"ကျစ်... နောက်နောင် တစ်ယောက်ယောက်ကများ ငါ့ကို ဒီလို လာချီးကျူးရင်တော့ ငါ တကယ် ဒေါသထွက်မိတော့မယ်" လျူထုန်သည် စိတ်တိုတိုဖြင့် ငါးဟင်းရည်ကို နောက်ထပ် တစ်ငုံ မော့သောက်လိုက်လေသည်။
"လတ်ဆတ်မှုက အထွတ်အထိပ်ပဲ၊ အရသာကလည်း ကမ်းကုန်တယ်၊ ဆူပန်းရွက်ကို တကယ်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာပဲ" ကျိုးရှီကျဲသည် မျက်လုံးများကို မှေးကျဥ်းကာ နတ်သုဒ္ဓါအလား ထူးကဲလှသော အရသာကို ကြည်နူးစွာ ခံစားရင်း ရေရွတ်လိုက်၏။
"အမှန်ပဲ၊ ဆူးပန်းရွက်က ရေချိုငါးရဲ့ ရွှံ့နံ့နဲ့ ငါးတွေမှာ မွေးရာပါ ပါလာတတ်တဲ့ ညှီနံ့ဆိုးတွေကို အကုန်စုပ်ယူ ဖယ်ရှားပေးလိုက်တယ်၊ တစ်ချိန်တည်းမှာပဲ ထမင်းချိုးက အဲဒီအနံ့တွေကို စုပ်ယူပြီး မွှေးပျံ့တဲ့ အနံ့လေးအဖြစ် ပြောင်းလဲပစ်လိုက်တာ၊ ဒီမွှေးရနံ့က ပြုတ်ထားတဲ့ ဆူးပန်းရွက်ဆီကနေ ကျန်ရစ်နေတဲ့ အရသာပဲ၊ သူတို့က တကယ်ကို ပြီးပြည့်စုံလွန်းတဲ့ တွဲဖက်တွေပဲ" ချူးရှောင်သည် ပန်းကန်လုံးထဲရှိ ငါးဟင်းရည်ကို မော့သောက်လိုက်ပြီး အလေးအနက် မှတ်ချက်ချလိုက်သည်။
"မင်းပြောတာ ကွက်တိပဲ၊ ဆူးပန်းရွက်တွေကို ပြုတ်ပြီးရင် အဖတ်ကို ထပ်စားလို့ မရတော့ဘူးလို့ ငါထင်ခဲ့တာ၊ ဒါပေမယ့် ဒီလောက် အရသာရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ပြီးတော့ အံ့သြစရာကောင်းလောက်အောင်ကို နူးညံ့နေတယ်၊ ကြွပ်ရွတဲ့ ထမင်းချိုး၊ လတ်ဆတ်တဲ့ ငါးတို့နဲ့ ပေါင်းစပ်လိုက်တော့ ငါးဟင်းရည် တစ်ခွက်တည်းကနေ ကွဲပြားတဲ့ အရသာ သုံးမျိုးကို ငါ တစ်ပြိုင်နက်တည်း ခံစားလိုက်ရတယ်" ကျိုးရှီကျဲကလည်း စိတ်ရင်းမှန်ဖြင့် ပြုံးလျက် ထောက်ခံလိုက်သည်။
"ထမင်းချိုး ငါးခေါင်းဟင်းရည်.. စိတ်ဝင်စားစရာပဲ" ချူရှောင်၏ မောက်မာဝင့်ကြွားသော မျက်နှာထက်တွင် အပြုံးတစ်ခု ခပ်ရေးရေး ပေါ်လာလေသည်။
"တကယ်ကို အပြစ်ဆိုစရာ မရှိအောင် ကောင်းလွန်းတယ်၊ နောက်ဆုံး ဟင်းပွဲက တကယ်ကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားတာပဲ၊ အချိုပွဲ တစ်ခုလောက်ပဲဆိုရင်တော့ ပြီးပြည့်စုံသွားပြီ" ကျိုးရှီကျဲသည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ကျေနပ်အားရစွာ ဆိုလိုက်သည်။
"ဒီထမင်းချိုးက ဥက္ကဋ္ဌကြီး ပြီးခဲ့တဲ့အကြိမ်က ပေးခဲ့တဲ့ ဆန်ထက်တောင် အရသာ ပိုရှိနေသေးတယ်" ချူရှောင်က ကျိုးရှီကျဲကို ရုတ်တရက် ပြောလိုက်သည်။
