ရှူယွင်စံအိမ်က အလှသခင်မလမ်းပေါ်တွင် တည်ရှိသည်။ စံအိမ်၏ ဘယ်ဘက်တွင် ကျောင်းယန်စံအိမ် ဟုခေါ်သော မိတ်ကပ်နှင့် အလှကုန်ဆိုင် တစ်ဆိုင်ရှိပြီး ညာဘက်တွင်တော့ ကျင်ရှို့ခြံဝင်း ဟုခေါ်သည့် ပိုးချည်နှင့် ဖဲကြိုးဆိုင် တစ်ဆိုင် ရှိ၏။
ရှူယွင်စံအိမ်ကတော့ ဆံပင်အလှပြင်ဆိုင် တစ်ဆိုင် ဖြစ်သည်။
ဖူရှောင်ကွမ်းက အဝင်ဝသို့ ပျံသန်းလာပြီးနောက် သူ၏ ပုံရိပ်က ဝေဝါးနေရာမှ ပီပြင်ထင်ရှားလာ၏။ ညလေပြည် တိုက်ခတ်လာသောအခါ သူ၏ ငွေရောင်ဆံနွယ်များက လေထဲတွင် လွင့်ဝဲသွားပြီး ငွေရောင်ဝတ်ရုံကလည်း တစ်လူလူ လွင့်နေသည်။
ထူးဆန်းသည်မှာ အဝင်ဝရှိ အမိုးစွန်းအောက်တွင် ချိတ်ဆွဲထားသော လေသာခေါင်းလောင်းလေးများက လေတိုက်သည့်တိုင် လှုပ်ယမ်း မြည်ဟည်းခြင်း မရှိပေ။ ဖူရှောင်ကွမ်းက တံခါးကို ခေါက်လိုက်မှသာ ခေါင်းလောင်းလေးများက လန့်ဖြတ်သွားသကဲ့သို့ တချွင်ချွင် မြည်လာတော့၏။
ထိုအသံက ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ် ကောင်းကာ စိတ်နှလုံးသားကို အေးချမ်းစေသည်။
ဖူရှောင်ကွမ်းက ခေါင်းလောင်းလေးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အပြင်ထွက်လာသည့် မိစ္ဆာမဆီသို့ အကြည့် ရွှေ့လိုက်၏။ သူမက အရပ်လေးပေသာ ရှိသေးပြီး မျက်နှာဝိုင်းဝိုင်းနှင့် လှပသော အမျိုးသမီး တစ်ယောက်နှင့် တူသည်။ ထိုသူက တတိယသခင်မလေးရှူပင် ဖြစ်၏။
ကွာခြားသွားသည်က ယခုအခါ သူမက လူသားတစ်ပိုင်း အသွင်ပြောင်းလဲပြီးဖြစ်၍ မာယာနည်းစနစ်များကို အားကိုးနေစရာ မလိုတော့ခြင်းပင်။ သူမ၏ ခေါင်းပေါ်ရှိ ဆံပင်များက အရည်အသွေးမြင့် ဖဲသားကဲ့သို့ နူးညံ့ပြီး တောက်ပြောင်နေ၏။
သူမ၏ ခန္ဓာကိုယ်ပေါ်တွင် မူလအသွင်သဏ္ဌာန်၏ အရိပ်အယောင်မျှပင် မကျန်ရစ်တော့သကဲ့သို့ ရှိပြီး မြင်မြင်ချင်းတွင် အပြည့်အဝ အသွင်ပြောင်းလဲထားသော မိစ္ဆာသခင် တစ်ပါးနှင့် တူသည်။ သို့သော်လည်း ဖူရှောင်ကွမ်း၏ ထက်မြက်သော အာရုံခံစားမှုများဖြင့် ကြည့်လိုက်သောအခါ သူမ၏ ကွာခြားချက်ကို ချက်ချင်း သတိပြုမိသွား၏။
ဤမိစ္ဆာမ၏ နားရွက်များက သူမ၏ မူလအသွင်သဏ္ဌာန် ဝိသေသလက္ခဏာများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ လက်ရာမှာ ကောင်းမွန်လွန်းသဖြင့် အများစုက မည်းနက်နေသော ဆံပင်များအောက်တွင် ပုန်းကွယ်နေ၏။ နားရွက်ထောင့်စွန်းလေးသာ အနည်းငယ် ပေါ်နေသဖြင့် ဖူရှောင်ကွမ်းက ထိုအချက်ကို ဖြတ်ထွင်းမြင်နိုင်ခြင်း ဖြစ်သည်။
