လင်းဖေးက သူ့ပြိုင်ဘက်တွေကို ဘယ်တော့မှ လျှော့မတွက်သလို အထင်လည်း မကြီးလွန်းပေ။
အိပ်မက်စားသုံးသူကမ္ဘာရဲ့ ထိပ်တန်းတိုက်ခိုက်ရေးစွမ်းအားက B အဆင့်ဝန်းကျင်လောက်မှာရှိမယ်လို့ သူ အကဲဖြတ်ထားပြီးဖြစ်သည်။ ယခင်က ဝူဟိုင်ယီရဲ့ ကိုယ်ပွားက C အဆင့် အထွတ်အထိပ်ခွန်အားရှိခဲ့ပြီး၊ ထိုပမာဏက သွေးလက်ဝါးလိုမျိုး မျိုးဆက်ဟောင်း ထိပ်တန်းအိပ်မက်စားသုံးသူတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ သွေးလက်ဝါးသည် တစ်ချိန်တုန်းက အစာကွင်းဆက်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ဖူးတဲ့ B အဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်ခဲ့တာ ယုံမှားသံသယဖြစ်စရာ မလိုပေ။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ့သက်တမ်းက ကုန်ဆုံးလုနီးပါးဖြစ်နေပြီး ယခင်က ရရှိထားတဲ့ ပြင်းထန်တဲ့ ဒဏ်ရာဟောင်းကလည်း မပျောက်ကင်းသေးသဖြင့် C အဆင့် အထွတ်အထိပ်ခွန်အားကိုသာ ထိန်းထားနိုင်တော့သည်။ ဝူဟိုင်ယီနဲ့ ယှဉ်ရင် သီသီလေးသာ ကွာခြားတော့၏။
ဒါက ဘာကိုပြနေသလဲဆိုတော့ အိပ်မက်စားသုံးသူတွေက အတွင်းကမ္ဘာက အဆင့်တူစွမ်းအားရှင်တွေထက် ပိုမိုသာလွန်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားကြပေမဲ့ လက်တွေ့မှာတော့ ကောင်းကင်ဘုံက တရားမျှတကြောင်း ပြသနေသည်။ လက်ဆောင်တစ်ခု ပေးတိုင်းမှာ အကန့်အသတ်တစ်ခုတော့ သေချာပေါက် ပါလာစမြဲပင်။ အိပ်မက်စားသုံးသူတွေရဲ့ သက်တမ်းကလည်း ထိုနည်းလည်းကောင်းသာဖြစ်သည်။ သူတို့အများစုရဲ့ သက်တမ်းက သာမန်လူတွေနဲ့ သိပ်မကွာခြားလှပေ။ မရေမတွက်နိုင်တဲ့ နှစ်ကာလတွေတစ်လျှောက် စုဆောင်းမိလာတဲ့ စွမ်းအားကြီးသူအများအပြား ပေါ်ထွက်လာတာကို ရင်ဆိုင်ရတဲ့အခါ သူတို့ခမျာ ပုန်းအောင်းဖို့သာ ရွေးချယ်နိုင်ကြတော့သည်။
***
အဆောင်အဆောက်အအုံရှိ မီးအများစုက လင်းထိန်နေဆဲဖြစ်သည်။
ရွှမ်းအာကို ဟိုတယ်သို့ လိုက်ပို့ပြီးနောက် လင်းဖေးက အဆောင်ရှေ့သို့ တစ်ယောက်တည်း လျှောက်ပြန်လာခဲ့သည်။ အင်တာနက်ဆိုင်သို့ သွားရန် ထွက်လာကြသော ကျောင်းသားအချို့ကို အပေါက်ဝရှိ အဆောင်မှူးဒေါ်လေးက မှတ်ပုံတင်ရန် တားဆီးထားသည်ကို တွေ့လိုက်ရ၏။ ဆရာပုံစံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အချို့ ထွက်လာကြသည်ကို ကြည့်ခြင်းအားဖြင့် အဆောင်နေဆရာများက အခန်းများကို လိုက်လံစစ်ဆေးနေပုံရသည်။
