"ဒါနဲ့... ငါးအရေခွံကို ဒီလောက် လတ်ဆတ်နူးညံ့နေအောင် ထိန်းထားနိုင်တဲ့ မင်းရဲ့ လျှို့ဝှက်ချက်က ပေါင်းတာပဲ မဟုတ်လား"
ချူရှောင်က အချိန်မဆွဲတော့ဘဲ ယွမ်ကျိုးကို တဲ့တိုးပင် မေးချလိုက်သည်။ သူသည် မေးမြန်းနေသည့်ဟန် ပေါက်နေသော်လည်း သူ့လေသံတွင် သေချာမှုများရောယှက်နေသည်။
"နေပါဦး၊ ပေါင်းတာက ဘယ်လိုလုပ်ပြီး ငါးအရေခွံကို မကျုံ့သွားစေတာလဲ" လျူတုန်က ယွမ်ကျိုး၏ ဟာကွက်ကို အမိဖမ်းလိုက်နိုင်ပြီဟူသော အထင်ဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်လာသည်။
"အင်း၊ အဲဒါက ငါ သိချင်နေတဲ့ မေးခွန်းပဲ"
ယွမ်ကျိုး၏ ဓားချက်တစ်ချက်တည်းဖြင့် ငါးအရေခွံခွာသည့် စွမ်းရည်နှင့် လတ်ဆတ်နူးညံ့အောင် ထိန်းသိမ်းထားနိုင်သည့် လျှို့ဝှက်ချက်ကို ချူးရှောင်က ရိပ်မိခဲ့သော်လည်း ဤအချက်ကို သူကိုယ်တိုင်ပင် အဖြေရှာမရနိုင်သေးပေ။
"ငါးအရေခွံရဲ့ အပူချိန်ကို ထိန်းထားဖို့ ကျွန်တော် ရေခဲကို သုံးတယ်၊ ပြီးမှ ငါးအသားကို သီးသန့် ပေါင်းလိုက်တာပါ"
ယွမ်ကျိုးက ပေါင်းအိုးထဲ ငါးထည့်လိုက်သကဲ့သို့ အလွန်ပင် ရိုးရှင်းပေါ့ပါးသော လေသံဖြင့် တုံ့ပြန်လိုက်သည်။ ဤအဆင့်ကို ရောက်ရန် သူ မည်မျှလောက်အထိ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရသည်ဆိုသော နောက်ကွယ်က ကြိုးစားမှုများကို ပြောခြင်း မရှိခဲ့ပေ။
"ငါတော့ တရုတ်ဘာသာစကားကိုတောင် နားမလည်တော့သလို ခံစားလာရပြီ"
လျူထုန်က ယွမ်ကျိုးကို ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေမိပြီး ယွမ်ကျိုး၏ စကားများမှာ ချက်ချင်း ခေါင်းထဲ မရောက်နိုင်အောင် ဖြစ်နေလေသည်။
"ဒီလောက် မြင့်မားတဲ့ အပူချိန်မှာ ရေခဲက အရည်မပျော်သွားဘဲ ငါးအသားကလည်း ဘာမှမဖြစ်သွားဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီမင်ဟွေ့မှာ လုံးဝ ထိုင်မနေနိုင်တော့ဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်မိကာ ယွမ်ကျိုးကို မယုံနိုင်စွာစိုက်ကြည့်နေမိတော့သည်။
"နားလည်ပြီ နားလည်ပြီ၊ ဒီလိုနည်းနဲ့ ချက်လို့ရတာ တကယ်ကို အံ့မခန်းပဲ၊ ဒါဆို မင်းရဲ့ အကောင်းဆုံး စွမ်းရည်က ဓားတစ်ချက်တည်းနဲ့ ငါးအရေခွံခွာတာလောက်တင် မဟုတ်သေးဘူးပေါ့" ချူရှောင်၏ မျက်ဝန်းများက တစ်သက်တာ ပြိုင်ဘက်ကောင်းတစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ စိတ်အားထက်သန်စွာ တောက်ပနေလေသည်။
