ထုံပေါက် အလုပ်ရုံမှ ထွက်ခွာလာပြီးနောက် ဖူရှောင်ကွမ်းက အခြားမည်သည့်နေရာမှ မသွားတော့ဘဲ နတ်မိမယ် တည်းခိုခန်းသို့သာ ပြန်လာခဲ့၏။
ဒီည ကျင်းပမည့် မိစ္ဆာသခင်မ ရှီးဖုန်း၏ ကြိုဆိုပွဲ ညစာစားပွဲသို့ သူ မတက်ရောက်ခဲ့ချေ။ သူ့အနေဖြင့် ငြင်းပယ်ရသည့် အကြောင်းပြချက်ကလည်း လုံလုံလောက်လောက် ရှိနေသည်။ မည်သို့ပင်ဆိုစေ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များက အရေးအကြီးဆုံး မဟုတ်ပါလော။
သူ့ကို အရှင်လတ်လတ် ဝါးမျိုချင်နေသည့်အလား ကြည့်တတ်သော မိစ္ဆာသခင်မ ရှီးဖုန်း၏ အကြည့်များကို မြင်တွေ့စရာ မလိုတော့ဘူးဟု တွေးမိသည်တွင် ဖူရှောင်ကွမ်း၏ စိတ်ထဲ၌ ပို၍ပင် ပေါ့ပါးလန်းဆန်းသွားသည်။
သူက အခန်းသို့ ရောက်ရောက်ချင်းပင် အပေါ့သွားချင်စိတ် ပေါ်လာ၏။ သို့သော်လည်း သူက တည်းခိုခန်း၏ အိမ်သာဆီသို့ မသွားဘဲ ကြွေပုလင်း အလွတ်တစ်လုံးကို ထုတ်ယူကာ သေချာ ချိန်ရွယ်လိုက်သည်။
အနောက်အရပ်သို့ ခရီးသွားခြင်းမှတ်တမ်း ဝတ္ထုထဲတွင် နဂါးမြင်းဖြူ၏ ဆီးကို ပေါ့ပေါ့တန်တန် စွန့်ပစ်၍ မရပေ။ သူက ထိုအဆင့်ထိ မရောက်သေးသော်လည်း မဟာမိစ္ဆာကြီး တစ်ကောင်၏ ခန္ဓာကိုယ်ဆိုသည်မှာ ရတနာသိုက်ကြီး တစ်ခုပင် ဖြစ်၏။ သူ၏ ကိုယ်ပိုင် နတ်ရေစင်ကလည်း သေချာပေါက် သိမ်မွေ့သည့် အသုံးဝင်မှု အချို့ ရှိပေလိမ့်မည်။
သူ့အနေဖြင့် သုတေသန အနည်းငယ် လုပ်ကြည့်ရန်သာ လိုအပ်သည်။ တကယ်တမ်း အသုံးမဝင်ဘူး ဆိုလျှင်တောင်မှ လွှင့်ပစ်လိုက်ရန် အချိန်မနှောင်းသေးပေ။
ဖူရှောင်ကွမ်းက ကြွေပုလင်းကို ပြန်သိမ်းလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ဝိညာဉ်ပိတ်လှောင်ခြင်း တားမြစ်ကန့်သတ်ချက် တစ်ခုကို ခတ်နှိပ်လိုက်ရင်း ကုတင်ပေါ်သို့ ပစ်လှဲချလိုက်၏။
သူက ဘေးတစောင်း လှဲလျောင်းရင်း မကြာမီကမှ ရရှိထားသော မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို လှန်လှောဖတ်ရှုလိုက်သည်။ သူက ထိုကျင့်စဉ်ကို လျင်မြန်စွာ နားလည်သဘောပေါက်ပြီး အခြေခံအဆင့်ကို အမြန်ဆုံး စတင်နိုင်ရန် မျှော်လင့်နေ၏။