လင်းဖေးက အရှိန်အနည်းငယ် မြှင့်လိုက်ပြီး ပထမထပ်ဧည့်ခန်းမကို ဖြတ်ကျော်ကာ မှတ်ပုံတင်နေသော ကျောင်းသားများနှင့် အဆောင်မှူးဒေါ်လေးတို့ကို မျက်စိတစ်မှိတ်အတွင်း ကျော်ဖြတ်သွားလိုက်သည်။ ထို့နောက် ဒုတိယထပ် လှေကားထောင့်ရှိ လူကွယ်ရာနေရာတစ်ခုတွင် ရပ်တန့်လိုက်၏။ သူ၏ ကော်လံကို ပြန်ပြင်ပြီးနောက် လင်းဖေးက အပေါ်ထပ်သို့ ဖြည်းညင်းစွာ လျှောက်တက်သွားသည်။
အဆောင်ခန်းက ဒုတိယထပ်တွင်ရှိပြီး လှေကားနှင့် နီးသည်။ ထောင့်ချိုးကို ကွေ့လိုက်သည်နှင့် တိုက်ရိုက် ဝင်သွားနိုင်သည်။
အဆောင်ခန်းတံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သောအခါ…
လေသန့်စင်ဆေးရည် အနံ့ပြင်းပြင်းက သူ၏နှာခေါင်းထဲသို့ တန်းခနဲ ဝင်ရောက်လာသည်။ အဖြူရောင်မီးရောင်အောက်တွင်…
တူရှောင်ရှန်းက အစိမ်းရောင်သတ္တုဘူးတစ်ဘူးဖြင့် နေရာအနှံ့ လေသန့်စင်ဆေးရည် လိုက်ဖြန်းနေသည်။ ရှီရန်ကတော့ ခုတင်ပေါ်တွင် လှဲလျက် စာအုပ်ဖတ်ရင်း သီချင်းနားထောင်နေ၏။ နားကြပ်တပ်ထားသော်လည်း ရော့ခ်သီချင်းသံကို အဝေးကပင် ကြားနေရသည်။
အိုးယန်တုန်းကတော့ ခပ်မိုက်မိုက်ပုံစံဖြင့် ခုတင်ပေါ်တွင် လှဲကာ လက်တစ်ဖက်တည်းဖြင့် ဖုန်းမက်ဆေ့ချ် ပို့နေသည်။ သူတို့သုံးဦးစလုံးက တစ်ယောက်နှင့်တစ်ယောက် အနှောင့်အယှက်မပေးဘဲ ကိုယ့်အလုပ်ကိုယ် လုပ်နေကြခြင်းဖြစ်သည်။
တံခါးဖွင့်သံ ကြားသောအခါ တူရှောင်ရှန်းက လှည့်ကြည့်လိုက်ပြီး လင်းဖေးကို မြင်တော့ မျက်နှာပျက်ကာ မေးလိုက်သည်။
“လင်းဖေး မင်း ဘယ်သွားနေတာလဲ… ခုနကပဲ ဆရာ လာစစ်သွားတယ်။ မင်း ဘယ်ရောက်နေလဲ မေးလို့ ငါက မင်း အိမ်သာသွားနေတယ်လို့ ပြောလိုက်တယ်။ သူ ခဏနေရင် ပြန်လာစစ်မယ်လို့တောင် ပြောသွားတယ်”
“ကျေးဇူးပါကွာ” လင်းဖေးက ပြုံးလိုက်သည်။
“ငါ့ညီမလေးအတွက် တည်းခိုဖို့ စီစဉ်ပေးနေတာနဲ့ ကြာသွားတာ”
“မင်းညီမလေး… သူလည်း ဒီကို ရောက်နေတာလား” တူရှောင်ရှန်းက အံ့ဩသွားသည်။
“ငါ့မိဘတွေတောင် ပြန်ကုန်ကြပြီ”