"အင်း... ဟုတ်ပါတယ်"
ယွမ်ကျိုးက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
"လူငယ်တွေက တကယ်ကို ကြောက်ခမန်းလိလိပဲ၊ ငါတို့လို လူအိုကြီးတွေ အနားယူရမယ့် အချိန်ရောက်နေပြီထင်ပါရဲ့လေ"
ကျိုးရှစ်ကျဲစည် ယွမ်ကျိုး မည်မျှ ပြောင်မြောက်လှသော လက်ရာမျိုးကို အသုံးပြုသွားသနည်းဆိုသည်အား တွေးလိုက်ရုံဖြင့် ချက်ချင်း သဘောပေါက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်မိသည်။
"ဒီဟင်းက တကယ်ကို အပြစ်ပြောစရာမရှိဘူး၊ နောက်ထပ် ဟင်းတစ်ပွဲကို ငါ အရမ်း မျှော်လင့်နေပြီ"
ထိုသို့ပြောကာ ချူရှောင်သည် သူ၏ ကုတ်အင်္ကျီအိတ်ကပ်ထဲမှ တောက်ပသော အရောင်ရှိသည့် မှတ်စုစာအုပ်ငယ်လေး တစ်အုပ်ကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ တစ်စုံတစ်ရာကို အသည်းအသန် စတင် ရေးမှတ်လေတော့သည်။
"ဝိုး... သူက ဟင်းလျာမှတ်တမ်းစာအုပ်လေးကို တကယ်ကြီး ထုတ်လိုက်တာပဲ၊ ဒါကို ငါ မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ"
လျူထုန်သည် ချူရှောင်ကို အလွန်အမင်း စိတ်ဝင်စားစွာ ကြည့်လိုက်ပြီးနောက် ယွမ်ကျိုးဘက်သို့ အကြည့်လွှဲလိုက်ပြန်သည်။
သူသည် ယွမ်ကျိုးအား အလွန်တရာ လှပသော နတ်သမီးတစ်ပါးကို ငေးကြည့်ရသကဲ့သို့ စိုက်ကြည့်နေမိ၏။ သို့ရာတွင် ယွမ်ကျိုးက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ မည်သို့ပင်ဆိုစေ လူတိုင်းက ဝိုင်းဝန်းငေးမောနေရသည့် မင်းသားလေးတစ်ပါးအလား ဖြစ်နေရသည်မှာ ယွမ်ကျိုးအတွက် အတော်လေး နေရခက်စရာ ကောင်းလှပေသည်။
"ဘာလို့ မင်းရဲ့ မှတ်စုစာအုပ်လေးထဲမှာ စာမျက်နှာ နှစ်မျက်နှာပဲ ရှိနေရသေးတာလဲ" ကျိုးရှီကျဲမှာ အံ့ဩတကြီးမျက်နှာဖြင့် လှမ်းမေးလာသည်။
"ဘာလို့လဲဆိုတော့... ကျွန်တော်က လွယ်လွယ် သဘောမကျတတ်လို့လေ" ချူရှောင်က မောက်မာသောဟန်ဖြင့် တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် သူသည် မှတ်စုစာအုပ်ထဲ၌ ဆောင်းတွင်းဝတ်စုံ ဝတ်ဆင်ပြီး ပိုးကတ္တီပါယက်လုပ်ခြင်းဟူသော ဟင်းပွဲအမည်နှင့်အတူ ဘေးဘက်တွင် ယွမ်ကျိုး၏ နာမည်ကိုပါ လေးလေးနက်နက် ရေးမှတ်နေလေရာ စက္ကူနှင့် ဘောပင်ထိပ်ဖျားတို့ ထိတွေ့ပွတ်တိုက်သွာသည့် အသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလျက် ထွက်ပေါ်နေလေသည်။
ယွမ်ကျိုးက "ကောင်းပါပြီ, ခဏလေး စောင့်ပေးကြပါ"
