"ကဲ... စကားတွေ များမနေကြနဲ့တော့၊ ဒီတစ်နပ်အတွက် ငါ နေ့လယ်စာတောင် မစားပဲနေခဲ့ရတာ" ကျိုးရှီကျဲသည် ပြုံးလျက် ဆိုသည်။
"အမြည်းဟင်းလျာတွေက ဘယ်မှာလဲ" ချူရှောင်မှာ ဒဲ့ဒိုးပင် မေးလာသည်။
"ဆိုင်ပိုင်ရှင်က ဒကာခံမယ်ဆိုတော့လည်း ကျွန်တော်တို့က ဗဟုသုတတိုးအောင် လိုက်လာခဲ့တာပါ" လီမင်ဟွေ့မှာ ရိုကျိုးစွာ ပြောလေသည်။
သို့သော် လျူထုန်က ဤအရာများကို အရေးစိုက်ဟန် မပေါ်ချေ။ သူသည် ဆရာဖြစ်သူရှေ့တွင် ဤဟင်းလျာများ၏ အားနည်းချက်များကို ထောက်ပြဝေဖန်ရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ့အဖို့ ဤဟင်းလျာများ၏ အပြစ်အနာအဆာကို ရှာဖွေရန်မှာ လက်တစ်ဖက်လှည့်ရသည့်ပမာ လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။
"ဟုတ်ကဲ့၊ ပထမဆုံးပွဲကတော့ ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်း လို့ အမည်ရတဲ့ အအေးစာ ဟင်းလျာပါပဲ" ယွမ်ကျိုးသည် ခေါင်းတစ်ချက်ညိတ်ပြရုံမှလွဲ၍ ပိုပိုသာသာ စကားများ မဆိုတော့ဘဲ ဟင်းအမည်ကိုသာ တိုက်ရိုက် ကြေညာလိုက်သည်။
"လူတွေ နားမလည်နိုင်တဲ့ ဟင်းနာမည်တွေ ပေးတာက ငါတို့နိုင်ငံရဲ့ အစဉ်အလာတစ်ခုများ ဖြစ်နေပြီလား၊ ဒီဟင်းက ဘာလဲဆိုတာကို ငါတို့ လုံးဝ ခန့်မှန်းလို့ မရဘူး" ချူရှောင်က မကျေမနပ်ပြောသည်။
"ဟင်းလျာ တော်တော်များများက ဒီလို မဟုတ်ပါဘူး၊ ဒီဆရာကြီးကပဲ အနုပညာဆန်လွန်းတာ ဖြစ်လိမ့်မယ်" လျူထုန်က ခနဲ့သော လေသံဖြင့် ဝင်ပြောသည်။
"အင်း..." လီမင်ဟွေ့ကလည်း တည်ငြိမ်သော မျက်နှာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်သည်။
၎င်းတို့၏ စကားဝိုင်းသည် ဟင်းလျာအပေါ် ဝေဖန်သရော်သည့် အခြေအနေသို့ ရောက်ရှိသွားသော်လည်း၊ ယွမ်ကျိုးမှာ မည်သို့သော အအေးစာဟင်းလျာမျိုးကို ယူဆောင်လာမည်နည်းဟူသည်ကို အားလုံးက စိတ်ဝင်တစား တွေးတောနေကြဆဲဖြစ်သည်။
"နာမည်တစ်ခုက ဒီလောက်တောင် အပြင်းအထန် ဆွေးနွေးနေရလောက်အောင် အရေးကြီးလို့လား" ကျိုးရှီကျဲမှာ ၎င်းတို့စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။
"စားကြည့်လိုက်ရင် အကြောင်းရင်းကို သိသွားလိမ့်မယ်" ယွမ်ကျိုးလည်း မည်သည့် ရှင်းပြချက်မျှ ထပ်မပေးတော့ဘဲ မီးဖိုချောင်ဆီသို့ ကျောခိုင်းလှည့်ထွက်လာကာ နောက်ထပ် ဟင်းလျာများအတွက် ဆက်လက် ပြင်ဆင်တော့သည်။
သို့သော် ဘေးစားပွဲများရှိ အခြားဖောက်သည်များကမူ တီးတိုး စတင်ဆွေးနွေးနေကြသည်။
"ဟိုလူက အရင်တုန်းက ဒီကို ခဏခဏ လာတတ်တဲ့ စားဖိုမှူး မဟုတ်ဘူးလား၊ အဲ့ဒီလူစုက သူဌေးယွမ်ရဲ့ ဟင်းတွေကို စားဖို့ သီးသန့် လာကြတဲ့ပုံပဲ" ဖောက်သည်တစ်ယောက်က အကဲခတ်ကာ ပြောလာသည်။