"အင်း... ဟုတ်တယ်၊ အဲဒီ အဘိုးကြီး လိမ်ဖို့လောက်ပဲ သိကြတာ" ကျိုးရှီကျဲသည် စိုက်ပျိုးရေးသိပ္ပံ ဌာနမှ လူတစ်သိုက်ကို တွေးမိပြီး အံ့ကြိတ်ကာ ဒေါသတကြီး ပြောလိုက်လေသည်။
"ဆရာ... ဒီလူက အဲဒီလောက်တောင် စွမ်းရည်ထက်မြက်နေမှတော့ ဘာလို့များ ဒီချောင်က ဆိုင်သေးသေးလေးကိုပဲ လာဖွင့်နေရတာလဲ" လျူထုန်သည် ငါးဟင်းရည်ကို သောက်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"လူတိုင်းက မင်းလိုပဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နာမည်ကြီးချင်နေတယ်လို့ မထင်နေလား၊ အဲ့သူဌေးယွမ်က အဲဒီလို အပေါ်ယံ အကြွားအဝါတွေကို မမက်မောဘူးကွ" ကျိုးရှီကျဲသည် လျူထုန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် လေးနက်စွာ သက်ပြင်းချလိုက်သည်။
"မင်းတို့ သူ့ဆီကနေ တစ်ခုခုတော့ သင်ယူသင့်တယ်၊ နာမည်ကြီးဖို့ချည်းပဲ အမြဲတမ်း ခေါင်းထဲ ထည့်မထားနဲ့၊ အခုချက်ချင်း ကိုယ့်ရဲ့ ချက်ပြုတ်ရေး စွမ်းရည်တွေကို အပြင်းအထန် လေ့လာသင့်တယ်၊ ကြည့်စမ်း... သူဌေးယွမ်ဆိုရင် ချက်ပြုတ်ရာမှာ ဒီလောက် ကျွမ်းကျင်နေရင်တောင် နာမည်ကျော်ကြားမှုကို လုံးဝမလိုက်စားဘဲ သူ့ရဲ့ ဟင်းပွဲတွေထဲမှာပဲ နစ်မြုပ်နေတာ၊ သူက တကယ့်ကို စစ်မှန်တဲ့ အစားအသောက် ပညာရှင်ကြီးပဲကွ" လျူတုန်းအား ဆုံးမပြီးနောက် ကျိုးရှီကျဲသည် လီမင်ဟွေ့ကိုပါ ဆက်လက် ပညာပေးလေသည်။
သို့သော် ယွမ်ကျိုးမှာမူ ထိုစကားကို သဘောတူကြောင်း အမူအရာဖြင့် အရိပ်အမြွက် ပြလိုက်သည်။ အမှန်ဆိုရလျှင် သူသည် နာမည်ကျော်ကြားမှုအတွက် သော်လည်းကောင်း အကျိုးစီးပွားအတွက် သော်လည်းကောင်း ချက်ပြုတ်နေခြင်း မဟုတ်ပေ။ သူ့ကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ မတွေးဘဲ အခြားသူများအတွက်သာ စဉ်းစားပေးသူ ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ဆိုရှယ်လစ်စနစ်၏ အကောင်းဆုံး ဆက်ခံသူကြီး ဖြစ်နေလေတော့သည်။
"ဟုတ်ကဲ့ပါ ဆရာ"
လီမင်ဟွေ့က အလေးအနက် နားထောင်ကာ ခေါင်းညိတ်လိုက်သည်။
သို့သော်ငြား လျူထုန်မှာ အပေါ်ယံ၌သာ အလေးအနက် ရှိဟန်ပြနေသော်လည်း စိတ်ထဲတွင် တစ်စက်ကလေးမျှ လက်ခံခြင်း မရှိချေ။ သူ့မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေပြီး မည်သည့်မကောင်းသော အကြံအစည်များကို တွေးတောနေသည်ကို မည်သူမျှ ခန့်မှန်း၍ရနိုင်မည် မဟုတ်ပေ။
"ဒါက ငါးဟင်းလျာဧည့်ခံပွဲရဲ့ နောက်ဆုံး ဟင်းပွဲဖြစ်တဲ့ ငါးဖယ်အစိမ်းရောင် ဖက်ထုပ်အစာသွပ်ပါ၊ ဖြည်းဖြည်းချင်း သုံးဆောင်ကြပါ"
