ယွမ်ကျိုး၏ မေးခွန်းက ဒဲ့ဒိုးဆန်လွန်းလှသည်။ ထိုစကားက ဝူဟိုင်း၏ ရင်အုံအောက်ခြေအထိ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။
"မင်းနဲ့ ဘာဆိုင်လို့လဲ၊ ငါ့မွေးနေ့မှာ ငါဘာလုပ်လုပ်ပေါ့"
ဝူဟိုင်း၏ မျက်နှာပေါ်တွင် ငါးကလွဲပြီး ဘာမှမလိုချင်ဘူးဟူသော အမူအရာက အထင်းသား ပေါ်လွင်နေ၏။
"စည်းကမ်းကိုပဲ လိုက်နာပါ"
ယွမ်ကျိုးက တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။
"ငါက ရက်ထပ်နှစ်ရဲ့ ရက်ထပ်လမှာ မွေးတာကွ၊ အဲဒါကို ဘယ်လိုလုပ် မွေးနေ့ပွဲ ကျင်းပလို့ရမှာလဲ"
ဝူဟိုင်းက အံ့ကြိတ်ရင်း မေးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ တစ်နေ့တော့ ခင်ဗျားအလှည့် ရောက်လာမှာပေါ့"
ယွမ်ကျိုးက ခံစားချက်ကင်းမဲ့စွာ ပြတ်ပြောသည်။
"မင်းကို ငါ ပြောမယ်၊ ငါ့တစ်သက်မှာ မွေးနေ့ပွဲဆိုလို့ တစ်ခါပဲ ကျင်းပဖူးသေးတယ်၊ အဲဒါ ဘယ်တုန်းကလဲ သိလား၊ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်ကကွ"
ဝူဟိုင်းက ယွမ်ကျိုးထံမှ သနားညှာတာမှု ရလိုရငြား ကြိုးစားကြည့်လိုက်သည်။
"အင်း... ကျွန်တော့်မွေးနေ့က နောက်တစ်လဆို ရောက်ပြီ၊ အမြဲတမ်း တရုတ်နှစ်သစ်ကူး နီးလာတဲ့အချိန်မှ ကျရောက်တတ်တာ၊ အဲဒီလောက်ကြီးလည်း မကောင်းပါဘူး"
ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး သူငယ်ချင်းအချင်းချင်း ရင်ဖွင့်သည့်အလား ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။
ပုံမှန်အချိန်မျိုးတွင် ယွမ်ကျိုးသာ ဤသို့ပြောလာပါက ဝူဟိုင်းတစ်ယောက် သူ့ကို လှောင်ပြောင်ရသည်ကို အတော်လေး သဘောကျနေမည်မှာ အသေအချာပင်။ သို့သော် ယခုအချိန်၌ သူ၏ခေါင်းထဲတွင် ယွမ်ကျိုးအား ရိုက်သတ်ပစ်ချင်စိတ် တစ်ခုသာ လွှမ်းမိုးနေတော့သည်။ သို့တိုင်အောင် သူအမှန်ပင်သတ်လိုက်ပါလျှင် အနာဂတ်တွင် ဘာစားရမည်နည်း ဟူသည်ကို စဉ်းစားရဦးမည် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍
ဝူဟိုင်းမှာ မချင့်မရဲဖြင့်သာ မြိုသိပ်ထားလိုက်ရသည်။
"ခင်ဗျား ကျွန်တော့်ကို ညစာ ဒကာခံလိုက်လို့ ရတာပဲလေ"
လင်းဟုန်က ဝင်ပြောလိုက်သည်။ အကယ်၍ လင်းဟုန်က သူ့ကို လှောင်ပြောင်နေခြင်း မဟုတ်ဘူးဟုသာ ခံစားရပါက ဤမျှကောင်းမွန်သော အကြံဉာဏ်ပေးသည့်အတွက် ဝူဟိုင်းတစ်ယောက် ကျေးဇူးတင်မိမည်မှာ အမှန်ပင်။
"အရေးကြီးတဲ့ ဧည့်ခံပွဲတွေအတွက်မှသာ ဒီဟင်းကို မှာလို့ရမှာပါ၊ ငါးဟင်းလျာ ဆယ်မျိုးစုံကို အလဟဿ အဖြစ်မခံနိုင်ဘူး"
