ချူရှောင်ပင် ယွမ်ကျိုးမှာ ကြောက်ခမန်းလိလိ ပြိုင်ဘက်တစ်ဦး ဖြစ်လာနိုင်သည် ခံစားမိလိုက်သည်။ လီမင်ဟွေ့၊ လျူထုန်နှင့် ကျိုးရှီကျဲတို့က ယွမ်ကျိုးကို ထိုးကြိတ်ရန်မဖြစ်နိုင်သောကြောင့် ကူကယ်ရာမဲ့စွာသာကြည့်နေချိန် ဝူဟိုင်းက ပြောလာသည်။
"ဟေး... ငါးဖက်ထုပ်တွေ အေးသွားတော့မယ်၊ ပြီးရင် ငါးတွေ အနံ့ထွက်လာလိမ့်မှာ၊ မင်းတို့ကို နည်းနည်းလောက် ကူစားပေးရမလား"
ဝူဟိုင်းသည် ငါးဟင်းလျာ ဧည့်ခံပွဲကို စားရမည့် အခွင့်အရေးအတွက် အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေခဲ့ပြီး ဖြစ်သည်။
သူ ထိုသို့ ပြောလိုက်သည်မှာ အံ့သြစရာ မရှိပေ။ ဤလူများသည် စားသောက်ရုံသာမက ငါးက မည်မျှ အရသာရှိကြောင်း၊ ငါးဟင်းရည်က မည်မျှ လတ်ဆတ်ပြီး ကောင်းမွန်ကြောင်းကို ဘေးမှနေ၍ သရေကျစရာရှင်းပြကာ ချီးကျူးနေကြသေးသည်။ သူတို့ဘေးတွင် တိုက်ဆိုင်စွာ ထိုင်နေရသော ဝူဟိုင်းမှာ အတော်လေး စိတ်ဆင်းရဲနေရလေ၏။
ထို့ကြောင့် သူတို့ကို မမေးဘဲ မနေနိုင်တော့ချေ။ ဝူဟိုင်း၏စကားများသည် တည်ငြိမ်နေသော ရေကန်မျက်နှာပြင်ပေါ်သို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သည့်အလား လူအချို့ကြားရှိ တင်းမာနေသော လေထုအား ရုတ်တရက် ကျိုးပျက်သွားစေသည်။
"ဖြည်းဖြည်းချင်း သုံးဆောင်ကြပါ"
ယွမ်ကျိုး ထိုသို့ပြောပြီးနောက် မီးဖိုချောင်ဘက်သို့ လှည့်ကာ ညစာအတွက် ဆက်လက် ပြင်ဆင်လေတော့သည်။
"ထားလိုက်ပါတော့ကွာ၊ ဖက်ထုပ်တွေ စားဖို့က ပိုအရေးကြီးတယ်"
ကျိုးရှီကျဲသည် ငါးဖက်ထုပ် တစ်ခုကို သူ၏ ပန်းကန်လုံးထဲသို့ လျင်မြန်စွာ ညှပ်ယူလိုက်သည်။
ငါးဖယ်အသားစာသွပ် အစိမ်းရောင် ဖက်ထုပ် စုစုပေါင်း ၁၂ ခု ရှိသည်။ ဆိုလိုသည်မှာ ပျမ်းမျှအားဖြင့် တစ်ယောက်လျှင် သုံးခုစီရသည်။ အရေအတွက်ကို ပျမ်းမျှ ခွဲဝေယူ၍ ရသော်လည်း ထူးကဲသော အရသာကို ထိုသို့ခွဲဝေယူ၍ မရနိုင်ပေ။
"ဟေ့... ဟေ့၊ ငါက မင်းတို့ကို ကူညီပေးနိုင်တယ်လို့ ပြောနေတာလေ၊ ဒီကိစ္စကို ငါတို့ ဆွေးနွေးကြရအောင်"
ဝူဟိုင်းသည် သူ၏ နှုတ်ခမ်းမွေးများကို ပွတ်သပ်ကာ အလေးအနက်ရှိဟန် ပြောလာသည်။
"မလိုဘူး၊ မင်းဘာသာ မင်းရဲ့ ကြက်ဥထမင်းကြော်ကိုပဲ ဆက်စားနေတာ ပိုကောင်းလိမ့်မယ်"
လျူထုန်သည် ယွမ်ကျိုးကို သဘောမကျသော်လည်း သူ၏ အရသာရှိသော ဟင်းပွဲကို ငြင်းဆန်မည် မဟုတ်ပေ။
"စေတနာက ဝေဒနာ ဖြစ်ရတာပဲ၊ လူတွေရဲ့ စိတ်နှလုံးက အရင်တုန်းကလို ဖြူစင်မနေကြတော့ဘူး"
ဝူဟိုင်းသည် မျှော်လင့်ချက် ပြတ်တောက်သွားသည်ကို မြင်လိုက်ရသော ချက်ချင်းပင် မကျေမနပ်ဖြင့် ရေရွတ်လိုက်လေသည်။
ယွမ်ကျိုးသည်တော့ သူသည် ဝူဟိုင်းကို လုံး၀လျှစ်လျူရှုထားလိုက်သည်။ စားစရာ တစ်ခုအတွက်နှင့် လိမ်ညာလှည့်စားတတ်သော ဤလူကို သူ မသိချင်ယောင်သာဆောင်လိုက်သည်။ ထိုသူမှာ သူ့ကိုယ်သူ နာမည်ကျော် အနုပညာရှင်တစ်ယောက် အံ့သြစရာကောင်းလောက်အောင် ခေါ်ဆိုနေသေးသည်။ အရှက်မရှိလိုက်တာ...