“အင်း သူက ဒီနားက ဟိုတယ်မှာ တည်းနေတာ။ မပြန်သေးဘူး”
လင်းဖေးက သူ့ခုတင်ဆီသို့ လျှောက်သွားပြီး စာကြည့်စားပွဲတွင် ဝင်ထိုင်လိုက်သည်။
“မနက်ဖြန်ကျရင် ငါတို့အားလုံး အတူတူ ထမင်းသွားစားကြမလား… တခြားအခန်းကလူတွေလည်း သွားကြမယ်တဲ့” တူရှောင်ရှန်းက အကြံပြုလိုက်သည်။
“လူစုံတုန်းလေးပေါ့”
“ငါတော့ မလိုက်တော့ဘူး။ ငါ့မှာ မိတ်ဆွေတွေ ရောက်နေလို့ ဧည့်ခံစရာရှိတယ်။ အချိန်မရဘူး” အိုးယန်တုန်းက ဦးစွာ ငြင်းပယ်လိုက်သည်။
ရှီရန်ကတော့ လုံးဝ မကြားသည့်ပုံပင်။
“ရှီရန်” တူရှောင်ရှန်းက ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။
ထိုလူက အခုမှ ကြားသွားသကဲ့သို့ လန့်ဖျပ်သွားပြီး နားကြပ်တစ်ဖက်ကို ဖြည်းညင်းစွာ ဆွဲချလိုက်သည်။
“ဘာလဲဟ”
“မနက်ဖြန် ညစာစားပွဲကို မင်း လိုက်မှာလား”
“အိုးယန်တုန်း လိုက်မှာလား” သူက ပြန်မေးလိုက်သည်။
“မလိုက်ဘူးတဲ့” တူရှောင်ရှန်းက ခေါင်းခါလိုက်သည်။
“ဒါဆို ငါတို့ဘာသာ သွားကြတာပေါ့။ ဈေးမကြီးဘဲ စားလို့ကောင်းတဲ့ ဆိုင်တစ်ဆိုင် ငါသိတယ်” ရှီရန်က ရယ်မောပြီး ချက်ချင်း ပြောလိုက်သည်။
သူတို့ဟန်ဆောင်နေမှုက သိသာလွန်းလှသည်။ မျက်စိအမြင်ကြည်လင်သူ မည်သူမဆို သူနှင့် အိုးယန်တုန်းကြားက တင်းမာမှုကို ခံစားမိနိုင်သည်။
“ကောင်းပြီလေ” တူရှောင်ရှန်းက အပေါ်ထပ်ခုတင်ပေါ်သို့ တက်လိုက်သည်။
“ဒါဆို မနက်ဖြန်ကျရင် မင်းပဲ လမ်းပြလုပ်တော့။ ဆိုင်ရောက်ရင် ငါတို့ကို ဖုန်းဆက်လိုက်။ ကဲ အခု ငါတို့ ဖုန်းနံပါတ်တွေ ပေးထားကြရအောင်”
သူတို့သုံးဦးက ဖုန်းနံပါတ်များ အလျင်အမြန် ပေးလိုက်ကြသည်။ အားလုံးက ဒီရောက်မှ လုပ်ထားသော ကတ်အသစ်များဖြစ်ကြသည်။ အိုးယန်တုန်းက နောက်ဆုံးမှ သူ၏မိုဘိုင်းနံပါတ်ကို ဖြည်းညင်းစွာ ပြောပြသော်လည်း ယန်မြို့တော် ကုဒ်နံပါတ် မဟုတ်ပုံရသည်။
“အိုးယန်… မင်း ဖုန်းနံပါတ် မပြောင်းရသေးဘူးလား” တူရှောင်ရှန်းက စပ်စုစွာ မေးလိုက်သည်။
“မပြောင်းဘဲထားရင် ဖုန်းပြောတိုင်း နယ်ဝေးခေါ်ဆိုခ ကျနေမှာလေ။ တော်တော် ဈေးကြီးမှာ။ မင်း ပြောင်းလိုက်သင့်တယ်”