သူမက ဘီးဝိညာဉ် တစ်ကောင် ဖြစ်၏။
သူမရှေ့ရှိ ငွေရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်ပြီးနောက် တတိယသခင်မလေးရှူက ချက်ချင်း အရိုအသေပေးလိုက်ကာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
"မိစ္ဆာသခင်ကြီး ကြွလာမှန်း ကျွန်မ မသိလိုက်ပါဘူး... ကျွန်မ မိစ္ဆာမလေးက အပြင်ထွက် မကြိုဆိုမိတဲ့အတွက် တကယ်ကို ကြောက်ရွံ့မိပါတယ်ရှင်"
"ရပါတယ်... မသိတဲ့သူမှာ အပြစ်မရှိပါဘူး... ကျုပ်လည်း စိတ်ကူးပေါက်လို့ ရုတ်တရက် ရောက်လာတာပါ... အထူးသဖြင့် မင်းတို့ မအားမလပ်ဖြစ်နေတဲ့ အချိန်မျိုးကို ရွေးပြီး လာခဲ့တာ"
ဖူရှောင်ကွမ်းက သဘောထားကြီးစွာဖြင့် လက်ကို ခပ်ဟဟ ဝှေ့ယမ်းလိုက်၏။
တတိယသခင်မလေးရှူက သက်ပြင်းချလိုက်ပြီး ဖူရှောင်ကွမ်းကို အထဲသို့ ရိုသေစွာ ဖိတ်ခေါ်လိုက်သည်။
သူက ရှေ့မှဦးဆောင်၍ အထဲသို့ ဝင်သွား၏။
ဆိုင်ခန်းက သန့်ရှင်းသပ်ရပ်နေပြီး နံရံတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဗီရိုကြီးတစ်ခု ရှိသည်။ အပြင်အဆင်မှာ ဆေးဆိုင်တစ်ခုနှင့် အနည်းငယ် တူပြီး အံဆွဲငယ် တစ်ခုချင်းစီတွင် ဆံပင် သို့မဟုတ် အမွေးအမျိုးအစား အသီးသီးကို ညွှန်ပြထားသည့် အညွှန်းစာရွက်များ ကပ်ထား၏။
အထဲတွင် လူသားမျိုးနွယ်စုမှ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်များ၏ ဆံပင်နမူနာများသာမက မိစ္ဆာမျိုးနွယ်စုမှ ငှက်များနှင့် သားရဲများ၏ အမွေးနမူနာများလည်း ရှိပြီး အမျိုးအစား စုံလင်လှသည်။
အခြားနံရံတစ်ခုတွင်တော့ အထူးဖဲကြိုးအချို့ကို ဒေါင်လိုက် ဖြန့်ကျက်၍ ချိတ်ဆွဲထား၏။ ၎င်းတို့က စီးဆင်းနေသော ရေကဲ့သို့ ချောမွေ့နေပြီး အစိမ်း၊ အနီ၊ အဝါနှင့် အဖြူဟူ၍ အရောင်လေးမျိုး ရှိသည်။ ဖူရှောင်ကွမ်းက အလိုအလျောက်ပင် အကြိမ်အနည်းငယ် ထပ်ကြည့်လိုက်မိ၏။
အရောင်များက အထူးတလည် တောက်ပနေ၍ မဟုတ်ဘဲ ဤဖဲကြိုးများက ထူးခြားနေသောကြောင့် ဖြစ်သည်။ ဖဲကြိုးထဲတွင် ကုန်ဆုံးသွားသော အချိန်ကာလများ၏ အငွေ့အသက်များ လှည့်ပတ်စီးဆင်းနေသည်ကို သူ တကယ်ကို ခံစားမိနေ၏။ ထိုအငွေ့အသက်က ခပ်ဖျော့ဖျော့သာ ဖြစ်သော်လည်း သူ့အမြင်ကိုတော့ လွတ်ကင်းအောင် မဖုံးကွယ်နိုင်ခဲ့ပေ။
မိစ္ဆာသခင်ကြီးက နံရံပေါ်ရှိ ဖဲကြိုးများကို ကြည့်နေသည်ကို မြင်သောအခါ တတိယသခင်မလေးရှူက ချက်ချင်း ရှင်းပြလိုက်သည်။