ယွမ်ကျိုးသည် သူ့ကိုယ်စားလှယ် ကျန်းကျားဝေ့ကို ထပ်မံ သနားမိလာပြန်သည်။ သို့သော် ယွမ်ကျိုးကိုယ်တိုင်လည်း အစောက ဟန်ရေးပြခဲ့မှုကြောင့် သေလုမတတ် အရိုက်ခံရမလို ဖြစ်ခဲ့သည်ကိုသူ မေ့နေခဲ့သည်။ သူတို့က တကယ့်ကို တူညီတဲ့သူတွေပဲ..
"အပြင်ပန်း ပုံသဏ္ဍာန်ကို ကြည့်ရုံနဲ့တင် ငါးဖက်ထုပ်တွေက အတော်လေး စားချင်စရာ ကောင်းနေပြီ"
လျူထုန်သည် သူ့ကို ငြင်းခုံနေမည့်အစား ရွှေဝါရောင် ငါးဖက်ထုပ် တစ်ခုကို ညှပ်ယူလိုက်ပြီး သွားရည်ကျမတတ် သရုပ်ဆောင်ပြလိုက်လေသည်။
၎င်းမှာ သဘာဝကျကျပင် ဝူဟိုင်းအား တမင်သက်သက် သွေးဆူအောင် လုပ်ပြနေခြင်းဖြစ်သည်။
"ဟွန့်"
ဝူဟိုင်းသည် ခေါင်းငုံ့ကာ သူ၏ ကြက်ဥထမင်းကြော်ကို မစားမီ အေးစက်စွာ နှာမှုတ်လိုက်လေသည်။
"ဒါတွေအားလုံးက လက်လုပ် ဖက်ထုပ်တွေကိုး၊ သူဌေးယွမ်က တကယ်ကို လက်မှုပညာ ကျွမ်းကျင်တာပဲ"
ကျိုးရှီကျဲက ပထမဆုံးအကြိမ် ကိုက်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်း ချီးကျူးလိုက်သည်။
"ဒါတွေက သာမန် ဝမ်ထိုဖက်ထုပ်အစွပ်တွေလို့ပဲ ကျွန်တော် အစက ထင်ထားတာ"
လီမင်ဟွေ့ကလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်"
ဤတစ်ကြိမ်တွင် လျူထုန်က မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ ခေါင်းညိတ်လိုက်ပြီး အတည်ပြုလျက် ပြောလိုက်လေတော့သည်။
"ကျောရိုးကနေ ငါးအသားတွေကို အကုန်ဖယ်ထုတ်လိုက်တယ်၊ ပြီးတော့ အဲဒီငါးဟင်းရည်နဲ့ပဲ ဖက်ထုပ်အစွပ်အတွက် ဂျုံကို နယ်လိုက်တာပဲ၊ တကယ့်ကို ရှုပ်ထွေးနက်နဲလွန်းတဲ့ လက်ရာကိုး"
ဤငါးဖက်ထုပ်လေးများ ပါးစပ်ထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သာမန်ဖက်ထုပ်များနှင့် ကွဲပြားခြားနားနေသည့် လျှို့ဝှက်ချက်ကို ချူရှောင်တစ်ယောက် လျှာဖျားမှတစ်ဆင့် ရိပ်စားမိသွားလေသည်။
အမှန်ပင်။ ယခုတစ်ကြိမ် ယွမ်ကျိုး ဖန်တီးထားသော ငါးဖက်ထုပ်များမှာ အခြားဟင်းပွဲများနှင့် ကွဲပြားနေပေသည်။
ဖက်ထုပ်များထဲတွင် ငါးအသားများကို ရိုးရှင်းစွာ အစာသွပ်ထားခြင်းသာ မဟုတ်ခဲ့ချေ။