ထို့နောက် သူသည် မီးဖိုချောင်ဘက်သို့ တန်းတန်းမတ်မတ် လှည့်ဝင်သွားပြီး၊ နောက်ထပ် ဟင်းလျာများအတွက် အာရုံစူးစိုက်ကာ စတင် ပြင်ဆင်လေတော့သည်။
သူ့အတွက်တော့ ဆိုင်အတွင်းရှိ ဖောက်သည်အားလုံးမှာ တန်းတူညီမျှပင်။ ထို့ကြောင့် ငွေပေးချေသည့် အစီအစဉ်အတိုင်းသာ ဟင်းလျာများကို သူ ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ယွမ်ကျိုးအတွက် တစ်ကြိမ်တည်းနှင့် ဟင်းလျာများစွာကို ပြင်ဆင်ရခြင်းမှာ ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်တော့ချေ။ ဤအလုပ်နှင့် သူ အတော်လေး အသားကျနေပြီ ဖြစ်သည်။
ဟင်းပွဲကို မှတ်စုစာအုပ်ထဲတွင် သေချာစွာ မှတ်တမ်းတင်ပြီးသည်နှင့် ချူရှောင်သည် မျက်တောင်တစ်ချက်မျှ မခတ်တော့ဘဲ ယွမ်ကျိုးကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေတော့သည်။ ယွမ်ကျိုး၏ လှုပ်ရှားမှု မှန်သမျှကို သူ မျက်ခြေအပြတ်ခံမည် မဟုတ်ပေ။
ကျိုးရှစ်ကျဲ့က ဘေးဘက်တွင် ရပ်နေသော သူ၏ တပည့်နှစ်ဦးကိုပါ သတိပေးလိုက်သည်။ "မျက်စိကို သေချာဖွင့်ထားပြီး ဆရာချူကို အတုယူကြစမ်း၊ သစ်ငုတ်တိုကြီးတွေလို အဲဒီမှာ ရပ်မနေကြနဲ့"
"ဟုတ်ကဲ့ပါ ဆရာ" လီမင်ဟွေ့ကလည်း ယွမ်ကျိုးကို စတင် အကဲခတ်လေတော့သည်။
"နားလည်ပါပြီ" လျိုတုန်းမှာတော့ ယွမ်ကျိုးကို အစကတည်းက ကြည့်နေခဲ့ပြီးသား ဖြစ်သည်။ မည်သို့ပင်ဆိုစေကာ ပါရမီရှင် ချူရှောင်ပင်လျှင် သူ၏ အကြိုက်ဆုံး ဟင်းလျာမှတ်တမ်းစာအုပ်ငယ်ကို ထုတ်ယူလာခဲ့ရသည်အထိ မဟုတ်ပါလား။
ချူရှောင်မှာ အလွန်စောစီးစွာပင် နာမည်ရလာခဲ့သူ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူသည် သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး မီရှီလင် ကြယ်သုံးပွင့် စားဖိုမှူး ဖြစ်ပေသည်။ သူ၏ ဟင်းလျာမှတ်တမ်းစာအုပ်ငယ်မှာလည်း သူနှင့်အပြိုင် နာမည်ကျော်ကြားလှ၏။ ချူရှောင်ကို အလွန် အကြိုက်ရွေးတတ်သူ သတ်မှတ်ထားကြသော်လည်း တကယ်တမ်း ထူးကဲသော အရသာတစ်ခုခုကို တွေ့ရှိတိုင်း ထိုမှတ်စုစာအုပ်ငယ်ထဲတွင် မှတ်တမ်းတင်လေ့ရှိသည်။
ထို့နောက် ထိုစားဖိုမှူးကို အနိုင်ယူနိုင်မည့် နည်းလမ်းပေါင်းစုံကို ကြံဆကာ မိမိကိုယ်ကို တိုးတက်အောင် ပြုလုပ်လေ့ရှိ၏။ သို့သော် သူ နာမည်ရလာခဲ့သည့် အချိန်မှစ၍ ထိုမှတ်စုစာအုပ်ထဲတွင် စာမျက်နှာ နှစ်မျက်နှာသာ ရေးမှတ်ရသေးသည်။