သူ ဖတ်လေလေ သူ၏ ငွေရောင်သူငယ်အိမ်များက ပို၍ တောက်ပလာလေလေ ဖြစ်ပြီး ညကောင်းကင်ယံမှ လမင်းကြီးထက်ပင် တဖြည်းဖြည်း ပို၍ လင်းလက်လာ၏။ နဂါးငွေ့တန်းကြီး တစ်ခုလုံး သူ၏ မျက်လုံးများထဲသို့ စီးဝင်လာပြီး ထိုအထဲ၌ လှည့်ပတ်စီးဆင်းနေသကဲ့သို့ပင်။ နောက်ဆုံးတွင်တော့ သူက ရုတ်တရက် ထထိုင်လိုက်ပြီး ဝမ်းသာပီတိဖြင့် ပြုံးရွှင်သွားတော့သည်။
မုန်ကျီမျိုးနွယ်စုက အိပ်မက်များကို ခိုးယူဖန်တီးနိုင်သည့် မျိုးနွယ်စုဆိုသည့် ဂုဏ်သတင်းနှင့် တကယ့်ကို ထိုက်တန်ပေသည်။ ဤမာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်က သူ စိတ်ကူးထားသည်ထက်ပင် ပို၍ နက်နဲဆန်းကြယ်နေ၏။
ထိုကျင့်စဉ်က ဓမ္မနယ်ပယ် မဟာမိစ္ဆာကြီး တစ်ကောင်၏ ဝိညာဉ်နှစ်ပါးနှင့် ရုပ်နာမ်လေးပါးကို သန့်စင်ပေးနိုင်သည့်အပြင် အိပ်မက်များထဲတွင် ဝိညာဉ်အာရုံ ထိခိုက်ဒဏ်ရာရမှုများကို ကုသပေးနိုင်ပြီး နည်းစနစ်နယ်ပယ်၏ ဝိညာဉ်အာရုံ ချို့ယွင်းချက်များကိုလည်း ပြုပြင်ပေးနိုင်စွမ်း ရှိသည်။
မိစ္ဆာများက လူသားများနှင့် မတူညီကြပေ။
လူသားများက မွေးရာပါ ဝိညာဉ်သုံးပါးနှင့် ရုပ်နာမ်ခုနစ်ပါး ပါလာတတ်ကြသော်လည်း မိစ္ဆာများတွင်မူ အစပိုင်း၌ ဝိညာဉ်တစ်ပါးနှင့် ရုပ်နာမ်နှစ်ပါးသာ ရှိကြ၏။ ဓမ္မနယ်ပယ်သို့ အဆင့်တက်လှမ်းနိုင်မှသာ ထိုလိုအပ်ချက်အချို့ကို ဖြည့်ဆည်းနိုင်ပြီး ဝိညာဉ်နှစ်ပါးနှင့် ရုပ်နာမ်လေးပါးသို့ ရောက်ရှိလာမည် ဖြစ်သည်။
မိစ္ဆာဘုရင် ဖြစ်လာသည့် အချိန်ကျမှသာ ဝိညာဉ်သုံးပါးနှင့် ရုပ်နာမ်ခုနစ်ပါးကို အမှန်တကယ် ပိုင်ဆိုင်နိုင်ကြခြင်း ဖြစ်၏။
ဖူရှောင်ကွမ်း၏ ဝိညာဉ်အာရုံ စွမ်းအားကြီးမားနေခြင်းက သူ၏ မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးကြောင့် သက်သက် မဟုတ်ဘဲ လူသားတစ်ယောက်အဖြစ် သူပိုင်ဆိုင်ခဲ့သော ဝိညာဉ်သုံးပါးနှင့် ရုပ်နာမ်ခုနစ်ပါးစလုံးက မိစ္ဆာတစ်ကောင်၏ ဝိညာဉ်တစ်ပါးနှင့် ရုပ်နာမ်နှစ်ပါး အဖြစ်သို့ အသွင်ပြောင်းသွားသောကြောင့်လည်း ဖြစ်သည်။
သာမန် မိစ္ဆာငယ်လေး တစ်ကောင်က ရွှံ့ဖြင့် အိမ်ဆောက်ထားသော်လည်း သူကတော့ ရွှေဖြင့် တည်ဆောက်ထားသကဲ့သို့ ဖြစ်နေ၏။
သူ၏ နည်းစနစ်နယ်ပယ် ဝိညာဉ်ပုံသွင်း သိုင်းကျင့်စဉ် နှစ်ခုစလုံးကို ရက္ခသတောင်သခင်ကြီးထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သူမက အသက်ရှင်စဉ်က လူသားတစ်ယောက် ဖြစ်ခဲ့ပြီး သေဆုံးပြီးနောက်မှသာ သရဲတစ္ဆေ ဖြစ်သွားခဲ့ခြင်း ဖြစ်၏။