ပထမဆုံး အဓိကအချက်မှာ ဂျုံနယ်ခြင်းပင် ဖြစ်သည်။ ဤအဆင့်တွင်ပင် ချက်ပြုတ်ရေး လုပ်ငန်းစဉ်များက အလွန်အမင်း ရှုပ်ထွေးနေလေသည်။ ဂျုံနယ်ရာတွင် အသုံးပြုသော ဟင်းရည်ကြည်ကို ငါးအရိုးများဖြင့် အချိန်ယူ ပြုတ်ထားခြင်းဖြစ်၏။ ဟင်းရည် အေးစပြုလာချိန်တွင်မှ ဂျုံမှုန့်ထဲသို့ နည်းနည်းချင်းစီ သတိထားကာ လောင်းထည့်ရသည်။
ထို့နောက် နာရီလက်တံသွားရာ လမ်းကြောင်းအတိုင်း မွှေပေးလိုက်သောအခါ စေးပိုင်မာကျောသည့် မုန့်ညက်စိမ်းလေး ဖြစ်လာလေသည်။
ထိုအချိန်ရောက်မှသာ ယွမ်ကျိုးသည် ဂျုံကို စတင်နယ်တော့သည်။ အနည်းဆုံး ဆယ်မိနစ်ခန့် အချိန်ယူကာ မနားတမ်း နယ်ရပေမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့်သာ ဖက်ထုပ်လေးများမှာ ပို၍ စေးပိုင်လာပြီး အရသာ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားနိုင်မည် ဖြစ်သည်။
"ပုံမှန်ဆိုရင်တော့ ဂျုံထဲမှာ ငါးအသားနဲ့ ငါးဟင်းရည် ပါနေတဲ့အတွက် ညှီနံ့တော့ ထွက်နေသင့်တာပဲ၊ ပြီးတော့ ဒီလိုရေချိုငါးမျိုးဆို ရွှံ့နံ့တောင် ပါတတ်သေးတယ်"
ချူရှောင်သည် ဖက်ထုပ်ကို ဂရုတစိုက် အရသာခံလိုက်ပြီးနောက် ဖြည်းညင်းစွာ ခွဲခြမ်းစိတ်ဖြာပြလေသည်။
ချူရှောင်၏ သုံးသပ်ချက်မှာ ကွက်တိမှန်ကန်လှပေသည်။ ယွမ်ကျိုးသည် ဟင်းရည်ကို ပြုတ်နေစဉ် သဘာဝကျကျပင် ညှီနံ့ဖယ်ရှားရန် ကြိုးစားခဲ့သော်ငြား အရိုးများကို ပြုတ်သည့်အခါ ဆီအချို့ ထွက်လာစမြဲပင်။ ထိုအခြေအနေမျိုးတွင် ထိုအဆီအနှစ်များက ဂျုံကို ညှီစော်နံသွားစေနိုင်ရုံမျှမက ဂျုံသားကိုပါ ထိခိုက်သွားစေနိုင်ပေသည်။
သို့ဖြစ်ရာ ယွမ်ကျိုးသည် ထိုအဆီများကို ဇွန်းဖြင့် နည်းနည်းချင်းစီ ခပ်ထုတ်ပစ်ခဲ့သည်။ သူသည် ကြည်လင်နေသော ငါးဟင်းရည်ဖြင့်သာ ဂျုံကို နယ်ခဲ့ပြီး ငါးအသားများကိုလည်း ညှီနံ့ကင်းစင်သွားစေရန် ဆူးပန်းရွက်၏ အရွက်များနှင့် အညွန့်နုလေးများမှ ညှစ်ယူထားသောအရည်ဖြင့် အသေအချာ စိမ်ထားခဲ့လေသည်။
ထို့ကြောင့်ပင် ၎င်းတွင် ဆူးပန်း၏ မွှေးရနံ့သင်းသင်းလေး တစ်မျိုးပင် ဖုံးလွှမ်းနေသေးသည်။
"တခြားအရာတွေ အားလုံးကို ဖယ်ထားလိုက်ဦး၊ ဒီအဘိုးကြီးကတော့ အထဲမှာ ထုပ်ထားတဲ့ ငါးအသားက အရမ်းကို အရသာရှိလွန်းနေတယ်လို့ ခံစားရတယ်" ကျိုးရှီကျဲသည် မျက်လုံးများကို မှေးကာ လေးစားစွာဖြင့် အသက်ပြင်းပြင်းရှုသွင်းလိုက်လေသည်။