ယွမ်ကျိုးက ထိုလူနှစ်ဦးစလုံးမှာ ငွေပေါသောသူဌေးများ ဖြစ်ကြောင်း သိထားသဖြင့် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။
"ပြဿနာ မရှိပါဘူး၊ ခင်ဗျားရဲ့ ပန်းချီကားတွေက တော်တော်လေး ကောင်းတယ်ဆိုတော့ ကျွန်တော် တစ်ကားလောက် ဝယ်ဖို့ စဉ်းစားထားတယ်ထ၊ အဲဒီလိုဆိုရင်တော့ ခင်ဗျား ကျွန်တော့်ကို ညစာ ဧည့်ခံဖို့ လိုအပ်သွားပြီ မဟုတ်လား"
လင်းဟုန်က ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိကြောင်း အရိပ်အမြွက် ပြလိုက်သည်။
"မင်းက ပန်းချီကားတွေအကြောင်း နားလည်လို့လား"
ဝူဟိုင်းက ချက်ချင်း တုံ့ပြန်နိုင်ခြင်းမရှိဘဲ လင်းဟုန်အား အထင်သေးသော လေသံဖြင့် မေးလိုက်သည်။
"ပေါက်ကရတွေ... နားမလည်ဘဲနဲ့ ငါက ဘာလုပ်ဖို့ ဝယ်မှာလဲ"
လင်းဟုန်က သူ၏ ဆံပင်ကို လက်ချောင်းများဖြင့် သပ်တင်ကာ ခပ်မိုက်မိုက် ပြန်ပြောလိုက်သည်။
"မင်းက ရိုးရာတရုတ်ပန်းချီတွေကိုပဲ ကြိုက်တာ မဟုတ်ဘူးလား၊ ငါဆွဲတာတွေက ဆီဆေးကားတွေချည်းပဲလေ"
ဝူဟိုင်းက နားမလည်နိုင်စွာ မေးလိုက်သည်။
"အနုပညာရှင်တွေက အကုန်လုံး ဒီလိုပဲ တုံးအကြတာလား၊ ငါ မင်းကို ကူညီနေတာဆိုတာ မင်း သဘောမပေါက်ဘူးလား"
လင်းဟုန်က ဝူဟိုင်းအား စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်သည်။
"အို... ဟုတ်သားပဲ၊ မင်း ငါ့ပန်းချီကားကို ဝယ်ရင် ငါက မင်းကို ညစာ ဧည့်ခံရမှာပေါ့၊ နေပါဦး... မဟုတ်သေးပါဘူး၊ မင်းက ငါ့ပန်းချီကားကို ဝယ်ချင်တာဆိုရင် မင်းကပဲ ငါ့ကို မျက်နှာချိုသွေးရမှာ မဟုတ်ဘူးလား"
ဝူဟိုင်းသည် ရုတ်တရက် သဘောပေါက်သွားပြီး လင်းဟုန်၏ စကားကို ထောက်ခံမလို ဖြစ်သွားပြီးမှ သူ၏ အတွေးက ချက်ချင်း ပြောင်းလဲသွားလေသည်။
"ဒီကောင့်ကိုတော့ ကယ်လို့ မရတော့ဘူး၊ ငါ ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး"
လင်းဟုန်က သူ၏ နဖူးကိုသာ သူပြန်ရိုက်လိုက်သည်။ ဝူဟိုင်းနှင့် အကျိုးအကြောင်း ဆွေးနွေးနေခြင်းမှာ အဓိပ္ပါယ်မရှိမှန်း သိသွားသဖြင့် လင်းဟုန်သည် ထိုင်ချလိုက်ပြီး သူ့ကို လုံးဝ လျစ်လျူရှုလိုက်လေတော့၏။
"တခြားလူတွေဆို ငါ့ပန်းချီကားကို ဝယ်ချင်လွန်းလို့ ငါ့ကို လာတောင်းပန်နေကြရတာ၊ မင်းကများ ငါ့ကို ညစာလည်း မကျွေးတဲ့အပြင် ငါ့ကိုတောင် ပြန်ဧည့်ခံခိုင်းနေသေးတယ် ဟုတ်လား"
ဝူဟိုင်းမှာ နာမည်ကျော် ပန်းချီဆရာတစ်ဦးဖြစ်သောကြောင့် စော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
"အရူးကောင်"
