နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းရှိ အခန်းအတွင်း၌…
ဖူရှောင်ကွမ်းက ဝယ်ယူလာခဲ့သော ပစ္စည်းများကို အမျိုးအစားအလိုက် ခွဲခြားနေ၏။
ဤတောင်အပြင်ဘက် ခရီးစဉ်တွင် သူက ငွေကြေးများစွာ အသုံးပြုခဲ့ပြီး ပစ္စည်းများစွာ ဝယ်ယူခဲ့သည်။ အများစုက ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် ဝိညာဉ်ပစ္စည်းများ ဖြစ်ပြီး အနည်းငယ်မျှသာ ယွီတောင်တန်း မိစ္ဆာဈေးတန်းတွင် တွေ့ရခဲသော သာမန်ပစ္စည်းများ ဖြစ်ကြ၏။
တချို့က ဓမ္မစွမ်းအားကို တိုးပွားစေနိုင်ပြီး တချို့က ဝိညာဉ်အာရုံကို ပြုစုပျိုးထောင်ပေးနိုင်ကာ တချို့ကတော့ မိစ္ဆာကိုယ်ထည်ကို သန့်စင်ပေးနိုင်သည်။ မိစ္ဆာသခင် တစ်ပါးနှင့် သင့်လျော်မည့် မည်သည့်အရာမျှ ဈေးမပေါချေ။
ရှင်းလင်း သိမ်းဆည်းပြီးနောက် ဖူရှောင်ကွမ်းရှေ့တွင် ပစ္စည်း အနည်းငယ်သာ ကျန်ရစ်တော့ပြီး အားလုံးက အချိန်နှင့် သက်ဆိုင်သော အရာများ ဖြစ်ကြ၏။
အလင်းစီးဆင်းမှု ပိုးထည်…
ဖူရှောင်ကွမ်းက ထိုပိုးထည်ကို အသုံးပြု၍ ဓမ္မဝတ်ရုံ တစ်ထည် ဖန်တီးကြည့်ချင်နေသည်။ ထိုဝတ်ရုံက သူ၏ အချိန်ဓမ္မစွမ်းအားကို အသုံးပြုရာတွင် အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
ဆံပင်မျှင်များနှင့် သွားများတွင် အချိန်၏ စွမ်းအားများ ကိန်းဝပ်နေ၏။ ဖူရှောင်ကွမ်းက ၎င်းတို့ကို စားသုံးကြည့်ပြီး အချိန်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် အခြား ကျင့်ကြံခြင်း ကဏ္ဍများတွင် အထောက်အကူ ပြုမပြု စမ်းသပ်ကြည့်ချင်နေသည်။
ဥပမာအားဖြင့် အဆိပ်ဝိညာဉ် သိုင်းကျင့်စဉ်၏ ပြုပြင်ပြောင်းလဲထားသော ကျင့်စဉ်တွင် သူက အဆိပ်များအစား အချိန်နှင့် သက်ဆိုင်သော အရာများကို အစားထိုးရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်၏။
ထို့အပြင် အချိန်ကို ကိုယ်စားပြုနိုင်သော ရှေးဟောင်းပစ္စည်း အချို့လည်း ရှိသေးသည်။ ထိုအထဲတွင် နှစ်တစ်ရာကြာ အသုံးပြုခဲ့သော လက်ဖက်ရည်ဗန်း၊ ရာစုနှစ်ချီ သက်တမ်းရှိသော အမိုးကြွေပြားများစသည်တို့ ပါဝင်၏။
ဖူရှောင်ကွမ်းက ဤပစ္စည်းများကို သူ၏ ကိုယ်ပိုင် အချိန်သဘောတရားများနှင့် အချိန်ရေတို့ ပေါင်းစပ်ကာ အချိန်ဝိညာဉ်ပစ္စည်းများကို သုတေသန လုပ်ကြည့်ချင်နေ၏။
အကယ်၍ သူသာ သူ့အတွက် သီးသန့်ဖြစ်သော ဝိညာဉ်ပစ္စည်း တစ်ခုကို သုတေသန လုပ်နိုင်ခဲ့ပါက ဓမ္မနယ်ပယ် သက်တမ်းတိုး သိုင်းကျင့်စဉ် တစ်ခုကို ရယူရန်ဖြစ်စေ၊ အခြား ကျင့်ကြံခြင်း အရင်းအမြစ်များကို ရယူရန်ဖြစ်စေ အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆ ရရှိနိုင်မည် ဖြစ်သည်။