"မင်းတို့ကော... ဒီဖက်ထုပ်တွေထဲကနေ ထူးခြားတဲ့ တစ်ခုခုကို အရသာခံမိလိုက်ကြလား" ကျိုးရှီကျဲက သူ၏ တပည့်များကို မေးလိုက်သည်။
"သစ်တော်သီးပဲ" တပည့်နှစ်ဦးမှာ ဤတစ်ကြိမ်တွင် အတော်လေး အကင်းပါးသွားကြပြီး ချက်ချင်းပင် မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ကြသည်။
ယွမ်ကျိုးသည် သစ်တော်သီးကို အလွန်သေးငယ်သော အတုံးများအဖြစ် စဉ်းမပစ်ဘဲ ဝါးနေစဉ်အတွင်း ထိတွေ့ခံစားသိရှိနိုင်စေရန် အသင့်အတင့် အရွယ်အစားလေးများအဖြစ် သေချာတိကျစွာ လှီးဖြတ်ထားသောကြောင့် ဖြစ်လေသည်။
"အဲဒါ ချန်ရှီးနှင်းသစ်တော်သီးပဲ" ချူးရှောင်က ဘေးမှနေ၍ အချိန်ကိုက် ဖြည့်စွက်ပြောလိုက်၏။
ထိုအခါ တပည့်နှစ်ဦးမှာ ဆွံ့အသွားကြလေတော့သည်။ သစ်တော်သီးကို ဤမျှ သေးငယ်သော အတုံးလေးများအဖြစ် လှီးဖြတ်ထားရာ ၎င်းမှာ မည်သည့် သစ်တော်သီး အမျိုးအစားဖြစ်သည်ကို သူ မည်သို့သိနိုင်မည်နည်း။ ထို့အပြင် ၎င်းတို့ကို ပြုတ်ချက်ထားပြီးဖြစ်သဖြင့် မည်သည့်အမျိုးအစား ခွဲခြားသိမြင်နိုင်ရန်မှာ ပို၍ပင် ခက်ခဲလွန်းလှပေသည်။
"ငါးဖက်ထုပ်လေး ပါးစပ်ထဲ ရောက်သွားတာနဲ့ ဖက်ထုပ်အပြင်လွှာက အိစက်စေးပိုင်ပြီး ကပ်နေတဲ့ အထိအတွေ့မျိုး ရှိတယ်၊ အထဲက ငါးအသားကိုတော့ လေလုံအောင် တင်းကျပ်စွာ ထုပ်ပိုးထားတယ်၊ ကိုက်လိုက်တာနဲ့ တစ်ပြိုင်နက်... လတ်ဆတ်ချိုမြိန်တဲ့ ဟင်းရည်ကြည်က ချက်ချင်းကို ပန်းထွက်လာတာပဲ၊ ငါ့ပါးစပ်ထဲမှာ ငါးတစ်ကောင် အသက်ဝင်လာတော့မလို ခံစားချက်မျိုးကိုတောင် ငါ ရလိုက်တယ်ကွ"
ကျိုးရှီကျဲက ဂရုတစိုက် ပြောပြလိုက်သည်။
"တကယ်ပဲ၊ ပိုးကောင်လေးတွေရဲ့ အတောင်ပံလို ပါးလွှာပေမယ့် စေးပိုင်ကျစ်လစ်တဲ့ ဝမ်ထိုဖက်ထုပ်တွေထဲမှာ ငါးအသားကို သေချာထုပ်ထားတယ်၊ ရလဒ်အနေနဲ့ လေတစ်စက်မှ မစိမ့်ထွက်သွားတဲ့အပြင် အထဲမှာ ယာယီ လေဟာနယ်လေးတစ်ခုတောင် ဖြစ်နေတယ်၊ အဲ့ဒီ လေဟာနယ် ပတ်ဝန်းကျင်ထဲမှာမှ ငါးအသားကို အသေအချာ ပေါင်းခံချက်ပြုတ်ထားတာပဲ" ချူရှောင်က ခေါင်းညိတ်ကာ ကျိုးရှီကျဲ၏ စကားကို ထောက်ခံလိုက်သည်။
"ဒါပေမယ့် ငါးဖက်ထုပ်တွေရဲ့ အပြင်ဘက် မျက်နှာပြင်က သိပ်မပူဘူးနော်၊ ကျွန်တော်တို့ ကိုက်လိုက်လို့ အရသာရှိတဲ့ ဟင်းရည်ကြည်တွေ ပန်းထွက်လာမှပဲ လျှာပေါ်မှာ နွေးကနဲ ဖြစ်သွားတာ၊ အရသာက အရမ်းကို ကောင်းလွန်းလို့ တခြားအရာအားလုံးကို မေ့ပြီး ဒီအတိုင်း မျိုချဖို့လောက်ပဲ အာရုံစိုက်ထားမိတော့တယ်"