"မိစ္ဆာသခင်ကြီး... ဒါက အလင်းစီးဆင်းမှု ပိုးထည်လို့ ခေါ်ပါတယ်... အဲဒါကို အမျိုးအစားတူ သတ္တဝါတွေရဲ့ မတူညီတဲ့ ဘဝသက်တမ်း အဆင့်ဆင့်က ဆံပင် ဒါမှမဟုတ် အမွေးတွေနဲ့ ပြုလုပ်ထားတာပါ... ကျွန်မ မိစ္ဆာမလေးနဲ့ ဘေးက ကျင်ရှို့ခြံဝင်း ပိုင်ရှင်တို့ ပူးပေါင်းပြီး တီထွင်ထားတာပါရှင်"
"ဒါတွေက ကျွန်မဆိုင်မှာ အလှဆင်ဖို့ သက်သက်ပါ"
"မိတ်ဆွေလေး... မင်းရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက တော်တော်လေး ပါးနပ်တာပဲ"
ချီးကျူးစကား တစ်ခွန်း ဆိုပြီးနောက် ဖူရှောင်ကွမ်းက ပတ်ဝန်းကျင်ကို ဆက်လက် ကြည့်ရှုလိုက်သည်။ ဆိုင်ထဲတွင် ကြေးဝါကြေးမုံများ၊ မှန်တင်ခုံ အချို့နှင့် ပြတင်းပေါက်ရှေ့တွင် လက်ဖက်ရည်စားပွဲ တစ်လုံး ရှိပြီး ထောင့်တစ်နေရာတွင်တော့ ဒုတိယထပ်သို့ တက်သည့် လှေကားတစ်ခု ရှိ၏။
သို့သော်လည်း သူက အပေါ်သို့ မတက်ခဲ့ပေ။ ဧည့်သည်ကောင်း တစ်ယောက်က အိမ်ရှင်ကို အနိုင်မကျင့်သင့်ပေ။ သူက ဧည့်သည်ဖြစ်သည့်အတွက် စည်းကမ်းများကို သဘာဝကျကျ လိုက်နာရမည် မဟုတ်ပါလော။
လေသာခေါင်းလောင်းလေးများက ထပ်မံ မြည်လာပြန်သည်။
တတိယသခင်မလေးရှူ၏ မျက်နှာက ချက်ချင်းပင် အနေခက်သွား၏။
ဖူရှောင်ကွမ်းက လက်ဝှေ့ယမ်းလိုက်သည်။
"မင်း အလုပ် မင်း သွားလုပ်ပါ... ကျုပ် တစ်ခုခု လိုအပ်ရင် မင်းကို ခေါ်လိုက်မယ်"
တတိယသခင်မလေးရှူက သက်ပြင်းချလိုက်ပြီး မွှေးကြိုင်သော လက်ဖက်ရည် တစ်ခွက်ကို ချပေးကာ တောင်းပန်စကားဆိုပြီးနောက် အပြင်သို့ ထွက်သွား၏။
…
ဖူရှောင်ကွမ်းက စပ်စုချင်စိတ်ဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
တံခါးအပြင်ဘက်တွင် အိုမင်းရင့်ရော်နေပြီး ခါးကုန်းကာ အမွေးအမှင်များပင် အရောင်အသွေး ကင်းမဲ့နေသည့် ယုန်မိစ္ဆာအိုကြီး သုံးကောင်က သူတို့၏ ကိုယ်ပိုင် အမွေးများကို လာရောက်ရောင်းချနေခြင်း ဖြစ်၏။
တတိယသခင်မလေးရှူက ခေါင်းငုံ့၍ ခြင်းတောင်းထဲရှိ အမွေးများကို စစ်ဆေးလိုက်သည်။ ထိုသူများက အမွေးများကို သန့်ရှင်းသပ်ရပ်စွာ စီစဉ်ထားသည်ကို တွေ့ရသဖြင့် သူမက ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် အနီရောင်သန်းနေသော အမွေးများနှင့် ယုန်မိစ္ဆာအိုကြီးက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် တောင်းဆိုလိုက်သည်။