ထိုသို့ တွေးမိသောအခါ ဖူရှောင်ကွမ်းက မိတ်ကပ်ဗူး အချို့ကို ကြည့်လိုက်၏။ သုတေသန လုပ်ရန် လမ်းကြောင်း အချို့ကို သူ စဉ်းစားထားပြီး ဖြစ်ကာ ၎င်းတို့အနက် တစ်ခုကတော့ နုပျိုမှုကို ထိန်းသိမ်းခြင်းပင် ဖြစ်သည်။
လူသားအမျိုးသမီးများ ဖြစ်စေ၊ မိစ္ဆာမများ ဖြစ်စေ အားလုံးက အလှအပကို မြတ်နိုးပြီး နုပျိုမှု ပျောက်ကွယ်သွားမည်ကို ကြောက်ရွံ့ကြသည်သာ ဖြစ်၏။ ရုပ်ဆိုးသူများက လှပချင်ကြပြီး လှပသူများက ပို၍ လှပချင်ကြသည်။ မိစ္ဆာဘုရင် တစ်ပါး မဖြစ်လာသေးသရွေ့ သူတို့က ထာဝရ နုပျိုချင်ကြဆဲပင်။
ထို့ကြောင့် ဈေးကွက်ထဲရှိ နုပျိုမှုကို ထိန်းသိမ်းပေးသော ဝိညာဉ်ပစ္စည်းများက လွန်စွာ ဝယ်လိုအား ကောင်းနေခြင်း ဖြစ်သည်။ နုပျိုခြင်းအလှဆီ ပန်းများကဲ့သို့သော အရာများဆိုလျှင် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိစ္ဆာမများက အလုအယက် ဝယ်ယူကြမည် ဖြစ်၏။
လူသားမျိုးနွယ်စုမှ မွန်မြတ်သော သခင်မလေးများ သို့မဟုတ် ရာထူးရာခံကတော်များပင်လျှင် ထိုကဲ့သို့သော ပစ္စည်းများကို ရှာဖွေရန် မြေအောက် မိစ္ဆာဈေးတန်းထဲသို့ လူလွှတ်၍ အသက်အန္တရာယ်ကိုပင် စွန့်စားကြသေးသည်။
သူသာ ထိုအရာကို သုတေသန လုပ်နိုင်ခဲ့ပါက ဓမ္မနယ်ပယ် သက်တမ်းတိုး သိုင်းကျင့်စဉ် တစ်ခုနှင့် လဲလှယ်နိုင်ရန် မျှော်လင့်ချက် ရှိလာမည် ဖြစ်ပြီး အခြား ဝိညာဉ်ပစ္စည်းများအတွက်လည်း ထိုနည်းတူပင် ဖြစ်၏။
ဥပမာအားဖြင့် အပင်များ၏ ကြီးထွားမှုကို အရှိန်မြှင့်တင်ပေးနိုင်သော ဝိညာဉ်ပစ္စည်းများ၊ သက်ရှိသတ္တဝါများကို ပြန်လည်နုပျိုသွားစေနိုင်သော ဝိညာဉ်ပစ္စည်းများ၊ သို့မဟုတ် သာမန်သေမျိုးများ သို့မဟုတ် နည်းစနစ်နယ်ပယ် သတ္တဝါများ၏ သက်တမ်းကို တိုးစေနိုင်သော ဝိညာဉ်ပစ္စည်းများ အစရှိသည်တို့ ဖြစ်သည်။
ဖူရှောင်ကွမ်းတွင် ရည်ညွှန်းစရာ လမ်းကြောင်းများ အများအပြား ရှိနေပေသည်။
…
ထိုညတွင် လမင်းက တောက်ပနေပြီး ကြယ်များကတော့ ကျဲပါးနေ၏။
ဖူရှောင်ကွမ်းက အချုပ်ထောင်သို့ ရောက်ရှိလာခဲ့သည်။
မိစ္ဆာသခင် တစ်ပါးအနေဖြင့် သူက အချုပ်ထောင်သို့ နေ့စဉ် သတင်းပို့နေရန် မလိုဘဲ ပုံမှန် စစ်ဆေးမှုများသာ ပြုလုပ်ရန် လိုအပ်၏။ အချုပ်ထောင်တွင် ပြဿနာ တစ်စုံတစ်ရာ မပေါ်ပေါက်သရွေ့ သူ့တွင် ကျင့်ကြံရန် အချိန်များစွာ ရှိပေသည်။
ဤသည်ကလည်း မိစ္ဆာသခင် တစ်ပါး ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုပင် ဖြစ်၏။