ယက္ခများတွင်လည်း ဝိညာဉ်တစ်ပါးနှင့် ရုပ်နာမ်နှစ်ပါးသာ ရှိသည် ဆိုသော်ငြား နောက်ဆုံးရလဒ် အနေဖြင့် ကြည့်လျှင် မိစ္ဆာမျိုးနွယ်စု၏ ဝိညာဉ်အာရုံနှင့် အပြည့်အဝ ကိုက်ညီမှု မရှိနိုင်ပေ။ သို့ဖြစ်၍ မမြင်ရသော ဟာကွက် အားနည်းချက်များ ကျန်ရစ်နေမည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင် ဖြစ်၏။ မိုးခြိမ်းသံ၏ ညှိနှိုင်းပေးမှု ရှိနေလင့်ကစား ယာယီသက်သာရာ ရစေရုံမျှသာ စွမ်းဆောင်ပေးနိုင်သည်။
သို့သော်လည်း ဤမာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကတော့ သူ၏ စိတ်ထဲရှိ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပေးနိုင်ပေသည်။
သန်းခေါင်ယံအချိန်တွင် ဖူရှောင်ကွမ်းက လမင်းအနှစ်သာရများကို စုပ်ယူလိုက်၏။
မြေအောက် မိစ္ဆာဈေးတန်းရှိ လမင်းအနှစ်သာရက အခြားနေရာများနှင့် မတူဘဲ ကွဲပြားနေသည်။ ဤအနှစ်သာရက ရေလမင်းမှတစ်ဆင့် အသွင်ပြောင်းလာခြင်း ဖြစ်၏။ အေးစက်သည့် အငွေ့အသက် အနည်းငယ် လျော့နည်းသွားသော်လည်း နူးညံ့သိမ်မွေ့မှု အနည်းငယ် ပိုများလာသဖြင့် သန့်စင်ရန် ပိုမို လွယ်ကူစေသည်။
သို့သော်လည်း စုပ်ယူရာတွင်တော့ ပြဿနာ အနည်းငယ် ရှိပြီး လမင်းအနှစ်သာရကို တိုက်ရိုက်စုပ်ယူသကဲ့သို့ မမြန်ဆန်လှချေ။ ကောင်းကျိုးရော ဆိုးကျိုးပါ ဒွန်တွဲနေသည့် အရာမျိုး ဖြစ်၏။
ကျင့်ကြံပြီးနောက်တွင် ဖူရှောင်ကွမ်းမှာ အိပ်ရာဝင်လိုက်သည်။ သူ့အတွက် ကြီးမားသည့် စိုးရိမ်ပူပန်မှုကြီး တစ်ခု ပြေလည်သွားပြီဖြစ်၍ တစ်ညလုံး အေးချမ်းစွာ အိပ်စက်နိုင်ခဲ့၏။
နောက်တစ်နေ့ နံနက်စောစောတွင် သူက လန်းဆန်းတက်ကြွစွာ နိုးထလာပြီး မနက်ခင်း ခရမ်းရောင် ချီစွမ်းအင်ကို စုပ်ယူလိုက်သည်။ ရေလမင်းကဲ့သို့ပင် မြေအောက် မိစ္ဆာဈေးတန်းရှိ နေမင်းကလည်း အတုအယောင်သာ ဖြစ်၏။
ထိုနေမင်းက ခေါင်းထက်၌ ချိတ်ဆွဲထားသည့် ကြီးမားသော ကြေးဝါ မှော်လက်နက်ကြီး တစ်ခုဖြစ်ပြီး နေရောင်ခြည်ကို စုပ်ယူ၍ ပြန်လည် ထုတ်လွှင့်ပေးရန်ဆိုသည့် လုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိသည်။
ဖူရှောင်ကွမ်း တစ်ယောက် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် နံနက်စာကို အားရပါးရ စားသောက်လိုက်သည်။ သူက လတ်တလော၌ ပင်ပန်းနေခြင်း မရှိသေးပေ။ ထို့ကြောင့် သူက မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို ဆက်လက် လှန်လှောဖတ်ရှုနေ၏။