"ဆန်းနျန်... ငါ့ကို... ကြေးပြား နည်းနည်းလောက် ချေးပေးလို့ ရမလား... ငါ့အဘိုးကြီးက စကားကို နားမထောင်ဘူး... သူ့ရောဂါ မပျောက်သေးခင် မနေ့က ကုန်တင်ကုန်ချ လုပ်ဖို့ ဆိပ်ကမ်းကို ခိုးပြေးသွားတယ်... ဒီနေ့တော့ ခါးတွေ ခြေထောက်တွေ နာပြီး အဆက်မပြတ် ချောင်းတွေ ဆိုးနေပြီ"
"သူ့ကို ဆေးဆရာ ဆုံပွေ့ဆီ ခေါ်သွားပြီး ဆေးနည်းနည်း သွားယူချင်လို့... ဒါပေမဲ့ အိမ်မှာ ပိုက်ဆံ သိပ်မရှိတော့ဘူး... မင်း စိတ်မချရင် နောက်လ အမွေးရောင်းရတဲ့ ပိုက်ဆံထဲကနေ ပြန်ဆပ်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ယုန်မိစ္ဆာအိုကြီးက လွန်စွာ စိုးရိမ်ပူပန်နေ၏။
အခြား ယုန်မိစ္ဆာအိုကြီး နှစ်ကောင်ကလည်း အမြန်ဝင်၍ ကူညီတောင်းပန်ပေးကြသည်။
တတိယသခင်မလေးရှူက မျက်လုံးလှန်ကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။
"ဒီအဘွားကြီးရဲ့ ရှူယွင်စံအိမ်ကို ပရဟိတဂေဟာလို့ ထင်နေတာလား... ငါက စီးပွားရေး လုပ်နေတာ... ဒီအဘွားကြီးက နင်တို့ အိုမင်းနေတဲ့ဟာတွေကို အမြတ်မထုတ်တာကတင် ကျေးဇူးကြီးမားပြီး တရားမျှတတဲ့ မိစ္ဆာတစ်ကောင် ဖြစ်နေပြီ"
"သွားကြည့်လိုက်စမ်း... ယူနန် မိစ္ဆာဈေးတန်း တစ်ခုလုံးက ဆံပင်အလှပြင်ဆိုင်တွေထဲမှာ ဒီအဘွားကြီးရဲ့ ရှူယွင်စံအိမ်ကလွဲရင် ဘယ်ဆိုင်က နင်တို့ရဲ့ အသက်ကင်းမဲ့နေတဲ့ အမွေးအိုတွေကို ယူမှာမို့လို့လဲ... အခြေအနေကြည့်ပြီး တောင်းဆိုပါ"
တတိယသခင်မလေးရှူက ခါးထောက်လျက် ရပ်ကာ သူတို့ကို ကျယ်လောင်စွာ အော်ဟစ် ဆူပူလိုက်သည်။
ယုန်မိစ္ဆာအိုကြီး သုံးကောင်က အလွန်တရာ နိမ့်ချလျက် ရှိပြီး အကြွေးမတောင်းတော့ကြောင်း ချက်ချင်းပြောကာ တတိယသခင်မလေးရှူကို ဒေါသဖြေရန် တောင်းပန်နေကြ၏။ ဤရှားပါးလှသော အသက်မွေးဝမ်းကျောင်း အလုပ်ကို ဆုံးရှုံးရမည်ကို သူတို့ အလွန် ကြောက်ရွံ့နေကြသည်။
တတိယသခင်မလေးရှူက ခြင်းတောင်း သုံးလုံးကို အိမ်ထဲသို့ ယူသွားပြီး ယုန်မိစ္ဆာအိုကြီး သုံးကောင်ကို အပြင်တွင် ထားခဲ့၏။ သူတို့က အနည်းငယ်မျှပင် ငြင်းဆန်ရဲခြင်း မရှိကြချေ။
သူမ အခန်းထဲသို့ ဝင်လာသည့် အခိုက်အတန့်မှာပင် ဖူရှောင်ကွမ်းက အခြားအရာများကို စိတ်မဝင်စားသည့်အလား အကြည့်ကို လွှဲဖယ်သွားပြီး သူ၏ လက်ဖက်ရည်ကို အရသာခံ သောက်သုံးရန်သာ အာရုံစိုက်နေခဲ့ပြီး ဖြစ်သည်။