ပိုင်ယွီ၊ ဟင်ထူနှင့် ချူချုံးတို့ထံမှ အစီရင်ခံစာများကို နားထောင်ပြီးနောက် အချုပ်ထောင်၏ အခြေအနေ အဆင်ပြေ ချောမွေ့နေကြောင်း သိရသောအခါ ဖူရှောင်ကွမ်းက မိစ္ဆာများကို အားပေးစကား ဆိုလိုက်ပြီး သူတို့၏ အလုပ်များကို ဆက်လုပ်ရန် အမိန့်ပေးကာ သူကိုယ်တိုင်ကတော့ ကောင်းကင်မဲ့ အကျဉ်းထောင်ဆီသို့ ထွက်လာခဲ့သည်။
အကျဉ်းထောင်ထဲတွင် ရင်းနှီးနေသော ပုံရိပ် ထွက်ပေါ်လာသည်ကို မြင်သောအခါ စတုတ္ထမြောက် ကောင်းကင်ဘုံ တောက်လောင်သရဲကြီး တစ်ကောင်မှာ အကြောက်လွန်သွားပြီး ထိုငွေရောင်ဝတ်ရုံနှင့် ပုံရိပ်က လက်ကို မြှောက်လိုက်ချိန်တွင် ပို၍ပင် တုန်ရီသွားသော်လည်း အချည်းနှီးသာ ဖြစ်၏။
မမြင်ရသော စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး ရင်းနှီးနေသော ရေကဲ့သို့ ခံစားချက်ဖြင့် ဖုံးလွှမ်းသွားသည်။ နာကျင်မှုကို ခံစားရန် ပြင်ဆင်ထားပြီးဖြစ်သော တောက်လောင်သရဲကြီးမှာ မှင်တက်သွားပြီး သူ၏ ကြောက်လန့်နေသော မျက်လုံးများထဲတွင် အံ့ဩသွားသည့် အရိပ်အယောင်တစ်ခုပင် ထွက်ပေါ်လာ၏။
ဒီတစ်ခါ မနာဘူးလား… ငါ့ရဲ့ ဓမ္မစွမ်းအားတွေလည်း ကမောက်ကမ မဖြစ်သွားဘူးလား…
တခြား ဘာသက်သောင့်သက်သာ မဖြစ်မှုမှ မရှိဘူး ထင်တယ်…
ငါ့ရှေ့က ဒီရက်စက်တဲ့ မိစ္ဆာက သူ့ရဲ့ စိတ်သဘောထားကို ပြောင်းလဲလိုက်တာများလား…
တောက်လောင်သရဲကြီးက ခေါင်းကို အားပါးတရ ခါယမ်းလိုက်ပြီး ဤလက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ဖယ်ရှားပစ်လိုက်၏။
မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး…
ဤမိစ္ဆာက အလွန် ကြမ်းတမ်းရက်စက်သည်။ ထိုအချက်ကို သူကိုယ်တိုင် ကိုယ်တွေ့ ကြုံဖူးပြီး ဖြစ်၏။
အရင်တုန်းက သူက ရုပ်ရည်ချောမောပြီး သပ်ရပ်သော သရဲပျိုလေး တစ်ကောင် ဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့ အိုမင်းရင့်ရော်နေသော သက်လတ်ပိုင်း သရဲကြီးတစ်ကောင် ဖြစ်နေပြီ ဖြစ်သည်။ အားလုံးက ထိုမိစ္ဆာ၏ ကျေးဇူးတွေချည်းသာ။
ထိုသို့ တွေးမိသောအခါ တောက်လောင်သရဲကြီးက သူ၏ အရေပြားကို အလိုအလျောက် ငုံ့ကြည့်လိုက်မိပြီး မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားတော့၏။
သူ၏ ယင်သက်တမ်းက အမှန်တကယ်ပဲ အလုယူ ခံလိုက်ရပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် တောက်လောင်သရဲကြီးက ကျယ်လောင်စွာ ကျိန်ဆဲချင်နေသော်လည်း သူကိုယ်တိုင်က သံကြိုးများ၏ စွမ်းအားဖြင့် ချည်နှောင်ခံထားရကြောင်း သိလိုက်ရ၏။ ပါးစပ်ဟရန်ပင် အိပ်မက်မက်နေသကဲ့သို့ ဖြစ်နေသည်။