သူ ဖတ်လေလေ ပို၍ စိတ်ဝင်စားစရာ ကောင်းလာလေလေ ဖြစ်ပြီး အရသာခံလေလေ ပို၍ နက်နဲဆန်းကြယ်လာလေလေ ဖြစ်သည်။ အချိန်အတော်ကြာ တိုးတက်မှု မရှိဘဲ ရပ်တန့်နေခဲ့သော သူ၏ အိပ်မက်လမ်းညွှန်သိုင်းပင် အနည်းငယ်မျှ တိုးတက်လာခဲ့၏။
အချိန်အနည်းငယ်ကြာအောင် စိတ်စွမ်းအင်များကို အသုံးပြုပြီးနောက်တွင်တော့ အိပ်ချင်စိတ်က တစ်ဖန် ပြန်လည် ဝင်ရောက်လာပြန်သည်။ သူက ကျောက်စိမ်းစာလိပ်ကို သိမ်းဆည်းလိုက်ပြီး အိပ်ရေးဝအောင် ပြန်အိပ်လိုက်တော့၏။
…
ဆောင်းဦးလေပြေက ကြည်လင်အေးမြနေပြီး ဆောင်းဦးလမင်းကလည်း လင်းလက် တောက်ပနေသည်။
ညစာ စားသောက်ပြီးနောက် ဖူရှောင်ကွမ်းက နေရာမှထ၍ အပြင်သို့ ထွက်လာခဲ့၏။ ကုန်သည်ယာဉ်တန်းက ယူနန် မိစ္ဆာဈေးတန်းတွင် ရက်အနည်းငယ်ကြာ ဆက်နေမည်ဆိုသည့် အချက်ကို အခွင့်ကောင်းယူကာ သူက ဟိုဟိုဒီဒီ လျှောက်ကြည့်ရန် အခွင့်အရေး ယူလိုက်ခြင်း ဖြစ်သည်။
ယူနန် မိစ္ဆာဈေးတန်းက ခရိုင်သုံးခု၏ မိစ္ဆာဈေးတန်းများအနက် အချက်အချာကျသည့် နေရာတစ်ခုဆိုသည့် ဂုဏ်သတင်းနှင့် တကယ့်ကို ထိုက်တန်လှပေသည်။ ထိုနေရာက သွားလာလှုပ်ရှားနေသော မိစ္ဆာများနှင့် စည်ကားသိုက်မြိုက်နေ၏။ လမ်းဘေးဈေးသည်များ၏ အော်ဟစ်ရောင်းချသံများ၊ ဈေးဆစ်သံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်နေသည်။
အတော်လေး အပိတ်အဆို့ များသည့် ယွီတောင်တန်း မိစ္ဆာဈေးတန်းနှင့်တော့ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။ ထိုနေရာ၌ ကျယ်ဝန်းဖြောင့်ဖြူးသော ပင်မလမ်းမကြီး ခြောက်သွယ် ရှိပြီး စံအိမ်များနှင့် မျှော်စင်များ အစီအရီ တည်ရှိကာ ကျယ်ပြန့်သော ဧရိယာကြီးတစ်ခုကို လွှမ်းခြုံထားသည်။
ယွီတောင်တန်း မိစ္ဆာဈေးတန်းကဲ့သို့ မိစ္ဆာမျိုးနွယ်စု၏ ရိုးရာဓလေ့များနှင့် လူသားမျိုးနွယ်စု၏ အားသာချက်များကို ပေါင်းစပ်ထားပြီး လူ့ယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို ကြီးမားစွာ ခံရသလောက် ထူးခြားမှု မရှိသော်လည်း ကိုယ်ပိုင် ထူးခြားသည့် ဆွဲဆောင်မှု တစ်ခုတော့ ရှိနေ၏။