“ကိစ္စမရှိပါဘူး။ အဲဒီပိုက်ဆံလောက်က ဘာမှ မထိခိုက်ပါဘူး” အိုးယန်တုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောပြီး မက်ဆေ့ချ် ဆက်ပို့နေသည်။
“ဟွန့်” ရှီရန်က တိုးတိုးလေး နှာခေါင်းရှုံ့လိုက်သည်။
“ဘာလဲ… မင်းက မကျေနပ်လို့လား” အိုးယန်တုန်းက အသံနိမ့်နိမ့်ဖြင့် လှမ်းကြည့်ကာ မေးလိုက်သည်။
“ငါက ဘယ်ရဲပါ့မလဲ… သခင်လေးအိုးယန်က မိသားစုစည်းစိမ် ကြီးမားတာပဲဟာ။ ဖုန်းဘေလ်လောက်ကတော့ နှစ်တစ်ရာ၊ ရှစ်ဆယ်လောက် စိတ်ကြိုက်သုံးရင်တောင် ပြဿနာမရှိနိုင်ပါဘူး။ ငါက ဘာများ ပြောစရာရှိမှာလဲ” ရှီရန်က ရွဲ့သလိုလို၊ ချီးကျူးသလိုလို လေသံဖြင့် ပြောလိုက်သည်။
“မင်း ဘာစကား ပြောတာလဲ”
အိုးယန်တုန်းက ထထိုင်လိုက်ပြီး ဖုန်းကို ဘေးချကာ သူ၏မျက်နှာထားက ရုတ်တရက် တင်းမာသွားသည်။
“ဘာမှမဟုတ်ပါဘူး” ရှီရန်က ခုတင်ပေါ်တွင် ဆက်လှဲပြီး စာဆက်ဖတ်နေသည်။
တူရှောင်ရှန်းက ကြားထဲကနေ အလျင်အမြန် ဝင်ဖျန်ဖြေပေးရသည်။
ကြည့်ရသည်မှာ အိုးယန်က ဟောင်ဖွာဟောင်ဖွာသာ လုပ်တတ်ပြီး လက်တွေ့မလုပ်ရဲသည့်ပုံပင်။ စကားလုံးကြီးများဖြင့် ခဏတာ ခြိမ်းခြောက်ပြီးနောက် ပြန်လှဲအိပ်သွားကာ တည်ငြိမ်သွားပြန်သည်။ သူက ဟန်ဆောင်ရုံသာတတ်ပြီး တကယ်တမ်း လက်တွေ့မလုပ်ရဲသည့် လူစားမျိုးဖြစ်ပုံရသည်။
လင်းဖေးက သူ့ဘာသာ ရေနွေးသွားယူပြီး ကိုယ်လက်သန့်စင်လိုက်သည်။ ထို့နောက် ခုတင်ပေါ်တက်ပြီး မီးပိတ်လိုက်သည်။
အရင်ဘဝ အဆောင်နေစဉ်ကလိုပင် အခန်းဖော်များကြားတွင် ပဋိပက္ခအသေးအဖွဲလေးများနှင့် နှုတ်ဖြင့် ငြင်းခုံမှုများရှိစမြဲပင်။ သို့သော် လူနည်းစုမှလွဲ၍ အများစုမှာ စကားသာပြောပြီး လက်တွေ့မလုပ်ကြပေ။ ထိုကဲ့သို့သော ဇာတ်လမ်းများက နေ့တိုင်းလိုလိုဖြစ်ပျက်နေကျဖြစ်သည်။
အရင်ဘဝတုန်းက သူက အဆောင်ထဲတွင် ကြားနေပုဂ္ဂိုလ်ဖြစ်ခဲ့သလို ယခုလည်း ထိုအတိုင်းပင်ဖြစ်သည်။
သူက အဆောင်ခန်းထဲမှ အပြောင်းအလဲများကို တိတ်တဆိတ် စောင့်ကြည့်နေရုံသာ။
မီးပိတ်လိုက်သည်နှင့် တူရှောင်ရှန်းနှင့် လင်းဖေးက တစ်တန်းတည်းရှိ အပေါ်ထပ်ခုတင်များတွင် အိပ်လိုက်ကြသည်။ ပေါင်းစပ်ထားသော ဗီရိုနှစ်လုံးက ဆက်နေသည်။
လေးယောက်သား အိပ်ပျော်လုနီးပါးဖြစ်နေချိန်တွင်…
ခဏအကြာတွင် အဆောင်နေဆရာ ရောက်လာပြီး သော့ဖြင့် တံခါးကိုဖွင့်ကာ ဝင်လာသည်။