သူ့ရှေ့ရှိ ရက်စက်သော ဤမိစ္ဆာက သူ့အား ကစားနေသည်ကို အကူအညီမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့၏။ သူ့စိတ်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်း ခံစားချက်က ဝင်ရောက်လာပြီး မျက်လုံးထောင့်မှ မျက်ရည်တစ်ပေါက် ကျဆင်းလာသည်။ ထိုမျက်ရည်ကို အနီးအနားတွင် ပုလင်းတစ်လုံး ကိုင်၍ စောင့်နေသော ကြွက်မိစ္ဆာ တစ်ကောင်က ဖမ်းယူလိုက်၏။
ထိုမျက်ရည်က တောက်လောင်သရဲကြီး၏ အဆိပ်အတွက် ဖြေဆေး ဖြစ်ပြီး အလွန် ရှားပါးသဖြင့် အလဟဿ မဖြုန်းတီးပစ်နိုင်ပေ။
ခဏအကြာတွင် ဖူရှောင်ကွမ်းက သူ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက မျှော်လင့်ချက်မဲ့ကာ အနည်းငယ် မှိုင်တွေနေသော တောက်လောင်သရဲကြီးကို ကြည့်ပြီး ယခုလေးတင် ပြောင်းလဲသွားသော ဓမ္မစွမ်းအားကို တွေးမိလိုက်၏။ လက်ရှိစွမ်းအားက ယခင်နှင့် မတူဘဲ မည်သည့် အသံမျှ မထွက်ဘဲ ပိုမို သိမ်မွေ့စွာ သက်တမ်းကို လျှော့ချပစ်နိုင်သည်။ သူ၏ နှုတ်ခမ်းထောင့်များက ကျေနပ်စွာ ကွေးတက်သွား၏။
ဤသည်မှာ ပြီးခဲ့သည့်ညက လှေသမားအိုကြီး၏ လမ်းညွှန်မှုကို တွေးတောပြီးနောက် သူ ပြုလုပ်ခဲ့သော စမ်းသပ်မှုပင် ဖြစ်သည်။ အချိန်က သူ၏ ဆန္ဒအတိုင်း ရွေ့လျားသွား၏။ သက်တမ်း လျှော့ချခြင်းက အပေါ်ယံတွင်သာ ရပ်တန့်မနေတော့ပေ။
ထို့အစား သူက တောက်လောင်သရဲကြီး၏ ကြောက်ရွံ့မှုကို အသုံးပြု၍ သက်တမ်း လှိုင်းဂယက်များကို လှုံ့ဆော်ပေးကာ အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားကို တစ်ပြိုင်တည်း ဖြစ်စေသော အခြေအနေတစ်ခုသို့ ညှိနှိုင်းလိုက်သည်။ ထိုသည်က ပြင်ပမှ အချိန်စွမ်းအားကို အမျိုးအစားတူဟု သက်တမ်းက ထင်မှတ်သွားအောင် လှည့်စားလိုက်ပြီး အချိန်နှင့်အတူ ရွေ့လျားသွားစေခြင်း ဖြစ်၏။
ထိုအခါ နာကျင်မှုမရှိဘဲ သက်တမ်း လျှော့ချခြင်းက သဘာဝကျကျပင် ဖြစ်ပေါ်လာတော့သည်။
ဖူရှောင်ကွမ်းက သူလိုချင်တာ ရပြီဖြစ်၍ တောက်လောင်သရဲကြီးကို ဂရုမစိုက်တော့ဘဲ လှည့်ထွက်လာခဲ့၏။ ကောင်းကင်မဲ့ အကျဉ်းထောင်မှ ထွက်လာပြီးနောက် သူက ဆန်းဝေ့စာအုပ်ဆိုင်သို့ တိုက်ရိုက် သွားလိုက်သည်။
ကျူးယွင်၊ ရှောင်ကျူးနှင့် ကုန်းရန်ယန်တို့အပြင် ပုစဉ်းရင်ကွဲမိစ္ဆာ တန်ကွေးလည်း ထိုနေရာတွင် ရှိနေ၏။ သူက ယခုအခါ ဖူရှောင်ကွမ်း၏ လက်အောက်သို့ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်သည်။
မိစ္ဆာများကို လက်ဆောင်များ ခွဲဝေပေးပြီး ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို ဖလှယ်ကာ အသေးစား စုဝေးမှုတစ်ခု ပြုလုပ်ပြီးနောက်တွင်တော့ ဖူရှောင်ကွမ်းက ထွက်ခွာလာခဲ့၏။
