"အင်း၊ ဒါကြောင့် ခင်ဗျား တခြား အရေးကြီးတဲ့ ဧည့်ခံပွဲတွေမှာလည်း ဒီဟင်းကို မှာယူနိုင်ပါတယ်လေ"
ယွမ်ကျိုးက ခေါင်းညိတ်ပြပြီးနောက် အလေးအနက် ပြန်ဖြေလိုက်သည်။
"အဲဒီလိုဆိုရင်တောင် ငါတို့မှာ ဒီဧည့်ခံပွဲကို စားဖို့ အကြောင်းပြချက် တစ်ခု လျော့သွားတာပဲ"
ဝူဟိုင်းက လေးနက်စွာ ပြောလိုက်သည်။
"မဟုတ်ဘူး၊ ခင်ဗျားမှာ အကြောင်းပြချက် မလျော့သွားဘူး၊ ကျွန်တော် ဒီမှာ ရှိနေသေးတာပဲ"
ယွမ်ကျိုးက ထိုသို့ပြောလိုက်ချိန်တွင် သူ၏ လေသံမှာ အလွန် ဂရုမစိုက်သည့်ဟန် ပေါက်နေသော်လည်း အလွန်ပင်သေချာနေလေသည်။
"အင်း... အင်းပါ"
ဝူဟိုင်းသည် ခေတ္တမျှ မှင်သက်သွားသည်။ ထို့နောက် သူသည် ထိုင်ချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
မှန်ပါသည်။ ယွမ်ကျိုးသည် အမြဲတမ်း ထိုနေရာ၌ ရှိနေခဲ့သည်။ သူ၏ မွေးနေ့သည် ရက်ထပ်နှစ်၏ ရက်ထပ်လတွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် နောက်ထပ် မွေးနေ့ရောက်ရန် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် စောင့်ရမည်ဖြစ်စေ ဘာမှ ကွာခြားသွားမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ယွမ်ကျိုးက အမြဲတမ်း ရှိနေမည် မဟုတ်ပါလား။ အဘယ့်ကြောင့် သူ အလျင်စလို လုပ်နေရမည်နည်း။
ဤအကြောင်းပြချက်က ဝူဟိုင်းကို လက်ခံသွားစေပြီး အခြားဖောက်သည်များကိုလည်း အတွေးများနှင့် ခံစားချက်အချို့ ပေးလာစေသည်။ သူတို့၏ ရှေ့မှောက်ရှိ ဟင်းပွဲများမှာ ပို၍ အရသာရှိလာသည် ခံစားလိုက်ကြရသည်။
မည်သို့ပင်ဆိုစေကာ ယွမ်ကျိုးသည် သူ၏ အရာအားလုံးကို သူတို့အတွက် ပေးဆပ်ထားပြီး သူဖန်တီးသော ဟင်းပွဲတိုင်းမှာ ထိုကဲ့သို့ပင်ဖြစ်ပေသည်။
"ဒါကတော့ ကိုးမျိုးမြောက်ဟင်းလျာဖြစ်တဲ့ ငါးခေါင်းဟင်းရည်ပါပဲ၊ အေးအေးဆေးဆေး သုံးဆောင်ကြပါ"
ယွမ်ကျိုးက သစ်သားပမာ အရောင်အဆင်းရှိသော ဟင်းရည်ပန်းကန်လုံးတစ်လုံးကို သယ်ဆောင်လာကာ စားပွဲပေါ်သို့ ခပ်ဖွဖွ ချပေးလိုက်သည်။
"ဧည့်ခံပွဲရဲ့ နောက်ဆုံးပိတ်ဟင်းလျာအနေနဲ့ ဒီဟင်းရည်က ရှေ့ကဟင်းပွဲတွေလောက် အရသာကောင်းပါ့မလားဆိုတာတော့ ငါလည်း မပြောတတ်တော့ဘူး"
ကျိုးရှီကျဲက နို့နှစ်ရည်ပမာ ဖြူဖွေးနေသော ငါးဟင်းရည်ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေမိသည်။
"စိတ်ချ၊ သေချာပေါက် ထူးခြားနေမှာ"
ချူရှောင်ကတော့ ယုံကြည်နေဟန်ရှိသည်။