ယွမ်ကျိုးသည် သူ့အား ချီးကျူးနေသော စကားများကို မကြားရသည့်အလား တည်ငြိမ်စွာသာပြောလိုက်သည်။ သူသည် နောက်ဆုံး ဟင်းပွဲဖြစ်သော အချိုပွဲကို သူတို့ထံ သယ်ဆောင်လာခဲ့သည်။
အဓိကစားသောက်ပွဲပြီးနောက် တည်ခင်းလေ့ရှိသော သစ်သီးများတော့ မပါခဲ့ချေ။ မည်သို့ပင်ဆိုစေ သစ်သီးများကို ငါးနှင့်အတူ ရောနှောချက်ပြုတ်၍ မရနိုင်ပေ။
ယွမ်ကျိုး သယ်ဆောင်လာသော ပန်းကန်ပြားသည် ယင်နှင့်ယန်ကို ကိုယ်စားပြုသော ထိုက်ချီပုံသဏ္ဍာန်ကဲ့သို့ အလယ်ကို ခွဲထားလေသည်။ တစ်ဖက်တွင် ကြော်ထားသော ကြက်ဥအနှစ်များဖြင့် ဖုံးအုပ်ထားသည့် ရွှေတုံးများနှင့် ဆင်တူသော ရွှေဝါရောင် ဖက်ထုပ်များ ရှိနေပြီး အခြားတစ်ဖက်တွင် ဖက်ထုပ်များမှာ နှင်းပွင့်များအလား ဖြူဖွေးနေလေသည်။
အလွန်ပါးလွှာလွန်းသော ဖက်ထုပ်မှတစ်ဆင့် အထဲရှိ ဖြူဖွေးနူးညံ့သော ငါးနှင့် အရောင်အသွေး စုံလင်လှသော ပါဝင်ပစ္စည်းများကို ထွင်းဖောက် မြင်တွေ့နေရသည်။
အနက်ရောင် ရှာလကာရည်နှင့် မီးတောက်ကဲ့သို့ နီရဲနေသော ငရုတ်ဆီတို့သည် ထိုက်ချီငါး၏ မျက်လုံးများနေရာ တစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြသည်။ ဤဆွဲဆောင်မှုရှိသော အရောင်အသွေး ပေါင်းစပ်မှုကြီးမှာ ကြည့်လိုက်ရုံဖြင့်ပင် ခံတွင်းမြိန်လာစေပြီး သွားရည်ကျချင်စရာ ကောင်းလွန်းလှပေသည်။
"အချဉ်ဓာတ်နဲ့ ငရုတ်ကောင်း အရသာ ခပ်သင်းသင်းလေး ပါဝင်နေတဲ့ ဒီမွှေးရနံ့က ငါ့ကို အများကြီး စားချင်စိတ် ပေါက်လာအောင် ဆွဲဆောင်နိုင်တာပဲ"
ကျိုးရှီကျဲက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ကျေနပ်အားရစွာ ပြောလိုက်သည်။
"အရမ်းကို ပါးလွန်းတာပဲ၊ ဝမ်ထိုဖက်ထုပ်အတိုင်း တမင်လုပ်ထားတာများလား၊ ဘယ်လောက်တောင် မွှေးလိုက်တဲ့ အနံ့လဲ"
ချစ်စရာကောင်းသော ရွှေတုံးလေးများကို ငေးကြည့်ရင်း လီမင်ဟွေ့ပင် မချီးကျူးဘဲ မနေနိုင်တော့ချေ။
"သူက တကယ်ကို လက်မှုပညာမှာ ပြိုင်ဘက်ကင်းတာပဲ"
လျူထုန်သည် ယွမ်ကျိုးမှာ ဓားချက်တစ်ချက်တည်းဖြင့် ငါးအရေခွံကို ခွာချခဲ့သော အံ့မခန်း ကျွမ်းကျင်မှုကို ပြန်တွေးလိုက်မိသည်။
"အဲဒါက အဓိကအချက် မဟုတ်ဘူး"
ဤဟင်းပွဲကို လာချပေးကတည်းက ချူရှောင်သည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်ထားလေသည်။
"အိုး... မင်းက ဘာကို ဆိုလိုချင်တာလဲ"