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းသို့ ပြန်ရောက်သောအခါ သူက ကုတင်ပေါ်တွင် ပက်လက်လှန်လျက် သက်တမ်း လျှော့ချခြင်း၏ အသေးစိတ် အချက်အလက်များကို ပြန်လည်သုံးသပ်ကာ ဖြည်းဖြည်းချင်း ခွဲခြမ်းစိတ်ဖြာနေသည်။ အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားကို သူ တဖြည်းဖြည်း ပိုမို နက်ရှိုင်းစွာ နားလည် သဘောပေါက်လာပြီး ကျွမ်းကျင်လာသည်နှင့်အမျှ ရေလှိုင်းကဲ့သို့သော တုန်ခါမှုတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာ၏။
အချိန်ဆိုသည်မှာ စီးဆင်းနေသော ရေကဲ့သို့ပင် အဆုံးမရှိ စီးဆင်းသွားတတ်သည်။
ရာသီဥတုက ပိုမို အေးစက်လာပြီး မနက်ခင်း နှင်းခဲများနှင့် ညနေခင်းတွင် နှင်းကျမှုများ ရှိကာ မြောက်လေကလည်း စူးရှအေးစက်နေ၏။ မိစ္ဆာများကလည်း အပြင်ထွက်ရန် တဖြည်းဖြည်း ဝန်လေးလာကြသည်။
အချိန်အများစုတွင် ဖူရှောင်ကွမ်းက နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်းတွင်သာ နေထိုင်၏။ သူ၏ နေ့စဉ် ချီစွမ်းအင် စုဆောင်းခြင်းနှင့် ဓမ္မစွမ်းအားများကို လေ့လာခြင်းအပြင် သူက အချိန်ဝိညာဉ်ပစ္စည်းများကို သုတေသန လုပ်ပြီး ညဘက်တွင် မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို အသုံးပြုကာ အိပ်မက်ထဲတွင် ဝိညာဉ်အာရုံကို ကျင့်ကြံ၏။
ထို့ကြောင့် သူက နိုးလာသောအခါတွင်လည်း ပင်ပန်းသည်ဟု မခံစားရဘဲ လန်းဆန်းနေသည်ဟုသာ ခံစားရသည်။
တစ်ခါတစ်ရံတွင် သူက အပြင်ထွက်ကာ ယင်သက်တမ်းကို အားနည်းစေရန်နှင့် အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားကို စမ်းသပ်ရန် သို့မဟုတ် သန့်စင်ရန်အတွက် အချုပ်ထောင်သို့ သွားတတ်၏။
တစ်ခါတစ်လေ မိစ္ဆာအကယ်ဒမီ၏ စာကြည့်ခန်းသို့ သွားကာ ကျောင်းအုပ်ကြီး ဂျီမိုနှင့် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောဆိုကာ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးတတ်ပြီး တစ်ခါတစ်ရံတွင် တိမ်လွှာ ဝိညာဉ်လက်ဖက်ရည် တစ်အိုးကို ရက်ရက်ရောရော မျှဝေတတ်သည်။
တစ်ခါတစ်လေမှာတော့ ဆန်းဝေ့စာအုပ်ဆိုင်သို့ သွားကာ သူငယ်ချင်းများနှင့် စုဝေးတတ်၏။
တစ်ခါတစ်ရံတွင် မိစ္ဆာဈေးတန်းသို့ ထွက်ကာ ဆောင်းရာသီ၏ ဝိညာဉ်ရေးရာ ဆွဲဆောင်မှုကို ခံစားတတ်သေးသည်။ နှင်းကျသော နေ့များတွင် သူက အပြင်ထွက်ကာ ကောင်းကင်နှင့် မြေကြီးကို လေ့လာစောင့်ကြည့်ခြင်း၊ သစ်ပင်များနှင့် ရေများကို ကြည့်ရှုခြင်း၊ နှင်းများနှင့် လေများကို လိုက်လံဖမ်းဆီးခြင်းတို့ ပြုလုပ်တတ်ပြီး သူ၏ ခြေရာများက ယွီတောင်တန်း၏ မိုင်သုံးရာ အကျယ်အဝန်းကို လွှမ်းခြုံထား၏။