"ရှေ့ကဟင်းပွဲတွေ အားလုံးက ပါးစပ်အဟောင်းသား ဖြစ်လောက်အောင် ကောင်းလွန်းနေတော့ နောက်ဆုံးဟင်းလျာက ဘယ်လိုများ အဆုံးသတ်သွားမလဲဆိုတာ ကျွန်တော် တကယ်ကို ရင်ခုန်နေပြီ"
လျူထုန်သည် ဟင်းရည်ဇွန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ဆရာဖြစ်သူ စတင်မြည်းစမ်းမည့်အချိန်ကိုသာ စောင့်ဆိုင်းနေသည်။ ဆရာစားပြီးသည်နှင့် သူချက်ချင်း သောက်တော့မည်မှာ သေချာသည်။
ဧည့်ခံပွဲတစ်ခု၏ ဟင်းလျာများအားလုံးသည် ခွဲခြား၍မရသော တစ်သားတည်းကျသည့် အနုပညာလက်ရာတစ်ခု ဖြစ်ပေသည်။ အစပိုင်းတွင် မည်မျှပင် အကောင်းဆုံး ဖန်တီးထားစေကာ နောက်ဆုံးပိတ်ဟင်းလျာတွင် အနည်းငယ်မျှ လိုအပ်ချက်ရှိသွားပါက ဧည့်ခံပွဲတစ်ခုလုံး၏ ဂုဏ်သိက္ခာကို ကြီးစွာထိခိုက်သွားစေနိုင်၏။
ဥပမာပြောရလျှင် အများပြောလေ့ရှိသော ပုံပြင်တစ်ပုဒ်လိုပင်။ စားဖိုမှူးတစ်ဦးသည် ဧည့်ခံပွဲတစ်ခုရှိ ဟင်းပွဲအချို့ကို အလွန်ငန်အောင် ချက်ပြုတ်ခဲ့မိသည်။ သို့သော် နောက်ဆုံးပိတ် ဟင်းရည်တစ်ခွက် လာချပေးချိန်၌ ထိုဟင်းရည်ထဲသို့ ဆားထည့်ရန် သူ မေ့သွားခဲ့သည်။ ထိုအခါ ဟင်းရည်သည် နတ်သုဒ္ဓါနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အရသာကင်းမဲ့သွားတော့သည်။
အကယ်၍ ဟင်းပွဲများက ထိုမျှလောက် ငန်နေပါက မည်သူမျှ အဆုံးအထိ စားနိုင်ကြမည် မဟုတ်ပေ။ ထိုအချက်ကို ခေတ္တဖယ်ထားလိုက်လျှင်ပင် ဟင်းငန်ငန်များကို စားပြီးနောက် လူတိုင်းရေငတ်ကြမည်သာဖြစ်သည်။ သို့ဆိုလျှင် ဆားမပါသော ဟင်းရည်ကျဲကျဲကို သူတို့ကြိုက်စရာ မည်သည့်အကြောင်းမှမရှိချေ။
ထို့ကြောင့် ဟင်းရည်တစ်ခွက်တွင် အချိုးအစားကျသော အရသာရှိရန်မှာ အလွန်အရေးကြီးလှပေသည်။
"နို့နှစ်ရည်လို ဖြူဖွေးနေတဲ့ ဟင်းရည်က ကြည့်ရတာ နွားနို့လိုပဲ၊ ငါးရဲ့လတ်ဆတ်တဲ့ရနံ့ သင်းသင်းလေး ရနေပေမယ့် ညှီနံ့ဆိုလို့ တစ်စက်ကလေးမှ မပါဘူး၊ အင်း... ကြွပ်ရွပြီး ကြော်ထားတဲ့အနံ့လေးတောင် ရောယှက်နေသေးတယ်၊ တကယ်ကို ထူးဆန်းတဲ့ ရနံ့ပဲ"
ကျိုးရှီကျဲက ဟင်းရည်ပန်းကန်ကို ဂရုတစိုက် အနံ့ခံကြည့်ပြီးနောက် ရေရွတ်လိုက်သည်။
"မြည်းစမ်းကြည့်လိုက်တာနဲ့ ဘာလဲဆိုတာ ခင်ဗျား သိသွားလိမ့်မယ်"
ယွမ်ကျိုးက ထိုသို့ပြောလိုက်သည်မှာ လျှို့ဝှက်ချင်၍ မဟုတ်ဘဲ စကားများများပြောလေ့မရှိသော သူ့အကျင့်ကြောင့်သာ ဖြစ်သည်။ ထို့ပြင် ယခုလိုအချိန်တွင် နှုတ်ဖြင့် ရှင်းပြနေရန် မလိုအပ် သူထင်သည်။