ဤနေရာက ဖူရှောင်ကွမ်းအား လူသားမျိုးနွယ်စုနှင့် ပတ်သက်သည့် အရာများစွာကို သွယ်ဝိုက်သော နည်းလမ်းဖြင့် လေ့လာသင်ယူခွင့် ရစေပြီး ယဉ်ကျေးမှု နှစ်ရပ် ပေါင်းစပ်ရာမှ ထွက်ပေါ်လာသော ထူးခြားသည့် ဓလေ့ထုံးစံများကို မြင်တွေ့ခွင့် ရစေခဲ့သည်။
'ဇနီးငှားရမ်းခြင်း' ဟူသော လူသားတို့၏ ဓလေ့တစ်ခုကို မိစ္ဆာဈေးတန်းထဲတွင် ပေါ်ပေါ်ထင်ထင်ပင် လုပ်ဆောင်နေကြ၏။ ကြည်လင်နေသော ညကောင်းကင်ယံအောက်တွင် စင်မြင့်တစ်ခု ဆောက်လုပ်၍ လုပ်ငန်း စတင်နိုင်ပေသည်။
မိစ္ဆာမများက ရှက်ရွံ့နေခြင်း မရှိဘဲ ဂုဏ်ယူဝင့်ကြွားနေကြ၏။ စင်မြင့်ပေါ်တွင် ရပ်ကာ သူတို့ သားသမီး မည်မျှ မွေးဖွားဖူးကြောင်း ကြွားလုံးထုတ်နေကြသည်။ မိစ္ဆာမ တစ်ယောက်က သားသမီး ပိုမွေးနိုင်လေလေ၊ သူမ၏ တောင်းဆိုသည့် ဈေးနှုန်းက ပိုမြင့်လေလေပင်။
'ခင်ပွန်းငှားရမ်းခြင်း' အရောင်းအဝယ်က ဇနီးငှားရမ်းခြင်းထက်ပင် ပို၍ စည်ကားနေသေး၏။
စင်မြင့်အောက်တွင်တော့ မျက်လုံးများ အရောင်တလက်လက် တောက်နေကြသော မိစ္ဆာမများနှင့် မိစ္ဆာများ စုရုံးနေကြသည်။ စင်မြင့်ပေါ်တွင်မူ မိစ္ဆာထီးများနှင့် သားရဲထီး တစ်စုက သူတို့ကိုယ်သူတို့ အစွမ်းကုန် ပြသနေကြ၏။
တချို့က သူတို့၏ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲကာ လှပတင့်တယ်သော ငှက်မွေးများ၊ အမွေးအမှင်များကို ပြသကြသည်။ တချို့ကတော့ လူသားတစ်ပိုင်း အသွင်ပြောင်းကာ ကျစ်လျစ်သန်စွမ်းသော ကြွက်သားများကို ပြသကြ၏။
တချို့က လျင်မြန်ဖြတ်လတ်သည့် အမြန်နှုန်းကို ပြသကြပြီး တချို့ကတော့ ထက်မြက်သော သွားများကို ပြသကြကာ တချို့ကမူ နေရာမှာတင် ထုတ်ပြော၍ မသင့်တော်သည့် အရာများကိုပင် ထုတ်ဖော်ပြသနေကြသည်။
မိစ္ဆာမများက အော်ဟစ်ရင်း ဈေးပြိုင်ပေးကာ လက်လှမ်းနေကြ၏။ သူတို့၏ မျက်နှာများက မက်မွန်ပန်းများကဲ့သို့ နီမြန်းနေကြပြီး တချို့ဆိုလျှင် အမွေးများပင် အနီရောင် ပြောင်းသွားကြသည်။ ငွေကြေး မလုံလောက်သူ တချို့ကတော့ ခင်ပွန်းတစ်ယောက်ကို အတူတူ ငှားရမ်းရန် အစုအစပ်ပင် ဖွဲ့လိုက်ကြသေးသည်။
ယဉ်ကျေးမှုနှင့် အရိုင်းဆန်မှုတို့ ပေါင်းဆုံသွားခြင်းပင်။
စည်းကမ်းသေဝပ်မှုနှင့် ရိုင်းစိုင်းကြမ်းတမ်းမှုတို့ ထိပ်တိုက် ရိုက်ခတ်သွားခြင်းပင် ဖြစ်၏။
