"အိုး... ချူရှောင်၊ ဒါလေး မြည်းကြည့်စမ်းပါဦး" ကျိုးရှီကျဲက အရသာခံကြည့်ပြီးသည်နှင့် တစ်ပြိုင်နက် ချူရှောင်ဘက်သို့ လှမ်းပြောလိုက်သည်။
"ကောင်းပြီ" ချူရှောင်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် ဧည့်ခံပွဲဟင်းလျာတွင် ပါဝင်သော ဟင်းရည်အနည်းငယ်ကို သောက်လိုက်ပြီးနောက် ငါးအသားလွှာတစ်လွှာကို တူဖြင့် ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။
"ဒါလည်း အကဲဖြတ်ဖို့ခက်မယ့် နောက်ထပ် ဟင်းတစ်ခွက်ပဲ ဖြစ်ရမယ်"
လီမင်ဟွေ့က စိတ်ထဲမှ ကြိတ်ကာ သက်ပြင်းချလိုက်သော်လည်း သူ၏ လက်လှုပ်ရှားမှုများက လုံးဝ နှေးကွေးမသွားခဲ့ပေ။ သူသည်လည်း ငါးအသားလွှာတစ်လွှာကို ခပ်မြန်မြန်ပင် ညှပ်ယူလိုက်၏။
"ငါလည်း တစ်တုံးလောက်တော့ မြည်းကြည့်မယ်"
လျူထုန်က ငါးတစ်တုံးကို ညှပ်ယူလိုက်သည်။
ငါးကို ပထမဆုံး မြည်းစမ်းခဲ့သည့် ကျိုးရှီကျဲက သူတို့ဆီကို မျက်လုံးအား မှေးကြည်းလျက် ကြည့်လိုက်နေပြီး နောက်ထပ် ငါးအသားလွှာတစ်လွှာဆီသို့ ချိန်ရွယ်ပြီးနေလေသည်။
ထိုအချိန်၌ ချူရှောင်သည်လည်း ငါးအသားလွှာကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီ ဖြစ်သည်။
အမှန်တွင် ယိုပိုးမျှင်ငါး၏ ချက်ပြုတ်နည်းမှာ အလွန်ပင် ရိုးရှင်းလှ၏။ ချက်ပြုတ်သည့် လုပ်ငန်းစဉ်တွင် ငါးကို လိပ်ပြာပုံသဏ္ဍာန် အသားလွှာများဖြစ်အောင် လှီးဖြတ်ကာ ကြက်ဥအနှစ်ရည်များ လူးပြီးနောက် ဆီပူပူတွင် ထည့်ကြော်လိုက်ခြင်းသာ ဖြစ်သည်။ ထို့နောက် ဆယ်ယူကာ ဆီစစ်ထားရမည်။ ထို့နောက် ယိုကို မီးအေးအေးဖြင့် စေးပျစ်လာသည်အထိ ကျိုချက်ပြီးနောက် ထိုငါးအသားလွှာများပေါ်သို့ လောင်းချကာ မွှေကြော်ပေးရခြင်းပင် ဖြစ်သည်။
ချက်ပြုတ်ပုံမှာ ရိုးရှင်းလှပြီး စကားအနည်းငယ်ဖြင့်ပင် ဖော်ပြနိုင်သည်။
"ကျွတ်..."