“လင်းဖေးရှိလား”
ထိုသူက လူလတ်ပိုင်းအရွယ်ဖြစ်ပြီး နက်ကတိုင်မပါဘဲ မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံအောက်တွင် အနက်ရောင်ရှပ်အင်္ကျီ ဝတ်ထား၏။
“ရှိပါတယ်” လင်းဖေးက ပြန်ဖြေပြီး ထထိုင်လိုက်သည်။
“ခုနက မင်း ဘယ်သွားနေတာလဲ… ဘာလို့ အခုမှ ပြန်ရောက်တာလဲ”
“အိမ်သာသွားရင်း တခြားအခန်းဘက် လမ်းလျှောက်သွားလိုက်တာပါ” လင်းဖေးက သဘာဝကျကျပင် ဇာတ်လမ်းဆင်လိုက်သည်။
“ငါ ဒီအထပ်မှာ တစ်ချိန်လုံးရှိနေတာပါ။ မင်းကို ဘာလို့ မတွေ့တာလဲ” ဆရာ့လေသံက အနည်းငယ် တင်းမာနေသည်။
“လမ်းချင်း လွဲသွားတာ နေမှာပါ” လင်းဖေးက ပြုံး၍ ပြောလိုက်သည်။
စင်္ကြံလမ်းမှ မီးရောင်က သူ၏မျက်နှာတစ်ခြမ်းပေါ်သို့ ကျရောက်နေသဖြင့် ဆွဲဆောင်မှုရှိသော အရည်အသွေးတစ်ခု ဖြတ်ခနဲ ပေါ်လွင်သွားသည်။
“ဟုတ်လား” ဆရာက ခဏမျှ တိတ်ဆိတ်သွားပြီး သူ့လေသံ ပျော့ပြောင်းသွားသည်။
“နောက်တစ်ခါ သတိပိုထား”
ဒုန်းခနဲမြည်အောင် တံခါးပိတ်သွားသည်။ အခန်းထဲရှိ ကျန်လူများမှာ ဇဝေဇဝါဖြစ်ကုန်ကြသည်။ ဆရာက လင်းဖေးကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်လည်း ဘာမှမဟုတ်သလို ပြီးသွားခဲ့သည်။
လင်းဖေး ကိုယ်တိုင်လည်း အနည်းငယ် အံ့ဩသွားသော်လည်း အကြာကြီး တွေးမနေတော့ပေ။ သူ လိုအပ်သည်မှာ သာမန်လူတစ်ယောက်လို နေထိုင်ပြီး ခုတင်ပေါ်တွင် လှဲကာ ဖရက်ရှ်မန်းကျောင်းသားသစ်များလို ကျောင်းတက်မည့်ရက်များကို ပြင်ဆင်ရန်သာဖြစ်သည်။ ထိုသို့သော အချိန်များတွင်သာ သူက ကြီးမားသော အေးချမ်းမှုကို ခံစားရသည်။ သူ၏ ချီကျင့်စဉ်ကို လေ့ကျင့်ခြင်းက ဒုတိယသဘာဝတစ်ခု ဖြစ်နေပြီဖြစ်သော်လည်း အိပ်ပျော်နေစဉ်မှာပင် အခြေခံစက်ဝန်းများကို ဖြည်းညင်းစွာ လည်ပတ်နေသကဲ့သို့ရှိသည်။
နောက်တစ်နေ့၊ မနက် ၇ နာရီ မထိုးမီ…
လင်းဖေးက အချိန်ကိုက် မျက်လုံးဖွင့်လိုက်သည်။ တခြားသူများ မျက်နှာသစ်နေသော အသံများကို ကြားနေရပြီဖြစ်သည်။
သူက အပေါ်ထပ်ခုတင်မှ ဖြည်းညင်းစွာ ထထိုင်လိုက်သည်။ အဆောင်ခန်း၏ လင်းထိန်နေသော အဖြူရောင်မျက်နှာကြက်မှ ဝင်ရောက်လာသော နေရောင်ခြည်သည် ကြမ်းပြင်ပေါ်သို့ ရောင်ပြန်ဟပ်နေသည်။ အဆောင်တစ်ခုလုံး တောက်ပလင်းလက်နေ၏။