လမ်းမများပေါ်တွင် မိစ္ဆာများစွာက ဖျော်ဖြေတင်ဆက်နေကြသည်။ ကျောက်တုံးမိစ္ဆာ တစ်ကောင်က တူဖြင့် ကျောက်တုံးခွဲသည့် ပညာရပ်ကို ပြသနေပြီး ကြည့်ရှုနေသူများကို သူ့အား ထုနှက်ခွင့် ပြုထား၏။
တစ်ချက် ထုလျှင် ကြေးပြား ဆယ်ပြား ပေးရပြီး ကျောက်တုံး ကွဲသွားပါက ငွေပြန်အမ်းမည် ဖြစ်ကာ မကွဲပါကတော့ ငွေကို သူ ယူမည် ဖြစ်သည်။ ပန်းကန်လုံးမိစ္ဆာ တစ်ကောင်ကလည်း ပန်းကန်လုံးများကို ဆင့်နေပြီး ပေသုံးဆယ်ခန့် မြင့်သည့်တိုင် ယိမ်းယိုင်သွားခြင်း မရှိချေ။
ဖူရှောင်ကွမ်းက လမ်းတလျှောက် ငေးမောလျက် ထိုမြင်ကွင်းများကို အံ့ဩချီးကျူးနေမိပြီး တစ်ခါတစ်ရံတွင် ရပ်တန့်၍ပင် လေ့လာကြည့်ရှုနေမိ၏။
သူက အံ့မခန်းစရာ ကောင်းသည့်အရာများကို မြင်တွေ့ရချိန်တွင် လက်ခုပ်တီးအားပေးပြီး စိတ်ပျက်စရာ ကောင်းသည့်အရာများကို မြင်ရချိန်တွင်တော့ အခြားမိစ္ဆာများနှင့်အတူ လှောင်ပြောင်အော်ဟစ်ကာ တဖြည်းဖြည်းနှင့် အခြားသူများကြားထဲ ရောနှောသွားပြီး မြေအောက် မိစ္ဆာဈေးတန်း၏ ဘဝကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိလာတော့သည်။
သူက ကြည့်ရှုရင်း တွေးတောနေမိ၏။ သူက လူသားများနေထိုင်ရာ ခရိုင်မြို့တော်သို့ တစ်ခါမျှ မရောက်ဖူးသလို လူသားတို့၏ ဘဝကိုလည်း ဖြတ်သန်းဖူးခြင်း မရှိသော်လည်း မိစ္ဆာဈေးတန်း တစ်လျှောက် လှည့်လည်သွားလာရသည်မှာ အတော်လေး ဆင်တူမည်ဟု သူ ခံစားမိသည်။
သူ၏ ဗဟုသုတများ ကျယ်ပြန့်လာသည်နှင့်အမျှ သူ၏ မိစ္ဆာနှလုံးသားကလည်း ပိုမို ကျယ်ပြန့်လာပြီး ပို၍ မြင့်မားသော ကောင်းကင်ကြီးကို ဆုပ်ကိုင်ထားနိုင်သလို၊ ပို၍ ကျယ်ဝန်းသော ကမ္ဘာမြေကြီးကို ထောက်ပံ့ထားနိုင်သလိုနှင့် ပို၍ ပြင်းထန်သော လေပြင်းများကို ဖမ်းဆုပ်နိုင်စွမ်း ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။
ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဓမ္မစွမ်းအားများက ပိုမို လွတ်လပ်ပေါ့ပါးစွာ စီးဆင်းလာပြီး သူ၏ ထိန်းချုပ်နိုင်စွမ်းကလည်း ကြီးမားစွာ တိုးတက်လာသည်။ ပမာဏအားဖြင့် တိုးလာခြင်း မရှိသော်လည်း ပို၍ သန့်စင်သွား၏။
မဟာမိစ္ဆာကြီး တစ်ကောင် ဖြစ်လာခြင်းကြောင့် ခံစားရသည့် အပေါ်ယံဆန်ဆန် ခံစားချက်များက တဖြည်းဖြည်း တည်ငြိမ်သွားပြီး သူ၏ မမြင်ရသော အခြေခံအုတ်မြစ်က နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်သည်။