"ကောင်းပြီ"
ကျိုးရှီကျဲက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယွမ်ကျိုးလည်း ထိုနေရာမှ ထွက်သွားတော့သည်။
"ဒါက ဒီနေ့ ငါးဟင်းလျာ ဧည့်ခံပွဲရဲ့ နောက်ဆုံးဟင်းပွဲပဲ၊ ဒသမမြောက်ကတော့ သေချာပေါက် အချိုပွဲဖြစ်လိမ့်မယ်၊ ကဲ... မင်းတို့သုံးယောက်ထဲက တစ်ယောက်ယောက်များ ဒီကြော်ထားတဲ့အနံ့က ဘယ်ကလာတာလဲဆိုတာနဲ့ ဘာအနံ့လဲဆိုတာကို ပြောပြနိုင်မလား"
ကျိုးရှီကျဲသည် သူ၏ မုတ်ဆိတ်မွေးများကို လက်ချောင်းများဖြင့် ခပ်ဖြည်းဖြည်း ပွတ်သပ်လိုက်သည်။ သူက ဟင်းရည်ကို အလျင်စလို သောက်မည့်ပုံ မပေါ်သေးပေ။
"ရှင်းနေတာပဲ..."
ချူရှောင်သည် မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ အဖြေပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ကျိုးရှီကျဲက ချက်ချင်းပင် လက်ကာပြလိုက်ပြီး "နေဦး... သူတို့ပြောပြီးမှ မင်းပြော၊ မင်းက အခုတည်းက အဖြေပြောလိုက်ရင် အကုန် သိသွားတော့မှာပေါ့"
ကျိုးရှီကျဲက ချူရှောင်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ချူရှောင်သည် ဂရုမစိုက်သည့်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။ သူသည် ငါးခေါင်းဟင်းရည်၏ အပြင်ပန်းသဏ္ဍာန်မှသည် မွှေးရနံ့အထိ အသေးစိတ် လေ့လာနေဆဲဖြစ်သည်။ အမှန်တွင် ဤဟင်းရည်ထဲတွင် သူကိုယ်တိုင်ပင် နားမလည်နိုင်သေးသော လျှို့ဝှက်ချက်အချို့ ရှိနေသေးသည် မဟုတ်ပါလား။
"ကြော်တဲ့အနံ့က ငါးခေါင်းနဲ့ ကိုယ်လုံး ဆက်နေတဲ့ အပိုင်းကနေ ထွက်လာတာ သေချာတယ်၊ ဒါပေမယ့် သူဌေးယွမ်က ငါးအသားတွေကို အကုန် ဖယ်ထုတ်ထားတာဆိုတော့၊ ခေါင်းပိုင်းမှာ ဆီပူထိုး ကြော်ထားတဲ့ နေရာကနေ ဒီအနံ့လာတာ ဖြစ်ရမယ်"
လီမင်ဟွေ့က ဟင်းရည်ပန်းကန်ကို အသေအချာ စစ်ဆေးပြီးနောက် သူ၏ ကောက်ချက်ကို ထုတ်ဖော်လိုက်သည်။
"အင်း... အဓိပ္ပါယ်တော့ ရှိသားပဲ၊ လျူထုန်... မင်းကရော ဘယ်လိုထင်လဲ"
ကျိုးရှီကျဲက လီမင်ဟွေ့၏ အဖြေကို မှန်သည် မှားသည် မပြောဘဲ လျူထုန်ဘက်သို့ လှည့်မေးလိုက်သည်။
"ပုံမှန်ဆိုရင်တော့ ဖြူဖွေးနူးညံ့နေတဲ့ ငါးခေါင်းကို အရင်က ဆီပူထိုး ကြော်ထားတာမျိုး မတွေ့ရဘူးဆိုရင်တောင်မှ အစ်ကိုကြီး ပြောတာက အတော်လေး ယုတ္တိရှိပါတယ်၊ ဒါပေမယ့် အခုက ဆရာကိုယ်တိုင်က ကျွန်တော်တို့ကို မေးခွန်းထုတ်နေတာရယ် ပြီးတော့ ဒီဟင်းကို ဖန်တီးထားတာက သူဌေးယွမ် ဖြစ်နေတာရယ်ကြောင့် သေချာပေါက် ကွဲပြားခြားနားတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်"