သူက အပေါ်ထပ်ခုတင်မှ ဖြည်းညင်းစွာ ဆင်းလိုက်သည်။ အိုးယန်တုန်းက လသာဆောင်ရှိ ဘေစင်နားတွင် ဂျယ်လ်ဘူးဖြင့် ဆံပင်ပုံသွင်းနေပြီဖြစ်သည်။ သပ်သပ်ရပ်ရပ် ဝတ်စားထားသည်ကို ကြည့်ရသည်မှာ မိန်းကလေးလှလှလေး တစ်ယောက်ယောက်နှင့် ချိန်းထားပုံရသည်။ ကျန်နှစ်ယောက်ကတော့ အိပ်ရာထဲတွင် နှပ်နေကြတုန်းပင်။
ရှီရန်က အပေါ်ထပ်ခုတင်မှ ခေါင်းပြူထွက်လာပြီး လင်းဖေးကို လှမ်းကြည့်လိုက်သည်။
“မင်းက ဘာလို့ ဒီလောက် စောစောထနေတာလဲ… ငါတို့ အိပ်ရေးဝဝအိပ်ဖို့ အခွင့်အရေး ရတုန်းလေးကို…”
“အကျင့်ဖြစ်နေလို့ပါ… ငါ ဆက်အိပ်ချင်ရင်တောင် အိပ်လို့မရတော့ဘူး”
လင်းဖေးက ဘေစင်၏ တစ်ဖက်သို့ လျှောက်သွားပြီး မှန်ထဲမှ သူ့ပုံရိပ်ကို မျက်လုံးမှေးကြည့်လိုက်သည်။
သူ၏ ဖွာလန်ကြဲနေသော ဆံပင်များက ဘေးတစ်ဖက်တစ်ချက်စီသို့ ပျံဝဲနေသဖြင့် စတိုင်ကျကျ ပုံသွင်းထားသကဲ့သို့ဖြစ်နေသည်။ သူ၏မျက်နှာက တဖြည်းဖြည်းနှင့် ခုနစ်ပုံက လင်းယိုနှင့်တူပြီး သုံးပုံက ယန်ကျိုနှင့် တူလာသည်။ ဒါက အတော်လေးကောင်းမွန်သော အောင်မြင်မှုတစ်ခုပင်။ ဒီမျက်နှာက သူ၏အရင်မျက်နှာနှင့် အတော်လေး နီးစပ်နေပြီဖြစ်သည်။ သို့သော် သူ ဖုံးကွယ်ထားသော မျက်နှာနှင့် ယှဉ်လျှင် ဤမျက်နှာက ပို၍ ယောက်ျားပီသသော ဆွဲဆောင်မှုရှိသည်။
အိုးယန်တုန်းက သူ၏ဗီရိုဘေးတွင် မျက်နှာကို တစ်ခုခုလိမ်းလိုက်၊ လင်းဖေးကို စပ်စုသလို လှမ်းကြည့်လိုက်နှင့် လုပ်နေပြီးနောက် မှန်တစ်ချပ်ကို ကိုင်ကာ သူ၏မျက်နှာကို သေချာကြည့်ရင်း နှိုင်းယှဉ်နေပုံရသည်။
“ရှီရန်… မင်း ခဏနေရင် ဘာအစီအစဉ်ရှိလဲ… စာကြည့်တိုက် သွားမလို့လား… ဒီက စာကြည့်တိုက်ကို ငါ မရောက်ဖူးသေးဘူး” တူရှောင်ရှန်းက နိုးလာပြီး တိုးတိုးလေး မေးလိုက်သည်။
“သွားကြတာပေါ့… ငါ အပြုအမူဆိုင်ရာ စိတ်ပညာစာအုပ်တစ်အုပ် ငှားချင်တယ်။ ခုတစ်လော ငါ နည်းနည်း စိတ်ရှုပ်နေလို့” ရှီရန်က မျက်နှာကို ပွတ်သပ်ရင်း ပြောလိုက်သည်။
အိုးယန်တုန်းက သူ၏စကားထဲမှ အဓိပ္ပာယ်ကို ရိပ်မိပုံရပြီး ရှီရန်ကို အေးစက်စက် လှမ်းကြည့်ကာ တံခါးဖွင့်ပြီး ချက်ချင်း ထွက်သွားလေသည်။