ထို့ကြောင့် စားဖိုမှူးများစွာသည် ထိုမှတ်စုစာအုပ်တွင် စာရင်းသွင်းခံရခြင်းကိုပင် ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပြီး ၎င်းမှာ ပါရမီရှင် ချူရှောင်၏ အသိအမှတ်ပြုခြင်းကို ခံရသည် အဓိပ္ပာယ်သက်ရောက်လေသည်။ လျူထုန်သည် ချူရှောင်၏ မျက်မှန်းတန်းမိခြင်း ခံရစေရန် အစွမ်းကုန် ကြိုးစားနေခဲ့သူ ဖြစ်သည်။ ယခုအခါတွင် ယွမ်ကျိုးမှာ သူ အတုယူသင်ယူရမည့် အကောင်းဆုံး စံပြပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့လေသည်။
ထို့နောက်တွင်တော့ ချူရှောင်သည် သူ၏ မှတ်စုစာအုပ်ငယ်ကို ထပ်မံထုတ်ယူခြင်း မရှိတော့သဖြင့် လျူထုန်မှာ သက်ပြင်းချကာ စိတ်အေးသွားလေသည်။ အချိန်အနည်းငယ် ကြာပြီးနောက်တွင် ပဉ္စမမြောက် ဟင်းပွဲကို လာချပေးလေသည်။
"ဒီဟင်းပွဲနာမည်က ယိုပိုးမျှင်ငါးလိုဘ ခေါ်ပါတယ်၊ သုံးဆောင်ကြည့်ကြပါဦး" ယွမ်ကျိုးသည် ဟင်းပွဲလာချပေးတိုင်း ဟင်းပွဲအမည်ကို မိတ်ဆက်ပေးလေ့ရှိသည်။
ယခုတစ်ကြိမ် ယွမ်ကျိုး ယူဆောင်လာသော ဟင်းပွဲမှာ ယခင်ဟင်းပွဲများနှင့် အနည်းငယ် ကွဲပြားနေပြီး ပိုမို ကြီးမားခမ်းနားနေလေသည်။
ပထမ ဟင်းပွဲအနည်းငယ်မှာ လူလေးယောက်အတွက် အနည်းငယ်မျှသာ မျှဝေစားသုံးနိုင်ပြီး မကြာမီပင် ကုန်သွားခဲ့ကြသည်။ ပမာဏအားဖြင့် မလောက်မငသာ ဖြစ်သည် ဆိုရမည်။ ဟင်းတစ်ပွဲ စားပြီးသွားတိုင်း နောက်တစ်ပွဲကို စောင့်ဆိုင်းခဲ့ကြရ၏။ ဟင်းတစ်ပွဲ ကုန်သွားတိုင်း နောက်ဟင်းတစ်ပွဲအတွက် သူတို့ မျှော်လင့်ချက်များက ပိုမို ကြီးမားလာခဲ့ကြသည်။
သူတို့၏ အရသာခံအာရုံလေးများမှာ မည်သည့်အခါမှ အပြည့်အဝ ကျေနပ်မှု မရရှိခဲ့ဘဲ နောက်ဟင်းတစ်ပွဲကိုသာ အငတ်မပြေနိုင်စွာဖြင့် အဆက်မပြတ် စောင့်မျှော်နေခဲ့ကြရသည်။ သို့ရာတွင် ဤဟင်းပွဲကသိသိသာသာ ပိုမို ကြီးမားနေပုံရသည်။
၎င်းမှာ သစ်ရွက်ကြီးများကဲ့သို့ ရင့်ရော်သော အစိမ်းရင့်ရောင် ဖြစ်သည်။ ထိုသစ်ရွက်များပေါ်တွင် ရေစက်များနှင့် ဆင်တူသော ခွက်ငယ်လေးခု ပါရှိပြီး ၎င်းတို့ထဲတွင် ကြည်လင်သော ရေများ ဖြည့်ထားလေသည်။ ပယင်းရောင် လိပ်ပြာများနှင့် ဆင်တူသော ငါးအသားလွှာများကို သစ်ရွက်ပေါ်တွင် သပ်ရပ်လှပစွာ စီရီထား၏။
အစိမ်းရင့်ရောင် နောက်ခံတွင် အနီရောင်သန်းနေသော ပယင်းရောင် လိပ်ပြာပုံ ငါးအသားလွှာများက ခမ်းနားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးထားလေသည်။