ငါးအသားလွှာ ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ချူရှောင် ကိုက်လိုက်ချိန်တွင် ချိုမြိန်သော ယိုအရည်များ ကပ်ငြိနေသည့် ကြွပ်ရွရွ အပြင်ခွံလေးမှာ ကွဲအက်သွားပြီး အတွင်းမှ လတ်ဆတ်နူးညံ့လှသော ငါးအသားမှာ လျှာထက်တွင် အတိုင်းသား ပေါ်လာတော့သည်။
"ဝူး... ပူလိုက်တာ"
ချူရှောင်က ထိုသို့ပြောလိုက်သော်လည်း ငါးကိုတော့ ပြန်မထွေးထုတ်ခဲ့ချေ။
အပြင်ခွံလေး ကွဲအက်သွားပြီးနောက် ငါးအသားထဲမှ စိမ့်ထွက်လာသော ဟင်းရည်ကြည်လေးများသည် သူ၏ လျှာပေါ်သို့ စီးဆင်းသွားလေသည်။ ချူရှောင်သည် အနည်းငယ် ပူလောင်မှုကြောင့် သူ့ လျှာဖျားလေးကို နောက်သို့ အသာဆုတ်လိုက်မိသည်။ ထို့နောက် သူ၏ လျှာဖျားလေးမှတစ်ဆင့် ပါးစပ်တစ်ပြင်လုံး ပြန့်နှံ့သွားသော လတ်ဆတ်ချိုမြိန်သည့် အရသာကို တရှိုက်မက်မက် ခံစားလိုက်ရလေ၏။
လူတိုင်းလျှာပေါ်တွင် အရသာခံစားမှု အာရုံခံဆဲလ်များ အနည်းနှင့်အများ တူညီစွာ ရှိတတ်ကြသည်။ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Edwin G. Boringက လျှာ၏ အစိတ်အပိုင်းတိုင်းသည် ကွဲပြားသော အရသာများကို ခွဲခြားသိမြင်နိုင်ကြောင်း သူ၏ စာတမ်းတစ်စောင်တွင် ရေးသားခဲ့ဖူးသည်။ သို့သော် ထိုအရာမှာ တိကျမှုမရှိကြောင်းကို Virginia Collingsက ထပ်မံ သက်သေပြခဲ့သည်။
အမှန်တွင် လျှာသည် အရသာတစ်ခုစီအပေါ် မတူညီသော တုံ့ပြန်နိုင်စွမ်းများသာရှိပြီး ထိုကွာခြားချက်မှာ အလွန်ပင် သိမ်မွေ့လွန်းလှသည်။ သို့သော် ထိပ်တန်း စားဖိုမှူးတစ်ဦးဖြစ်သည့် ချူရှောင်၏ လျှာသည်ကား သာမန်လူများထက် အဆပေါင်းများစွာ အာရုံခံစားမှု ကောင်းမွန်လွန်းလှသည်။
ထို့ကြောင့်လည်း ကြွပ်ရွသော အပြင်ခွံအောက်ရှိ ကိန်းအောင်းနေသည့် လတ်ဆတ်ချိုမြိန်သော အရည်များက အသက်ဝင်နေသော ငါးတစ်ကောင် သူ့အနီးတွင် ကူးခတ်နေသကဲ့သို့ ခံစားသွားရသဖြင့် ချူးရှောင်ကို အံ့သြမှင်သက်သွားစေခဲ့သည်။
ချူးရှောင်သည် အပြင်ခွံကို တစ်ချက်ထဲ ကိုက်ဖောက်လိုက်သည်။ ထို့နောက် အတွင်းမှ လတ်ဆတ်သော ငါးအသားမှာ ကြွပ်ရွသော အပြင်ခွံနှင့် လိုက်ဖက်ညီစွာ ပေါင်းစပ်သွားသည်။ တစ်ဖက်တွင် အံ့မခန်း လတ်ဆတ်နေသော ငါးအသားဖြစ်ပြီး အခြားတစ်ဖက်တွင် မွှေးကြိုင်ကြွပ်ရွနေသော အပြင်ခွံလေး ဖြစ်နေသည်။ အလယ်ရှိ လတ်ဆတ်နူးညံ့သော ငါးအသားမှ စိမ့်ထွက်လာသော ဟင်းရည်ကြည်လေးမှာ ထိုကွဲပြားမတူညီသော အရသာနှစ်မျိုးစလုံးကို ရစ်ပတ်လွှမ်းမိုးသွားလေတော့သည်။