လင်းဟုန်က သူ့ကို ပြန်ပြောလိုက်သည်။ သူသည်လည်း သူ့ဉာဏ်ရည်ကို ဝူဟိုင်းက စော်ကားလိုက်သည် ခံစားရသဖြင့် ဤရူးနေသောလူနှင့် စကားမပြောချင်တော့ပေ။
"ဟွန့်... ရိုးရာ တရုတ်ပန်းချီကိုပဲ ခံစားတတ်တဲ့ လူတစ်ယောက်ကို ငါ့ရဲ့ ဆီဆေးပန်းချီကားတွေ မရောင်းချင်ပါဘူး"
ဝူဟိုင်းကလည်း သူ၏ ပန်းချီကားများနှင့် ပတ်သက်လာလျှင် အလျှော့ပေးလေ့မရှိသူ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၎င်းသည် သူ အကျွမ်းကျင်ဆုံးသော တစ်ခုတည်းသော အရာ ဖြစ်ပေသည်။
သူ၏ ပန်းချီကားများကို စော်ကားသည်ယူဆရသော လင်းဟုန်နှင့် ရှင်းလင်းပြီးနောက် ဝူဟိုင်းသည် ခေါင်းလှည့်ကာ ယွမ်ကျိုးထံမှ ငါးစုံဟင်းလျာကို ရောင်းချပေးရန် ထပ်မံ အပူကပ်လေတော့သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက ပြတ်သားစွာပင် ငြင်းပယ်လိုက်သည်။ ထို့နောက် ယွမ်ကျိုးသည် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး ဟင်းပွဲများကိုသာ ဆက်လက် ပြင်ဆင်နေလိုက်တော့သည်။
တကယ့်ကို ဟာသပဲ၊ ယွမ်ကျိုးသည် ဘေးမှကြည့်နေသူဖြစ်သောကြောင့် ဝူဟိုင်း၏ တုံးအမှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီး တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်စားလှယ် ကျန်ကျားဝေ့အပေါ် အလွန် သနားသွားမိလေသည်။ ထိုမျှ ဉာဏ်ရည်နိမ့်ကျသော လူတစ်ယောက်၏ ပန်းချီကားများကို ရောင်းချပေးရန် ကျန်းကျားဝေ့အတွက် မည်မျှတောင် ခေါင်းကိုက်စရာ ကောင်းနေလိမ့်မည်နည်း။ ထို့ကြောင့် ဤကျန်းကျားဝေ့သည် အမှန်တကယ်ပင် စွမ်းဆောင်ရည် ပြည့်ဝသူတစ်ဦးဖြစ်နိုင်သည်။
စားသောက်ဆိုင်အတွင်း၌ ဆူညံပွက်လောရိုက်နေသကဲ့သို့ပင် အပြင်ဘက် လမ်းကြားလေးထဲတွင်လည်း အလားတူ စည်ကားနေလေသည်။
တန်းစီစောင့်ဆိုင်းနေကြသော ဖောက်သည်များသည် အလုပ်အကြောင်း၊ ဘောလုံးအကြောင်း၊ ဘတ်စကက်ဘောအကြောင်းများကို အသီးသီး စကားစမြည် ပြောဆိုနေကြသည်။ သို့သော် သူတို့ အများဆုံး ဆွေးနွေးဖြစ်နေကြသည်မှာ ယွမ်ကျိုး၏ ငါးဟင်းလျာ အကြောင်းသာ ဖြစ်သည်။
ယွမ်ကျိုးသည် ရိုးရာပါရမီရှင် ဟူသော ရုပ်သံအစီအစဉ်တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ထိုအကြောင်းမှာ လူပြောများလာခဲ့သည်။ ချန်တုမြို့၌ ယွမ်ကျိုး၏ နာမည်ကျော်ကြားမှုမှာ အံ့မခန်းဖြစ်လာခဲ့သော်လည်း ၎င်းသည် ချန်တုအတွင်း၌သာ ဖြစ်သည်။ သူ၏ ချစ်သူကို လာရောက်တွေ့ဆုံရန် ကွမ်ကျိုးမှ ရောက်ရှိလာသော ထန်စုန့်မှာမူ ယွမ်ကျိုး၏ စားသောက်ဆိုင်အကြောင်းကို တစ်စက်ကလေးမျှ သိမနေခဲ့ပေ။