ထိုသို့ဆိုလင့်ကစား တတိယသခင်မလေးရှူမှာ အနည်းငယ် ရှက်ရွံ့နေဆဲပင်။ စောစောက သူမ၏ ဗိုလ်ကျပြီး ရိုင်းစိုင်းသော အပြုအမူကို တွေးမိကာ သူမ၏ မျက်နှာက အလိုအလျောက် နီမြန်းသွားရ၏။ ရိုသေစွာ အရိုအသေပေးပြီးနောက် သူမက အပေါ်ထပ်သို့ ခြေဆောင့်ကာ တက်သွားသည်။ သူမ ပြန်ပေါ်လာချိန်တွင်တော့ ခြင်းတောင်း သုံးလုံးက အပြည့်ဖြစ်နေပြီး အနီရောင်အဝတ်များဖြင့် ဖုံးအုပ်ထား၏။
တံခါးအပြင်ဘက်တွင် တတိယသခင်မလေးရှူက မျက်ခုံးများ ပင့်လျက် ခြင်းတောင်း သုံးလုံးကို ယုန်မိစ္ဆာအိုကြီး သုံးကောင်ထံသို့ ပြန်ပေးလိုက်ပြီး ဒေါသ မပြေသေးသည့်ဟန်ဖြင့် ပြောလိုက်သည်။
"ဒီတစ်ခေါက် အမွေးအရည်အသွေးက ပြီးခဲ့တဲ့ အခေါက်ကထက် ပိုကောင်းတယ်... ပေးရတဲ့ ဈေးနဲ့ တန်အောင်တော့ ရရမယ်... ဒီအဘွားကြီးက နင်တို့ အိုမင်းနေတဲ့ဟာတွေကို အမြတ်ထုတ်ဖို့ စိတ်မဝင်စားဘူး... ဒီတစ်ခေါက် မိစ္ဆာတစ်ကောင်ကို ကြေးပြား ငါးပြားစီ ပိုပေးလိုက်မယ်"
"မကြာသေးခင်က မိစ္ဆာတစ်ကောင်က ဒီအဘွားကြီးကို သစ်သီးတွေ အများကြီး လာပေးသွားတယ်... ဒီအဘွားကြီးက ဘီးဝိညာဉ်မို့လို့ သစ်သီးစားရတာ မကြိုက်ဘူး... ဒါကြောင့် နင်တို့ကို ဈေးပေါပေါနဲ့ ပေးလိုက်မယ်"
လေးလံနေသော ခြင်းတောင်းများကို ကိုင်ထားရင်း ယုန်မိစ္ဆာအိုကြီး သုံးကောင်၏ မျက်လုံးများထဲတွင် ချက်ချင်းပင် မျက်ရည်များ ပြည့်လျှံလာ၏။ အကြွေးရလိုခဲ့သော ယုန်မိစ္ဆာအိုကြီးက ပို၍ပင် စကားမပြောနိုင် ဖြစ်သွားပြီး မျက်ရည်များ ဦးစွာ ကျဆင်းလာကာ ဆို့နင့်စွာဖြင့် ပြောလိုက်သည်။
"ဆန်းနျန်... အကြိမ်တိုင်း နင်က..."
သူမ စကားမဆုံးမီမှာပင် တတိယသခင်မလေးရှူက ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်၏။
"ဒီအဘွားကြီး မသေသေးဘူး... ဘာလို့ အသုဘအိမ်ကျနေတာပဲ အော်ငိုနေရတာလဲ... အခု အရောင်းအဝယ် ပြီးပြီဆိုတော့ မြန်မြန် ထွက်သွားကြတော့"
ထိုသို့ပြောပြီး သူမက အိမ်ထဲသို့ ဦးစွာ ပြန်ဝင်သွားသည်။ ထို့နောက် တံခါးကို ဘန်းခနဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ပိတ်ချလိုက်၏။
အပြင်ဘက်တွင် ယုန်မိစ္ဆာအိုကြီး သုံးကောင်က တံခါးကို ရိုသေစွာ ဦးညွတ်လိုက်ကြသည်။ အခြား ယုန်မိစ္ဆာအိုကြီး နှစ်ကောင်က သူတို့၏ ခြင်းတောင်းများထဲမှ ကြေးပြား ငါးပြားစီကို ထုတ်ယူကာ အခြား ယုန်မိစ္ဆာအိုကြီး၏ ခြင်းတောင်းထဲသို့ ထည့်ပေးလိုက်၏။ နောက်ဆုံးတစ်ကောင်က ဆက်ငိုတော့မည့်ဆဲဆဲတွင် အခြားနှစ်ကောင်က ဆူပူလိုက်သည်။
"အောင့်ထားစမ်း... မဟုတ်ရင် နင့်ကို ရိုက်မိတော့မယ်"