"ဟုတ်တယ် မင်းပြောတာ မှန်လောက်တယ်၊ အဲဒီ အနက်ရောင်ဝတ်စုံနဲ့ လူကိုလည်း မြင်ဖူးသလိုပဲ" နောက်ဖောက်သည်တစ်ယောက်သည် လီမင်ဟွေ့ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ဦးဆောင်လာတာက အဲဒီ အသက်ကြီးကြီးလူပဲ ဖြစ်ရမယ်"
"ငါက အဲဒါကို ပြောနေတာ မဟုတ်ဘူး၊ ဪ... မှတ်မိပြီ၊ သူက ဘယ်သူလဲဆိုတာ ငါ သိပြီ၊ သူက တီဗီမှာ ခဏခဏ ပါလာတတ်တဲ့သူ မဟုတ်ဘူးလား၊ ဟုတ်တယ်... ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးချုပ်ဆိုတာလေ၊ အရင်တစ်ခေါက် ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့ အဲဒီမှာ သွားစားကြတုန်းက သူ့ကိုတော်တော်လေး ချီးကျူးသွားကြတာ၊ ဟုတ်တယ် သူပဲဟ" ထိုဖောက်သည်က လေသံကို နှိမ့်ကာ လျှို့ဝှက်ချက်တစ်ခုကို ဖောက်သည်ချသည့်အလား ပြောလိုက်သည်။
"ဒီလူစုက တော်တော်လေး ဩဇာရှိမယ့်ပုံပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် သူဌေးယွမ်က သူတို့ကို ကြောက်မှာ မဟုတ်ပါဘူး၊ သူဌေးယွမ်ရဲ့ လက်ရာက သူတို့ထက် အစစအရာရာ သာလွန်နေလို့ သူတို့က ဒီမှာ လာပြီး စုံစမ်းရေး ဆင်းကြတာဖြစ်ရမယ်" ၎င်းတို့အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော ထန်ရှီက ရုတ်တရက် ဝင်ရောက်ပြောလိုက်သည်။
"ဟုတ်တယ်" ဖောက်သည်နှစ်ဦးမှာ အနည်းငယ် လန့်ဖျပ်သွားသော်လည်း သူမစကားကို ချက်ချင်းပင် ခေါင်းညိတ်သဘောတူကြသည်။
ထို့နောက်မှသာ ထန်ရှီသည် သူမ၏ နေရာသို့ ပြန်သွားပြီး အရသာရှိသော အစားအစာများကို မြည်းစမ်းရန် ကျေနပ်စွာ ထိုင်စောင့်နေလိုက်လေသည်။
ထိုတီးတိုးဆွေးနွေးမှုများကို မီးဖိုချောင်ထဲရှိ ယွမ်ကျိုးကမူ လုံးဝ ကြားသိမည် မဟုတ်ပေ။
အမှန်တွင် ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်းဟူသော နာမည်မှာ ခမ်းနားလှသော်လည်း အမှန်တွင် ငါးအရေခွံသုပ်ပင် ဖြစ်သည်။ သို့သော် ဤရိုးရှင်းလှသော ဟင်းလျာလေးအတွက် ငါးအရေခွံ ပြင်ဆင်သည့် လုပ်ငန်းစဉ်က အလွန်တရာ သိမ်မွေ့နက်နဲလှသည်။
ယွမ်ကျိုးသည် ပိုက်ကွန်ငယ်တစ်ခုကို ယူကာ ရေကန်ထဲမှ အလေးချိန် ၁.၅ ကီလိုဂရမ်ခန့်ရှိသော မြက်စားငါးကြင်း ကြီးတစ်ကောင်ကို ခပ်ယူလိုက်သည်။ ထို့နောက် ငါးကို ခြောက်သွေ့အောင် သုတ်ပြီးသည်နှင့် တစ်ပြိုင်နက် သွက်လက်ကျွမ်းကျင်စွာ စတင် ပြင်ဆင်လေတော့သည်။
ညစာစားပွဲတစ်ခုတွင် ပထမဆုံး ဟင်းလျာသည် အမြဲတစေ အအေးစာဟင်းလျာ ဖြစ်လေ့ရှိသည်။ ထိုအရာမှာ အဓိက ဟင်းလျာများကို စောင့်ဆိုင်းနေစဉ်အတွင်း ဖောက်သည်များ၏ ငြီးငွေ့မှုကို ပြေပျောက်စေရုံသာမက ဆာလောင်နေသော အစာအိမ်ကိုလည်း အနည်းငယ် ဖြည့်ဆည်းပေးနိုင်သည်။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ပထမဆုံး အအေးစာဟင်းလျာသည် ခံတွင်းမြိန်စေသည့် အာနိသင် အပြည့်အ၀ရှိရမည် ဖြစ်သည်။