"ငါ မေ့မေ့ကို အံ့သြသွားအောင် လုပ်ရမယ်၊ အဲ့တော့ ငါတို့ ညစာအတွက် နေရာတစ်ခုကို ငါကိုယ်တိုင်ပဲ ရွေးမှဖြစ်မယ်"
ထန်စုန့်သည် ကားပေါ်မှ ဆင်းဆင်းချင်း စိမ်းသက်နေသော်လည်း ရင်းနှီးကျွမ်းဝင်နေသည့် မြို့တော်ကြီးကို ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့်အတူ ရေရွတ်လိုက်သည်။
ဤမြို့နှင့် ပတ်သက်၍ ထန်စုန့်၏ သိရှိမှုအားလုံးမှာ သူ၏ ချစ်သူ လျိုမေ့အတွက်သာဖြစ်သည်။ သူတို့သည် မြို့နှစ်မြို့ ဝေးကွာနေသော်လည်း နှစ်လကြာတွဲပြီးနောက် ယခုမှသာ သူ အားလပ်ချိန် အနည်းငယ်ရသဖြင့် သူမဆီသို့ လာခဲ့ဖူးခြင်းဖြစ်သည်။ ယခင်က လျိုမေ့ကသာ သူ့ဆီသို့ အမြဲတမ်း လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
"အခုတော့ ငါ့အလှည့် ရောက်ပြီပေါ့"
ထန်စုန့်က တည်းခိုရန် နေရာရှာနေစဉ် ပြုံးလျက် ပြောလိုက်သည်။ သူ တည်းခိုမည့်နေရာမှာ သူ့ချစ်သူအိမ်နှင့် သိပ်မဝေးသင့်ပေ။ သို့ဖြစ်ရာ ထန်စုန့်သည် အငှားယာဉ်တစ်စီးကို တားကာ တက်စီးလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော့်ကို ပါလီဘက်ကို ပို့ပေးပါ"
ထန်ဆုန့်သည် အုပ်စုလိုက် ဝယ်ယူရေး အက်ပ်ကို ဖွင့်ကာ သူ ကြိုတင်စာရင်းသွင်းထားသော ဟိုတယ်လိပ်စာကို ရှာဖွေပြီးနောက် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ"
အငှားယာဉ်မောင်းက ပြန်ဖြေပြီး ချက်ချင်းပင် မောင်းထွက်သွားလေသည်။
"ငါ ချန်တုက အရသာရှိတဲ့ အစားအစာတွေကို ရှာကြည့်လိုက်ဦးမှထ ဘယ်ဆိုင်က အဆင့်သတ်မှတ်ချက် အမြင့်ဆုံးလဲ ကြည့်ရအောင်"
ထန်စုန့်၏ ဖုန်းထဲတွင် အစားအသောက် မှာယူရေး အက်ပ်များစွာ ရှိနေသည်။ ထိုအရာများအားလုံးမှာ အရသာရှိသော ဟင်းလျာများကို ရှာဖွေရန် သီးသန့် ဒေါင်းလုဒ်ဆွဲထားခြင်း ဖြစ်သည်။
သူ့ ကောင်မလေးမှာ စားသောက်ရသည်ကိုသာ နှစ်သက်ပြီး သူမအတွက် ကောင်းမွန်သော အစားအစာများကို သူကိုယ်တိုင်ရှာပေးလျှင် ပိုကောင်းမည်ပြောလာသည်။
ထို့ကြောင့် ထန်စုန့်ကလည်း သူမအား သူ့အပေါ် အပြည့်အဝ အားကိုးခွင့်ပြုလိုက်သည်။ သူသည် သူတို့တွေ့ဆုံချိန် အကြိမ်တိုင်း အရသာရှိသော အစားအစာများကို ရှာဖွေသူမှာ သူဖြစ်ပြီး သူ၏ချစ်သူ လျိုမေ့မှာ စားရန်သာ တာဝန်ယူသည်။ သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်သော နားလည်မှု တစ်ခု ရှိနေသည်။ လျိုမေ့သည် အရသာရှိသော အစားအစာများကို သူမဆန္ဒအလျောက် ဘယ်သောအခါမျှ မရှာဘဲ ဤကိစ္စနှင့် ပတ်သက်၍ ထန်စုန့်ကိုသာ အားကိုးလေသည်။ ၎င်းကို သူတို့ချစ်သူနှစ်ဦးကြားရှိ ချိုမြိန်သော ပျော်ရွှင်မှုတစ်ခု သတ်မှတ်နိုင်ပေသည်။
