည် ကျိုးရှီကျဲ ညာဘက်တွင် ထိုင်သောကြောင့် လျူထုန်မှာဘယ်ဘက်တွင် နေရာယူလိုက်သည်။ အကြီးဆုံး ဂိုဏ်းတူအစ်ကို လီမင်ဟွေ့သည်တော့ မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လျူထုန်၏ ဘေးတွင် ဝင်ထိုင်လိုက်သညခ။
"တွေ့ရတာ ဝမ်းသာပါတယ် ဥက္ကဋ္ဌကျိုး၊ မင်္ဂလာပါ၊ လူကြီးမင်းတို့ နှစ်ယောက်လည်း မင်္ဂလာပါ" ယွမ်ကျိုးသည် အရှေ့သို့ လျှောက်လာကာ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်လိုက်လေသည်။
သေချာသည်မှာ ထို မင်္ဂလာပါ ဟူသော စကားမှာ ချူရှောင်အား တိုက်ရိုက် ရည်ရွယ်ပြောလိုက်ခြင်း ဖြစ်သည်။ သူမသိသော ကျန်ရှိသည့် လူများအတွက် ယွမ်ကျိုးမှာ လူကြီးမင်းဟုသာ ယေဘုယျ နှုတ်ဆက်လိုက်လေသည်။
သို့ရာတွင် ဤအပြုအမူမှာ ရင့်ကျက်မှုအရှိဆုံး တပည့်ဖြစ်သူ လီမင်ဟွေ့အား ဒေါသထွက်သွားစေခဲ့သည်။ အဘယ့်ကြောင့်ဆို မည်သူကမျှ သူ့အား ဤမျှလောက်အထိ လျစ်လျူရှုထားခဲ့ဖူးခြင်း မရှိသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ဆရာမှာ ပို၍ထူးချွန်သည်မှာ မှန်သော်လည်း သူကိုယ်တို
င်မှာ ရွယ်တူများကြားတွင် ပြောင်မြောက်လှသော ဟင်းချက်လက်ရာကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ပြီးပါပြီ။
***