၎င်းသည် သူ့ပါးစပ်အတွင်းတွင် ခမ်းနားသော ကပွဲတစ်ခုကို ကျင်းပနေသကဲ့သို့ပင် ခံစားလိုက်ရသည်။ အရသာတစ်ခုချင်းစီတိုင်းက အဓိကဇာတ်ဆောင်များ ဖြစ်နေကြသော်လည်း သူတို့အားလုံးသည် အချိုးအစားကျနစွာ ပေါင်းစပ်ခံထားရသည်။ အမြင့်ဆုံးဖြစ်သော သာယာကြည်နူးမှုလှိုင်းများသည် ချူးရှောင်၏ ပါးစပ်အတွင်းတွင် ပေါက်ကွဲထွက်လာပြီး သူ၏ အစာအိမ်ထဲသို့ နွေးထွေးစွာ စီးဆင်းသွားလေတော့သည်။
"ငါးကို ဒီလိုနည်းလမ်းနဲ့ ချက်ပြုတ်နိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး"
ချူရှောင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပြီးနောက် နောက်ထပ် ငါးအသားတစ်ဖက်ကို လျင်မြန်စွာ ညှပ်ယူလိုက်သည်။
"ဒါပေါ့၊ သူက အရမ်းလည်း မချိုဘူး၊ စားရတာလည်း အရမ်းလွယ်တယ်၊ ဒါက ငါ့အတွက် သီးသန့် ပြင်ဆင်ထားတာလို့တောင် ထင်မိတယ်၊ ဒါကြောင့် မင်းတို့ လူငယ်တွေ နည်းနည်းပဲစားတာ ပိုလိမ့်ကောင်းမယ်" ကျိုးရှီကျဲက ပွင့်ပွင့်လင်းလင်းနှင့် အရှက်ကင်းမဲ့စွာ ပြောလိုက်သည်။
"ဆရာ ပြောတာ မှားနေပြီ၊ ငါးအသားက အရမ်းကို လတ်ဆတ်ပြီး ချိုမြိန်လွန်းလို့ အပြည့်စုံဆုံး လတ်ဆတ်နူးညံ့မှုကို ထိန်းသိမ်းထားနိုင်တယ်၊ အပြင်ခွံက ကြွပ်ရွပေမယ့် စားရလွယ်ကူတယ်၊ ပြီးတော့ သူ့အပြင်အဆင်က လှပတဲ့ လိပ်ပြာပုံသဏ္ဍာန် ရှိရုံသာမက စိတ်ဝင်စားစရာကောင်းတဲ့ အလှဆင် ပုံစံတွေလည်း ရှိတယ်၊ ဒီလို အလွန်လှပတဲ့ အစားအစာက ကျွန်တော်တို့လို လူငယ်တွေနဲ့မှ လုံးဝ သင့်တော်တာ"
ချူရှောင်က အလျှော့မပေးစတမ်း ပြန်ငြင်းလိုက်သည်။
"ဆရာ့မှာ 3Hကရှိသေးတယ်နော်"
လီမင်ဟွေ့က ငါးအသားလွှာတစ်လွှာကို စားလိုက်ရင်း အလေးအနက် ပြောလိုက်သည်။ သူသာ တူကို ထိုမျှလောက် အလျင်စလို မလှမ်းခဲ့လျှင် သူ့စကားမှာ ပို၍ ယုံကြည်ဖွယ်ရှိပေလိမ့်မည်။
"ဟုတ်တယ် ဟုတ်တယ်၊ ဆရာ အချိုတွေ အများကြီး မစားသင့်ဘူးလို့ ဆရာကတော်က ကျွန်တော်တို့ကို ပြောထားတယ်၊ ပြီးတော့ အရင် ဟင်းပွဲတွေတုန်းကလည်း ဆရာ အခုလိုပဲ ပြောခဲ့တာပဲ"
လျူထုန်မှာ ငါးအသားလွှာတစ်လွှာသာ စားမည်ဟူသော သူ၏ကတိကို မေ့လျော့နေပြီ ဖြစ်သည်။ သူသည် ငါးအသားလွှာများကို ညှပ်ယူကာ ပါးစပ်ထဲသို့ မနားတမ်း သွင်းနေတော့သည်။
"မင်းတို့ ကောင်စုတ်လေးတွေ ငါ့ရဲ့ အရသာရှိတဲ့ ဟင်းတွေကို မခိုးစားကြနဲ့၊ မင်းတို့အရှက်မရှိကြဘူးလားကွ"
ကျိုးရှီကျဲသည် ဒေါသထွက်နေ ဟန်ဖြင့် ပြောလိုက်သော်လည်း သူ၏ လက်လှုပ်ရှားမှုများက ဆန့်ကျင်ဘက်အနေဖြင့် အလွန် လျင်မြန်နေသည်။ သူသည် လီမင်ဟွေ့ စားရန် ပြင်ထားသော ငါးအသားလွှာကိုပင် လျင်မြန်စွာ လု၍ ညှပ်ယူလိုက်လေ၏။