လျူထုန်ကလည်း ဘေးမှနေ၍ သူခံစားရသည့် အရသာကို ဂရုတစိုက် ရှင်းပြနေလေသည်။
"အထဲမှာ ထုပ်ထားတဲ့ ငါးအသားမှာက ချန်ရှီး နှင်းသစ်တော်သီးရဲ့ သစ်သီးဖတ်လေးတွေ ပါဝင်နေပြီး ကြွပ်ရွတယ်၊ အရည်ရွှမ်းတယ်၊ လတ်ဆတ်ပြီး ချိုမြိန်တယ်၊ အဲဒါက အရသာပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့ ငါးအသားနဲ့ဆို အကောင်းဆုံး တွဲဖက်ပဲ"
လီမင်ဟွေ့က ပညာရှင်ဆန်ဆန် အလေးအနက် ဝင်ပြောလိုက်သည်။
အမှန်တွင်လည်း သူ ပြောခဲ့သည့်အတိုင်း အတိအကျ မှန်ကန်နေလေသည်။ ဤငါးဖက်ထုပ်များမှာ ဖက်ထုပ်များ၏ အိစက်စေးပိုင်မှုအပိုင်းတွင်ဖြစ်စေ ငါးအသား၏ လတ်ဆတ်သော အရသာအပိုင်းတွင်ဖြစ်စေ အပြစ်ရှာစရာဟူ၍ တစ်စက်ကလေးမျှပင် မရှိချေ။
ထိုလူတစ်စုသည် ငါးဖက်ထုပ်များ၏ ပြိုင်ဘက်ကင်း အရသာအကြောင်းကို တစ်ယောက်တစ်ပေါက် စိတ်အားထက်သန်စွာ ဆွေးနွေးလာကြလေသည်။
သူတို့အားလုံးမှာ ပရော်ဖက်ရှင်နယ် စားဖိုမှူးကြီးများချည်းသာ ဖြစ်ကြသည်။ သူတို့ချက်ပြုတ်ရေး စွမ်းရည်များမှာ တစ်ဦးနှင့်တစ်ဦး ကွာခြားကောင်း ကွာခြားနိုင်သော်လည်း ဤမျှ ပြည့်စုံကောင်းမွန်လွန်းသည့် ငါးဖက်ထုပ်များ၏ အားသာချက်များကို အရသာခံ ခွဲခြမ်းစိတ်ဖြာရန်မှာ သူတို့အတွက် အသေးအမွှား ကိစ္စလေးတစ်ခုမျှသာ ဖြစ်ပေသည်။
ထို့ကြောင့်ပင် သူတို့သည် ဟင်းပွဲ၏ အရသာကို တစ်ခမ်းတစ်နား ဖွဲ့နွဲ့ကာ အလွန်အမင်း စိတ်လှုပ်ရှားစွာ ပြောဆိုနေကြလေသည်။
ဝူဟိုင်းမှာ ဘေးမှနေ၍ ငရဲကျနေသကဲ့သို့ အတော်လေး ဆိုးရွားစွာ ခံစားနေရလေတော့သည်။ ဟင်းပွဲ၏ သွားရည်ကျချင်စရာကောင်းလှသော ဖော်ပြချက်များကို အတိုင်းသား ကြားနေရသော်လည်း သူကိုယ်တိုင်မှာ မြည်းစမ်းခွင့် မရှိဘဲ ဖြစ်နေလေသည်။
"ကျိုးကျား... ငါ့ကို တုန်းပိုဝက်ခွာဟင်း တစ်ပွဲချပေး၊ မြန်မြန် လုပ်ပေးနော်"
ဝူဟိုင်းသည် ငွေပေါသော သူဌေးတစ်ဦးဖြစ်သဖြင့် ကောင်းမွန်သော အစားအစာများကို စားချင်နေသော သူ၏ လောဘကို ဖြေဖျောက်ရန် အသားဟင်းတစ်ပွဲကို တိုက်ရိုက်ပင် လှမ်းမှာလိုက်လေသည်။
"ဟုတ်ကဲ့၊ ခဏလောက် စောင့်ပေးပါရှင့်"