သူက လျှောက်သွားနေရင်း မိစ္ဆာတစ်ကောင် အမွေးအမှင်များကို သန့်စင်ပေးနေသည့် ဆိုင်ခန်းတစ်ခုကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရ၏။ ထိုအခါ သူ့ကို လူ့ဆံပင်များ ရောင်းချပေးခဲ့သည့် မိစ္ဆာမကို ဖူရှောင်ကွမ်း ရုတ်တရက် သတိရသွားသည်။ သူမလည်း ယူနန် မိစ္ဆာဈေးတန်းတွင် ရှိနေကြောင်းကို သူ မှတ်မိလိုက်၏။
အခြား လုပ်စရာလည်း မရှိသည်ကတစ်ကြောင်း၊ အတိတ်က ထိုလူ့ဆံပင်များ၏ အံ့မခန်း အသုံးဝင်ပုံများကို သတိရသွားသည်ကတစ်ကြောင်းကြောင့် သူ စိတ်ဝင်စားသွားမိသည်။ ထို့ကြောင့် သူက ရှူယွင်စံအိမ်၏ တည်နေရာကို စတင် စုံစမ်းမေးမြန်းလိုက်၏။
မိစ္ဆာသခင် တစ်ပါး ဟူသော သူ၏ အဆင့်အတန်းက အတော်လေး အသုံးဝင်လှသည်။ မိစ္ဆာအသီးသီးက တက်တက်ကြွကြွ လမ်းပြပေးကြသဖြင့် ထိုနေရာကို ရှာဖွေရာတွင် မည်သည့် အခက်အခဲမျှ မရှိခဲ့ချေ။
လမ်းမများနှင့် လမ်းကြားများကို ဖြတ်သန်းသွားပြီးနောက် ဖူရှောင်ကွမ်းက ရောင်စုံခြယ်သထားသော လမ်းတစ်လမ်း၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။
ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ အဆောက်အအုံများက မားမားမတ်မတ် ရှိနေပြီး အမိုးခုံးတံတားများက သက်တံများသဖွယ် ဖြစ်နေ၏။ အိမ်တိုင်းလိုလိုမှာ အနီရောင်နှင့် တောက်ပသော အရောင်အသွေးစုံလင်သည့် ရောင်စုံမှန်ပြောင်းတစ်ခုကဲ့သို့ တန်ဆာဆင်ထားသည်။
မိန်းမပျိုများ၏ ပြင်းရှရှ ရနံ့များကို ရှူရှိုက်မိပြီး ပိုးကြိုးတပ် တူရိယာသံ၊ ဝါးတူရိယာသံများနှင့် ပလူးပလဲ လုပ်နေသံများကို ကြားရသည့် အခါတွင်တော့ ဤလမ်းကို အဘယ်ကြောင့် အလှသခင်မလမ်းဟု ခေါ်ဆိုရကြောင်း သူ သဘောပေါက်သွားတော့၏။
လမ်းအဝင်ဝတွင် ကင်းစောင့်နေသည့် မိစ္ဆာငယ်လေးများ ရှိ၏။ ဖူရှောင်ကွမ်းကို မြင်သောအခါ သူတို့၏ မျက်လုံးများက အရောင်တောက်သွားပြီး အနားသို့ ဝိုင်းအုံလာကာ ရိုရိုသေသေ အရိုအသေပေးရင်း အပြိုင်အဆိုင် စကားဆိုလာကြသည်။
“မိစ္ဆာသခင်ကြီး… သခင်ကြီးက ပျော်ရွှင်စရာလေးတွေ ရှာနေတာလား... ကျွန်တော်တို့ ခါးအလှမျှော်စင်က မိစ္ဆာမလေးတွေ အကုန်လုံးက မြွေမျိုးနွယ်စုက လာတာပါ… သူတို့တစ်ယောက်ချင်းစီမှာ သွယ်လျတဲ့ ခါးအလှနဲ့ အချိုးကျလှပတဲ့ ကောက်ကြောင်းတွေ ရှိပြီး တကယ့်ကို ပျော့ပျောင်းပြောင်းသာတာဗျ... သခင်ကြီးနဲ့ အပြည့်အဝ လိုက်ဖက်ညီစေရမယ်လို့ ကျွန်တော်တို့ အာမခံပါတယ်”