သူပုံမှာ မနက်ခင်းတိုင်း စူပါမားကတ်တွင် ဈေးလျှော့ထားသော ဟင်းသီးဟင်းရွက်များကို လုဝယ်ရန်သွားတတ်သော သက်ကြီးရွယ်အိုများကဲ့သို့ပင် မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ သူတို့သည် ထိုသို့လုပ်ရာတွင် အလွန်တည်ငြိမ်၊ တိကျပြီး သနားညှာတာမှုပင် ကင်းမဲ့လှသည်။
"ဆရာက ဒီကောင့်ကို သဘောကျတာ အံ့သြစရာ မရှိပါဘူးလေ၊ သူက ယိုပိုးမျှင်ငါးကြော်လို ရိုးရှင်းတဲ့ ဟင်းတစ်ခွက်ကိုတောင် အရမ်းချိုမြိန်အောင် လုပ်နိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ အချိုမလွန်အောင်လည်း ထိန်းထားနိုင်တယ်၊ ပြီးတော့ ငါးရဲ့ လတ်ဆတ်မှုနဲ့ နူးညံ့မှုကိုလည်း အပြည့်အဝ ဖော်ပြနိုင်တယ်"
လီမင်ဟွေ့သည် တူကို ကျေနပ်စွာ ချထားလိုက်ပြီးနောက် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
"ဒါက သာမန် ယိုပိုးမျှင်ငါးကြော် ဆိုတာလား၊ ဘာလို့ ဒီလောက် အရသာရှိနေရတာလဲ၊ ငါ အချိုစားရတာ မကြိုက်ဘူးဆိုရင်တောင် ဘယ်လို ငြင်းရမှန်း မသိတော့ဘူး"
လျူထုန်မှာလည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
ဤသေးငယ်သော စားသောက်ဆိုင်လေးတွင် ယွမ်ကျိုးကဲ့သို့ ပါရမီရှင်တစ်ဦး အံ့သြဖွယ်ကောင်းလောက်အောင် ရှိနေပေသည်။ လျူထုန်နှင့် လီမင်ဟွေ့ တို့ နှစ်ဦးမှာ အပြည့်အဝပင် ယုံကြည်လက်ခံသွားကြတော့သည်။
ချူရှောင်မှာ သူ၏ မှတ်စုစာအုပ်ငယ်ကို ထပ်မံထုတ်ယူလိုက်ပြီး ဤဟင်းပွဲအကြောင်းကို စတင် မှတ်တမ်းတင်လေတော့သည်။
> ယိုပိုးမျှင်ငါး ဟင်းပွဲ - ရိုးရှင်းသော ချက်ပြုတ်နည်း၊ အထူးကောင်းမွန်ပြီး ကျွမ်းကျင်လှသော နည်းစနစ်များရှိသလို သင့်လျော်တဲ့ အချိုဓာတ် ပမာဏကို အရည်ပျော်ဝင်စေပြီး ငါးရဲ့လတ်ဆတ်မှုနဲ့ နူးညံ့မှုကို အပြည့်အဝ ဖော်ဆောင်နိုင်တယ်>
> ချက်ပြုတ်သူ - ယွမ်ကျိုး>
ချူးရှောင်၏ အစားအသောက် မှတ်စုစာအုပ်ငယ်ထဲတွင် မှတ်တမ်းတင်ခံရသော ဟင်းပွဲမှာ တစ်ယောက်လျှင် တစ်ခွက်သာ ရှိသင့်သည်။ သို့သော် ယခုအခါ ယွမ်ကျိုး၏ ဒုတိယမြောက် ဟင်းပွဲ ဖြစ်နေသည်။
ယွမ်ကျိုး ချက်ပြုတ်သည်ဟူသော မှတ်စု နှစ်ခုမှာ ဘေးချင်းကပ်လျက် ရေးသားခံထားရပြီး အလွန်ပင် ထင်ရှားပေါ်လွင်နေလေသည်။
"မင်း သူ့နာမည်ကိုပဲ ရေးသင့်တယ်လို့ ငါထင်တယ်၊ မဟုတ်ရင် မင်းစာအုပ်က ထပ်ရေးဖို့ သေးလွန်းနေမှာ စိုးရတယ်"
ကျိုးရှီကျဲက မှတ်စုစာအုပ်ကို လှမ်းကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။