၎င်းမှာ ချူရှောင်က ကွဲပြားသော အမြင်ကို ထုတ်ဖော်ပြောဆိုသော ပထမဆုံးအကြိမ် ဖြစ်သဖြင့် ကျိုးရှီကျဲက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။
"သူဌေးယွမ်... ကျေးဇူးပြုပြီး အဲဒီ ဘုတ်ပြားလေး ကျွန်တော့်ကို ခဏလောက် ပေးကြည့်ပါလား"
ချူရှောင်သည် ကျိုးရှီကျဲကို ပြန်မဖြေဘဲ ကျောခိုင်းလှည့်ထွက်သွားသော ယွမ်ကျိုးကို လှမ်းပြောလိုက်သည်။
"ဟင်... ဘာလုပ်မလို့လဲ"
ယွမ်ကျိုးက နားမလည်နိုင်စွာ မေးလိုက်သည်။
"အဲဒီ ဘုတ်ပြားလေးလေ"
မြစိမ်းရောင် ကျောက်သား ကောင်တာပေါ်ရှိ စဉ်းတီတုံးရှေ့တွင် ထောင်ထားသော အဖြူရောင် ဘုတ်ပြား တစ်ချပ်ကို လက်ညှိုးထိုးပြကာ ချူရှောင်က အလေးအနက် တောင်းဆိုလိုက်သည်။
"ရပါတယ် ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် အပြင်ကိုတော့ ယူသွားလို့ မရဘူးနော်"
ယွမ်ကျိုးက ထိုသို့ ပြောပြီးနောက် ဘုတ်ပြားကို ချူရှောင်ထံ ကမ်းပေးလိုက်သည်။
"ငါထင်တဲ့အတိုင်းပဲ"
ချူရှောင်သည် ဘုတ်ပြားကို ရသည်နှင့် တစ်ပြိုင်နက် ၎င်းကို အသာအယာ ညှစ်ကြည့်လိုက်သည်။ ထိုသို့ လုပ်ပြီးနောက်မှသာ သူ စိတ်လှုပ်ရှားစွာ သက်ပြင်းမောချလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
ချူရှောင် အဘယ်ကြောင့် ထိုသို့ လုပ်ရသနည်းကို ကျိုးရှီကျဲပင် နားမလည်နိုင်ပေ။ ဒီဖော့ပြားလေး တစ်ချပ်က ဘယ်နေရာမှာများ ထူးဆန်းနေလို့လဲ?
"ဥက္ကဋ္ဌကြီး... ခင်ဗျားဘာသာပဲ သေချာ ကြည့်ကြည့်လိုက်ပါ"
ချူရှောင်က ဘုတ်ပြားကို ကျိုးရှီကျဲထံ ကမ်းပေးလိုက်သည်။
"ကောင်းပြီ၊ ငါ ကြည့်ကြည့်မယ်"
ကျိုးရှီကျဲလည်း အလွန် သိချင်စိတ် ပြင်းပြနေလေသည်။ ဘုတ်ပြားသည် သူလက်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ သာမန် ဖော့ပြား မဟုတ်ကြောင်း ကျိုးရှီကျဲ ချက်ချင်း သိလိုက်သည်။ ထိုအစား ၎င်းမှာ ပျော့ပျောင်းသော ပိုက်ပြွန်သားနှင့် ဆင်တူသည့် အမျိုးအမည်မသိ ပျော့ပြောင်းသော ဘုတ်ပြား
တစ်မျိုး ဖြစ်နေလေသည်။
"ဒီလိုကိုး၊ အဓိက အချက်က ဖက်ထုပ်တွေ မဟုတ်ဘူးလို့ မင်း ပြောတာ အံ့သြစရာ မရှိတော့ဘူး"
ထို့နောက် ကျိုးရှီကျဲကလည်း သက်ပြင်းချလိုက်ရသည်။
အဖြူရောင် ဘုတ်ပြားပေါ်တွင် အရွယ်အစားစုံလင်သော ငါးအရိုးများကို သိပ်သည်းစွာ စိုက်ထားလေသည်။ သို့သော် ထိုအရာက အဓိက အချက် မဟုတ်သေးပေ။ အဓိကအချက်မှာ ထိုငါးအရိုးများကို ငါးခေါင်းနှင့် ငါးဆူးတောင်များ မပါသော အသက်ဝင်နေသည့် ငါးပုံသဏ္ဍာန်အဖြစ် စနစ်တကျ စီစဉ်ထားခြင်းပင် ဖြစ်သည်။