“ခါးလေး လှနေတာနဲ့ပဲ ဘာတွေများ ကြီးကျယ်နေလို့လဲ... မိစ္ဆာသခင်ကြီး... ကျွန်တော်တို့ နှင်းတောင်ထွတ်စံအိမ်က မိစ္ဆာမလေးတွေက ယုန်မျိုးနွယ်စုက လာတာပါ… သူတို့တစ်ယောက်ချင်းစီက တောင်တန်းတွေ၊ တောင်ထွတ်တွေလိုပဲမို့ သခင်ကြီး စိတ်ကြိုက် တောင်တက်ပြီး ရှုခင်းတွေကို ခံစား ကြည့်ရှုနိုင်ပါတယ်”
“မိစ္ဆာသခင်ကြီး… ခါးအလှမျှော်စင်ပဲ ဖြစ်ဖြစ်၊ နှင်းတောင်ထွတ်စံအိမ်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အိမ်နီတော်ကိုတော့ ယှဉ်လို့မရပါဘူး... အထဲက မိစ္ဆာမလေးတွေ အကုန်လုံးက မြေခွေးမျိုးနွယ်စုက လာတာပါ… တီးမှုတ်၊ သီဆို၊ ကခုန်တာတွေအပြင် သိုင်းပညာ တစ်ဆယ့်ရှစ်ရပ်လုံးမှာလည်း ကျွမ်းကျင်ကြတယ်လေ... သူတို့က အကုန်လုံးရဲ့ ဆရာသခင်မလေးတွေပါပဲ”
ထိုအခိုက် ဖူရှောင်ကွမ်း၏ ကျောဘက်မှ အတောင်ပံများ ထွက်ပေါ်လာပြီး တိုက်ရိုက်ပင် လေပေါ် ပျံတက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ပုံရိပ်က ဝေဝါးသွားတော့သည်။
မိစ္ဆာငယ်လေးများ၏ အော်ဟစ်သံများက သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။
“မိစ္ဆာသခင်ကြီး... အဲဒီလောက် အလောတကြီး ထွက်မသွားပါနဲ့ဦး..ေ သခင်ကြီးက မိစ္ဆာမလေးတွေကို သဘောမကျဘူးဆိုရင် ကျွန်တော်တို့ဆီမှာ မိစ္ဆာကောင်လေးတွေလည်း ရှိပါသေးတယ်.. ပြီးတော့ လူသား ယောက်ျားလေးတွေ၊ မိန်းကလေးတွေတောင် ရှိသေးတယ်ဗျ”
ထိုစကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်...
မိစ္ဆာငယ်လေးများ၏ စိတ်ထဲတွင် မိုးခြိမ်းသံကြီးများ ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။
သူတို့အားလုံး အကြောက်လွန်ကာ ခေါင်းကို ဆုပ်ကိုင်ထားမိကြပြီး သူတို့၏ မာယာအသွင်ပြောင်းမှုများပင် ပျက်ပြယ်သွားကာ မိစ္ဆာသခင်ကြီးကို ဒေါသဖြေပါရန် တတွတ်တွတ် ရေရွတ် တောင်းပန်နေကြတော့၏။
ကံကောင်းထောက်မစွာဖြင့် ထိုမိုးခြိမ်းသံက သတိပေးရုံမျှ ပြုလုပ်သော အသေးစား အပြစ်ပေးမှုတစ်ခုသာ ဖြစ်ပေသည်။ ဤမိစ္ဆာငယ်လေးများမှာ ထိတ်လန့်ကြောက်ရွံ့သွားရုံ သက်သက်သာ ရှိတော့၏။
***