ယခုအခါ ယွမ်ကျိုးကို ကြည့်လိုက်သော သူ့ မျက်ဝန်းများထဲတွင် လေးစားမှုများ အထင်းသား ပေါ်လွင်နေလေသည်။
"ဆက်ပြောပါဦး"
ကျိုးရှီကျဲက မျက်စာပင့်ပြလိုက်သည်။
"ဒါကြောင့် ဒီကြော်ထားတဲ့အနံ့က ငါးခေါင်းဆီကနေ လာတာ သေချာပေါက် မဟုတ်ဘူး၊ တခြား အရာတစ်ခုခုဆီက ဖြစ်လိမ့်မယ်၊ ဥပမာ... အထူး မွှေးရနံ့ရှိတဲ့ အရွက်တစ်မျိုးမျိုး၊ ဒါမှမဟုတ် တခြား လျှို့ဝှက်ပါဝင်ပစ္စည်း တစ်ခုခုများလား"
လျူထုန်က မျက်မှောင်ကြုတ်ကာ အနည်းငယ် မဝံ့မရဲ လေသံဖြင့် ခန့်မှန်းလိုက်သည်။
"ကဲ... တော်တော့၊ ဒီငတုံးနှစ်ကောင်ကတော့ သိမယ့်ပုံ မပေါ်ဘူး၊ ချူရှောင်... မင်းပဲ ပြောပြလိုက်တော့"
ကျိုးရှီကျဲက သက်ပြင်းချကာ ချူရှောင်ကိုသာ လွှဲပေးလိုက်ရသည်။
သူသည် တပည့်နှစ်ဦးအား အချိန်များစွာပေး၍ သင်ကြားပေးခဲ့သော်လည်း သူတို့သည် ယွမ်ကျိုးနှင့် ချူရှောင်တို့၏ အဆင့်ကိုမီရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း တွေးမိသောအခါ ကျိုးရှီကျဲမှာ ရင်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားရသည်။
"ထမင်းချိုးပဲ၊ ဟင်းရည်ထဲမှာ ထမင်းချိုး ပါနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ ဆီကနေ ကြော်ထားသလိုအနံ့ကို ရနေတာ"
ချူရှောင်က ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်သည်။
"ထမင်းချိုးလား"
"ထမင်းချိုး ဟုတ်လား"
လီမင်ဟွေ့နှင့် လျူထုန်တို့ နှစ်ယောက်သား တပြိုင်နက်တည်း အံ့သြတကြီး ရေရွတ်လိုက်မိကြသည်။
"ဟုတ်တယ်၊ အဲဒါ ထမင်းချိုး အစစ်ပဲ၊ အသားကြော်လို့ ထွက်တဲ့အနံ့နဲ့ လုံးဝကို ကွာခြားတယ်၊ မင်းတို့နှစ်ယောက်မှာ တစ်ယောက်က ဘာမှကို မသိတာ၊ နောက်တစ်ယောက်က ရမ်းသမ်းခန့်မှန်းနေတာပဲ ဟမ့်"
ကျိုးရှီကျဲက မကျေမနပ်ဖြင့် အေးစက်စွာ နှာမှုတ်လိုက်သည်။
"ငါးဟင်းရည်ထဲ ထမင်းချိုး ထည့်တာက တကယ်ကို ထူးဆန်းတဲ့ ချက်ပြုတ်နည်းပဲ"
လျူထုန်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ကျိုးရှီကျဲ၏ ဒေါသကို သူ မကြောက်ပေ။
"တောင်းပန်ပါတယ် ဆရာ"
လီမင်ဟွေ့က ရိုသေကျိုးနွံစွာပင် အလေးအနက် တောင်းပန်လိုက်သည်။
"ထားလိုက်ပါတော့ သောက်ကြရအောင်"