ထို့အပြင် ငါးအရိုး တစ်ချောင်းစီတိုင်းကို ဘုတ်ပြားထဲသို့ တူညီသော အားပမာဏဖြင့် အတိအကျ ထိုးစိုက်ထားလေသည်။ ငါးအရိုးများကို ဆွဲထုတ်ဖယ်ရှားရာတွင် သူ၏ ဓားရေးစွမ်းရည်နှင့် တိကျမှုက ပြိုင်ဘက်ကင်းလွန်းလှပေသည်။
"ဒီအချက်တော့ ကျွန်တော်တောင် သူ့အဆင့်ကို လိုက်မမီနိုင်ဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဓားရေးစွမ်းရည်မှာ သိပ်မကျွမ်းကျင်ဘူးလေ"
ချူရှောင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။ သစ်သီးထွင်းထုခြင်းနှင့် ပန်းကန်အလှဆင်ခြင်းတို့တွင် အထူးပြုသော ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ဦးဖြစ်သည့် ချူရှောင် ကိုယ်တိုင်ကပင် သူ့ဓားရေးစွမ်းရည်မှာ ယွမ်ကျိုးကို မယှဉ်နိုင်ကြောင်း ပြောလာသဖြင့် လီမင်ဟွေ့နှင့် လျူထုန်တို့မှာ မှင်သက်အံ့သြသွားကြလေတော့သည်။
"အရမ်းကို ခက်ခဲလွန်းတဲ့ နည်းစနစ်ပဲ"
ကျိုးရှီကျဲက ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်ရသည်။
"ဆရာ... ကျွန်တော်လည်း ကြည့်ချင်တယ်"
လီမင်ဟွေ့က ပြောလာသည်။
"ကျွန်တော်လည်း ကြည့်ချင်တယ်"
လျူထုန်က သူ၏နောက်မှ ချက်ချင်း ၀င်ရောက်တောင်းဆိုလိုက်သည်။
"မင်းတို့ ကြည့်ကြည့်တာ ပိုကောင်းတယ်"
ထိုသို့ ပြောပြီးနောက် ကျိုးရှီကျဲသည် ဘုတ်ပြားကို သူတို့ထံ ကမ်းပေးလိုက်သည်။
"ကျစ်... ဒီလိုနည်းနဲ့တောင် ပြင်ဆင်လို့ ရတယ်ပေါ့လေ"
ကျိုးရှီကျဲ၏ ဘေးတွင် ထိုင်နေသော လျူထုန်မှာ ပထမဆုံး မြင်တွေ့လိုက်ရသဖြင့် သူ့မျက်နှာပေါ်တွင် အံ့သြမှင်သက်မှုများက အထင်းသား ပေါ်လာတော့သည်။
ထို့နောက် ဆက်လက် ကြည့်ရှုနေသော လီမင်ဟွေ့သည် အတန်ကြာသည်အထိ အံ့သြတိတ်ဆိတ်နေပြီးနောက်မှ "ဒီလိုနည်းနဲ့ဆိုရင် ငါးအရိုးတွေ အားလုံးကို ဆွဲထုတ်လိုက်နိုင်တာတော့ သေချာတယ်၊ ဒါပေမယ့် ငါးအသားတွေကကော လုံးဝ ကြေမွသွားမှာ မဟုတ်ဘူးလား"
လီမင်ဟွေ့သည် ယွမ်ကျိုးအပေါ် အပြစ်ရှာလိုခြင်းမဟုတ်ဘဲ သူ တွေးတောထားသည့်အတိုင်း ဖြစ်မဖြစ်ကိုသာ သိချင်စိတ် ပြင်းပြနေခြင်း ဖြစ်သည်။
"သူဌေးယွမ်... မင်းဘာသာပဲ ရှင်းပြလိုက်ပါလား"