ယုန်မိစ္ဆာအိုကြီး သုံးကောင်က တစ်ကောင်ကိုတစ်ကောင် တွဲကူရင်း လမ်းအဆုံးသို့ လျှောက်သွားကြတော့၏။
ရှူယွင်စံအိမ် အတွင်း၌…
မွှေးကြိုင်သော လက်ဖက်ရည် တစ်ခွက် ကုန်ဆုံးသွားပြီ ဖြစ်သည်။
မျက်နှာ နီမြန်းနေပြီး ရှင်းပြချင်သော်လည်း မည်သို့ စတင်ရမည်မှန်း မသိဖြစ်နေသော တတိယသခင်မလေးရှူကို ကြည့်ရင်း ဖူရှောင်ကွမ်းက လက်ဖက်ရည်ခွက်ကို ချကာ သူ၏ ရည်ရွယ်ချက်ကို စတင် ပြောပြလိုက်၏။
"ကျုပ်က ဆံပင်တွေနဲ့ အမွေးတွေ နည်းနည်း ဝယ်ချင်လို့ပါ... သာမန်သတ္တဝါတွေရော မိစ္ဆာမျိုးနွယ်စုကရော အသက်အရွယ် အပိုင်းအခြား အမျိုးမျိုးကဟာတွေကို နည်းနည်းစီ ပေးပါ"
တတိယသခင်မလေးရှူက သတိဝင်လာပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"စိတ်ချပါ မိစ္ဆာသခင်ကြီး... ကျွန်မ မိစ္ဆာမလေးက သခင်ကြီးအတွက် သေချာပေါက် သေချာ စီစဉ်ပေးပါ့မယ်"
သူမ၏ မျက်လုံးများက အရောင်လက်သွား၏။ ဤသည်က အကြီးစား ဖောက်သည်ပင်။
"မင်းတို့ဆီမှာ လူသားမျိုးနွယ်စု ချီသန့်စင်သူတွေရဲ့ အသက်အရွယ် အမျိုးမျိုးက ဆံပင်တွေ ရှိလား"
တတိယသခင်မလေးရှူမှာ လန့်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။
"နည်းနည်းပဲ ရှိပါတယ်... ဒါပေမဲ့ အဲဒီလို ပစ္စည်းမျိုးက ရဖို့ မလွယ်တော့ ဈေးနှုန်းကတော့ နည်းနည်း..."
ဖူရှောင်ကွမ်းက ရှားရှားပါးပါး ငွေကြေး သုံးစွဲရက်စွာဖြင့် ပြောလိုက်၏။
"ငွေက ပြဿနာ မဟုတ်ဘူး"
ထိုစကားကို ကြားသောအခါ တတိယသခင်မလေးရှူ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းသွားတော့သည်။
"မိစ္ဆာသခင်ကြီး... ခဏလောက် စောင့်ပေးပါရှင်... ခဏနေရင် အဆင်သင့် ဖြစ်ပါပြီ"
စကားပြောရင်း သူမက ချက်ချင်း အလုပ်လုပ်တော့၏။
ခဏအကြာတွင် ဖူရှောင်ကွမ်းက ကျသင့်ငွေကို ရှင်းလင်းပြီး ရှူယွင်စံအိမ်ထဲမှ ထွက်လာခဲ့သည်။ သူက ဘေးရှိ ကျင်ရှို့ခြံဝင်းသို့ တိုက်ရိုက်သွားကာ အရောင်အမျိုးမျိုးရှိသည့် အလင်းစီးဆင်းမှု ပိုးထည်များကို ဝယ်ယူလိုက်ပြီးနောက် ဘေးရှိ မိတ်ကပ်နှင့် အလှကုန်ဆိုင်သို့ ဝင်ကာ မိတ်ကပ်ဗူး အနည်းငယ်ကို ဝယ်ယူပြီးမှ ကျက်သရေရှိစွာ ထွက်ခွာသွားတော့သည်။
သူ၏ ကျောဘက်မှ အတောင်ပံများ ထွက်ပေါ်လာပြီး သူ၏ ပုံရိပ်က ပီပြင်ထင်ရှားနေရာမှ ဝေဝါးသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား၏။ တတိယသခင်မလေးရှူနှင့် ဘေးအိမ်မှ ဆိုင်ရှင်နှစ်ဦးက သူ့ကို တံခါးဝအထိ ကိုယ်တိုင် လိုက်ပို့ခဲ့ကြသည်။