"ဘယ်လောက်တောင် လှပတဲ့ ပန်းကန်အပြင်အဆင်လဲ။"
လီမင်ဟွေ့က သဘောကျစွာဖြင့် ရေရွတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ်"
ယွမ်ကျိုးသည် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
"ဒါက အချိုချက်ထားတဲ့ ငါးလား"
လျူထုန်သည် မျက်မှောင်ကြုတ်သွားပြီး စားချင်သောက်ချင်စိတ် မရှိသလို ဖြစ်သွားလေသည်။ ယခင်ဟင်းပွဲများက အလွန် အရသာရှိခဲ့သော်လည်း ယွမ်ကျိုးမှာ ပို၍ အစွမ်းထက်သည် ဆိုသည်ကို သူ ဝန်မခံချင်သေးပေ။ ထို့အပြင် သူသည် အချိုအရသာရှိသော ငါးကို သိပ်ခုံမင်လှသူ မဟုတ်ချေ။
"စိတ်ဝင်စားစရာပဲ၊ အံ့ဩစရာကောင်းလောက်အောင် ဒါက ယိုးသိုးမျှင် ဟင်းပွဲ ဖြစ်နေတာကိုး" ချူးရှောင်၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသွားသည့် အမူအရာတစ်ခု ဖြတ်ပြေးသွားလေသည်။
"လူငယ်တွေက တီထွင်ဆန်းသစ်ဖို့ တကယ်ကို ရဲရင့်ကြတာပဲ" ကျိုးရှီကျဲက ပြုံးလျက် ဆိုလိုက်၏။
ဤသည်မှာ နာမည်နှင့် လိုက်ဖက်စွာပင် ယိုပိုးမျှင်ဆွဲ ငါးသည် ပန်းသီးယို သို့မဟုတ် ငှက်ပျောသီး ယိုကဲ့သို့သော ယိုဟင်းလျာတစ်မျိုး ဖြစ်သည်။ ထိုသို့သော ဟင်းလျာများသည် ကလေးများအကြားတွင် အလွန်ရေပန်းစားလှသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အချိုအရသာရှိရုံသာမ စားလိုက်သည့်အခါတွင်လည်း ယိုအမျှင်တန်းလေးများ အတူပါလာတတ်သောကြောင့် ဖြစ်သည်။ ၎င်းမှာ အလွန် စိတ်ဝင်စားစရာ ကောင်းလှ၏။
သို့သော် လူကြီးများက။တစ်မျိုး တွေးကြပေသည်။ ယိုမျှင်များမှာ ရှည်လျားပြီး ကပ်စေးစေးဖြစ်နေသောကြောင့် မည်သို့စားရမည်ကို အထူးဂရုမစိုက်ပါက ကြည့်ကောင်းမည့် ပုံစံမျိုး ရရှိမည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ လူကြီးများသည် ကလေးများကဲ့သို့ လွတ်လွတ်လပ်လပ် နေတတ်သူများ မဟုတ်ကြချေ။ ရလဒ်အနေဖြင့် ဤဟင်းပွဲမှာ လူကြီးများအကြားတွင် သိပ်ပြီး လူကြိုက်များလှသည် မဟုတ်ပေ။ ထို့ကြောင့်လည်း ယွမ်ကျိုး၏ လုပ်ရပ်များကို ရဲရင့်ပြီး စိတ်ဝင်စားစရာကောင်းသည် ချူးရှောင်နှင့် ကျိုးရှီကျဲတို့က ခံစားခဲ့ရခြင်း ဖြစ်သည်။
"ဒီလူအိုကြီးကို အရင် မြည်းစမ်းခွင့် ပြုပါဦး" ကျိုးရှီကျဲတွင် ထိုသို့သော စိတ်အနှောင့်အယှက်မျိုး မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဤဟင်းပွဲအပေါ် ယွမ်ကျိုး၏ ထူးချွန်ပြောင်မြောက်လှသော ဖန်တီးနိုင်စွမ်းကို အလွန်အမင်း မျှော်လင့်နေခဲ့လေသည်။