ကျိုးရှီကျဲက လက်ဝှေ့ယမ်းပြလိုက်သည်။ ထို့နောက် သူသည် ဇွန်းကို ကိုင်ကာ ဟင်းရည်ကို စတင် ခပ်ယူလိုက်လေသည်။
ပန်းကန်လုံး တစ်လုံးစာ ပြည့်ရန်အတွက် ဟင်းရည်ဇွန်းကြီး တစ်ဇွန်းခွဲခန့်သာ လိုအပ်သည်။ အံ့သြဖွယ်ကောင်းသည်မှာ ငါးဟင်းရည် ပမာဏသည် လူလေးယောက်စာဖြစ်သည့် ပန်းကန်လုံး လေးလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်စီ အညီအမျှခွဲပြီးနောက် တစ်စက်ကလေးမျှ ပိုမနေသလို၊ တစ်စက်ကလေးမျှလည်း လိုမနေခဲ့ပေ။
"ဒီကောင်စုတ်လေး၊ မင်းကိုယ်မင်း တိကျလွန်းသူကြီးလို့ပဲ နာမည်ပေးလိုက်ပါတော့လား၊ တစ်စက်ကလေးတောင် ပိုမလာဘူးဟ"
ကျိုးရှီကျဲက ပြောင်စင်သွားသော ဟင်းရည်အိုးကို ကြည့်ရင်း ယွမ်ကျိုးကို လက်ညှိုးထိုးကာ မှိုချိုးမျှစ်ချိုးပြောလိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အခုလို အတိအကျဆိုတော့ ဘာမှ အလဟဿ မဖြစ်တော့ဘူးပေါ့"
ယွမ်ကျိုးက ကျိုးရှီကျဲ၏ စကားကို ချီးကျူးစကားအဖြစ်သာ ယူဆကာ ပုံမှန်အတိုင်းပင် လက်ခံလိုက်၏။
"ငါ မင်းကို ချီးကျူးနေတာ မဟုတ်ဘူးကွ"
ကျိုးရှီကျဲမှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်ချင်သွားလေသည်။ သူ ဘာမှ ဆက်မပြောတော့ဘဲ ပန်းကန်ထဲမှ ဟင်းရည်ကိုသာ သောက်လိုက်လေတော့သည်။
"အရသာက ဘယ်လိုနေမလဲဆိုတာ သိရအောင် ဟင်းရည်ထဲက ထမင်းချိုးကို အရင်စားကြည့်ဦးမယ်"
လျူထုန်က ထမင်းချိုး၏ အရသာကို အသိချင်ဆုံး ဖြစ်နေသည်။ ထမင်းချိုးဆိုသည်မှာ ရေနှင့်ထိသည်နှင့် တစ်ပြိုင်နက် ပျော့ဖတ်သွားမည်သာ ဖြစ်သည်။ ပျော့ဖတ်နေသော ထမင်းချိုး၏ အရသာမှာ မည်သို့မျှ ကောင်းမွန်နိုင်မည်မဟုတ်ဘဲ အမြင်လည်း တင့်တယ်မည် မဟုတ်ချေ။ ထို့ကြောင့် လျူထုန်သည် စိတ်ပျက်ဖွယ်ကောင်းသော ထမင်းချိုး၏ အရသာကို ခံစားရမည် တွေးကာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
သို့သော် ထမင်းချိုး သူ့ပါးစပ်ထဲသို့ ရောက်ရှိသွားပြီး ကိုက်လိုက်သည်နှင့် ကြွပ်ကြွပ်ရွရွသံများ ထွက်လာတော့သည်။ ထမင်းချိုးမှာ ငါးဟင်းရည်ထဲတွင် အတန်ကြာ စိမ်ထားသော်လည်း ကြွပ်ရွသော အထိအတွေ့ကို အပြည့်အဝ ထိန်းသိမ်းထားဆဲပင်။ ယခင်ကထက် မှအနည်းငယ် လျော့ကျသွားသဖြင့် သွားကျိန်းလောက်အောင် မာနေသည် မခံစားရတော့ချေ။