"အချိန်ကောင်း မရောက်သေးဘူး"
ချူရှောင်က သူ၏ မှတ်စုစာအုပ်ငယ်ကို ပိတ်လိုက်ပြီး အလေးအနက် ပြန်ဖြေလိုက်သည်။
"မင်း သဘောပဲ"
ဥက္ကဋ္ဌကျိုးက များများစားစား ထပ်မပြောတော့ချေ။
လူလေးဦးသား ထိုနေရာတွင် ပျော်ရွှင်စွာ စားသောက်နေကြစဉ် စားသောက်ဆိုင်ထဲသို့ ဝင်လာကာစ ဖြစ်သော ဝူဟိုင်းမှာ
ဂနာမငြိမ် ဖြစ်လာလေသည်။
"ကျိုးကျား... ငါလည်း အဲ့လို ငါးဟင်းလျာ တစ်ပွဲ လိုချင်တယ်"
ဝူဟိုင်းက ရက်ရောစွာ လှမ်းအော်လိုက်သည်။
"ဒီနေ့က အစ်ကို့အတွက် အရေးကြီးတဲ့ နေ့တစ်နေ့မို့လို့လား"
ကျိုးကျားသည် သူ၏ အော်ဒါကို ချက်ချင်း မှတ်တမ်းမတင်ဘဲ ထိုသို့သာ မေးလိုက်သည်။
"ဘာလို့ အဲဒါကို မေးနေရတာလဲ"
ဝူဟိုင်းသည် ရုတ်တရက်ဆိုသလို တစ်ခုခုကိုကြိုတင် ခံစားလိုက်ရသည်။ ပို၍ပင် တိတိကျကျပြောရလျှင် တစ်စုံတစ်ယောက်က သူ အရသာရှိသော ငါးများအား စားရမည့်အခွင့်အရေးကို တားဆီးချင်နေသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
"မစ္စတာဝူ... ကျေးဇူးပြုပြီး ဒီဟင်းပွဲရဲ့ သတ်မှတ်ချက်တွေကို စစ်ဆေးကြည့်ပါဦးရှင့်"
ကျိုးကျားသည် ပြုံးနေဟန် ရှိသော်လည်း စိတ်ထဲတွင် အကူအညီမဲ့နေလေသည်။ ဤမျှ ဈေးကြီးသော ဟင်းပွဲအတွက် သတ်မှတ်ချက်များက အလွန် များပြားနေဆဲပင်။ သူမ၏သူဌေးကဲ့သို့ မည်သူမှ ဤမျှ စိတ်ကူးပေါက်ရာ လုပ်တတ်မည် မဟုတ်ချေ။
"ဒီဟင်းပွဲကို အရေးကြီးတဲ့ အခါသမယတွေမှာပဲ ရနိုင်မယ်ဆိုတဲ့ မှတ်ချက်က ဘာကို ဆိုလိုတာလဲ"
ဝူဟိုင်း တကယ်ပင် နားမလည်ပေ။
"ကျွန်မ သူဌေးကတော့ အရေးကြီးတဲ့ ဧည့်ခံပွဲ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ မွေးနေ့ရှိတဲ့အခါမျိုးမှာမှ ရနိုင်တယ်လို့ ပြောပါတယ်"
ကျိုးကျားက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မွေးနေ့ ဟုတ်လား"
ထိုအခါ ဝူဟိုင်း အံ့သြသွားသည်။ စည်းမျည်းက တကယ့်ရယ်စရာပဲ။
"ဟုတ်တယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး တခြားတစ်ခု ပြောင်းပေးလို့ ရမလားရှင့်"
ကျိုးကျားက အကြံပြုလိုက်သည်။
ဝူဟိုင်းသည် ပန်းချီဆရာတစ်ဦးဖြစ်ကာ သာမန်အချိန်များတွင် သူ့ကို အခြားသူများက အမြဲတစေ ဒကာခံ ဧည့်ခံလေ့ရှိသော်လည်း သူ၏ ညီမနှင့် ကိုယ်စားလှယ် ကျန်းကျားဝေ့မှလွဲ၍ အခြားသူများကို သူ ဧည့်ခံလေ့ မရှိသလောက်ပင်။ ထိုသူနှစ်ဦးမှလွဲ၍ မည်သူ့ကိုမျှ သူ ဤနေရာသို့ ခေါ်မလာချင်ပေ။