ပင်ပန်းလာသောအခါ သူက သာယာလှပသော နေရာတစ်ခုကို ရှာဖွေပြီး ကွေ့ယွမ်ဇီသာကို တီးခတ်လျက် လက်ဖက်ရည် ဖျော်သောက်တတ်သည်။ လေပြင်းများနှင့်အတူ ဟိန်းဟောက်ကာ နှင်းများနှင့်အတူ တိုးတိုးတိတ်တိတ် စကားပြောရင်း သူ၏ စိတ်နှင့် ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြင့် အနားယူတတ်၏။
မည်သို့ပင်ဆိုစေ သူက ယခုအခါ မဟာမိစ္ဆာကြီး တစ်ကောင် ဖြစ်နေပြီဖြစ်၍ အအေးဒဏ်ကြောင့် သေဆုံးရမည်ကို မကြောက်တော့ပေ။ ယွီတောင်တန်းက ကျယ်ဝန်းလှပြီး နေစရာ နေရာ မတွေ့မည်ကိုလည်း သူ မကြောက်ချေ။
တစ်ခါတစ်ရံ သူက တစ်နေ့လုံး အပြင်ထွက်နေတတ်ပြီး တစ်ခါတစ်ရံ ရက်ပေါင်းများစွာ အိမ်မပြန်ဘဲ နေတတ်၏။
ပြန်ရောက်လာသောအခါ သူက အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံတတ်ပြီး နောက်ထပ် နှင်းကျမည့်နေ့ ရောက်လာသောအခါ သူ၏ စိတ်ခံစားချက်အပေါ် မူတည်၍ ထွက်ခွာတတ်သည်။ သွားချင်လျှင် သွားပြီး မသွားချင်လျှင် အိမ်မှာပဲ နေတတ်၏။
ဤဆောင်းရာသီတွင် ဖူရှောင်ကွမ်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရခြင်း၏ အရသာကို တကယ်ကို ခံစားခဲ့ရသည်။ သူ၏ ကျင့်ကြံခြင်း တိုးတက်မှုက သိပ်မကြီးမားသော်လည်း သူ၏ မိစ္ဆာနှလုံးသားက သတိမထားမိလိုက်ဘဲ ရှင်းလင်းကြည်လင်လာပြီး သူ၏ စိတ်သန္တာန်ကလည်း ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွား၏။
ထိုသည်က ကျင့်ကြံခြင်း တိုးတက်မှုထက်ပင် ပို၍ ရှားပါးလှပေသည်။
စတုတ္ထမြောက် ကောင်းကင်ဘုံမှ ပဉ္စမမြောက် ကောင်းကင်ဘုံသို့ သွားမည့် လမ်းခရီးတွင် သူ၏ စိတ်သန္တာန် မတည်မငြိမ် ဖြစ်မည်ကို သူ စိုးရိမ်နေစရာ မလိုတော့ပေ။
ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ငါးရက်နေ့တွင် ကောင်းကင်ကြီးက ကြည်လင်နေပြီး လေထုကလည်း လတ်ဆတ်နေ၏။
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း၏ အပြင်ဘက်တွင် ဆောင်းရာသီ နေရောင်ခြည်က နွေးထွေးနေသော်လည်း အတွင်းဘက်တွင်မူ မိုးနှင့် နှင်းများ ရောနှော ကျဆင်းနေသည်။ ထင်းရှူးပင်အိုကြီး၏ သစ်ကိုင်းများက နှင်းခဲများဖြင့် ဖုံးလွှမ်းနေ၏။
နှင်းများ ဖုံးလွှမ်းနေသော ထင်းရှူးပင်များနှင့် ဆီးနှင်းခဲများ ကြားတွင် ရပ်နေသော ငွေရောင်ဆံပင်နှင့် လူငယ်လေးက သူ၏ လက်ချောင်းကို ရုပ်သိမ်းလိုက်ပြီး ဓမ္မစွမ်းအားများကို ရပ်တန့်လိုက်သည်။ သူက အထက်မှ ကျဆင်းလာသော မိုးရေနှင့် နှင်းများကို မော့ကြည့်လိုက်ပြီး မိုးပေါက်များနှင့် နှင်းပွင့်များကို သူ၏ ချောမွေ့သော နဖူးပြင်ပေါ်သို့ ကျဆင်းခွင့်ပြုလိုက်၏။