သူ၏ လက်ချောင်းများဖြင့် ဖန်သားပြင်ပေါ်တွင် လျင်မြန်စွာ ပွတ်ဆွဲရင်း ဤအက်ပ်ပထဲရှိ အဆင့်သတ်မှတ်ချက် မြင့်မားသော စာရင်းတစ်ခုကို ဖွင့်လိုက်သည်။
၎င်းမှာ ချန်တုမြို့ရှိ အရသာရှိသော အစားအစာများ အဆင့်သတ်မှတ်ချက် စာရင်း ဖြစ်သည်။ ပထမဆုံး ထိပ်ဆုံးနေရာတွင် ရှိနေသည်မှာ ယွမ်ကျိုး၏ စားသောက်ဆိုင်သာ ဖြစ်နေလေသည်။
"ဒီစားသောက်ဆိုင်က ပထမနေရာတဲ့လား"
ထန်စုန့်သည် အကျဉ်းချုပ် မိတ်ဆက်ချက်များကို ကြည့်ကာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
> ယွမ်ကျိုး၏ စားသောက်ဆိုင် - ဆိုင်အရွယ်အစားက စတုရန်းမီတာ ၂၀ ခန့်သာရှိပြီး ပျမ်းမျှ ကုန်ကျစရိတ်ကလည်း အရမ်းဈေးကြီးတယ်၊ ဒါပေမယ့် အရသာကတော့ ယှဉ်နိုင်တဲ့သူမရှိဘူး၊ စမ်းသပ်စားသောက်ကြည့်ဖို့ ထိုက်တန်တယ်။>
"ဒီလိုဆိုင်သေးသေးလေးက ပထမနေရာကို ယူထားတာလား၊ ကျွတ်... ကျွတ်... မဲခိုးတာတွေက နေရာတိုင်းမှာ ရှိနေပြီနဲ့တူတယ်၊ ဒီဆိုင်သေးသေးလေးက တော်တော့်ကို အစွမ်းထက်တာပဲ"
ထန်စုန့်က ခေါင်းခါရမ်းလျက် ထိုအရာကို မယုံကြည်ချေ။
သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ၎င်းမှာ ငွေပေး၍ မဲလိမ်ထားခြင်း ဖြစ်သည် ယုံကြည်ရန် လုံလောက်သော အကြောင်းပြချက် ရှိနေသည်။
စားသောက်ဆိုင်တစ်ဆိုင်တွင် မကောင်းသော မှတ်ချက် တစ်ခုမျှမရှိဘဲ ၁၀၀% ကောင်းမွန်သော မှတ်ချက်များချည်းသာ ရှိနေရန်မှာ မဖြစ်နိုင်ပေ။
> [ဒီက ဟင်းတွေကို စားပြီးသွားတော့ ဆိုင်ရှင်ကို ကျွန်တော့်အိမ်ဆီ ပြန်ပေးဆွဲသွားချင်စိတ် ပေါက်သွားတာ ကျွန်တော့်ဘဝမှာ ဒါ ပထမဆုံးအကြိမ်ပဲ၊ ကျွန်တော့်မှာ ပိုက်ဆံအများကြီး မရှိတာကတော့ နှမြောစရာပဲ၊ မဟုတ်ရင် နေ့တိုင်း အဲဒီကို သွားချင်မိမှာ၊ ဟင်းပွဲတွေက အရမ်းကို အရသာရှိလွန်းပြီး သေချာပေါက် မြည်းစမ်းကြည့်ဖို့ ထိုက်တန်ပါတယ်၊ ကြယ်ငါးပွင့်ပေးပါတယ်] - ရေးသားသူ ရှန်တာ့ရန်ချန်းရွှင်>
> [ယွမ်ကျိုးရဲ့ စားသောက်ဆိုင်မှာ တစ်ခါလောက် စားပြီးသွားတော့ လအကုန်အထိ ခေါက်ဆွဲခြောက်တွေနဲ့ပဲ အသက်ဆက်ရတော့တယ်၊ ဒါပေမယ့် ငါ ပျော်နေတုန်းပဲ၊ ဒါက ရောဂါတစ်ခုပဲလား ငါဆရာဝန်ဆီ သွားသင့်ပြီလား၊ ထားလိုက်ပါတော့လေ... ပိုက်ဆံတွေ ထပ်စုပြီး အဲဒီကို နောက်တစ်ခါ ပြန်သွားတာက ပိုကောင်းပါလိမ့်မယ်၊ ကြယ်ငါးပွင့် အကြံပြုပါတယ်] - ရေးသားသူ ယောင်ဝေ့ကျိလျန်>