ကျိုးရှီကျဲပင်လျှင် အနည်းငယ် တွေဝေနေလေသည်။ ငါးအသားများ ကြေမွသွားရန် မဖြစ်နိုင် ချူရှောင် တစ်ယောက်တည်းကသာ ယုံကြည်နေသည်။ ပထမအချက်အနေဖြင့် သူသည် ယွမ်ကျိုး၏ လက်ရာကို အပြည့်အဝ ယုံကြည်ထားပြီး ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် ငါးအရိုးများကို ဖယ်ရှားထားသော ပြုပြင်ပြီးသား ငါးကို သူ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ ၎င်းမှာ အပေါက်တစ်ပေါက်မျှပင် မရှိသော အပြစ်အနာအဆာကင်းသည့် ငါးတစ်တုံးဖြစ်ပြီး ဓားရာများကိုပင် မြင်တွေ့ရခြင်း မရှိချေ။
"ငါးအရိုး တစ်ချောင်းစီက ဘယ်နေရာမှာ ရှိတယ်ဆိုတာကို အတိအကျ သိဖို့ပဲ လိုတာပါ၊ ပြီးရင်တော့ အဲဒါတွေကို အသာလေး ဆွဲထုတ်လိုက်ရုံပဲ၊ ၁+၁=၂ ဆိုသလိုမျိုး အရမ်းလွယ်တယ်၊ အရာအားလုံးမှာ ကိုယ်ပိုင် ပုံသေကားချပ် ရှိပြီးသားပါ"
ငါးအရိုးများကို ဆွဲထုတ်ကာ ငါးပုံသဏ္ဍာန်အဖြစ် စီစဉ်ရခြင်းမှာ ဘာမှမခက်ခဲသည့်အလား ယွမ်ကျိုးက အေးဆေးတည်ငြိမ်စွာနှင့် ဂရုမစိုက်သည့်ဟန် ပြောလိုက်သည်။
"ဆရာ... ကျွန်တော်တော့ လူတစ်ယောက်ယောက်ကို ထိုးပစ်ချင်လာပြီ"
လျူထုန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ကျိုးရှီကျဲကို ကြည့်ကာပြောလာသည်။
"ဟားဟားဟား၊ ဒီအဘိုးကြီးလည်း နောက်ဆုံးတော့ ပါရမီရှင် အစစ်ကို တွေ့လိုက်ရပြီပဲ၊ ၁+၁=၂ ဟုတ်လား၊ ဒီယွမ်ကျိုးဆိုတဲ့ ကောင်စုတ်လေးကတော့ သေချာပေါက် ကောင်းကင်ဘုံကိုတောငိ တက်ချင်နေပြီပဲ"
ကျိုးရှီကျဲသည် ဒေါသလည်းထွက် အံလည်းအံ့ဩမိကာ စကားပင် ဆက်မပြောနိုင်အောင် ဖြစ်သွားလေသည်။
"ဆရာ... ကျွန်တော်တို့ အရင် ပြန်ကြမလား"
အမြဲတည်ငြိမ်တတ်သော တပည့်ဖြစ်သူ လီမင်ဟွေ့ပင်လျှင် ယွမ်ကျိုးကို ထပ်မံ သည်းမခံနိုင်တော့သည်ကို ခံစားလိုက်ရသည်။
အကယ်၍ ဤကျိန်ဆဲချင်စရာကောင်းလှသော ခက်ခဲမှုအဆင့်သည် ယွမ်ကျိုးပြောသလို အလွယ်လေး ဖြစ်နေမည်ဆိုပါက သာမန်အချိန်များတွင် သူတို့ ချက်ပြုတ်နေသော ဟင်းပွဲများမှာ ဘာနှင့်တူမည်နည်း။ ကလေးတွေ ရွှံ့ကစားနေသည့် အဆင့်သာ ရှိတော့မည်လား။
အဓိက တရားခံဖြစ်သော ယွမ်ကျိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို ကြည့်ကာ "ဒီငါးတွေရဲ့ ငါးအရိုးတွေအားလုံးမှာ စနစ်တကျ အစဉ်လိုက် ရှိတယ်၊ ပုံမှန် အစီအစဉ်အတိုင်း အခြေခံပြီး ဖယ်ရှားလိုက်ရုံပါပဲ"
ယွမ်ကျိုး၏ ရှင်းပြချက်များကြောင့် လီမင်ဟွေ့နှင့် လျူထုန်တို့ ကူကယ်ရာမဲ့စွာသာ
ရယ်လိုက်ကြသည်။
"ဟား... ဟား..."
တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲ၌ တူညီသော စကားလုံးများ ထွက်လာ၏။
'ငါ အခု တကယ်ဆဲချင်လာပြီ'
ပြီးပါပြီ။
***