ထိုသည်မှာ ပို၍ဝါးရလွယ်ကူသွားပြီး အရသာမှာလည်း မယုံနိုင်လောက်အောင် အံ့မခန်း ဖြစ်နေသည်။ ကြွပ်ရွသော အထိအတွေ့နှင့်အတူ ကိုက်လိုက်တိုင်း ထမင်းချိုးအတွင်းမှ လျှံကျလာသော လတ်ဆတ်ချိုမြိန်သည့် ငါးဟင်းရည်တို့ ပေါင်းစပ်သွားသောအခါ ပို၍ဝါးလေလေ မွှေးကြိုင်ကြွပ်ရွလေလေ ဖြစ်နေတော့၏။
"ထမင်းချိုးနဲ့ ငါးဟင်းရည်က ဒီလောက်အထိ လိုက်ဖက်ညီတဲ့ အကောင်းဆုံး အတွဲအစပ်ဆိုတာ ငါ အခုမှပဲ သိတော့တယ်"
လျူထုန်မှာ မှင်သက်အံ့သြသွားရသည်။
ထိုသို့တွေးကာ သူသည် ငါးဟင်းရည်ကိုလည်း ခပ်သောက်ရန် မမေ့ခဲ့ပေ။ ဤတစ်ကြိမ်တွင် သူ၏ ခံစားချက်က လုံးဝကို ပြောင်းလဲသွားပြန်သည်။
ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် ပုံမှန် ငါးဟင်းရည်များကဲ့သို့ လတ်ဆတ်မွှေးကြိုင်သော အရသာကို တိုက်ရိုက် ခံစားရမည် သူထင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ထိုသို့ မဟုတ်ခဲ့ပေ။ ထိုအစား သိမ်မွေ့ပျော့ပျောင်းသော မွှေးရနံ့ သင်းသင်းလေးတစ်ခုက ဦးစွာ ပျံ့နှံ့လာသည်။ ထိုအရာပြီးနောက်မှသာ ပြင်းထန်ပြီး အလွန်လတ်ဆတ်ချိုမြိန်သည့် ငါးဟင်းရည်အရသာက တစ်ဟုန်ထိုး လိုက်ပါလာခြင်း ဖြစ်သည်။ အလွန်လတ်ဆတ်ကောင်းမွန်လွန်းသဖြင့် လျူထုန်သည် သူ၏ လျှာကိုပင် မျိုချမိတော့မလို ခံစားလိုက်ရသည်။ ယခုအချိန်တွင် လျူထုန် ခေါင်းထဲ၌ ထိုအတွေးသာ ကြီးစိုးနေလေသည်။
"ဘယ်လောက်တောင် မမျှော်လင့်ထားတဲ့ ကိစ္စလဲ၊ ကိုယ့်လျှာကိုယ် ပြန်မျိုချချင်စိတ် ပေါက်လောက်တဲ့အထိ အစားအသောက်တစ်ခုအပေါ် သာယာမိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး"
လျူထုန်သည် ကိုယ့်ကိုယ်ကို လှောင်ပြောင်သည့်ဟန်ဖြင့် ခါးသက်သက် ပြုံးလိုက်သည်။
အစက ဤကဲ့သို့သော ချီးကျူးစကားမျိုးကို သူ၏ ချက်ပြုတ်ရေး ကျွမ်းကျင်မှုများအား အသိအမှတ်ပြုသည့်အနေဖြင့် အခြားသူများက သူ့ကို ပြောဆိုလေ့ ရှိကြသည်။
သို့သော် ယခုအခါတွင် ထိုစကားမှာ သူ့ကိုယ်သူ ပြန်လည်လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေကြောင်း သက်သေပြနေလေသည်။ ယွမ်ကျိုး၏ ဟင်းရည်နှင့် နှိုင်းယှဉ်လိုက်ပါက သူကိုယ်တိုင် ချက်ပြုတ်ထားသော ငါးဟင်းရည်မှာ လတ်ဆတ်သည် ခေါ်ဆိုနိုင်ရန်ပင် အလှမ်းဝေးလွန်းလှပေသည်။
ယွမ်
ကျိုး ဖန်တီးထားသော ဤငါးခေါင်းဟင်းရည်ကသာလျှင် ငါးဟင်းရည်တစ်ခွက်၏ စစ်မှန်သော လတ်ဆတ်မှုနှင့် နူးညံ့မှုကို ဖော်ပြနိုင်ခြင်းသည်။
ပြီးပါပြီ။
***