“ငါ မနက်ခင်း လေ့ကျင့်ခန်းသွားလုပ်မလို့… မင်းတို့ ဆက်အိပ်ကြဦး”
လင်းဖေးက ပြောရင်း ဗီရိုထဲမှ အနက်ရောင် ဓားအိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။ 'ထုတ်ယူလိုက်သည်' ဟု ပြောခြင်းက အဖြူရောင်စမ်းသပ်ကွင်းထဲမှ တိုက်ရိုက်ရယူလိုက်သည်ဟု ပြောသလောက် မတိကျပေ။ အခြေခံအားဖြင့် သူ၏အရေးကြီးသောပစ္စည်းများ အားလုံးကို အဖြူရောင်စမ်းသပ်ကွင်းထဲတွင် တိုက်ရိုက် သိမ်းဆည်းထားခြင်းဖြစ်သည်။
“ငါ ဒီအိုးယန်ဆိုတဲ့ကောင်ကို ကြည့်မရဘူးကွာ… ပိုက်ဆံနည်းနည်းရှိတာနဲ့ ဘာဖြစ်လဲ… ဘာများ အဲဒီလောက် ဟုတ်နေလို့လဲ” ရှီရန်က မထီမဲ့မြင် ပြောလိုက်သည်။
“အဲဒါတွေက သူရှာထားတာတွေလည်း မဟုတ်ဘဲနဲ့… ဘာများ ဂုဏ်ယူစရာရှိလို့လဲ”
သူ့ကိုယ်သူ ပြန်မြင်ယောင်မိသွားတာလည်းဖြစ်နိုင်သည်။
“အဲဒါ သူ့စရိုက် နေမှာပါ” တူရှောင်ရှန်းက မတတ်သာသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ထားလိုက်ပါတော့… ဒီလောက် ဟန်လုပ်တဲ့ကောင်မျိုး ငါ ဒီတစ်ခါပဲ မြင်ဖူးသေးတယ်” ရှီရန်က တစ်ဖက်သို့ လှည့်ကာ ခုတင်ပေါ်တွင် ထထိုင်လိုက်သည်။
“မနက်ဖြန် စစ်ရေးလေ့ကျင့်မှု ပစ္စည်းတွေ စထုတ်ပေးတော့မှာ… နှစ်ပတ်လုံးလုံး စစ်ရေးလေ့ကျင့်ရမှာ တော်တော် စိတ်ညစ်စရာကြီး”
“သိပ်မဆိုးပါဘူးကွ… ငါတို့ အထက်တန်းတုန်းကလည်း နှစ်ပတ်လုံးလုံး စစ်ရေးလေ့ကျင့်ခဲ့ရတာပဲ… ပျော်စရာ ကောင်းပါတယ်” တူရှောင်ရှန်းက ပြုံးပြီး ပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်က သူတို့၏ အထက်တန်းကျောင်း စစ်ရေးလေ့ကျင့်မှု အတွေ့အကြုံများနှင့် အဖြစ်အပျက်များကို ဆွေးနွေးနေကြသည်။
လင်းဖေးက အဖြူရောင် လေ့ကျင့်ရေးဝတ်စုံရိုးရိုးကို ဝတ်ဆင်ထားပြီး အနက်ရောင် ဓားအိတ်ကို လွယ်လျက် တံခါးပေါက်မှ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ ၆ နာရီကျော်ကျော်သာ ရှိသေးသဖြင့် စင်္ကြံလမ်းမှာ ခြောက်ကပ်တိတ်ဆိတ်နေသည်။ လူအများစုက မနေ့ညက ညဉ့်နက်မှ အိပ်ကြသောကြောင့်ဖြစ်မည်မှာ သိသာသည်။ လင်းဖေးကဲ့သို့ မနက်ခင်းလေ့ကျင့်ခန်းဆင်းသူ အလွန်ရှားပါးသည်။
ဒုတိယထပ်မှ ပထမထပ်သို့ ဆင်းလာရာတွင် သူ တစ်ယောက်မှ မတွေ့ခဲ့ရပေ။