> [ကျွန်တော့်ကောင်မလေးက ကျွန်တော့် အွန်လိုင်းဂိမ်းထဲက လက်နက်တွေကို အဲ့ဆိုင်မှာစားဖို့ ရောင်းခဲ့တယ်လေ၊ ဒါပေမယ့် ကျွန်တော် သူနဲ့ လမ်းမခွဲခဲ့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ယွမ်ကျိုးရဲ့ စားသောက်ဆိုင်ကို သွားခဲ့လို့လေ၊ မင်းတို့တွေ မနာလိုဖြစ်နေပြီလား၊ ဟား... ဟား... ဝမ်းနည်းစရာကတော့ လက်နက်ပစ္စည်းတွေ အကုန်ရောင်းလိုက်ရလို့ ကျွန်တော်တို့မှာ အဲဒီမှာ ထပ်စားဖို့ ပိုက်ဆံ မရှိတော့တာပါပဲ၊ ထိပ်ဆုံးအဆင့်အကြံပြုပါတယ်] - ရေးသားသူ ယွီလန်ရှီ>
> [မင်းတို့ကောင်တွေ အကြံပေးလို့ ငါ အဲဒီမှာ သွားစားခဲ့တာ၊ အခုတော့ မင်းတို့ကောင်တွေ ငါ့ကို လျော်ပေးဖို့သာ ပြင်ထားတော့၊ ငါ့ပိုက်ဆံတွေ အကုန် ပြောင်သွားပြီဟ၊ ကယ်ကြပါဦး... လာမယ့် လဝက်လောက်ကို ငါ ဘယ်လို အသက်ဆက်ရမလဲ၊ ငါ ဂရုမစိုက်ဘဲ ဟင်းတွေ အများကြီး မှားမှာမိသွားပြီ ဝူးးဝူးး...] - ရေးသားသူ ရှီရှားကုန်းကျိန်း>
"ဟား... ဟား... မှတ်ချက်တွေက တစ်ခုနဲ့တစ်ခု အရမ်းကို တူနေတာပဲ၊ မင်းတို့တွေ စေတနာနည်းနည်းလေးလောက်ထည့်ပြီး မတူအောင် ရေးလို့ မရဘူးလား"
ထန်စုန့်သည် မှတ်ချက်များကို အပျော်သဘောသာ ဖတ်ကြည့်ခဲ့သည်။ သူသည် ထိုနေရာသို့ သွားရောက်စားသောက်မည်တော့ သေချာပေါက် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာ သူတို့သည် အတုအယောင် မှတ်ချက်များစွာကို ငွေပေးဝယ်ယူထားခြင်းဖြစ်သောကြောင့် ဟင်းပွဲများမှာ သေချာပေါက် အရသာရှိမည် မဟုတ်ချေ။ ၎င်းမှာ ထန်စုန့် တွေးနေသည့် အရာပင် ဖြစ်သည်။
မဲခိုးသူတစ်ဦး သတ်မှတ်ခံထားရသော ယွမ်ကျိုးမှာ ငါးဟင်းလျာနှင့် အသားအတွက် ဝူဟိုင်း၏ အပြင်းအထန် နှောင့်ယှက်ခြင်းကို ခံနေရလေသည်။
"သူဌေးယွမ်... တခြား စည်းကမ်းတွေကို ထားလိုက်ပါတော့၊ ဒီစည်းကမ်းကတော့ လုံးဝကို မတရားဘူး၊ စဉ်းစားကြည့်ပါဦးဗျာ... ရက်ထပ်နှစ်ရဲ့ ရက်ထပ်လမှာ မွေးတဲ့ ကျွန်တော်တို့လို လူတွေက ကိုယ့်မွေးနေ့မှာတောင် ဒီဧည့်ခံပွဲကို လာစားဖို့ အခွင့်အရေး တစ်ကြိမ်လေးမှ မရှိတော့ဘူးလား"
ယွမ်ကျိုး ဖောက်သည်များထံသို့ ဟင်းပွဲများ လာချပေးတိုင်း ဝူဟိုင်းသည် မတူညီသော စကားများဖြင့် ရစ်နေသော်လည်း အားလုံးမှာ အဓိပ္ပါယ် တစ်မျိုး
တည်းသာ ဖြစ်သည်။
ငါ ငါးစားချင်တယ်၊ ငါ ငါးဟင်းလျာစုံကို စားချင်တယ်၊ ဟင်းသီးဟင်းရွက် တစ်စက်မှမပါတဲ့ ငါးကိုပဲ စားချင်တာ...
ပြီးပါပြီ။
***