ဖူရှောင်ကွမ်း ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် လုံးဝန်းသော ကြေးဝါမှန်တစ်ချပ်က ရထားဘီးတစ်ခုကဲ့သို့ လိမ့်လာပြီး ရှူယွင်စံအိမ်၏ အဝင်ဝတွင် ရပ်တန့်သွား၏။
မှန်မျက်နှာပြင်က တတိယသခင်မလေးရှူဘက်သို့ လှည့်လာပြီး မှန်မျက်နှာပြင်ပေါ်တွင် ပါးစပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မှန်၏ ဘေးဘက်များမှ ထင်းချောင်းများကဲ့သို့ ကြေးဝါခြေထောက်နှင့် လက်နှစ်ဖက်လည်း ထွက်ပေါ်လာ၏။
တတိယသခင်မလေးရှူ၏ လှပသော မျက်နှာက အေးစက်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"နင် ဆိုင်မှာ ကူမလုပ်ဘဲ တစ်ညလုံး ဘယ်သောက်ခွေးကျကျ နေရာကို သွားနေတာလဲ"
မှန်မိစ္ဆာ၏ ခန္ဓာကိုယ်မှာ အလိုအလျောက်ပင် တုန်ရီသွား၏။ သူ စုဆောင်းလာခဲ့သော သတင်းများကို သတိရသွားသောအခါ ချက်ချင်း လန်းဆန်းသွားပြီး တက်ကြွစွာဖြင့် ပြောလိုက်သည်။
"ဆန်းနျန်... ကျွန်တော် စုံစမ်းလို့ သိလာပြီ"
"နင် ဘာပဲ သိလာ သိလာ... ဒီည နင် သေချာပေါက် အရိုက်ခံရမှာပဲ"
"ဒါပေမဲ့ ဟို တစ်နေ့တာပိုးမိစ္ဆာ... သခင်ကြီးရဲ့ သတင်းကို ကျွန်တော် စုံစမ်းရလာတယ်လေ"
"ဘာ တစ်နေ့တာပိုးလဲ..."
တတိယသခင်မလေးရှူ၏ စကားများက လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး သူမ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။
"နင် ဘာပြောလိုက်တယ်... ဘယ်မိစ္ဆာသခင်ကြီးလဲ"
မှန်မိစ္ဆာက ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန် ပြုလုပ်လိုက်သည်။
"ဆန်းနျန်... အရင်တုန်းက ဆန်းနျန် ကျွန်တော့်ကို ပြောပြဖူးတဲ့ အဲဒီ ရှားပါးလှတဲ့ တစ်နေ့တာပိုးမိစ္ဆာကို ပြောတာလေ... သူက ဒီတစ်ခေါက် ယွီတောင်တန်း ကုန်သည်ယာဉ်တန်းနဲ့ အတူပါလာရုံတင် မကဘူး... မဟာမိစ္ဆာကြီး... မိစ္ဆာသခင် တစ်ပါးတောင် ဖြစ်နေပြီ"
"သူ့မှာ ငွေရောင်ဆံပင်နဲ့ ငွေရောင်ဝတ်ရုံ ရှိတယ်... မှတ်မိဖို့ အရမ်းလွယ်တယ်"
"သူ အလှသခင်မလမ်းကို လာတယ်လို့ ကြားလို့ ကျွန်တော် အမြန် ပြန်ပြေးလာတာ... ဆန်းနျန် သူ့ကို လိပ်စာ ပေးထားခဲ့တယ် မဟုတ်လား... သူ ဆန်းနျန်ကို ဝင်တွေ့ချင်တွေ့မှာပေါ့... သူက တာအိုလမ်းစဉ်ထဲ ဝင်လာပြီး သုံးနှစ်တောင် မပြည့်ခင်မှာ မိစ္ဆာသခင် တစ်ပါး ဖြစ်လာတဲ့ တည်ရှိမှုကြီးနော်...”