"ရပါတယ် သုံးဆောင်ပါခင်ဗျာ" ချူရှောင်သည် တူကိုယူကာ ဟင်းကို ယူရန် ပြင်လိုက်သည်။ သို့သော် သူ မယူမီတွင် ကျိုးရှီကျဲကို ရိုသေစွာ ဦးချပေးလိုက်ခြင်း ဖြစ်၏။
ကျိုးရှီကျဲက ခေါင်းညိတ်ပြလိုက်ပြီး ငါးအသားကို ယူရန် တူကို ချက်ချင်း လှမ်းလိုက်လေသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ယိုသိုးမျှင်ဆွဲ ဟင်းလျာများသည် အေးသွားသည်နှင့် တစ်ပြိုင်နက် မာတောင့်သွားပြီး တစ်ခုနှင့်တစ်ခု ကပ်သွားတတ်သောကြောင့် ကောက်ယူရန် အလွန်ခက်ခဲလှသည်။ သို့သော် အလွန် ပူလွန်းနေပါကလည်း သကြားမျှင်များက ပန်းကန်တွင် ကပ်နေမည် ဖြစ်သည်။ ထို့ကြောင့် ဤဟင်းပွဲ၏ အဓိကသော့ချက်မှာ အချိန်မီ စားသုံးရန်ပင် ဖြစ်သည်။ သို့ဖြစ်၍ ကျိုးရှီကျဲသည် အားနာပါးနာ လုပ်မနေတော့ချေ။
ကျိုးရှီကျဲက ငါးအသားကို ကောက်ယူလိုက်သောအခါ မျက်နှာပြင်ပေါ်ရှိ တောက်ပနေသော ယိုများက လှပသော ယိုမျှင်များကို ချက်ချင်း ဖန်တီးပေးလိုက်လေသည်။ အမျှင်များ လုံးဝ ပြတ်မထွက်သွားတတ်သော အခြားဆင်တူ ဟင်းလျာများနှင့် မတူဘဲ ဤဟင်းပွဲ၏ ယိုများသည် ယွမ်ကျိုး ဆွဲထုတ်လိုက်တိုင်း ၃၀ စင်တီမီတာခန့် အရှည်သို့ ရောက်သည်နှင့် အလိုအလျောက် ပြတ်တောက်သွားလေသည်။
ကျိုးရှီကျဲသည် ငါးအသားကို ရေအေးဖြင့် အအေးခံရန် သစ်ရွက်များအတွင်းရှိ ရေစက်များနှင့် ဆင်တူသော ခွက်ငယ်လေးထဲသို့ ထည့်လိုက်လေသည်။ ထိုအချိန်တွင် ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ အံ့ဩစရာကောင်းလောက်အောင်ပင် ယိုမျှင်များက ကျုံ့ဝင်သွားကာ ကွေးကောက်သွားပြီး လှပသော အလှဆင် ပုံစံတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားလေသည်။
၎င်းက ရိုးရိုးရှင်းရှင်း လိပ်ပြာတစ်ကောင်ပေါ်တွင် လှပသော အလှဆင်ပုံစံတစ်ခု ပေါ်လာသည့်အလား လိပ်ပြာပုံစံ ငါးအသားလွှာများနှင့် တိုက်ရိုက်ပင် ပေါင်းစပ်သွားလေတော့သည်။
"ဟား ဟား... စိတ်ဝင်စားစရာပဲ"
ဤအချိန်တွင် ကျိုးရှီကျဲပင်လျှင် မျှော်လင့်တကြီး ဖြစ်လာခဲ့လေသည်။
"ငါ ဒါကို သေချာလေး မြည်းစမ်းကြည့်ရမယ်"
ကျိုးရှီကျဲက ပြုံ
းလျက် ဆိုလိုက်၏။ ထို့နောက် သူသည် ငါးကို ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေတော့သည်။
ပြီးပါပြီ။
***