အေးစက်မှုက သူ၏ အသားနှင့် အရိုးများထဲသို့ စိမ့်ဝင်သွားသည်ကို ခံစားရင်း သူ၏ သိမ်မွေ့လှပသော မျက်နှာပေါ်တွင် လှပသော ပါးချိုင့်နှစ်ခု ပွင့်လန်းလာသည်။
ဖူရှောင်ကွမ်းက မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး ကွေ့ယွမ်ဇီသာကို ထုတ်လိုက်၏။ သူ၏ သွယ်လျသော လက်ချောင်းများက ကြိုးများကို အလိုအလျောက် တီးခတ်လိုက်သည်။ ဇီသာကြိုးများက သူ၏ စိတ်နှလုံးနှင့်အတူ ရွေ့လျားနေပြီး ကောင်းကင်နှင့် မြေကြီး ဝိညာဉ်ချီစွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ ဓမ္မစွမ်းအားများကို တိုးပွားစေ၏။
တီးခတ်မှု ပြီးဆုံးသွားသောအခါ ဝိညာဉ်စွမ်းအားများ ကွဲလွင့်သွားသည်။ သူက ကွေ့ယွမ်ဇီသာကို သိမ်းဆည်းလိုက်ပြီး အထက်မှ မိုးနှင့် နှင်းများကို ရှင်းလင်းရန် သူ၏ လက်အင်္ကျီစကို ဝှေ့ယမ်းလိုက်၏။
ဖူရှောင်ကွမ်းက သူ၏ ကိုယ်ပိုင် ရေဓာတ်မှ စတင်၍ နောက်ထပ် ဓမ္မစွမ်းအားတစ်ခုကို ဖန်တီးရန် စိတ်ကူးရခဲ့ကတည်းက ဆောင်းဦးမိုးမှ ဆောင်းရာသီနှင်းအထိ ကမ္ဘာပေါ်ရှိ ရေများကို သတိထား၍ လေ့လာစောင့်ကြည့်နေခဲ့သည်။ လပေါင်းများစွာ စုဆောင်းလာခဲ့မှုက ယနေ့တွင် နောက်ဆုံးတော့ ပေါက်ကွဲထွက်လာခဲ့ပြီ ဖြစ်၏။
သူက စမ်းရေချို နည်းစနစ်ဟူသော နည်းစနစ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုနည်းစနစ်က အေးခဲနေသော မိုးရေများနှင့် အေးစက်သော နှင်းများကို ဖန်တီးပေးနိုင်၏။
အနာဂတ်တွင် ထိုနည်းစနစ်ကို ရေခဲမြှားနည်းစနစ်နှင့် ပေါင်းစပ်ကာ အားကောင်းသော ဧရိယာကျယ် တိုက်ခိုက်ရေး မှော်ပညာတစ်ခုအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။
ဖူရှောင်ကွမ်း ပို၍ ဂရုစိုက်သည်က စမ်းရေချို နည်းစနစ်က ကြီးထွားလာနိုင်စွမ်း ရှိခြင်းပင်။ နွေဦးနှင့် နွေရာသီ မိုးရေများနှင့် ပေါင်းစပ်လိုက်သည်နှင့် ထိုနည်းစနစ်က ရာသီလေးခု စမ်းရေချို နည်းစနစ် အဖြစ် ပြောင်းလဲသွားနိုင်ပြီး ခွန်အားနှင့် နူးညံ့မှုကို ပေါင်းစပ်ပေးနိုင်ရုံသာမက အချိန်၏ စွမ်းအားကိုလည်း ပါဝင်စေမည် ဖြစ်သည်။
ဤသည်က သူ၏ ဒုတိယမြောက် ဓမ္မစွမ်းအားကို စုစည်းရန်အတွက်လည်း အကျိုးရှိစေမည် ဖြစ်၏။
ထို့ထက်ပို၍ သူက ဤအရာကို အခွင့်အရေး တစ်ခုအနေဖြင့် အသုံးပြုပြီး သူ၏ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်နှင့် အနာဂတ်တွင် မိစ္ဆာဘုရင်အဆင့်သို့ တက်လှမ်းရန် အခြေခံအုတ်မြစ် ချပေးနိုင်မည့် အချိန်ရေစီးကြောင်း ဓမ္မစွမ်းအားနှင့် ပေါင်းစပ်ရန် ကြိုးပမ်းနိုင်ပေသည်။
***