“အဲဒီလို မဟာမိစ္ဆာကြီးနဲ့ ဆက်ဆံရမယ်လို့ တွေးလိုက်တာနဲ့တင် ကျွန်တော့်မှန်တစ်ချပ်လုံး စိတ်လှုပ်ရှားလွန်းလို့ ကွဲထွက်တော့မလို ခံစားနေရပြီ"
အံ့ဩမှင်တက်သွားသည့်အလား ကြောင်ငေးနေသော တတိယသခင်မလေးရှူ၏ မျက်နှာအမူအရာကို မြင်သောအခါ အခြား ဆိုင်ရှင်နှစ်ဦးမှာလည်း ရှုပ်ထွေးသော အမူအရာများ ဖြစ်ပေါ်လာကြ၏။
မှန်မိစ္ဆာက စိုးရိမ်တကြီး မေးလိုက်သည်။
"ဆန်းနျန်... ဘာဖြစ်သွားတာလဲ"
သူမထံမှ မည်သည့် တုံ့ပြန်မှုမျှ မရသည်ကို မြင်သောအခါ မှန်မိစ္ဆာက ချက်ချင်း ခုန်ပေါက်ကာ သူမ၏ နားထဲသို့ အော်ပြောလိုက်၏။
"ဆန်းနျန်... ဆန်းနျန်..."
တတိယသခင်မလေးရှူမှာ သတိဝင်လာပြီး ဒေါသတကြီးဖြင့် လက်အင်္ကျီကို ဝှေ့ယမ်းကာ မှန်ကို မြေကြီးပေါ်သို့ ပစ်ပေါက်လိုက်ပြီး ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
"သောက်ကလေး... ဒီအဘွားကြီး နားမကန်းသေးဘူး"
မှန်မိစ္ဆာက သူ၏ လက်များကို အားပြု၍ ထကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။
"ကြမ်းတမ်းလိုက်တဲ့ မိန်းမ"
တတိယသခင်မလေးရှူက ခါးထောက်လျက် ရပ်လိုက်သည်။
"နင် ဘာပြောလိုက်တယ်"
ကြောက်လန့်သွားသော မှန်မိစ္ဆာက အကြောင်းအရာကို အမြန်လွှဲလိုက်၏။
"ကျွန်တော်က တစ်နေ့တာပိုးမိစ္ဆာ သခင်ကြီးကို တွေ့ရတော့မှာမို့လို့ အရမ်းပျော်နေတာပါလို့ ပြောတာပါ"
"ဆက်မပျော်နဲ့တော့... နင် သူ့ကို တွေ့ရမှာ မဟုတ်ဘူး"
"ဘာလို့လဲ"
တတိယသခင်မလေးရှူက ရှုပ်ထွေးသော လေသံဖြင့် ပြောလိုက်၏။
"သူ ဒီကို လာသွားပြီ"
မှန်မိစ္ဆာ “…”
ငါတော့ ကွဲပါပြီ…
"ဒါဆို ဆန်းနျန် မိစ္ဆာသခင်ကြီးကို မှီလိုက်လား"
"ဟင့်အင်း"
"ဘာလို့ မမှီတာလဲ"
"သူက သူ့ရဲ့ ကိုယ်ပိုင်အမှတ်အသားကို မဖော်ပြသွားဘူး"
"ဆန်းနျန်က သူ့ကို မမှတ်မိဘူးလား"
တတိယသခင်မလေးရှူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဒီအဘွားကြီးက... သူ ဒီလောက်မြန်မြန် မိစ္ဆာသခင် ဖြစ်လာမယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ... နင်သာဆိုရင်ကော အဲဒီလို တွေးရဲပါ့မလား"
အခြေအနေ မကောင်းတော့ကြောင်း ခံစားလိုက်ရသော မှန်မိစ္ဆာက လစ်ပြေးရန် ပြင်လိုက်သည်။
သို့သော် တတိယသခင်မလေးရှူ၏ ကန်ကျောက်မှုကြောင့် ရှူယွင်စံအိမ်ထဲသို့ လွင့်စဉ်သွားပြီး မကြာမီမှာပင် အတွင်းမှ အော်ဟစ် ငိုယိုသံများ ထွက်ပေါ်လာတော့၏။
"ဆန်းနျန်... ချမ်းသာပေးပါ... နောက်မလုပ်တော့ပါဘူး"
"ဆန်းနျန်... ကျွန်တော့်ကို မနင်းပါနဲ့... ကျွန်တော့်ရဲ့ ခန္ဓာကိုယ် သေးသေးလေးက ခံနိုင်မှာ မဟုတ်ဘူး"
"ဆန်းနျန်... ကျွန်တော် တကယ်ကို မခံနိုင်တော့ဘူး... ကျွန်တော် သေပါပြီ... ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော် ကွဲကြေသွားလိမ့်မယ်"
"ဆန်းနျန်... ဆန်းနျန်... ဆန်းနျန်..."
***