ဖောက်သည်များ ခံတွင်းတွေ့မှသာလျှင် နောက်ထပ် လာမည့် ဟင်းလျာများကို ပိုမို ကောင်းမွန်စွာ ခံစားမြည်းစမ်းနိုင်မည်ပင် ဖြစ်သည်။
"ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်းဆိုတဲ့ အအေးစာဟင်းလျာ ရပါပြီ၊ အေးအေးဆေးဆေး သုံးဆောင်ကြပါ" ယွမ်ကျိုးကိုယ်တိုင် ပန်းကန်ကို လာရောက်ချပေးလိုက်သည်။
ပန်းကန်၏ ပုံပန်းသဏ္ဍာန်မှာ အလွန် သေသပ်ချောမွေ့သည့် စတုရန်းပုံစံ ဖြစ်သည်။ ပုံမှန်အားဖြင့် အအေးစာ ဟင်းလျာအား အရည်များဖြင့်သာ တည်ခင်းလေ့ရှိသောကြောင့် ပြားချပ်သော ပန်းကန်ကို အသုံးပြုရန် ခက်ခဲသော်လည်း ယွမ်ကျိုးက ထိုပြားချပ်ချပ် ပန်းကန်ပြားကိုသာ ရဲတင်းစွာ အသုံးပြုထားသည်။
ပန်းကန်၏ အောက်ခြေတွင် နှင်းပွင့်ကဲ့သို့ ဖြူဖွေးပြီး ထောင့်စွန်းများတွင် အမည်မသိ သစ်ရွက်အချို့ကို ပန်းချီကားတစ်ချပ်ပမာ ရေးဆွဲထားသည်။ ပန်းကန်ပေါ်ရှိ ဟင်းလျာမှာ တက်ကြွ ထင်ရှားသော အရောင်အသွေးများဖြင့် တောင်တန်းငယ်တစ်ခုပမာ လှပစွာ နေရာယူထားလေသည်။
ငါးအရေခွံ၏ ကျောက်ကျောကဲ့သို့ အနှစ်များမှာ ဖန်သားအလား အလင်းဖောက်မြင်နေရပြီး အမည်းနှင့် အဖြူကြားတွင် အလွန်ပင် ကွဲပြားနေလေသည်။ ၎င်းနဘေးရှိ အရောင်အသွေးစုံလင်သည့် ဟင်းသီးဟင်းရွက်များပင်လျှင် ထိုငါးအရေခွံထံမှ အာရုံစိုက်ခံရမှုကို လုယူနိုင်စွမ်း မရှိချေ။
"ဒါက ငါးအရေခွံသုပ်လား" ကျိုးရှီကျဲက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ သုံးဆောင်ကြည့်ပါဦး" ယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
"ရယ်ရလိုက်တာ... သူက တကယ်ပဲ ရိုးရိုး ငါးအရေခွံသုပ်ကို ဒီလို နာမည်ကြီး ပေးထားတာကိုး" လျူထုန်သည် စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သော်လည်း နှုတ်မှ ထုတ်မပြောရဲပေ။
သို့သော် လီမင်ဟွေ့က ပန်းကန်ပြားထဲရှိ အရည်များ စားပွဲပေါ်သို့ လျှံကျလာမည်ကို စိုးရိမ်သဖြင့် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားမိသည်။
"စားကြရအောင် ဥက္ကဋ္ဌကျိုး" ချူရှောင်က တူကို ကောက်ကိုင်ကာ ပြောလိုက်သည်။
ယွမ်ကျိုးသည် ပန်းကန်တစ်ချပ်တည်းသာ လာချပေးသဖြင့် ၎င်းတို့အနေဖြင့် ဟင်းလျာများကို ခွဲတမ်းချ၍ စားသောက်နိုင်မည် မဟုတ်ပေ။
"ဒီအဘိုးကြီး အရင် စစားကြည့်မယ်" ကျိုးရှီကျဲသည် တူကိုကိုင်ကာ စတင် စားသောက်လေတော့သည်။
ချူရှောင်လည်း လက်သွက်ခြေသွက်ဖြင့် ငါးအရေခွံ တစ်ဖတ်ကို ညှပ်ယူလိုက်လေသည်။
"ငါးအရေခွံ ငါ စောင့်နေတာ ကြာပြီ" ၎င်းသည် ပုံဆောင်ခဲလေးနှင့်တူသော လှပသည့် ငါးအရေခွံကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