အဆောင်၏ မှန်တံခါးမှတစ်ဆင့် ထွက်လာပြီးနောက် မနက်ခင်းနေရောင်ခြည်၏ ရွှေရောင်အလင်းနုနုက သူ့အပေါ်သို့ သက်သောင့်သက်သာ ကျရောက်လာပြီး အေးမြမှုကြားမှ နွေးထွေးမှုကို ခံစားလိုက်ရသဖြင့် သူ့စိတ်ကို ချက်ချင်း လန်းဆန်းတက်ကြွသွားစေသည်။
ယန်မြို့တော်တက္ကသိုလ်တွင် အားကစားကွင်း လေးကွင်းရှိပြီး ကျောင်းဝင်းတစ်ခုစီတွင် နှစ်ကွင်းစီရှိသည်။ ရူပဗေဒသိပ္ပံနှင့်နီးသော ကျောင်းဝင်းဧရိယာတွင် တာဝေးပြေးလမ်းတစ်ခုနှင့် ကြီးမားသော ဘတ်စကတ်ဘောကွင်းတစ်ခုရှိသည်။ ဘတ်စကတ်ဘောကွင်းမှာ ပလတ်စတစ်ခင်းထားပြီး စိတ်ကြိုက်ဝင်ရောက်ခွင့် မရှိဘဲ တံခါးသော့ခတ်ထားသည်။ အနက်ရောင်သဲများ ခင်းထားပြီး အတော်လေး ကျယ်ဝန်းသော ၄၀၀ မီတာ အပြေးလမ်းကြောင်းကိုသာ ဖွင့်လှစ်ထားသည်။ ပြေးလမ်း၏ ပတ်ပတ်လည်တွင် ထူထပ်သော ချုံပုတ်များ ဝန်းရံထားပြီး အားကစားကွင်း ခြံစည်းရိုးအလွန်တွင် ကျောက်ခုံတန်းများနှင့် စားပွဲများကို ဟိုတစ်စ ဒီတစ်စ တည်ဆောက်ထားသည်။ တောအုပ်ထဲတွင် အနားယူနေရသကဲ့သို့ အေးချမ်းပြီး အပန်းဖြေစရာ ကောင်းလှသည်။
ပြေးလမ်းက လင်းဖေး၏ အဆောင်နှင့် မီတာ လေးငါးရာခန့် ဝေးပြီး ထမင်းစားဆောင်၊ ရေချိုးခန်း၊ သစ်တောလမ်းနှင့် ဂိတ်ပေါက်အနီးရှိ ကျောင်းမုန့်ဈေးတန်းတို့ဖြင့် ခြားထားသည်။ လမ်းတစ်လျှောက်တွင် မနက်စာစားရန် ထမင်းစားဆောင်သို့ ဝင်ထွက်သွားလာနေသော ကျောင်းသားများကို မြင်တွေ့ရပြီး အများစုမှာ ယောကျ်ားလေးများဖြစ်ကာ မိန်းကလေး အနည်းငယ်သာ ပါဝင်သည်။ ရံဖန်ရံခါတွင် ပေါက်စီ၊ ပေါင်မုန့်ပေါင်း သို့မဟုတ် ပဲနို့ရည်ကဲ့သို့ အစားအစာများကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။
လင်းဖေးက လမ်းပေါ်တွင် ဖြည်းညင်းစွာ လျှောက်လာရင်း သူ၏စိတ်အခြေအနေမှာ ထူးထူးခြားခြား ငြိမ်းချမ်းနေသည်။
မနေ့ညက ဝူမိသားစုနှင့် တိုက်ပွဲက ပုံရိပ်ယောင်တစ်ခု၊ အိပ်မက်တစ်ခုကဲ့သို့ဖြစ်နေသည်။ သူ စောင့်ဆိုင်းနေသည်။ အချိန်အခါကောင်း ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ မဟာတိုက်ပွဲအကြိုကာလနှင့် နီးကပ်လာလေလေ၊ သူ ပိုပြီး တည်ငြိမ်အေးဆေးလာလေလေဖြစ်သည်။
အခန်း (၂၂၁) ပြီး