ကျိုးကျားက ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
"တုန်းဖိုဝက်ခွာဟင်းက တကယ်ကို အရသာရှိတာ"
ဝူဟိုင်းသည် သူ့ကိုယ်သူ ပြောလိုက်ခြင်းလား သို့မဟုတ် သူ့ဘေးရှိ လီမင်ဟွေ့နှင့် လျူထုန်တို့ကြားအောင် တမင်သက်သက် လှမ်းပြောလိုက်ခြင်းလား ဆိုသည်မှာ သူကိုယ်တိုင်သာသိနိုင်ပေမည်။
မှန်ပေသည်။ အစောပိုင်းတွင် ကျိုးရှီကျဲသည် ငါးဖက်ထုပ်များက မည်မျှ အရသာရှိကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးခဲ့သည်။ မည်သို့ပင်ဆိုစေကာ ၎င်းမှာ ဧည့်ခံပွဲ၏ နောက်ဆုံး ဟင်းပွဲဖြစ်လေသည်။ သူ ဝလင်စွာ မစားရသေးဟု ခံစားနေရသော်ငြား ဤခမ်းနားလှသော ဟင်းပွဲစဉ်များအတွက် သူ အပြည့်အဝ ကျေနပ်နေလေသည်။
သို့သော် ဝူဟိုင်းသည် သူတို့ ဟင်းပွဲများကို သွားရည်ကျမတတ် ငမ်းငမ်းတက် ကြည့်နေခဲ့သဖြင့် လျူထုန်လည်း သူ့ကို တမင်သက်သက် ရွဲ့စောင်းပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
"ချန်ရှီး နှင်းသစ်တော်သီးက လုံးဝကို ပြီးပြည့်စုံတဲ့ အဆုံးသတ်ပဲ"
ချူရှောင်သည် နောက်ဆုံး ကျန်ရှိနေသော ဖက်ထုပ်ကို ဖြည်းညင်းစွာ အရသာခံရင်း မျိုချလိုက်လေသည်။
"ဟုတ်တယ်၊ အဲဒီနည်းနဲ့ အချိုပွဲရော၊ သစ်သီးပါတဲ့ ဟင်းရော တစ်ပွဲတည်းနဲ့ အကုန် ပြင်ဆင်ပြီးသား ဖြစ်သွားတာပေါ့"
လီမင်ဟွေ့က ထောက်ခံပြောဆိုလိုက်သည်။
"အဲ့ကောင်စုတ်လေး ယွမ်ကျိုးက အရမ်းကို ကပ်စေးနှဲတာပဲ၊ ငါတို့ ရောက်လာတုန်းကလည်း ဧည့်ခံဖို့ လက်ဖက်ရည် မရှိဘူးဆိုပဲ အခု ပြန်တော့မယ်ဆိုတော့လည်း ခံတွင်းရှင်းဖို့ သစ်သီးမရှိဘူး" ကျိုးရှီကျဲက ထိုသို့ ပြောကာ မကျေမနပ်ဖြစ်ချင်ယောင် ဆောင်လိုက်သည်။
"ဟုတ်ပါ့ဆရာရယ်"
လျူထုန်သည်လည်း မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်လေသည်။
ယွမ်ကျိုးသည် ထိုစကားများကို ကြားလိုက်ရသော်လည်း မကြားချင်ယောင်ဆောင်နေလိုက်သည်။ မည်သို့ပင်ဆိုစေကာ မနေ့က မွန်းလွဲပိုင်းတွင် သူသည် လက်ဖက်ခြောက် ၅၀ ဂရမ်ကို အလဟဿ ဖြုန်းတီးပစ်ခဲ့ပြီး ဖြစ်လေသည်။ သူကိုယ်တိုင်ပင်လျှင် လက်ဖက်ရည်ကို
အလွန် ခြိုးခြံချွေတာစွာ သောက်နေရသည် မဟုတ်ပါလား။ တခြားသူများကို တစ်ငုံလောက် တိုက်ဖို့ဆိုတာ မည်သို့ဖြစ်နိုင်မည်နည်း။
ပြီးပါပြီ။
***