"ဟင်..." ချူရှောင်နှင့် ကျိုးရှီကျဲတို့ မျက်လုံးအပြူးသားဖြစ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ လီမင်ဟွေ့နှင့် လျူထုန်တို့အား အတူတူစားရန်ပင် ပြောရန်သတိမရနိုင်တော့ဘဲ ငါးအရေခွံအချို့ကို အလုအယက် ထပ်မံ ညှပ်ယူကြလေသည်။
ထိုအခြေအနေကို မြင်သောအခါ လီမင်ဟွေ့နှင့် လျူထုန်တို့မှာ နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ လျူထုန်မှာ ပို၍ပင် အတင့်ရဲစွာဖြင့် "ခင်ဗျားက ဧည်ြခံတာဆိုတော့ လက်ဖက်ရည်များ ရနိုင်မလား၊ ကျွန်တော်က စားပြီးရင် လက်ဖက်ရည် သောက်ရတာ ကြိုက်လို့ပါ"
"တောင်းပန်ပါတယ်၊ မရပါဘူး" ယွမ်ကျိုသည် တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ ငြင်းပယ်လိုက်သည်။
ရယ်စရာကောင်းလိုက်တာ၊ စနစ်မှ ထောက်ပံ့ပေးထားသော ချင်မင်ရာသီအကြို လက်ဖက်ခြောက်မှာ ၄၀၀ ဂရမ်သာ ရှိပြီး မနေ့က ၅၀ ဂရမ် သောက်ထားပြီး ဖြစ်သည်။ ယခုကဲ့သို့အချိန်မျိုးတွင် သူစိမ်းတစ်ယောက်အား အလကားပေးသောက်မည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။
"ကျစ်... ကျစ်..." လျူထုန်မှာ မကျေနပ်စွာ စုပ်သပ်လိုက်သည်။ သို့သော် ယွမ်ကျိုးက ၎င်းတို့နှင့် စကားဆက်ပြောချင်စိတ် လုံးဝ မရှိပေ။ ၎င်းတို့လက်ဖက်ရည်အကြောင်း ဆက်မပေးသ၍ သူ ဂရုမစိုက်တော့ချေ။
"ကဲပါ... မြည်းကြည့်ကြရအောင်" လီမင်ဟွေ့သည် လျူထုန်၏ မကျေမနပ် ဖြစ်နေမှုကို ကြားဖြတ်ဟန့်တားလိုက်လေသည်။
"ဟုတ်ကဲ့"
ထိုအခါမှသာလျှင် ၎င်းတို့နှစ်ယောက်သည် တူများကို ဆန့်တန်းကာ ဟင်းလျာကို စတင် ညှပ်ယူကြသည်။ ဖောက်သည်များစွာမဏ္ဍာ ဤစားသောက်ဆိုင်လေးရှေ့တွင် တိုးဝှေ့ တန်းစီနေကြသော်လည်း ၎င်းတို့မှာ ဤဟင်းလျာ၏ အရသာနှင့် ပတ်သက်၍ ကြီးမားသော မျှော်လင့်ထားခြင်းမရှိကြပေ။
တစ်ချိန်တည်းမှာပင် ချူရှောင်မှာ ၎င်းတို့နှင့် စကားပြောရန်ပင် အချိန်မရှိတော့ပဲ သူ၏ ပါးစပ်ထဲရှိ အံ့မခန်း အရသာကို ခံစားစူးစမ်းရန်သာ အာရုံစိုက်နေလေသည်။
ပုံမှန်အားဖြင့် ငါးအရေခွံသည် မည်သည့် အရသာကိုမဆို စုပ်ယူရန် အလွန် ခက်ခဲလေသည်။ သို့ဖြစ်ရာ စားဖိုမှူးများသည် ငါးအရေခွံကို အရသာဝင်စေရန် ပြစ်နှစ်သော ဆော့စ်တစ်ခု ဖန်တီးကာ တွဲဖက် စားသုံးစေလေ့ရှိကြသည်။ သို့သော် ယွမ်ကျိုး၏ ဟင်းလျာက ထိုရိုးအီနေသော နည်းလမ်းကို အသုံးပြုထားခြင်းမဟုတ်ပေ။
ချူရှောင်မှာ ယွမ်ကျိုးသည် ငါးအရေခွံကို မည်သို့ ပြင်ဆင်ခဲ့သည်ကို အတိအကျ မသိရသော်လည်း အနှစ်များနှင့် ပြည့်နှက်နေကာ ဆွဲဆန့်နိုင်စွမ်းရှိသော ငါးအရေခွံတစ်လုတ်မှ အနည်းငယ် ငန်ပြီး ချဉ်သော အရသာကို ထင်ရှားစွာ ခံစားလိုက်ရသည်။ ထို့အပြင် ထူးခြားသော ရနံ့တစ်ခုမှာ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး အနည်းငယ် စပ်ဖျဉ်းဖျဉ်း အရသာမှာ ငါးအရေခွံ၏ အရသာကို ပိုမိုပေါ်လွင်သွားစေသည်။
"ကျွတ်... ကျွတ်..."