သို့ဖြစ်ရာ ဝူဟိုင်းအတွက် အရေးကြီးသော ဧည့်ခံပွဲတစ်ခု ရှိရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ ထိုကိစ္စကြောင့် ဝူဟိုင်း ဒေါသထွက်သွားသည်။
"သူဌေးယွမ်... ခင်ဗျားက ဘာသဘောလဲ၊ ကျွန်တော့်ကို ဒုက္ခပေးချင်လို့ ဒီဟင်းပွဲသစ်ကို တမင်သက်သက် လုပ်ထားတာလား"
ဝူဟိုင်းက ငါးဟင်းစုံဟင်းလျာကို လက်ညှိုးထိုးပြကာ သူ၏ နှုတ်ခမ်းမွေးအား ပွတ်သပ်ရင်း မျက်လုံးများပြူးကျယ်လျက် မေးလိုက်သည်။
"စည်းကမ်းတွေကိုပဲ လိုက်နာပါ"
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။
"စည်းကမ်းတွေ ဟုတ်လား၊ ကျွန်တော့်ကို ငတ်ပြတ်လုနီးပါး ဖြစ်စေခဲ့တဲ့ ဟင်းတစ်မျိုးတည်း နှစ်ပွဲစားလို့ မရဘူးဆိုတဲ့ စည်းကမ်းကို ခဏမေ့လိုက်ဦး၊ နောက်တစ်ခါ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ဆိုင်ပိတ်ပြီး နားခဲ့လို့ ကျွန်တော် ငတ်ပြတ်မတတ် ဖြစ်ခဲ့ရတဲ့ ကိစ္စကိုလည်း မေ့လိုက်ဦး၊ ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ မွေးနေ့ရှိမှပဲ ဒီဟင်းကို ရနိုင်မယ်ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်ကြီးကတော့ ဘာကြီးလဲ"
ဝူဟိုင်းသည် ယွမ်ကျိုး၏ ပြစ်ချက်များကို တစ်ခုချင်းစီ ရေတွက်ကာ ခါးသီးစွာ မေးခွန်းထုတ်လိုက်သည်။ စိတ်လှုပ်ရှားနေသော ဝူဟိုင်းကို ကြည့်ရင်း ယွမ်ကျိုး အနည်းငယ် နားမလည်နိုင် ဖြစ်သွားသော်လည်း ဂရုမစိုက်သည့်ဟန်ဖြင့်ပင် "ဒါက ကျွန်တော့်ရဲ့ စည်းကမ်းလေ"
"ခင်ဗျားရဲ့ စည်းကမ်းတွေ သွားသေလိုက်တော့၊ ခင်ဗျားက ကျွန်တော် ရက်ထပ်နှစ်ရဲ့ ရက်ထပ်လမှာ မွေးတယ်ဆိုတာကို သိလို့ ကျွန်တော့်ကို ဒီဟင်း မစားရအောင် တမင်သက်သက် လုပ်တာပဲ ဖြစ်ရမယ်၊ ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အကြံအစည်လဲဖ သူဌေးယွမ်... ခင်ဗျား ကျွန်တော့်အပေါ် ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ ပြီးတော့ ဒါက ငါးလေဗျာ၊ ဟင်းသီးဟင်းရွက်မှ မဟုတ်တာ"
ဝူဟိုင်းက ကြားရသူ မည်သူမဆို မျက်ရည်ကျလောက်မတတ် ဝမ်းနည်းဆွေးမြေ့ဖွယ် အသံဖြင့် ညည်းတွားလိုက်သည်။
သို့သော် ယွမ်ကျိုး၏ စိတ်ထဲတွင် မြေပြင်ပေါ်၌ လူးလှိမ့်ကာ ရယ်မောချင်စိတ်ကို မနည်းထိန်းချုပ်ထားရလေသည်။
ရက်ထပ်နှစ်ရဲ့ ရက်ထပ်လမှာ ရှိတဲ့ မွေးနေ့ ဟုတ်လား... ဟားဟား၊ အဲဒါဆိုရင် သူ့တစ်သက်မှာ မွေးနေ့ဆိုတာ သိပ်အများကြီး ရှိမှာမဟုတ်ဘူးပေါ့။
ယွမ်
ကျိုးက မျက်နှာပေါ်တွင် အပြုံးရိပ် မသန်းစေရန် သေချာစွာ ဟန်ဆောင်ထိန်းချုပ်လိုက်ပြီး "ခင်ဗျား မွေးနေ့ပွဲရော ကျင်းပဖူးရဲ့လား"
ပြီးပါပြီ။
***