ချူရှောင်သည် ငါးအရေခွံကို ပျော်မွေ့စွာ ဝါးစားလိုက်လေသည်။ သူ့ ပါးစပ်ထဲတွင် နူးညံ့ပြီး စေးကပ်ကာ ဝါးလို့ကောင်းသော အရာတစ်ခု ရှိနေသော်လည်း ဝါးလိုက်သောအခါတွင် အံ့သြဖွယ်ကောင်းလောက်အောင် ကြွပ်ရွနေသည်။ ဆော့စ်၏ ချဉ်စပ်စပ် အရသာလေးမှာလည်း ချူရှောင်၏ ခံတွင်းကို ပို့လို့ပင် ရှင်းလင်းသွားစေခဲ့သည်။
"စိတ်ဝင်စားစရာပဲ" ချူရှောင်သည် တူဖြင့် ဟင်းလျာကို ထပ်မံ ညှပ်ယူလိုက်ကာ မနေနိုင်အောင်။ ရေရွတ်လိုက်မိသည်။
"တကယ်ကို စိတ်ဝင်စားစရာပဲ၊ အရသာက တကယ် ခံတွင်းမြိန်စေတယ်" ကျိုးရှီကျဲသည်လည်း ထောက်ခံလိုက်သည်။ သူ၏ လက်များက ဟင်းလျာကို အဆက်မပြတ် ညှပ်ယူနေဆဲဖြစ်သည်။
"အရသာက ကွဲပြားနေတယ်" ချူရှောင်က ယွမ်ကျိုးအား လှမ်းကြည့်လိုက်ပြီးနောက် လေးနက်စွာ ပြောလာသည်။
မှန်ပေသည်။ ဒုတိယမြောက် တစ်လုတ်တွင် ချူရှောင်သည် အရသာ အနည်းငယ် ပြောင်းလဲသွားကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။ သူ ဝါးနေစဉ်အတွင်း ဂျယ်လီတစ်ခုကို ကိုက်ဖောက်လိုက်ရသည့်အလား ငါးအရေခွံထဲမှ အရည်များလည်း ပန်းထွက်လာသည်။ ထိုအရည်၏ အရသာမှာ လတ်ဆတ်ပြီး သဘာဝကျစွာ အနည်းငယ် ချိုမြိန်နေသဖြင့် လတ်ဆတ်မှုနှင့် ကြွပ်ရွမှုတို့သည် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။ ထိုကဲ့သို့ သိမ်မွေ့သော အရသာကြောင့် သူ့ပါးစပ်ထဲတွင် ငါးအရှင်တစ်ကောင် ကူးခတ်နေသည့်အလားပင် ခံစားလိုက်ရသည်။
"ဒါငါးအရေခွံ ဟုတ်ရောဟုတ်ရဲ့လား" ချူရှောင်က မျက်မှောင်ကြုတ်ကာ ထိုအကြောင်းကို အဆက်မပြတ် တွေးတောနေမိလေသည်။
"နာမည်ပေးထားသလို ဒါက တကယ်ကို ပိုးကတ္တီပါနဲ့ တူတာပဲ၊ ငါးအရေခွံရဲ့ အရသာက ပိုးကတ္တီပါလိုမျိုး နူးညံ့ချောမွေ့နေတယ်" ကျိုးရှီကျဲသည်လည်း ပွင့်လင်းလင်းပင် ချီးကျူးလာသည်။ သူ၏ တူများသည်တော့ မထိန်းချုပ်နိုင်စွာ ငါးအရေခွံကို ထပ်ညှ
ပ်နေဆဲဖြစ်သည်။
ပထမဆုံးဟင်းလျာ - ဆောင်းဝတ်စုံ၀တ်ပြီး ပိုးကတ္တီပါရက်လုပ်ခြင်း
ပြီးပါပြီ။
***